1. 2.
(ထုံးစံအတိုင်း အိပ်မရတဲ့တည ဖေ့စ်ဘွတ်ထဲလည်ရင်း ခင်အောင်အေးရဲ့နုတ်စ် 
တွေဖတ်မိပါတယ်။ ဘာကြောင့်မှန်းမသိသူရေးတာတွေဖတ်ပြီးစာရေးချင်လာတာနဲ့ 
ခေါင်းထဲဖြတ်ကနဲပေါ်လာတာကိုချရေးလိုက်တာပါ။ ဘယ်လိုစမယ်၊ ဘယ်လို ဆုံးမယ်ဆိုတာထည့်မစဉ်းစားပဲ ရေးချင်တာကိုရေးချင်သလိုရေးပြီး ရပ်ချင်တဲ့အချိန် မှာရပ်လိုက်ပါတယ်။)

ကျမကကံဆိုးသူတစ်ယောက်ပါ။ ကာလာလရေကြည်ဘ၀မှာ တောသူဌေးများရဲ့မြေး၊ လူသားကလေးအဖြစ်လောက  
ကြီးထဲကိုရောက်လာချိန်မှာတော့ အထည်ကြီးပျက်တို့ရဲ့သွေး။ အသက် ၅နှစ်မှာ
တောမြို့ကလေးကနေ တောစစ်စစ်ဆီရွှေ့ရတယ်။ ၆ နှစ်မှာအဖေနဲ့ဝေးရတယ်။ အသက် ၁၀ နှစ် ၅တန်း ကျောင်းသူအရွယ်မှာ ခုနှစ် မိုင်ဝေးတဲ့ရွာကြီးတစ်ခုကိုအသွား အပြန်တစ်ရက် ၃နာရီလမ်းလျှောက်ပြီး ပညာသင်ရတယ်။ တချို့ရက်တွေမှာ မြို့တော်ကိုနေ့စဉ်ပြေးပြီးရွာစဉ်ဆိုက်တဲ့သင်္ဘောကြီးစီးခွင့်ရရင်တော့ နည်းနည်း သက်သာတယ်။ ဒါပေမယ့်မနက် ၄နာရီဆိုတာမှောင်တုန်း၊ မိနစ် ၂၀လောက် သွားရတဲ့သင်္ဘောဆိပ်ကို တစ်ယောက်ထဲ အမှောင်ထဲမှာ လမ်းလျှောက်သွားရတဲ့ ၁၀ နှစ်သမီးကလေး သနားစရာမကောင်းဘူးလား။

ကျောင်းကပြန်လာရင် တစ်နာရီ လောက်ကစားခွင့်ရတယ်။ ကံမကောင်းတဲ့နေ့ ကစားဖော်တွေနဲ့ရန်ဖြစ်ရင် ကစား ခွင့်ဆုံးရှုံးရတာထက်ပိုနာတာ က တစ်ယောက်နဲ့ တစ်ယောက်အနိုင်လုပြောကြရင်းကြားရတဲ့ “ အဖေမရှိတဲ့သမီးကများ” ဆိုတဲ့စကား။ လူကြီး တွေကတော့ ညည်းအဖေနဲ့အမေကွဲရတာ ညည်းအဘွားကြောင့်တဲ့။ ဘာတွေမှန်းလဲမသိဘူး။ ၀မ်းနည်းတာပဲ သိတယ်။ ငါကံဆိုးတယ်လို့တွေးမိတယ်။ အချိန်ထဲမှာပဲ ဘယ်သူတွေဘာပြောနေနေ ကျမကတော့ နံ့သာဖြူ ကရမက်နံ့တွေ စွဲထင်နေတဲ့အဘွားကိုယ်လုံးအိအိကြီးကိုဖက်အိပ်ရတာသိပ်ကျေနပ်တယ်။ 

ကျောင်းအားချိန်အမေတို့အဘွားတို့နဲ့အထည်ရောင်းလိုက်ရတာသိပ်ပင်ပန်းတယ်။
နေပူပူမှာတစ်နေကုန် လျှောက်ရတာ။ မိုးတွင်းကျတော့လည်း ချမ်းလို့ကြုံ့ကွေးထားရ တဲ့ပုခုံးက ချောကျိနေတဲ့ဗွက်ထဲမလဲအောင် ကုတ်ကွေးထားရတဲ့ခြေချောင်းတွေ 
ညောင်းသလောက်ညောင်းတာပဲ။ ဒီလိုပင်ပန်းဆင်းရဲတဲ့ဘ၀ကဘယ်လို၊ဘယ်တော့ လွတ်ပါ့မလဲတွေးရတဲ့စိတ်ကပိုညောင်းတယ်။ အရွယ်ရောက်တဲ့အခါ ၀တ္တုတွေဖတ်တတ်ကတည်းက စိတ်ကူးယဉ်ခဲ့သလိုမဟုတ်တဲ့ အချစ်ဆိုတာကြီးကို ထိတွေ့မိတော့ ၀ဋ်ရှိသလောက်တော့ခံလိုက်တာပေါ့လို့ မျက်ရည်မပါတဲ့ ရှိုက်သံနဲ့ ညည်းတွားနေရင်းပဲ လူဆိုတာနာကျင်မှုကိုစွဲလန်းတတ်ပါလားသုံးသပ်မိတာကံဆိုး တာလားကံကောင်းတာလားမသိ။ အဲဒီခံရခက်ခက်ဝေဒနာကို အသက် ၂၀ကျော်မှာ တင်ပါးနဲ့ခြေသလုံးပေါ် အနာစိမ်းအလုံး ၅၀ နီးပါး နှစ်ချီပေါက်တုန်းကခံစားမှုနဲ့ ဆိုင်လေသလားမဆိုင်လေသလားမသိ နှိုင်းယှဉ်မိသေး။ 

ငယ်သူငယ်ချင်းယောင်္ကျားလေးဆရာဝန်က တင်ပါးပေါ်မှာရှိအနာစိမ်းထဲက ပြည်နဲ့ 
သွေးပုပ်တွေကိုညှစ်ပေးပြီးဆေးကုရင်း ၀ိပဿနာတရားဟောတော့ ကိုယ်လည်း တရားပေါက်လာသလိုလို။ အဲဒီငယ်သူငယ်ချင်းဆရာဝန်ရဲ့ ပိုးသတ်ဆေးနဲ့တစ်နှစ်
ကျော်ကြာ နာကျင်ရှက်ကြောက်ခဲ့ရတဲ့အနာစိမ်းတွေပျောက်တော့အဲဒီဝေဒနာကို
ပြန်လွမ်းသလိုလို။


ပညာရေးဝန်ထမ်းဖြစ်တာကြောင့် ငယ်ငယ်ထဲကရွာတွေလှည့်ပြောင်းတာဝန်ထမ်း
ဆောင်နေလို့ အတူနေရ တဲ့ရက်နည်းနည်းပဲရှိခဲ့တဲ့အမေရင်ခွင်က အသက် ၁၄နှစ်မှာ စထွက်ခဲ့တယ်။ ထွက်စမှာစူးစမ်းလိုစိတ်နဲ့ တက် ကြွနေတာမို့ အမေ့မျက်ရည်တွေကို မျက်ရည်နဲ့မတုန့်ပြန်မိခဲ့ပေမယ့်မြို့တော်ရဲ့အေးစက်စက်နေ့တွေထဲမှာ 
ချွေးပြိုက်ပြိုက်ကျရပါများတော့ အမေကျခဲ့တဲ့မျက်ရည်ထက် ပမာဏနှစ်ဆများတဲ့ မျက်ရည်တွေလျော်ကြေးပေးခဲ့ရတယ်။ ငါကံဆိုးလိုက်တာပေါ့။ လူမှုရေးမကျွမ်းကျင် လို့မိတ်ဆွေတွေပျက်ရတာလည်းကံဆိုးမှုတစ်ခုပဲ။ ချစ်တဲ့သူတွေနဲ့အကြောင်းအမျိုး မျိုးကြောင့်ဝေးရတာလည်းကံဆိုးလို့ပဲ။ အထင်လွဲခံရတာတွေ၊ အာမနာပ အပြောခံရ တာတွေလည်းကံဆိုးလို့ပဲ။ ပိုက်ဆံမရှိလို့သိမ်ငယ်ခဲ့ရတာတွေလည်းကံဆိုးလို့ပဲ။ ဒါပေမယ့် အဲဒီကံဆိုးမှုတွေထဲမှာကူးခပ်နေရင်းကပဲ ကံကောင်းမှုတွေပိုင်ဆိုင်ခဲ့ရတာ ကတော့ ဘ၀ရဲ့အံ့သြဖွယ်ရာဖြစ်တဲ့ ရှားပါးချိုမြိန်မှုတချို့ပါပဲ။

အဖေနဲ့ဝေးခဲ့တာ၊ အမေ့ကိုတမ်းတခဲ့တာတွေ၊ နေပူထဲမိုးရွာထဲဖြတ်သန်းခဲ့ရတဲ့ မြစ်ဝ ကျွန်းပေါ်ရဲ့အချိန်တွေဟာ စာလုံးတွေအဖြစ်ရုပ်လုံးပေါ်ခဲ့တာကံကောင်းမှုတစ်ခု မဟုတ်လား။ ပတ်ကြားအက်ကုန်းမြေခြောက်သယောင်း တွေကိုဖြတ်သန်းပြီး ၀မ်းကျောင်းခဲ့ရတဲ့အချိန်ထက်ပိုများတဲ့အချိန်တွေကိုစာရေးရင်းကုန်ဆုံးနိုင်ခဲ့တယ်။
နောက်ပိုင်းမှာညည်းငွေ့သွားပေမယ့် သွပ်မိုးနဲ့ကပ်နေလို့မီးကင်ထားသလိုဖြစ်နေတဲ့ အပြင်ဆောင်အခန်းလေးထဲမှာ အိပ်ချင်တဲ့အချိန်အိပ်၊ စားချင်တဲ့အချိန်စား၊ ကိုယ့်အချိန်တွေကိုယ်ပိုင်ခဲ့တာလည်းကံကောင်းမှုတစ်ခုပဲ။ လက်ထဲ မှာတစ်ကျပ်
ပြည့်အောင်မရှိတဲ့အချိန်နဲ့တိုက်ဆိုင်ပြီး ဟောင်းလောင်းဖြစ်နေတဲ့ဗိုက်ထဲကအူတွေ တကြုတ်ကြုတ်လှုပ်နေတာမျက်စိထဲမြင်လာမတတ်ထင်ထင်ရှားရှားခံစားနေရတဲ့
နေ့တွေမှာပဲ ဘ၀မှာအဖိုးမဖြတ်နိုင်သောလွမ်းစရာများကိုရရှိစေတဲ့သူငယ်ချင်းတွေကို ဆုံတွေ့ပိုင်ဆိုင်ခဲ့ရတာဟာလည်းကံကောင်းလို့ပဲပေါ့။


ကျမကံဆိုးတတ်ပါတယ်။ ကံလည်းကောင်းပါတယ်။ တခါတလေကံဆိုးမှုတွေဟာ ကံကောင်းမှုတွေကိုပိုင်ဆိုင် ရဖို့အခြေခံတွေဖြစ်နေတယ်ဆိုတာ ဆန်းစစ်နိုင်မိတဲ့ ဦးနှောက်ကျမမှာရှိနေတာကိုက ကျမကံကောင်းလို့ပဲ။ အဲဒီဦးနှောက်ကပဲ တော်တော် များများအဖြစ်အပျက်တွေကိုခံစားနာကျင်ရခြင်းဆိုပြီးသတင်းပို့တာကတော့ ကံဆိုးမှုပေါ့။

ကျမကံဆိုးစွာပဲ ဘ၀ရဲ့ကာလတစ်ခုမှာ နေစရာနေရာမရှိဖြစ်ခဲ့တယ်။ ကံကောင်းစွာတစ်အိုးတအိမ်ထူထောင် ခွင့်ရပြီး တည်ငြိမ်တဲ့နေရာတစ်ခုမှာနေခဲ့ ရတယ်။ သားဦးကလေးရလို့ပီတိဖြစ်ရတာလည်းကံကောင်းတဲ့အထဲပါတာပဲ။ သားကလေး ၆လသားမှာ ရေနွေးပူလောင်တော့ ကိုယ့်ခန္ဒာကိုယ်အရေပြားကို
လောင်တာမဟုတ် ပေမယ့် ငရဲရောက်နေသလိုခံစားရတာကတော့ကံဆိုးမှုပေါ့။ ကံကောင်းစွာသားကလေးတွေက ဥာဏ်ကောင်းကြတယ်။ သူတို့ငယ်ငယ်ရွယ်ရွယ် မှာ ကိုယ့်ယဉ်ကျေးမှု၊ရိုးရာဓလေ့နဲ့ဝေးရာဆီရောက်ခဲ့ရတာကိုတော့ ကံဆိုးတာ မဟုတ်တောင် မကောင်းတဲ့ကံတစ်ခုလို့သတ်မှတ်ချင်တယ်။ အသက် ၄၀ကျော် ကတည်းက ဘ၀ကိုစိတ်ဝင်စားမှုနည်းပါးခဲ့တာကိုလည်း ကျမရဲ့ကံဆိုးမှုလို့ခေါ်ရင် ရမလားမသိ။ ကံကောင်းတာကတော့ တစ်ခါတလေမှာ ဘ၀ဟာတက်မက်စရာ
ကောင်းနေသေးမှန်းတွေးမိတာပဲ။ ကျမဘ၀မှာ ကျမကိုချစ်ခင်ကြတယ်လို့ (ကျမထင်တဲ့) မိတ်ဆွေသူငယ်ချင်းတွေအများကြီးရှိတာကတော့ ကံကောင်းမှုတစ်ခု ဆိုတာသေချာတယ်။ ကံဆိုးတာကတော့ ကျမရဲ့နှုတ်စလျှာစနည်းမှုကိုမပြင်နိုင်သေး တာပဲ။ နှုတ်စလျှာစနည်းတာကြောင့်လူတွေရဲ့ လေပေါလို့သတ်မှတ်ခြင်းမခံရတာက
တော့ကံကောင်းတယ်။ ကျမခံစားနေရတာတွေကိုဘာမှထွေထွေထူးထူး စဉ်းစား မနေပဲ ရေးချင်သလိုချရေးဖို့အချိန်နဲ့အခွင့်အရေး ကျမမှာရှိနေတာတော့ လောလော ဆယ်မှာကံအကောင်းဆုံး အဖြစ် အပျက်ပါပဲ။ 

ခက်မာ
နိုဝင်ဘာ ၅ ရက်၊ ၂၀၁၁
Labels: | edit post
5 Responses
  1. ခေါင်းစဉ်မှာပဲ အရမ်းစိတ်ဝင်စားဖို့ကောင်းနေပြီနော်
    တူတာလေးတွေ့လိုက်ရတယ်
    ကျွန်မကံဆိုးတတ်တယ်မကြာခဏဆိုသလိုပဲ
    ဒါပေမဲ့ မကျရှုံးဘူး ပြန်မတ်နိုင်တယ်
    ခင်မင်တဲ့ jasmine


  2. ကံဆိုး၊ ကံကောင်းက ဒင်္ဂါးတစ်စေ့ရဲ့ မျက်နှာနှစ်ဘက်လိုပဲ ကပ်လျှက်ရှိနေတယ် ထင်မိတာပဲ။ အမြဲတမ်းကံမကောင်းခဲ့သလို အမြဲတမ်း ကံမဆိုးခဲ့ပါဘူး။ ကံဆိုးချိန်မှာတော့ တစ်ချိန်ပြန်ကောင်းရမယ်လို့ အားတင်းမိတယ်။ ကံကောင်းချိန် မှာတော့ ကံဆိုးခဲ့တာတွေ ပြန်တွေးမိပြီး တယ်ဟုတ်တဲ့ ငါပါလားလို့တောင် ရေရွတ်မိတယ်။


  3. :P Says:

    (မ)ခက်မာရဲ့ဘလော့ကိုတွေ့လိုက်ရတာတော်တော်ပျော်သွားတယ်..


  4. Anonymous Says:

    (မ)ခက်မာရဲ့ဘလော့ကိုတွေ့လိုက်ရတာတော်တော်ပျော်သွားတယ်..ကျွန်တော်က ဆရာဦးသက်ဇင် နဲ့ ကိုကြီးကျော် (ကိုကျော်သွင်နိုင်) တို့ရဲ့ တပည့်ပါ

    အချိန်ရတိုင်း ဒီ ဆိုက်လေးကို လာလည်ပါ့မယ်


  5. Anonymous Says:

    ဘဝဖြတ်သန်းသူတိုင်းမှာ အခက်ခဲအစုံတွေ့ကြုံရတာပါပဲဗျာ
    အနည်းအများတော့ကွာတာပေါ့
    အားတင်းထားပါ ရှေ့ဆက်လျှောက်လှမ်းကြရအုံးမှာ မဟုတ်လား

    လေးစာစွာဖြင့်

    မောင်ဘကြိုင်