1. 2.

               မနေ့က နေ့လယ်မှာ ချောင်းထဲ ငါးဆင်းဖမ်းရင်း အေးရီမလက်ကို သံပြားရှသွားတယ်တဲ့။ 'အမေဆေးထည့်ပေးပါ' ဆိုပြီးလာပြတော့ လက်မှာ သွေးချင်းချင်းနီနေတာပဲ။ ဒါနဲ့ ဆေးတို့ပတ်သိပ်ပေး လိုက်ရတယ်။ ညကျတော့ တဟင်းဟင်းညည်းပြီး ဖျားရော။ အပူတွေတက်နေလိုက်တာများ သူ့နဖူးပေါ်မှာ လက်ကို ကြာကြာတင်မထားနိုင်ဘူး။ ဦးဟုတ်စွမ် ကုန်စုံဆိုင်က ပါရာစီတမောတလုံး ၀ယ်တိုက်လိုက်ပြီး အိပ်ခိုင်း လိုက်တယ်။

မနက်ကျတော့ ကိုယ်နည်းနည်း ပူနေသေးပေမယ့်၊ ညတုန်းကလို ခြစ်ခြစ်တောက် မပူတော့ဘူး။
"အမေ ... သမီးနေကောင်းသွားပြီလား"
အေးရီမက ထဘီအဟောင်းလေး ပြောင်းလဲရင်းမေးတယ်။
"ဟဲ့ လုံးလုံး ကောင်းတာမဟုတ်သေးဘူး။ ဘာလုပ်မလို့လဲ"
"ငါးဆင်းစမ်းမလို့"
"အလိုတော် ... ညည်းတော်တော် သေချင်နေတယ်ပေါ့ ဟုတ်လား"
အေးရီမက မျက်လုံးဝိုင်းလေးနဲ့ ငေးကြည့်နေတယ်။ တခုခုပြောမလို့ အားယူနေတဲ့ပုံပါပဲ။ ခဏကြာမှ အသံ တိုးတိုးနဲ့ ပြောရှာတယ်။
"သမီးစောင်ဝယ်ချင်လို့ပါ"
"စောင် ဟုတ်လား"
"ဟုတ်တယ် အမေ။ သမီးစောင်က စုတ်နေပြီ။ ပြီးတော့ အငယ်မနဲ့ တွဲခြုံရတာဆိုတော့ မလုံတော့ဘူး။ မိုး လင်းခါနီးဆို အရမ်းချမ်းတာပဲ။ အဲဒါကြောင့် စောင်ဝယ်ချင်လို့ နေ့ခင်းဘက်ဆို သမီး ငါးစမ်းပြီး ရောင်းရင်း ပိုက်ဆံစုထားတာ။ ခုဆို ပြည့်တော့မယ်ထင်တယ်။ မြန်မြန်ပြည့်သွားအောင် ငါးဆင်းစမ်းချင်တယ်"
      ညှိုးရိပ်သန်းနေပြီး မျက်ရည်တွေ ဝေနေ့တဲ့ သမီးမျက်နှာကို ငေးကြည့်နေမိတယ်။ တကယ်ဆို အေးရီမ


ဟာ ဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ်။ သားသမီးရဲ့ လိုအပ်ချက်တွေကို စောင့်ကြည့် ဖြည့်ဆည်းပေးရမှာ မိဘ တွေရဲ့ တာဝန်မဟုတ်လား။ ဒါပေမယ့် ....
"သမီးစုထားတဲ့ ပိုက်ဆံ ပြစမ်း။ လိုတာကို အမေ့ကုန်စိမ်းစာရင်းထဲက နည်းနည်း စိုက်ဝယ်ပေးမယ်။ နောက် နေ့ ကုန်စိမ်းကို အရင်းလျှော့ပြီး ၀ယ်လိုက်မှာပေါ့"
အေးရီမက ကမန်းကတန်း အခန်းထဲ ပြေးဝင်သွားတော့ ဆွေးမြည့်နေပြီဖြစ်တဲ့ ၀ါးကြမ်းခင်းတွေက တကျွိ ကျွိ မြည်ပြီး ယမ်းခါရင်း ကျန်ခဲ့တယ်။ အေးရီမတို့ အဖေဆုံးတာပဲ () နှစ်ပြည့်ခါနီးပြီး။ ဒီအိမ်ကလေးက အေးရီမတို့ အဖေ မဆုံးခင် လေးငါးနှစ် ကတည်းက ဆောက်ထားတဲ့ဥစ္စာပဲ၊ နေလို့ဖြစ်သေးတာ ကံကောင်း တယ်။ အဖေမရှိတဲ့ကလေးတွေကို ၀မ်းဝအောင် တနေကုန်တနေခန်း ရုန်းကန်ရှာဖွေနေရတာနဲ့ အိမ်ထဲက ကိုယ့်သားသမီးတွေ ဘယ်လိုနေလို့ ဘယ်လိုထိုင်ကြသလဲ ဆိုတာ မကြည့်မိတာ ကြာလှပေါ့။
"အမေ ဒီမှာ"
အေးရီမ ငါးစမ်းပီး စုထားတဲ့ ပိုက်ဆံတွေ။ အကြီးဆုံး ငါးဆယ်တန်ကစလို့ ငါးကျပ်တန် အဆုံး ညစ်နွမ်းနွမ်း စိုထိုင်းထိုင်းလေးတွေ။ နှစ်ရာ၊ နှစ်ရာရှစ်ဆယ်။ သုံးရာကိုးဆယ့်ငါး။
"မနက်ဖြန်ကျရင် အမေလိုတာ စိုက်ပြီး မြို့မှာ အညာစောင်လေးတထည် သွားဝယ်ပေးမယ်နော်"
အေးရီမရဲ့  အဖျားကြောင့် ညှိုးငယ်နေတဲ့ မျက်နှာလေး ၀င်းထိန်သွားတယ်။
စောင်ကလေးက ခြောက်ရာကျတယ်။ အနီရင့်ရင့် အကွက်ကျဲကျဲလေး။ အသားနည်းနည်းပါးပေမယ့်နွေးမှာ ပါ။ အိမ်မှာ ကျန်ခဲ့တဲ့ သမီးအေးရီမတော့ စောင်ရတော့မယ်ေတွးပြီး ပျော်နေတာနဲ့ အဖျားကျလောက်ပါပြီ။ စက်သံငြိမ့်ငြိမ့်နဲ့ တရိပ်ရိပ်ပြေးနေတဲ့ ဧရာဝတီသင်္ဘောကြီးက နှေးနေသလိုပဲ။ အိမ်စောစောပြန်ရောက် 


တော့ ညနေ ကုန်စိမ်းရောင်းချိန် မီနိုင်တာပေါ့။
ဟော ... ဒီမြစ်အကွေ့ကျော်ရင် ရွာကို လှမ်းမြင်နေရပြီ။ ခင်းထိုင်ထားတဲ့ သတင်းစာဟောင်းလေး ပြန်ခေါက်၊ ကြွပ်ကြွပ်အိတ် အနီလေးကို ချိုင်းကြားညှပ်ပြီး သင်္ဘောလက်ရန်းနား ကပ်ရပ်နေလိုက်တယ်။ ရွာကိုသင်္ဘော ကပ်ဖို့ ပြင်နေတော့ ကမ်းနဖူးက လူအုပ်ထဲမှာ အေးရီမကို မြင်ရတယ်။ ကောင်မလေး နေမကောင်းလျက်နဲ့ သင်္ဘောဆိပ်ဆင်းလာတယ်။ ကဲကိုကဲတယ်လို့ တွေးမိပေမယ့် နှုတ်ခမ်းကတော့ ပြုံးနေမိတယ်။
"အမေ ... အမေ .. သမီး ဒီမှာ .. ဒီမှာ..."
အေးရီမရဲ့ အော်သံလေး ကြားရပြီ။ သင်္ဘောပေါ်က ကုန်းဘောင်လည်း ကမ်းပေါ်ထိုးချနေပြီ။ အို လူတွေက လည်း တိုးဝှေ့ ဆင်းလိုက်ကြတာ။ ကုန်းပေါ် မရောက်ဖူးတဲ့အတိုင်းပဲ။ ဒီကျောင်းသူမလေးနောက်ကကပ် လိုက်မှ။
"ဟဲ့ ဟဲ့ နောက်က အထမ်းသမားကြီးရဲ့  ထမ်းပိုးကြီးက ဘယ်လိုလဲ လူကို လာထိုးနေပါလား"
ဒန်အိုးဒန်ခွက်တွေကို အထမ်းထဲ ထည့်ရောင်းတဲ့ အဘိုးကြီးက တောင်းပန်တဲ့ မျက်လုံးနဲ့ လှမ်းကြည့်ပေမယ့် ကွမ်းတွေငုံထားတဲ့ ပါးစပ်က ဘာမှပြောလို့ မရဘူး။ သူလည်း တိုးဝှေ့ဆင်းနေတဲ့ လူအုပ်ထဲမှာ သူ့ထမ်းပိုးကို ထိန်းလို့ မရဘူး ဖြစ်နေတယ်။
"ဟဲ့ ... ဟဲ့ .. အို .. အမလေး...။ သွားပြီ"
ဒုတိယအကြိမ် လူအုပ်ကြားက ထိုးထွက်လာတဲ့ထမ်းပိုးဟာ စောင်ထုပ်ကလေးညှပ်ထားတဲ့ လက်မောင်းကို အရှိန်နဲ့ ဆောင့်တိုးလိုက်တော့ ကြွပ်ကြွပ်အိပ် အနီလေးဟာ ထမ်းပိုးထိပ်နဲ့ ငြိပြီး နောက်ကျိနေတဲ့ မြစ်ရေထဲကို ...
အေးရီမကို ဖြတ်ခနဲ လှမ်းကြည့်မိတယ်။ အေးရီမ မျက်လုံးတွေ ၀ိုင်းသွားတယ်။ ပြီးတော့ လျှပ်တပြက်အချိန် အတွင်းမှာပဲ မြစ်ရေပြင်ထဲကို ၀ုန်းကနဲ ခုန်ဆင်းသွားတယ်။
"ဟဲ့ သမီး .... သမီး .. အေးရီမ"
အေးရီမက ဘာကိုမှဂရုမစိုက်ပါဘူး။ မိုးနှောင်းမစ်ရေစီးထဲမှာမျောပါသွားတဲ့ ကြွပ်ကြွပ်အိတ်လေးနောက်ကို ကျားကုတ်ကျားခဲ ရေကူးရင်း လိုက်လို့။
သူ မီတော့မယ်။

ခက်မာ။
ဗြူတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၁ခုနှစ်။
| edit post
Reactions: 
0 Responses