( နိုင်ငံတကာက စာရေးဆရာ၊ ကဗျာဆရာများနဲ့ပူးပေါင်းပြီး Jazz
တေးဂီတ၀ိုင်းနဲ့ တွဲဖက်တင်ဆက်တဲ့ ကဗျာရွတ်ဆိုပွဲ Jazz Poetry Concert 2011)
မှာ ကျမ ရွတ်ခဲ့တဲ့အက်ဆေးလေးပါ။ ကျမအက်ဆေးကိုစာပေမောင်နှမတော်စပ်တဲ့
မောင်လေးတေဇာ (လရောင်လမ်း) က အင်္ဂလိပ်လိုဘာသာပြန်ပေးခဲ့ပါတယ်။ ကဗျာရွတ်ပွဲမှာ ကျမက အင်္ဂလိပ်ဗားရှင်းကို မြန်မာလိုတစ်ပိုဒ်နဲ့ပေါင်းစပ်ရွတ်ခဲ့ ပြီး၊ မြန်မာဗားရှင်းကိုတော့ မိတ်ဆွေများကိုဒီနေရာကဝေမျှလိုက်ပါတယ်။)

နေခြည်ဝင်းဝင်းနှင့်လှုပ်လှုပ်ရှားရှားပတ်ဝန်းကျင်တို့မှတဆင့် နွေးထွေးသောအပျော်ကို
သယ်ဆောင်လာခဲ့ပေးသောနွေဦးတခုလွန်မြောက် ခဲ့ပြန်ပြီ။ နှင်းဖွေးဖွေးနှင့်သစ်ကိုင်း
ခြောက်ထီးထီးတွေကြားမှာ တချိန်လုံးလိုလို ငိုချင်ဝမ်းနည်းနေခဲ့ရသောတိတ်ဆိတ် သည့်ဆောင်းပန်းချီ ကိုမေ့လျော့ဖို့ကြိုးစားနိုင်သည့်အင်အားကိုလည်း နွေဦးက သယ်ဆောင်လာပေးခဲ့သည်။ နွေဦးရောက်သည်နှင့်ဆောင်းရာသီမှာအဖြူအမည်း နီးပါးဖြစ်ခဲ့သော လောက၀န်းကျင်တွင်ရောင်စုံလွှမ်းလာပြီ။ ကောင်းကင်ကပြာပြာ။
မြေပြင်တွင်မြက်ခင်းစိမ်းစိမ်း။ သစ်ကိုင်းတွေပေါ်မှာအသွေးစုံပုရစ်ဖူးတွေအစီအရီ။
အရိုးပြိုင်းပြိုင်းဘ၀ဖြင့် ကြောက်မက်ဖွယ်အအေးဒါဏ်ကို အံကြိတ်တင်းခံခဲ့သော သစ်ကိုင်းခြောက်များ အားထိုးခွဲထွက်လာတာက အလွန်နုညံ့သောပွင့်ဖတ်ပွင့်လွှာ များဖြင့်ဖွဲ့စည်းထားသည့်ပန်းဖူးတွေဖြစ်သည်။ထိုပန်းပင်တွေက နွေဦးမှစ၍အစွမ်းကုန် ပွင့်လန်းလှပစေဖို့ ခြောက်ခြားဖွယ်ဆောင်း၏အအေးဒါဏ်အောက်မှာ
အားယူခဲ့သည်
ပေါ့။ နှင်းထုဖုံးလွှမ်းသောသစ်ကိုင်းခြောက်များအတွင်းမှာ ‘ နေသေးသပ’ ရယ်လို့
‘ချိုသွေး’ ခဲ့ကြသည်ပေါ့။

နေခြည်ဝင်းလာတော့လည်းနှင်းများကတောင့်မခံနိုင်။
ရေအဖြစ်အသွင်ပြောင်းကာ
မြေကြီးထဲစိမ့်ဝင်ကြရသည်။ ထိုရေဓါတ်ကသစ်ပင်များကိုအသက်ဆက်စေပြန်ကာ
နွေဦးမှစ၍ စုံလင်များပြားသောပန်းများကိုပွင့်စေပြန်သည်။နွေဦးကမျက်နှာမလိုက်ပါ။ ကျမ ခြံထဲကိုလည်းရောက်လာ၍ ကျမပျိုးထားသောပန်းတွေကိုပွင့်စေသည်။ ဒါပေမယ့် မတည်မြဲတတ်သောသဘာဝတရားအရ ကျမပန်းများ ကလည်းအမြဲတန်း
တော့လှမနေနိုင်ပါ။ ရှဥ့်ကလေးတွေကတချို့ပွင့်ဖတ်တွေကိုလာစားသည်။ ငှက်ကလေးတွေက အညွှန့်အညှောက်တွေကိုထိုးဆိတ်သည်။ ရွက်ကြွေရာသီက လည်းသစ်ပင်များ၏အရွက်တွေကိုခြွေချ၍ မကြာခင်ကြွေလျောရမည်ဖြစ်ကြောင်း ပန်းများကို နမိတ်ပြသည်။

မကြာခင်ဆောင်းရာသီရောက်လာဦးတော့မည်။
အအေးဒါဏ်နှင့်နှင်းထုက ပန်းများ၏ ဇီဝိန်ကိုခြွေဖို့ကြိုး စားကြလိမ့်မည်။
ပန်းပွင့်ဖတ်လွှာတွေကလည်းအားမတန်မာန်
လျော့၍ကြွေလျောကြရမှာပေမယ့်သူတို့၏ဇီဝစွမ်းအားများကိုအရိုးပြိုင်းပြိုင်းသစ်ကိုင်း များထဲတွင်သိုလှောင်၍ ဆောင်း၏ဒါဏ်ကိုအံကြိတ်ခံကြဦးမည်။ နောက်တနွေ
နေခြည်ဝင်းဝင်းနှင့်ပေါင်းဆုံရချိန်မှာတော့ ထိုရုပ်ဒြပ်မဲ့အင်အားတို့ကပန်းပွင့်များအဖြစ်
ပြောင်းလဲကာ လူသားတို့အားကြည်နူးပျော်ရွှင်စေဦးမည်။ ဆောင်း၏အအေးဒါဏ်နှင့်
နှင်းထုက ပန်းများ၏ပွင့်ချပ်ပွင့်လွှာတွေကိုခြွေနိုင်ပေမယ့် သစ်ကိုင်းခြောက်ရိုးတွင်း
ခြင်ဆီထဲတွင်ကိန်းအောင်းနေသော ရုပ်ဒြပ်မဲ့ဝိညာဉ်အင်အားကိုတော့ ဘယ်လိုမှ မဖျက်ဆီးနိုင်ပါ။

ကျမတို့တတွေလည်း
နွေဦးတဖန်ရောက်လာချိန်ကိုမျှော်၍
ရာသီကြမ်းဆောင်းများ ကိုဖြတ်သန်းနေကြရသည်ပင်။အနှောက်အယှက်အမျိုးမျိုးကြောင့်ပျက်စီးသွားရသော
ပန်းတွေနေရာမှာအစားထိုးဖို့ ပန်းပင်အသစ်တွေစိုက်နေကြရသည်ပင်။ အပျက်အစီး ကိုစိတ်ပျက်ပြီး ထပ်မပျိုးလျှင် ပန်းလှလှတွေကိုကြည့်၍ကြည်နူးရသော အရသာ ဆုံးရှုံးရမှာ ကျမတို့ပဲဖြစ်သည်။ ဆောင်းကိုကြောက်၍ (မုန်း၍) လက်ပန်းကျနေလျှင်
နွေဦးကိုမကြိုနိုင်မှာ ကျမတို့ ပဲဖြစ်သည်။

နွေဦးများလှဖို့ဆိုတာ
ဆုတောင်းနေရုံနှင့်တော့မပြီးပါ။ ဘ၀၏ရာသီကြမ်းများအတွင်း တွင် ပန်းများအားပွင့်လန်းလာစေနိုင်သောဝိညာဉ် အင်အားတွေကို ကျမတို့ခန္ဒာကိုယ် ထဲမှာ
သိုလှောင်ထားနိုင်သမျှတော့ ကျမတို့
နွေဦးတွေကလည်းပန်းစုံပွင့်၍လှနေ လိမ့်မည်ဖြစ်သည်။
a nice and encouraging post!
Can I please read this post in English version?