ပြီးခဲ့တဲ့တစ်ပါတ်မှာ
ဖရီဒါခါလိုရဲ့ပန်းချီကားတွေကြည့်တယ်။
မနေ့ ညက
ဆေလ်ဗီယာပလော့သ် ကဗျာတွေကို တတိယအကြိမ်ပြန်ဖတ်တယ်။
ခန္ဒာအနှံ့ မြားစိုက်ဝင်နေတဲ့
သွေးစိမ်းရှင်ရှင်နဲ့ သမင်မကလေးဟာ
ဖရီဒါအဖြစ်
ပန်းချီကားထဲမှာ နေရာယူထားတယ်။
"ဘယ်သူနဲ့ ပဲဖြစ်ဖြစ် မထိုက်တန်ပါဘူး
ကျွန်မက သိပ်စင်ကြယ်လွန်းတယ်"
ပုဂ္ဂလိကနာကျင်မှုတွေ
ဆေလ်ဗီယာကို အဲ့ ဒီလိုပွင့်အံကျစေတယ်။
လွန်လွန်ကဲကဲဝေဒနာတွေက သူတို့ကို
အနုပညာကောင်းကင်မှာ
တောက်ပလင်းလက်တဲ့ကြယ်စင်တွေဖြစ်စေခဲ့ တယ်။
ကဲ..ကျမကိုယ်ကျမ ဖွင့်ဟကြည့်ရအောင်
ခံစားတတ်တာလေးတစ်ခုကလွဲရင်
မယ်မယ်ရရ ဘာမှမရှိသူ ကျမ
တစ်ခါတလေမှာ
ကိုယ့့်ကိုယ်ကို ရှာမရတာမျိုးကရှိသေး။
ဒါတင်မက
ဘဝအဓိပ္ပါယ်ပါပျောက်ဆုံးသွားရတဲ့ အချိန်တွေကလည်း
နည်းနည်းတော့နှိပ်စက်တယ်။
အဲဒီတော့လည်း
ကယောင်ခြောက်ခြားစက္ကန့် တွေကိုနားချ
သမရိုးကျဖြတ်သန်းမှုသေတ္တာထဲခေါက်ထည့်သိမ်းဆည်း
နောက်တစ်ခါမပြိုလဲခင်အထိတော့
လူတောထဲရင်ကော့လျှောက်
ညရောက်မှကြိတ်ငို
ဘဝဆိုတာဒီလိုပါပဲဆိုပြီး
ကိုယ့်ကိုယ်ကို နှစ်သိမ့်မှုတစ်ကြိမ်တိုးပြန်တယ်။
တောက်ပသောကြယ်တစ်စင်းဖြစ်ဖို့ရာ
ဝေဒနာများစွာနဲ့လောင်ကြွမ်းရမယ်တဲ့လား
ဒါဆိုကျမ
နောက်နားကပဲနေပါရစေ။
ပေထက်အက္ခရာပေါ်ကဘဝအစား
ဝေဒနာများကိုပဲပြေလျော့စေချင်ပါတယ်။
လေပြည်ရောနေခြည်ပါဝင်ရောက်နိုင်တဲ့အိမ်တွေထဲ
ကျမလည်းအပါအဝင်
လူတိုင်းကိုနေစေချင်ပါတယ်။
မိုးသံလေသံကြားတိုင်း
ကျန်ရစ်သူဖြစ်စေခဲ့တဲ့လှိုင်းတပိုးတွေကိုသတိရ
ငိုကြွေးတက်ခေါက်မိခြင်းများမှ
လွတ်မြောက်ကြစေချင်ပါတယ်။
အသီးအရွက်ဗိုက်တာမင်တွေကို
ဘဏ္ဏာရေးအလိုအရ မိတ်ဆွေဖွဲ့ထားရတဲ့ဘဝများ
သားငါးညှီနံ့နဲ့ ချိုချိုချဉ်ချဉ်
ဖိတ်ခေါ်ခွင့်ရစေချင်ပါတယ်။
စားပွဲကြိုစားပွဲကြား
အမှိုက်ပုံကြိုအမှိုက်ပုံကြား
တောင်ကြိုတောင်ကြား
တိုက်ကြိုတိုက်ကြား
ပြေးလွှားနေတဲ့ကလေးတို့ပါးစပ်ဖျားမှာ
အနာဂါတ်မျှော်
အနာဂါတ်ပျော်တေးသွားတွေနဲ့သာ
ဖုံးလွှမ်းဝေဆာစေချင်ပါတယ်။
အကယ်၍ လူတိုင်းဟာ
တစ်စုံတရာနဲ့ လောင်မြိုက်ပြီး
အဲဒီလောင်မြိုက်မှုရဲ့အလင်းနဲ့
ကြယ်တစ်စင်းစီဖြစ်ရမယ်ဆိုရင်.....
ထွန်းလင်းမှုများအတွက်လောင်စာ
ဝေဒနာတွေကိုအတတ်နိုင်ဆုံးလျှော့ချ
ကျမ
အမှိန်ပျဆုံးကြယ်သာဖြစ်ပါရစေ။
◄ ခက်မာ ►
December 23rd. 2009