တကယ်ပင် ပန်းစုံပွင့်သောနွေဦးက ကျမတို့ကိုကြိုဆိုခဲ့ပါသည်။
ပုထုဇဉ်မို့သောကတို့မပြယ်လွင့်သေးသော်လည်း ဒုက္ခတောမှ အခိုက်အတန့် လွတ်မြောက် ခွင့်ရသော ပစ္စဘတ်တွင်နေရစဉ်ကာလအတွင်း ပန်းစုံသောနွေဦးတွင်
ပန်းဖူးတွေထပ်တိုးစေဖို့ ကျမပန်းပင်တွေပျိုးခဲ့သည်။
ပန်းအိုးမှာပန်းတွေထိုးပြီးဆုတောင်းခဲ့သည်။ ကျမကဲ့သို့ဒုက္ခတောမှ အခိုက်အတန့်ပင်မလွတ်မြောက်နိုင်သေးသောသူများအတွက် ဆုတောင်းပေးဖို့လည်း မမေ့ခဲ့ပါ။
ကျမ ပျိုးခဲ့သောပန်းပင်များမှရဲရဲနီစွေးသော ဆေလ်ဗီးယာပန်းများ စတင်ပွင့်ခဲ့သောညတွင် ကျမမက်သည့်အိပ်မက်ကတော့ အဖြူရောင်ဖြစ်သည်။ ကမ္ဘာကြီးကို ပကတိအတိုင်းမြင့််ခွင့်မရအောင် ဘာနှင့်မှကာဆီးမထားသော ပစ္စဘတ်၏ မမှောင်မိုက်သောညတွင် လူပါမက အိပ်မက်ကပါ လွတ်မြောက် နေလေသည်။ သစ်ပင၊်တောတောင်၊စက်တပ်ယာဉ်၊အဆောက်အဦးနှင့်သက်ရှိသတ္တ၀ါများအပါအ၀င် ကောင်းကင်နှင့်သမုဒ္ဒရာကပါ ဖွေးဖွေးဖြူနေသော အိပ်မက်၏ လွတ်မြောက်မှုက ကျမကိုပြင်းပြင်းထန်ထန်ညှို့ငင်လေသည်။
အိပ်မက်ထဲတွင် ကျမအပါအ၀င်လူများ၊အရာဝတ္ထုများအားလုံး ဘယ်ဆီဘယ်ဝယ်မှန်းမသိသော တနေရာစီ လွင့်မျောနေကြသည်။ ထိုဦးတည်ရာမဲ့မှုသည် ကျမအားတုန်လှုပ်ချောက်ခြားခြင်းနှင့် အတူ စူးစမ်းမျှော်လင့် ခြင်းများကို ပါခံစားရစေ၏။
လွင့်မျောနေစဉ်ကာလအတွင်း ဘာသာစကား မတူသော ညည်းညူဟစ်ကျွေး သံများ
ကိုလည်းကြားနေရသည်။ ဘယ်နေရာဆီကမှန်းမသိသော ဝင်းပအေးမြသည့် အလင်းတန်းများကိုလည်း အသိစိတ်နှင့်ခံစားရခဲ့သေးသည်။ လွင့်မျောနေသမျှလူသားတိုင်းက အဖြူရောင်ချည်းမို့ ကျမသိကြွမ်းသည့် တစုံတစ်ယောက်ကိုရှာဖွေဖို့ခက်ခဲလှပြီး ထိုခက်ခဲလှသော ရွေးချယ်ရှာဖွေမှုကပင် လူသားအားလုံးအတူတူပဲဆိုသည့် အသိကိုပေးခဲ့ပြန်သည်။
အိပ်မက်ထဲမှ လွင့်မျောမှုများကို ကျမ မရပ်တန့်နိုင်ခဲ့ပါ။ သို့သော် ထိုလူများအရာဝတ္ထုများ၏ အစိတ်အပိုင်းအဖြစ် ကျမရှိနေခဲ့ပါသည်။
လက်တွေ့ဘ၀တွင်အဖြစ်အပျက်များ၏ အဆုံးကို ကြိုတင်မျှော်ကြည့်လို့မရသလို အိပ်မက်ထဲရှိလွင့်မျောမှုများ၏ အဆုံးကိုမရောက်မီ ကျမအိပ်ရာမှနိုးခဲ့သည်။
နိုးထချိန်တွင်ပထမဆုံးကြားရတာက ကျေးငှက်ကလေးများ၏ တေးဆိုသံတွေ ဖြစ်သည်။
ပြတင်းတံခါးကိုဖွင့်လိုက်တော့ ပန်းရနံ့တွေမွှေးနေသော အေးမြသည့်လေညှင်းက နုတ်ဆက်သည်။
နွေးထွေးနေသောနေခြည်အောက်ရှိကျမတို့ခိုလှုံရာဗိမာန်လေးပတ်ဝန်းကျင်မှာတော့ပန်းတွေ ပွင့်ဝေနေဆဲဖြစ်သည်။
◄ ခက်မာ ►
Moemaka Online in Oct 2009