၂၀၀၉ ခုနှစ် မတ် ဒုတိယပတ်ထဲမှာ ကျွန်မ အမေရိကကို ဒုတိယအကြိမ် ရောက်ခဲ့ပါတယ်။ ပထမအကြိမ်က ၂၀၀၇ ခုနှစ် အိုင်အိုဝါ တက္ကသိုလ်မှာ ကျင်းပတဲ့ International Writing Program အတွက်ပါ။ အခု ဒုတိယအကြိမ်ကတော့ Pennsylvamia ပြည်နယ် Piltslourgh မှာရှိတဲ့ Camegie Mellon University ရဲ့ Research Scholar အနေနဲ့ ရောက်ခဲ့ရတာပါ။ ဒီတစ်ကြိမ်မှာတော့ မိသားစုပါ ခေါ်ခွင့် ရှိတာကြောင့် ကျွန်မတိုးတစ်တွေ မိသားစုလိုက်ကြီး အမေရိကကို ချီတက်ခဲ့ကြပါတယ်။ |
ကျွန်မတို့ ရောက်လာတဲ့ အချိန်က အမေရိကရဲ့ နွေဦးမို့ အင်မတန် လှပပြီး စိတ်ကြည်နူးဖွယ် ကောင်းလှပါတယ်။ မတ်လဆိုတာ မြန်မာပြည်မှာ အတော့်ကို ပူနေပါပြီ။ လေယာဉ်ပေါ်က အချိန်ရော၊ လေယာဉ်ပြောင်းဖို့ စောင့်ရတဲ့ အချိန်ရော စုစုပေါင်း နာရီ ၄၀ စာလောက်အကြာ မနက်စောစော ၆ နာရီလောက် ပစ်စဘတလေယာဉ်ကွင်းကို ရောက်တော့ ချမ်းလိုက်တာ ခိုက်ခိုက်တုန်လို့။ အလွန်ပူတဲ့နေရာ ကနေ ၀ုန်းခနဲ မကြုံဖူးအောင် အေးသွားတော့ ကျွန်မသားတွေက အလာဂျစ်တွေဖြစ်ကြ၊ နှာခေါင်းထဲ၊ ပါးစပ်ထဲက သွေးတွေထွက်ကြပေါ့။ ဒါပေမဲ့ နောက်ထပ် တစ်ပတ်ကျော်ကျော် နှစ်ပတ်လောက် အကြာမှာတော့ တဖြည်းဖြည်းချင်း အအေးလျော့လာသလို မြင်ကွင်းတွေကလည်း ပြောင်းလာပါတော့တယ်။ ရိုးတံပြိုင်းပြိုင်း သစ်ပင်၊ သစ်ကိုင်းခြောက်တွေထဲက ပုရစ်နုလေးတွေ ထိုးထွက်လာကြတယ်။ တချို့အပင်တွေဆို အကိုင်းခြောက်တွေထဲက စထွက်လာတာကိုက အဖူးတွေ။ နောက်တစ်ပတ်လောက်အကြာ အဲဒီပန်းဖူးတွေက အရွက်မမြင်ရအောင် ပင်လုံးကျွတ် ပွင့်တော့တာပဲ။ ကျွန်မဖြင့် မြင်စက အံ့သြလိုက်တာ။ ကျွန်မတို့ မြင်နေကျက အရွက်တွေ ကြွေသွားပြီးရင် ရွက်နုလေးတွေ ပြန်ထွက်လာမယ်။ ရွက်နုတွေက အတော်ရင့်တော့မှ အဖူးဖူးမယ်။ ပြီးမှ ပွင့်မယ်ပေါ့။
|
|
| ဒီက ပန်းတွေကတော့ဖြင့် ဆောင်းရာသီ တစ်လျှောက်လုံး ကြောက်စရာ ကောင်းတဲ့ အအေးဒဏ်ကို ကျိန်မှိတ်ခံခဲ့ရသမျှ နေရောင်လေး နည်းနည်းမြင်ရတာနဲ့ မအောင့်နိုင် မအည်းနိုင် အတင်းတိုးထွက် ပွင့်တော့တာပဲ။ နေရောင်လေး ရလာတော့ ပန်းခြံထဲမှာ မြက်ခင်းတွေက စိမ်းလာပြီ။ ညနေစောင်းဆို မိသားစုလိုက် ကလေးတွေရော၊ ခွေးတွေရော ပန်းခြံထဲ ရောက်နေပြီ။ စတိုးဆိုင်ကြီးတွေသွားရင် နွေရာသီမှာမှ စိုက်ပျိုးရေး လုပ်လို့ရတာမို့ သီးပင်၊ စားပင်၊ ပန်းမျိုးစေ့ပေါင်းစုံ၊ ပျိုးပင်ပေါင်းစုံ ရောင်းနေပြီ။ တစ်ခါတစ်လေ လမ်းမပေါ်မှာ ပန်းတွေ ရောင်းနေတာများ အရောင်အသွေးစုံနဲ့ လှလိုက်တာ။ |
|
ကျွန်မက တောမှာကြီးခဲ့တာလည်း အကြောင်းတစ်ခု ဖြစ်ပါလိမ့်မယ် ထင်ပါရဲ့။ အပင်စိုက်တာ ၀ါသနာပါတယ်။ ငယ်ဘ၀ ရွာမှာနေတုန်းက အိမ်ရှေ့မှာ ပန်းပင်တွေ စိုက်ခဲ့တယ်။ အိမ်ထောင်ကျတော့ ယောက္ခမဖြစ်သူက ဘွန်ဆိုင်းပညာရှင်ဆိုတော့ သူ့ရဲ့ အပင်ပေါင်းစုံကြားမှာ ပျော်ခဲ့ရတာပေါ့။ နောက်ပိုင်း အိမ်တွေပြောင်းတော့ ရန်ကုန် လူနေမှု အခြေအနေအရ ကိုယ့်အိမ်ရှေ့မှာ၊ ကိုယ့်ခြံဝင်းမှာ အပင်စိုက်စရာ နေရာ မရှိလေတော့ သစ်ပင်စိုက်ဖို့ အခွင့်မသာတော့ပါဘူး။ အိမ်တွေ လေး၊ ငါးအိမ်ပြောင်းပြီး ၂၀၀၇ ခုနှစ်မှာ အိမ်လေးတစ်လုံး ၀ယ်ဖြစ်တော့ ကံကောင်းထောက်မစွာ အိမ်ရှေ့မှာ ဆယ့်လေးငါးပေလောက် ကျယ်တဲ့မြေကွက်လေး ပါတယ်။ ဘယ်ပြောကောင်းမလဲ။ ပန်းပင်တွေရော၊ စားပင်တွေပါ ပန်းအိုးနဲ့ တစ်မျိုး၊ မြေပေါ်ချလို့ တစ်ဖုံ စိုက်လိုက်တာ ကျွန်မခြံ သေးသေးလေးက မလှည့်သာတော့ဘူး။ |
အခု ကျွန်မတို့ နေရတဲ့ Piltshurgh က အိမ်က နောက်ဖေးမှာ အတော်ကျယ်တဲ့ မြေကွက်လပ်ပါတယ်။ ခြံထဲမှာ အင်္ဂတေကိုင်ထားတဲ့ ဘတ်စကတ်ဘောကွင်းအပြင် ပေ ၂၀ ပတ်လည်လောက်ကို မြက်ရိုင်းစိမ်းလေး သတ်သတ်ထားသေးတယ်။ ဘတ်စကတ်ဘောကွင်းရဲ့ နောက်နဲ့ ရှေ့မှာတော့ မြေပိုတွေ ရှိတယ်။ ဒီမြေပိုတွေကို မြင်တာရော၊ လှလွန်းတဲ့ပန်းတွေ၊ အမျိုးအစားစုံ၊ မျိုးစေ့ထုပ်တွေကို မြင်တာရောကြောင့် ကျွန်မရဲ့ သစ်ပင် စိုက်ချင်တဲ့ ရောဂါ ထလာပါတယ်။ ကျွန်မတို့ အိမ်ချင်းကပ်လျက်မှာ နေတဲ့ ဟင်နရီကလည်း ပြောတယ်။ |
|
|
|
``မင်းတို့ အိမ်နောက်က မြေကွက်လပ်မှာ သစ်ပင်စိုက်လို့ရတယ်´´ ``ဟုတ်လား။ ကျွန်မစိုက်ချင်တယ်။ ကျွန်မ သစ်ပင်စိုက်တာ ၀ါသနာပါတယ်´´ `ငါတို့ ကူညီမယ်´ လို့ ဟင်နရီကပြောတယ်။ နောက်တစ်နေ့ အိမ်ရှေ့က ဘဲလ်တီးသံကြားလို့ ထွက်ကြည့်တော့ ဟင်နရီက ကြက်သွေးရောင် နှင်းဆီပန်းတွေ ပွင့်နေတဲ့ ပန်းအိုးလေးကို ကိုင်လို့။ |
``မင်း ပန်းပင်စိုက်တာ ၀ါသနာပါတယ်ဆိုလို့ အိမ်နီးချင်း တစ်ယောက်က ပေးလိုက်တာ´´ လှလွန်းတဲ့ ပန်းအိုးလေးကြောင့်ရော၊ အိမ်နီးချင်းတွေရဲ့ နွေးထွေးမှုကြောင့်ပါ ကျွန်မပျော်ရတယ်။ သိပ်မကြာခင် သုံးလေးရက်အတွင်းမှာပဲ ပစ္စည်းကိရိယာ အစုံအလင်နဲ့ လူနှစ်ယောက် ကျွန်မခြံထဲ ရောက်လာတယ်။ ``မင်း သစ်ပင်စိုက်လို့ရအောင် ခြံရှင်းဖို့ ငါခေါ်ထားတာ´´ |
တစ်ဖက်မြေကွက်လပ်နဲ့ ကျွန်မတို့ အိမ်ဘက်အခြမ်းကို ကာကွယ်ထားတဲ့ ခြံစည်းရိုးကို ဖျက်လိုက်တော့ ခြံက အကျယ်ကြီး ဖြစ်သွားရော။ ခြံထဲက ခြုံပုတ် အရိုင်းတွေ ရှင်းကြ၊ ခြံစည်းရိုးတွေ အသစ်ပြင်ကြ၊ သေချာအောင် ပြန်ကာပေးကြတဲ့အပြင် ခြံထဲက မြေကြီးကိုပါ အသင့်စိုက်လို့ရအောင် ထွန်ယက်ပေးသွားကြသေးတယ်။ |
ဧပြီလ ပထမပတ်အတွင်းမှာ ဟင်နရီက အီးမေးလ်ပို့လာပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးချင်း တစ်ယောက်ဖြစ်တဲ့ ဂျာနာ(Jana) က ကျွန်မတို့ခြံထဲလာပြီး အပင်စိုက်တဲ့အကြောင်း ပြောပြပေးမယ်၊ ဘယ်နေ့လာရင် အဆင်ပြေမလဲတဲ့။ ကျွန်မက ဧပြီ ၁၆ ရက်နေ့ကို ချိန်းလိုက်တော့ အဲဒီမှာ ဂျာနာက စိုက်ပျိုးရေး ပစ္စည်း ကိရိယာအစုံအလင်နဲ့ ရောက်လာပါလေရော။ |
``မြေကြီးက ထွန်ပြီးသားဆိုတော့ အဆင်သင့် စိုက်ရုံပဲ။ ဒါပေမဲ့ ငါတို့ ပေါင်းပင်တွေကိုတော့ ရှင်းရမယ်´´ |
ဂျာနာက ပြောပြောဆိုဆို အပင်တချို့ကို နုတ်ပစ်တယ်။ ခြံထဲမှာ ခြုံပင် သေးသေးတချို့နဲ့ မြေထွန်ပြီးမှ ပေါက်လာတဲ့ ပေါင်းပင်သေးသေးလေးတွေ ရှိနေသေးတယ်လေ။ ဂျာနာက ဒါ ပန်းရိုင်းပင်၊ ဒါက ပေါင်းပင် စသဖြင့် ရှင်းပြတယ်။ |
``ဒီအပင်ကတော့ အဆိုးဆုံး ပေါင်းပင်ပဲ။ သူက နွယ်ပင်မျိုးလေ။ အမြစ်တွေက အဖြူရောင်ဖြစ်ပြီး အရမ်းရှည်တယ်။ တခြားအပင်တွေရဲ့ အမြစ်တွေကြားထိ တိုးဝင် ဖျက်ဆီးပစ်တယ်။ ပန်းပင်၊ စားပင်တွေကြားမှာ သူ ပေါက်လာရင် သူက မြေကြီးထဲက အာဟာရအားလုံးကို စုပ်ပစ်လိုက်တော့ တန်ဖိုးရှိတဲ့ စားပင်၊ ပန်းပင်တွေက မသန်တော့ဘူး။ ငါတို့ ဒီအပင်ကို အဓိက ထားရှင်းရမယ်´´ |
သူပြတဲ့ ပေါင်းပင်က ကန်စွန်းရွက်လိုမျိုးပါပဲ။ ဒါပေမဲ့ အရိုးက ကန်စွန်းရွက်လို အခေါင်းမပါဘူး။ ဂျာနာက အပင်ဝန်းကျင် မြေကြီးတွေကို ဆူးချွန်နဲ့ တူးဆွပြီး အမြစ်အကုန်ပေါ်အောင် နုတ်ပစ်တော့ တကယ်ပဲ အဲဒီအပင်ရဲ့ အမြစ်တွေက ဖြူဖွေးပြီး ရှည်လျားလှတယ်။ |
``ဒီအပင်ကို သတ်ချင်ရင် စူးသေးသေးနဲ့ အမြစ်ရင်းရောက်အောင် မြေကိုကော်ထုတ်ပြီး နုတ်ပစ်။ အမြစ်ကျန်ခဲ့ရင် အဲဒီအမြစ်က ထပ်ပေါက်လိမ့်မယ်။ ဒီအပင်တွေကတော့ ပန်းရိုင်းပင်တွေပါ။ အချိန်တန်ရင် ပန်းတွေ ပွင့်လာလိမ့်မယ်။ ငါ နုတ်မပစ်တော့ဘူး´´ |
အဲဒီနေ့က ကျွန်မတို့ ဆလတ်ရွက်ပင်၊ နိုကိုဥလို အပင်တစ်မျိုးနဲ့ ရွှေပဲသီးပင်တွေ စိုက်ကြတယ်။ နောက်ဆယ်ရက်လောက်ဆို အပင်ပေါက်လာလိမ့်မယ်လို့ ဂျာနာက ပြောတယ်။ ကျွန်မမှာ မိုးမရွာတဲ့ရက်ဆို အစေ့ချထားတဲ့ နေရာလေးတွေကို ရေလောင်းရ၊ မျိုးစေ့ချထားတဲ့ နေရာကို ကလေးတွေ နင်းမိမှာစိုးတာနဲ့ တုတ်တွေထောင်၊ ကျောက်ခဲတွေချပြီး အမှတ်အသား ပြုရနဲ့။ ဒီကြားထဲမှာ ကျွန်မက နယူးယောက်ကို တစ်ပတ်လောက် သွားရသေးတော့ နယူးယောက်ကနေ သားတွေကို ဖုန်းဆက်ပြီး အပင်လေးတွေ ရေလောင်းဖို့ မှာရတာ နေ့တိုင်းပါပဲ။ |
xxxxx |
နယူးရောက်က ပြန်ရောက်တော့ အထုပ်အပိုးတွေချ၊ ထမင်းစားပြီးတာနဲ့ အပင်လေးတွေရှိရာ ပြေးကြည့်တာပေါ့။ အမလေး… အပင်ပေါက်လေးတွေက စိမ်းလို့ပါလား။ ဒါပေမဲ့ ကျွန်မ စိုက်ထားတဲ့ စားပင်၊ ပန်းပင်တွေ မဟုတ်ဘူး။ အင်မတန် ဆိုးတယ်ဆိုတဲ့ အမြစ်ရှည် ပေါင်းပင်တွေလေ။ ကျွန်မ နယူးယောက်မသွားခင် အသေအချာ နုတ်ပြီး ရှင်းခဲ့ပေမဲ့ တစ်ပတ်အတွင်းမှာ မျိုးဆက်သစ်တွေက နေရာယူလို့။ |
ကျွန်မမှာ ခရီးရောက်မဆိုက်ဘဲ အဲဒီအပင်ကို ရှင်းဖို့ သီးသန့်ထားတဲ့ စိုက်ပျိုးရေးသုံး ဆူးချွန်နဲ့ အမြစ်ဖြူဖြူ ရှည်ရှည်တွေ ဆုံးတဲ့အထိ မြေကြီးကို တူးဆွ ကော်ထုတ်ပြီး အပင်ကို နုတ်ရတယ်။ အဲဒီလိုရှင်းပြီး ပေမဲ့လည်း နောက်တစ်နေ့ ထပ်သွားကြည့်တော့ အဲဒီ ပေါင်းပင်ဆိုး အပင်ပေါက်တွေက တခြားနေရာက ထွက်နေကြပြန်ရော။ ကျွန်မတယုတယ စိုက်ထားတဲ့ ပန်းပင် စားပင်လေးတွေကတော့ ရှင်ခဲလိုက်တာ။ ဆယ်ရက်လောက် အကြာမှာတော့ ဆလတ်ရွက် နုနီနီလေးတွေ စထွက်လာပါတယ်။ ရွှေပဲသီးလေးတွေကတော့ တစ်ပင်စ၊ နှစ်ပင်စပဲ ပေါက်တယ်။ နိုကိုဥလို အပင်ကတော့ ကျွန်မလည်း မမြင်ဖူးသေးတော့ တခြားအသေးအမွှား ပေါင်းပင်တွေကြားမှာ ကျွန်မ မခွဲခြားတတ်သေးဘူး။ တစ်ဖက်ခြမ်းမှာ ချထားတဲ့ ပန်းမျိုးစေ့ သေးသေးမွှားမွှားလေးတွေလည်း အညှောက်စပေါက်ပြီ။ ပျော်စရာ ကောင်းလိုက်တာ။ |
စိုက်ထားတဲ့ သီးပင်စားပင်တွေက ငယ်သေးတဲ့အပြင် မိုးကလည်း တစ်ရက်ခြား၊ နှစ်ရက်ခြားရွာနေတော့ သူတို့အတွက် ကျွန်မ ဘာမှ ထူးထူးထွေထွေ လုပ်ပေးစရာ မလိုဘူး။ နေ့စဉ် လုပ်နေရတာကတော့ တစ်နေ့တစ်နေ့ နေရာမထပ်ရအောင် အညွှန့်တလူလူ ထွက်လာတဲ့ အမြစ်ဖြူ ပေါင်းပင်တွေကို ထူးကော်ထုတ်နေရတာပါပဲ။ အဲဒီအပင်တွေက တခြားအပင်တွေကို ဖျက်ဆီးတတ်သလောက် ရှင်လွယ်တယ်။ အမြစ်ဆုံးအောင် တူးထုတ်ပြီး အမှိုက်ပုံးထဲသယ်သွားရင်း လမ်းမှာ တစ်ပင်တလေ ကျကျန်ခဲ့ရင် နောက်တစ်နေ့သွားကြည့်၊ အဲဒီအပင်က အမြစ်တွယ်ပြီး ရှင်နေပြီ။ ကျွန်မမှာ တစ်နေ့တစ်နေ့ အဲဒီ အပင်တွေနဲ့ပဲ နပန်းလုံးနေရတာပါပဲ။ ကောင်းတဲ့အပင်က စိုက်ရခက်၊ ရှင်ဖို့ခက်သလောက် မကောင်းတဲ့အပင်ကျတော့ ရှင်သန်ဖို့ လွယ်သလို နှိမ်းနင်းရ ခက်လိုက်တာနော်။ |
|
| ဘေးပတ်ဝန်းကျင်အိမ်တွေ၊ လမ်းသွားလမ်းလာတွေက ကြည့်ရင်တော့ ဒီအမျိုးသမီး ခြံထဲမှာ တကုပ်ကုပ်နဲ့ အကြီးအကျယ် စိုက်ပျိုးရေး လုပ်နေတယ် ထင်ကြမှာပဲ။ တကယ်တော့ ကျွန်မက အပင်စိုက်တာ မဟုတ်ဘူး။ နုတ်နေရတာ။ တစ်ခါတစ်ခါ စိတ်တောင်နာမိပါရဲ့။ ငါ့နှယ် အပင်စိုက်ချင်ပါတယ်ဆိုမှ နုတ်ချည်းနေရတယ်လို့။ ဒါပေမဲ့ စိုက်ထားတဲ့အပင်လေးတွေ တစ်စတစ်စကြီးလာတော့လည်း ကြည့်ရင်း ပျော်လာသလို အတွေးလည်း ပြောင်းလာပါတယ်။ တန်ဖိုးရှိတဲ့ စားပင်၊ ပန်းပင်က ရှင်သန်ဖို့ ခက်ပေမဲ့ အဲဒီအပင်တွေကို ဖျက်ဆီးမယ့် ပေါင်းပင်တွေကတော့ ရှင်သန်လွယ်သလောက် အပင်ကောင်းတွေကို ဖျက်ဆီးပစ်တယ် မဟုတ်လား။ |
|
ဒီတော့ တန်ဖိုးရှိတဲ့၊ ကောင်းတဲ့ စားပင်၊ ပန်းပင်တွေကို အန္တရာယ်ပေးနိုင်တဲ့ ပေါင်းပင်တွေကို ရှင်းလင်းပစ်ရတာလည်း လုပ်သင့်တဲ့၊ လုပ်ကို လုပ်ရမယ့် အလုပ်တစ်ခုပဲလေ။ အခုလောလောဆယ် ကျွန်မက အပင်ကောင်းကောင်းတွေ၊ လူတွေအတွက် အကျိုးရှိတဲ့ သီးပင်၊ စားပင်၊ ပန်းပင်တွေကို အန္တရာယ်ပေးနိုင်တဲ့ ပေါင်းပင်တွေကို ရှင်းလင်းပစ်ရတာလည်း လုပ်သင့်တဲ့၊ လုပ်ကို လုပ်ရမယ့် အလုပ်တစ်ခုပဲလေ။ အခုလောလောဆယ် ကျွန်မက အပင်ကောင်းကောင်းတွေ၊ လူတွေအတွက် အကျိုးရှိတဲ့ သီးပင်၊ စားပင်၊ ပန်းပင်တွေ အများကြီး မစိုက်နိုင်သေးတောင် အပင်ဆိုးတွေကို နေ့စဉ်ရှင်းလင်းပစ်နေနိုင်တာ ကျေနပ်စရာပဲ။ အပင်ဆိုးတွေ နည်းသွားတာနဲ့အမျှ ကျွန်မရဲ့ စားပင်၊ ပန်းပင်လေးတွေ မြန်မြန် ဖွံ့ဖြိုးလာမယ်လေ။ |
ကျွန်မကဖြင့် ကျွန်မစိုက်ထားတဲ့စားပင်လေးတွေ သီးလာပွင့်လာရင် ဝေငှရမယ့်သူတောင် စာရင်းလုပ်ထားသေး။ ဒါပေမဲ့ ကျွန်မ သူငယ်ချင်း အများစုက တခြားပြည်နယ်တွေမှာဆိုတော့ ဝေမျှရခက်မယ်။ ကျွန်မသား အငယ်လေးကတော့ ကျွန်မကို အားပေးတယ်။ ပန်းဆိုင်ကြီးတွေမှာ ပွင့်တော့မယ့်၊ သီးတော့မယ့် ဆဲဆဲပန်းပင်တွေ၊ စားပင်တွေကို အိုးနဲ့ထည့်ရောင်းတာမြင်တော့ သူက ပြောတယ်။ |
``သားက ခုစိုက် ခုပွင့် ခုသီးတာမကြိုက်ဘူး။ အစေ့လေးတွေကနေ စပေါက်၊ တဖြည်းဖြည်း ကြီးလာပြီးတော့မှ အပွင့်တွေပွင့်၊ အသီးတွေ သီးလာတာမျိုးမှ ကြိုက်တာ´´ |
အစေ့ကနေ အပွင့်၊ အသီး ဖြစ်လာမယ့် ကာလအတွင်း ပေါ်ပေါက်လာနိုင်တဲ့ရန်က ကာကွယ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သဘောလည်း ပါတဲ့အပြင် ကိုယ့်အားထုတ်မှုရဲ့ ရလဒ်ကို စောင့်ကြည့်ရတဲ့ အရသာကို နားလည်ပုံရတဲ့ သားရဲ့ စကားကို ကျွန်မလည်း သဘောကျတယ်။ ပြီးတော့ ပွင့်ပြီး၊ သီးပြီးသား အပင်တွေကို ၀ယ်ပြီး ခြံထဲ ချထားတာထက် ကိုယ့်ဘာသာ မြေတူး၊ မျိုးစေ့ထည့်၊ ရေလောင်း၊ ပေါင်းသင်ပြီး ရှင်သန်လာတဲ့ အပင်လေးတွေကို ပြပြီး၊ `ဒါ ကျွန်မစိုက်ထားတာလေ´လို့ ပြောရတာ ပိုပျော်စရာကောင်းပြီး၊ လိပ်ပြာလည်းလုံတယ်လေ။ |
ခုတော့ ကျွန်မခြံခဲမှာ ဂျာနာမနုတ်ဘဲ ထားခဲ့တဲ့ ပန်းရိုင်းလေးတွေက အင်မတန် လှပတဲ့ ခရမ်းရောင်ပန်းတွေ ဝေနေပြီ။ အရွက်နီနီ ဆလတ်ရွက်လေးတွေကလည်း တစ်လက်မလောက်ကြီးနေပြီ။ သားကြီးစိုက်ထားတဲ့ မုန်လာဥနီပင်ကလည်း အရွက်တွေ ဖားဖားဝေနေပြီ။ ညနေစောင်းလို့ သားတို့ ကျောင်းဆင်းလာရင် သားတွေက ရေလောင်းဖို့ ပိုက်သွယ်၊ ကျွန်မက အမြစ်ရှည်ပေါင်းပင်တွေကို တူးဆွဖယ်ရှားပစ်ဖို့ ဆူးချွန်ကို အသင့်ပြင်ပြီး အပင်ဆိုးတွေကို ရှာရပြီ။ ကျွန်မ အပင်လေးတွေ သီးလာ၊ ပွင့်လာရင် သိပ်ပျော်စရာကောင်းမှာ ဖြစ်ပေမဲ့ လောလောဆယ် သိပ်ဆိုးရွားတယ်ဆိုတဲ့ ပေါင်းပင်တွေကို ရှင်းနေရတာကိုလည်း ကျွန်မ ပျော်တတ်နေပြီ။ |
ခက်မာ |