1. 2.
                                                တချိန်က Gettysburg စစ်မြေပြင်မှာ 
၂၀၁၁ ဧပြီလမှာ State Depertment ရဲ့အစီအစဉ်နဲ့ အမေရိကန်နိုင်ငံအိုင်အိုဝါ တက္ကသိုလ် International Writing Program မှာပူးပေါင်းပါဝင်ခဲ့ဖူးသူနိုင်ငံတကာ စာရေးဆရာတွေကိုဖိတ်ခေါ်ပြီး Writer-in-Motion ဆိုတဲ့ Study Tour တခုမှာ ပူးပေါင်းပါဝင်ဖို့ဖိတ်ကြားခံရပါတယ်။ ခရီးစဉ်ရဲ့ရည် ရွယ်ချက်ကတော့ အမေရိ ကမှာ အကြောင်းပေါင်းစုံနဲ့ပြိုလဲကျဆုံးခဲ့ရမှုတွေနဲ့ပြန်လည် ထူထောင်မှုတွေကိုဆက်စပ်
လေ့လာဖို့ပါ။

   ဘော့စနီးယား(ဥရောပ)၊ ဂွာတီမာလာ(တောင်အမေရိက)၊ ဂျမေကာ(အာဖရိက)၊ ကင်ညာ (အာဖရိက)၊ ဖိလစ်ပိုင်(အာရှ)၊ သြစတေးလျား၊ ကနေဒါနဲ့ မြန်မာနိုင်ငံက ကျမအပါအ၀င် နိုင်ငံတကာက စာရေးဆရာ ရှစ်ယောက်ဟာ အမေရိကန်နိုင်ငံရဲ့ မြို့တော် ၀ါရှင်တန်ဒီစီမှာလူစုရပါတယ်။ ဒီစီကမှ ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲက Gettyburg တိုက်ပွဲနယ်မြေကိုပထမဦးဆုံးခရီးစဉ်အဖြစ်သွားရပါ တယ်။ အဲဒီကမှ ဘာလ်တီမိုးကိုပြန်ဝင်၊ ဘာလ်တီမိုးကနေမှ အမေရိကတိုက်ကိုအနောက်တောင် တည့်တည့်ဖြတ်လို့ တောင်ဖက်စွန်းက နယူးအော်လန်းစ်မှာတထောက်နားကြရပါ တယ်။ အဲဒီနား တ၀ိုက်က ဘာမင်ဟမ်မ်၊ အယ်လ် ဘားမား၊ မော်ဂင်စီးတီး၊ အာချာ ဖလာရာဘေစင်တွေကိုနှစ်ပတ်ကြာလေ့လာပြီး အပြန်လေယာဉ်ခရီးကို ဘဲဥပုံသဏ္ဍန် လမ်းကြောင်းနဲ့ ဗာဂျီးနီးယားမှာလမ်းဆုံးကြပါတယ်။

 
    ခရီးစဉ် ၁၄ ရက်အတွင်း ကျမတို့ကြုံတွေ့မှတ်သားခဲ့ရတာတွေကိုမဖော်ပြခင်မှာ ကြိုတင်ဝန်ခံထားချင်တာကတော့ အမေရိကားနဲ့အစစအရာရာမတူတဲ့ အာရှနိုင်ငံ ငယ်လေးတခုမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကျမရဲ့အမြင်တွေဟာ နှိုင်းယှဉ်စဉ်းစားမှုကို အခြေခံနေမယ်ဆိုတာပါပဲ။ တဲပုတ်ကလေးထဲမှာနှစ်ပေါင်းများ စွာနေလာတဲ့သူတစ်
ယောက်ဟာ ခမ်းခမ်းနားနားတိုက်အိမ်ကြီး တခုထဲရောက်သွားတဲ့အခါ အပြင်အဆင် အဆောင်အယောင်၊ သက်တောင့်သက်သာရှိမှု၊ ဇိမ်ကျမှု၊ အသုံးတည့်မှုစသဖြင့် ငါ့နေရာနဲ့ကွာလှပါလား ဆိုတာတွေကိုသိသိသာသာ ခံစားမိမှာပါ။ အံ့သြဘနန်းဖြစ် မှုတွေအနည်ထိုင်လာချိန်မှာတော့ တဲအိမ်ကလေးထဲမှာခံစားခဲ့ရတဲ့ သဘာဝလေနု
အေးရဲ့အရသာကိုလွမ်းကောင်းလွမ်းမယ်ပေါ့။ ကျမတို့ဟာ အိမ်သစ်အိမ်ကောင်းကြီး
တွေထဲများများရောက်ဖုးလေ နှိုင်း ယှဉ်စဉ်းစားတွေးတွေက ပိုများလာလေဖြစ်မှာ အမှန်ပါပဲ။ ရောက်ခဲ့တဲ့အိမ်တွေများသည်ထက်များလာတဲ့အခါမှာတော့ကျမတို့ရဲ့ 
နှိုင်းယှဉ်တွေးတွေထဲမှာ မူလဘူတဇာတိမြေကိုအခြေခံတဲ့ အတွေးတွေက တဖြည်း
ဖြည်းမှိန်ဖျော့သွားနိုင်ပါတယ်။ အရာဝတ္တု ၂ ခုစီချထားရင် ၁ နဲ့ ၂ ဟာနှိုင်းယှဉ်ဖို့ လွယ်ကူတဲ့ အနေအထားမှာရှိနေတာကြောင့် နှိုင်းယှဉ်စဉ်းစားမိနေဦးမှာပါ။ အရာဝတ္တု ၂၀ လောက်ယှဉ်ချထားလိုက်ရင်တော့ ၁ နဲ့ ၂၀ ဟာ ဝေးသွားသလို နောက်ပိုင်းရဲ့မြင် သာမှုတွေက ပိုအားကောင်းလာမှာပါပဲ။
              အမေရိကားကကျမရဲ့အချိန်တွေကိုတဲအိမ်ကလေးကိုထားရစ်ခဲ့ခြင်းရဲ့အစ လို့သတ်မှတ်မယ် ဆိုရင် Writers-in Motion ခရီးစဉ်ဟာ တဲကလေးနဲ့မတူခြားနားတဲ့ အိမ်ပေါင်းများစွာကိုစီချပြလိုက်တဲ့ ခရီးစဉ်ပါပဲ။ အဲဒီအိမ်တွေဟာဇိမ်ခံအိမ်ကြီးတွေ သက်သက်တော့မဟုတ်ပါဘူး။ ရာသီဥတုဒါဏ်ကို တနည်း တဖုံခံခဲ့ရပြီး ပုံစံတမျိုးစီနဲ့ ချို့ယွင်းမှုရှိနေတဲ့အိမ်တွေပါ။ ဒါပေမယ့် သဘာဝလေနုအေးကလေး ရသော်ငြား လည်းအောက်ခြေကစပြီးဆွေးမြေ့ပျက်စီးနေတဲ့ ကျမရဲ့တဲကလေးထက်တော့ ခိုင်ခံ့
နေပါသေးတယ်။ ပြီးတော့ အဲဒီချို့ယွင်းချက်တွေထဲကနေ အကောင်းကျန်သမျှရွေး ထုတ်အသုံးချနေနိုင်ကြ၊ နေတတ်ကြပါသေးတယ်။
    
    **************                        ***************                           
     
ကျမတို့ဆယ်ကျော်သက်မရောက်တရောက်အရွယ်တုန်းက ငယ်သူတို့ထုံးစံအတိုင်း ရွာထဲမှာ ခပ်လှုပ်လှုပ်ဖြစ်တာနဲ့ ပါချင်ခဲ့ကြပါတယ်။ ညနေစောင်းရင်အပျိုလူပျိုတွေ ဟန်ရေးပြလမ်းလျှောက်ကြတော့လည်း ဘာမှန်းမသိလိုက်လျှောက်ချင်၊ ဆောင်းရာ သီသူများတွေမနက်စောစောလမ်းထလျှောက်ကြလည်း ပါချင်ပေါ့။ အမေဆရာမ၊ အဘွားဆရာမမို့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ သူများတွေ ဆယ်ခါမှ ကိုယ် တစ်ခါပါခဲ့ရပါတယ်။ ကျမတို့မြစ်ဝကျွန်းပေါ်ရွာတွေမှာ ရွာတွေရဲ့အနောက်ဖက်ကနေ
မြေလမ်းမရှည် ကြီးတခုသွယ်တန်းဖောက်ထားပါတယ်။ ကျမတို့ရွာကတော့ ရွာတန်း ရှည်ရွာကြီးမို့ တာလမ်းမကြီးကရွာလည်လမ်းကိုထောင့်မှန်အတိုင်းဖြတ်သွားတယ်။ တာလမ်းမတဖက်တချက်က လယ်ကွင်းတွေ၊ငရုတ်ခင်း၊မြေပဲခင်း၊ နေကြာခင်းတွေ
ပေါ့။ မိုးရာသီဆိုမျက်စေ့တဆုံးမှာလယ်ကွင်းစိမ်းစိမ်းတွေ။စပါးမှည့်ချိန်ကြတော့ရွှေဝါ 
ရောင်လွင်ပြင်၊ နေကြာတွေလှိုင်လှိုင်ပွင့်ချိန်မှာတော့ နေရောင်ဝါ၀ါအောက်ကပန်းဝါ၀ါ
ရှုမျှော်ခင်းတွေနဲ့မို့ တစ်နှစ်ပတ်လုံးမရိုးတဲ့မြင်ကွင်းတွေနဲ့ပေါ့။
    ဆောင်းရာသီလမ်းလျှောက်သူတွေက အဲဒီတာလမ်းဖက်လျှောက်တတ်ကြတယ်။ ကျမတို့ဆယ်ကျော်သက်အရွယ်ရောက်လာတော့ ရွာမှာစက်ဘီးတွေခေတ်စားလာပြီး ညနေစောင်းရင် တာလမ်းမပေါ်စက်ဘီးစီးထွက်ကြတယ်။ အမေနဲ့အဘွားကမနက် ဖက်လမ်းလျှောက်တာကိုသိပ်မတားပေမယ့် ညနေဖက် တိုင်းတော့စက်ဘီးစီးခွင့် မပေးပါဘူး။ ချော့တခါခြောက်တလှည့်တားတတ်တယ်။ အမေကစကားနည်းသူမို့ မသွားရဘူးဆိုတာရဲ့နောက်မှာအကြောင်း ပြချက်ပါမလာတတ်ပေမယ့် စကားကို ဖွယ်ဖွယ်ရာရာပြောတတ် တဲ့အဘွားရဲ့တားမြစ်ချက်တွေထဲမှာတော့ မြေးမိန်းကလေး အတွက် ဆုံးမစကားတွေ၊ သမိုင်းကြောင်းတွေ၊ပါးစပ်ရာဇ၀င်တွေပါလာတတ်ပါတယ်။
             “ အဲဒီတာလမ်းမတဖက်တချက်က ပြည်တွင်းစစ်ကာလမှာ လူသတ်ကွင်း
ဖြစ်ခဲ့တာပေါ့။ အဓိကဗမာတွေနဲ့ ကရင်တွေတဖက်နဲ့တဖက်အကြီးအကျယ်သတ်ခဲ့ ကြတဲ့နေရာ။ ညည်းတို့အမေတွေအပျိုဖော်ဝင်သည်အထိ ညနေဖက်တာလမ်းဘေး သွားရင် အော်ဟစ်ငိုညည်းသံတွေကြားတုန်း။ အဲဒီနေရာတွေက 
နေ၀င်ရီတရော သွားလို့ကောင်းတာမဟုတ်ဘူးသမီးရဲ့
           အဘွားကသမိုင်းနဲ့ချီပြီးတားတော့လည်း ကျမတို့မှာကြက်သီးထရင်း၊ပခုံးကြုံ့
ကွေးရင်းနာခံရ တာ ပါ ပဲ။ အဘွားရဲ့ဇာတ်လမ်းထဲကတာလမ်းမနဲ့ ကျမတို့အိမ်က တခေါ်လောက်ပဲဝေးတာမို့ညဖက်တွေမှာ အဘွားစကားနဲ့တစ်ယောက်ထဲ အိမ်
အောက်မဆင်းရဲဖြစ်ခဲ့ရပါတယ်။ မိဘဆွေမျိုးတွေနဲ့ နေခင်းနေ့လည်တာလမ်းမကြီး
ကိုဖြတ်ရချိန်တွေမှာတော့ ကြောက်ရွံ့မှုကိုအခြေခံတဲ့စိတ်ဝင်စားမှုနဲ့ လမ်းဘေးဝဲယာ ကိုကြည့်မိတတ်တယ်။ စိတ်ခြောက်ခြားနေချိန်မှာတော့ ကိုင်းပင်တွေလေတိုးသံက လည်းမကောင်းဆိုးဝါးတွေ ညည်းနေသလိုလို။ ခပ်လှမ်းလှမ်းစပါးခင်းထဲကစာခြောက် သံကလည်း တစုံတယောက်ကကိုယ့်နံမည်ခေါ်လိုက်သလိုလိုပေါ့။ ကျမရဲ့မှတ်ဥာဏ် ထဲမှာပြည်တွင်းစစ်ဆိုတဲ့ စကားကိုအကြောက်တရားနဲ့စတင်မှတ်သားမိချိန်ပါပဲ။
                     ကျမတို့ရဲ့ဘိုးဘွားမိဘတွေကသမိုင်းရဲ့အနိဌာရုံတွေကိုခြောက်လှန့်လုံးတွေနဲ
ဥပက္ခာပြုစေခဲ့ပါတယ်။ မင်္ဂလာမရှိတာတွေကိုမတွေးစေချင်တဲ့စိတ်စေတနာနဲ့မေ့ခိုင်း၊
ကြောက်ခိုင်းတာမှန်ပေမယ့် သမိုင်းအချက်အလက်တွေဆုံးရှုံးရပြီးလူငယ်အများစုဟာ သမိုင်းကိုမျက်ခြေပြတ်သွားတဲ့ ရလာဘ်ကိုလည်းရစေခဲ့ပါတယ်။
             
    အမေရိကန်ပြည်တွင်းစစ်အတွင်းက ထင်ရှားတဲ့တိုက်ပွဲတခုဖြစ်ပွားခဲ့ရာ Gettysburg ကို Writers-in-Motion အဖွဲ့နဲ့အတူ Sturdy Tour အနေနဲ့ရောက်ခဲ့ ချိန်မှာတော့ ကျမကြီးပြင်းခဲ့တဲ့ဇာတိမြေက တိုက် ပွဲနယ်မြေနဲ့ အစစကွာခြားတဲ့အခြား
သောတိုက်ပွဲနယ်မြေတခုကိုတွေ့ရပါတော့တယ်။ ကျမကြီးပြင်းခဲ့တဲ့တိုက်ပွဲနယ်မြေ မှာ စပါးနဲ့သီးနှံစိုက်ခင်းတွေရယ်၊ ထိတ်လန့်စရာပါးစပ်ရာဇ၀င်တွေရယ်ကလွဲရင် အထင်ကရ အမှတ်အသားဘာတခုမှမရှိပါဘူး။ အဲဒီနေရာဟာတိုက်ပွဲနယ်မြေဖြစ်ခဲ့ တယ် ဆိုတဲ့အထောက်အထားအဖြစ် ကျမကလေးသာသာဘ၀မှာကောက်ရခဲ့တဲ့ ကျည်ဆန်ခွံလေးတခုရယ် ကျမတို့အဘိုးရှိစဉ်ကသိမ်းဆည်း သွားခဲ့တဲ့ စစ်ခမောက်နဲ့ စစ်သားသုံးဟန်းကောချိုင့်တလုံးရယ်ပဲရှိပါတယ်။ ကျမရဲ့လယ်သမားအမျိုးတွေက
တော့လယ်ကွင်းထဲကနေ ဒါးနဲ့တူပေမယ့် ဒါးမဟုတ်တဲ့ပစ္စည်း မျိုးတွေကိုလယ်ထွန် ရင်းတွေ့တတ်ပါ တယ်။ အဲဒါရှေးကသုံးတဲ့ဒါးလားလို့ ကျမကစပ်စုကြည့်တော့ အဲဒါ
သေနတ်ရှေ့မှာသုံးတဲ့ဘက်နက်တဲ့။ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေမှာ စစ်သားတွေဟာ အဲဒီအရာကို သုံးပြီးတိုက်ခိုက်ခဲ့ကြသတဲ့လေ။
              
             ဟောဒီ Gettysburg မှာတော့ဖြင့် စစ်မြေပြင်ဖြစ်ခဲ့တဲ့အထောက်အထား၊ အထိမ်းအမှတ်တွေက လက်ညှိုးထိုးမလွဲအောင်ပါပဲ။ဇာတိသွေးဇာတိမာန်တက်ကြွစေ
တဲ့ စစ်သားရုပ်ထုတွေက လက်ရာမြောက်လှချည့်။ နေ့ရက်အတိအကျ၊ ဦးစီးသူဗိုလ် ချုပ်တွေရဲ့နံမည်အတိအကျနဲ့ အထိမ်းအမှတ်မော်ကွန်းကျောက် စာတွေကလည်း မှတ်လို့မနိုင်တော့လောက်အောင်ပါပဲ။ သွားကြည့်မှတ်သားစရာနေရာတွေများလွန်း ပြီး ကြည့်ချင်စဖွယ်ဖြစ်အောင်လည်းပြင်ဆင်ထားပါတယ်။ အချက်အလက်အထောက် အထားတွေခိုင်လုံပြည့်စုံ တာဟာအတုယူစရာပါပဲ။ အကယ်၍များပြည်တွင်းစစ်ဆို တာသာမရှိခဲ့ရင်၊ ပြည်တွင်းစစ်ရှိခဲ့ရင်တောင်မှ ဂက်တီစဘတ်တိုက်ပွဲဆိုတာသာမရှိခဲ့ ရင် ဂက်တီစဘတ်ရဲ့လက်ရှိစီးပွား ရေးဟာဘယ်လိုများရှိလေမလဲ စဉ်းစားကြည့်ချင် စရာပါ။ လက်ရှိကာလမှာ Gettyburg Battlefield ကိုကြည့်ဖို့ နိုင်ငံတွင်းလူထုရော ကမ္ဘာ လှည့်နိုင်ငံခြားသားပါနှစ်စဉ်သန်းနဲ့ချီပြီးရှိတယ်လို့ဆိုသကိုး။ အမေရိကန်တွေ ဟာ အဆိုးထဲကအမြတ်ထုတ် တတ်ကြတယ်လို့ချီးမွန်းရမှာလားမသိတော့ပါဘူး။ 
 ခုတော့ မြို့ရဲ့အဓါကစီးပွားရေးခရီးသွားနယ်မြေ              

          
ဂက်တီစ်ဘာ့ဂ်ကောလိပ်ရဲ့ Civil War Study ပါမောက္ခလည်းဖြစ် Civil war Institute ရဲ့ ဒါရိုက် တာလည်းဖြစ်တဲ့ ပီတာ ( Peter Carmichael) က ကျမတို့ကို Battlefield ကိုလိုက်ပို့ပါတယ်။ ပီတာဟာ ၁၈၆၃ ခုနှစ် ဇူလိုင် ၁ရက်နေ့ကနေ ၃ ရက်နေ့ထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ သူကိုယ်တိုင်ပါဝင်ခဲ့သလို စိတ် လှုပ်ရှားမှုအပြည့်၊ အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ မျက်စိထဲပေါ်လာအောင်ပြောနိုင်ပါတယ်။
              သူကျမတို့ကိုနောက်ဆုံးခေါ်သွားတဲ့နေရာကတော့ ကျမအတွက်အခံစားရ ဆုံးနေရာပါ။ ကားလမ်း အကွေ့လေးတခုရဲ့တဖက်ခြမ်းမှာသစ်တောအုပ်ကလေးရှိပြီး တဖက်ခြမ်းကတော့ကျောက်တုံးခပ်ကြီးကြီးတွေလွှမ်းတဲ့လွင်ပြင်ကျယ်။
               “ ဟောဒီနေရာကလေးဟာ ဂက်တီစဘတ်တိုက်ပွဲကာလတစ်လျောက် မှာ ကျနော့်ကိုအဆွဲဆောင်နိုင်ဆုံးနေရာလေးပါပဲ။ နှစ်ဖက်စစ်သားတွေဟာနေ့လည် ဖက်မှာ တဖက်နဲ့တဖက်သူသေကိုယ်သေတိုက် ကြတယ်။ ညရောက်လာရင်တော့ သူတို့ရဲ့သေနတ်တွေကိုချပြီးဟောဒီနေရာကလေးမှာ အတူတူအရက် လာသောက် ကြတယ်။ သူတို့အတူတူအရက်သောက်ကြချိန်မှာ နေ့လည်ကတိုက်ပွဲကိုမေ့ထား ကြတယ်။ သူတို့သီချင်းအတူဆိုကြတယ်။ သူတို့မိသားစုတွေအကြောင်းပြောကြ တယ်။ သူတို့ရဲ့လူ သားဆိုတဲ့ဖြစ်တည် မှုကို ဒီနေရာလေးမှာလာရှာဖွေကြတယ်
              
            Battlefield ခရီးစဉ်တလျှောက်လုံးမှာ မေးခွန်းတွေနဲ့ဆူဆူညံညံရှိခဲ့ကြတဲ့ ကျမတို့အားလုံး အဲဒီနေရာကလေးရောက်ချိန်မှာတော့ အတွေးကိုယ်စီနဲ့တိတ်ဆိတ်
ငေးငိုင်သွားကြပါတယ်။ တခြားသောစာရေးဆရာတွေက ဘယ်လိုဆက်စပ်အတွေးနဲ့ ငေးငိုင်သွားကြသလဲ ကျမမသိနိုင်ပေမယ့် အဲဒီနေရာလေးနဲ့ပတ်သက်တဲ့ ကျမရဲ့ ဆက်စပ်တွေးကတော့ကျမရဲ့ဖြစ်တည်မှုနဲ့သက်ဆိုင်နေပါတယ်။
            
              ၁၉၄၈ ခုနှစ်ဇန်န၀ါရီလမှာ ကျမတို့မြန်မာပြည်လွတ်လပ်ရေးရခဲ့တယ်။ ၁၉၄၈ မတ်လမှာမြန်မာပြည်ကွန်မြူနစ်ပါတီတောခိုသွားပြီးပြည်တွင်းစစ်စတင်ခဲ့ပါ တယ်။ ကျမရဲ့ဇာတိမြစ်ဝကျွန်းပေါ်မှာတော့ Karen National Defense Organization (KNDO) နဲ့ BCP မြန်မာနိုင်ငံကွန်မြူနစ်ပါတီတို့ဟာ မဟာမိတ်တပ်
တွေအဖြစ် အစိုးရတပ်တွေကိုခုခံတိုက်ခိုက်ကြတယ်။ ကရင်လူမျိုးအတော်များများ အခြေချနေထိုင်တဲ့မြစ်ဝကျွန်းပေါ်ကဒေသခံမြန်မာလူမျိုးနဲ့ကရင်လူမျိုးတွေဟာ ပြည် တွင်းစစ်တိုက်ပွဲတွေကို ကရင်ဗမာတိုက်ပွဲလို့ပဲယေဘူယျသုံးနှုန်းကြပါတယ်။ဗမာတွေ က ကရင်တွေကိုမုန်းသလိုကရင်တွေကလည်းဗမာဆိုနံမည်တောင်မကြားချင်ဖြစ်ခဲ့
ကြတာပါ။ ဗမာတွေက ကရင်ရွာတွေကိုမီးရှို့ ကရင်တွေကဗမာတွေကိုပြန်သတ်နဲ့ လူမျိုးရေးအစွဲအလန်းတွေကို ပြည်တွင်းစစ်ကအရှိန်မြင့်ပေးခဲ့ပါတယ်။ တကယ်တော့ ဗမာဆိုတာ ဗမာလူမျိုးအများစုပါဝင်တဲ့မြန်မာအစိုးရ၊ မြန်မာစစ်တပ်ပါ။ ဒါပေမယ့် ရိုးသားပြီးပညာသင်ဖို့အခွင့်အလမ်း နည်းရှာတဲ့ ဒေသခံမြန်မာနဲ့ကရင်တိုင်းရင်းသား
တွေဟာ ဗမာနဲ့ကရင်တိုက်ကြတယ်၊ သတ်ကြတယ်လို့ပဲ မှတ်ထားကြတာပါ။
              အဲဒီလို ဦးတဲ့သူကများနိုင်သမျှလူများများကိုသတ်ခဲ့တဲ့ ပြည်တွင်းစစ် ကာလအတွင်းမှာ မြစ်ဝကျွန်းပေါ်မြို့တမြို့ရဲ့ မြို့မျက်နှာဖုံးဗမာမိသားစုတစုက ပြည်
တွင်းစစ်အတွင်းဖြစ်တတ်တဲ့အန္တရာယ်ပေါင်းစုံကိုကာကွယ်ဖို့ ကိုယ်ပိုင်စစ်တပ်တခုဖွဲ့ ခဲ့ကြတယ်။ တကယ်တော့နယ်မြို့ကလေးတွေရဲ့ထုံးစံအတိုင်း တရွာလုံးတမြို့လုံးက စပ်လိုက်ရင်ဟိုဖက်သည်ဖက်လှည့်တော်နေတဲ့အမျိုးတွေချည်းမို့ အမျိုး တွေစုပြီး စစ်တပ်ပုံစံ တည်ထောင်လိုက်တာမျိုးထင်ပါရဲ့လို့ကျမတွေးမိတယ်။ နောက်တော့ အဲဒီကိုယ် ပိုင်စစ်တပ်လေးကအင်အားကြီးလာပြီး အဲဒီကာလအစိုးရရဲ့ငှားရမ်းခြင်းကို ခံရတယ်။ နယ်မြေတွင်း ဆူပူလှုပ်ရှားနေတဲ့သူပုန်တွေ ကိုနှိမ်နင်းဖို့ဆိုတဲ့အကြောင်းပြ ချက်နဲ့ပေါ့။ အစိုးရကသူပုန်လို့သုံးနှုံးပေ မယ့်ဒေသခံတွေကတော့ ကရင်တွေလို့ပဲနား လည်ကြပါတယ်။  ပြည်တွင်းစစ်စ,ဖြစ်ပြီး  အနှစ်၂၀ လောက်အကြာမှာ အဲဒီလိုကိုယ် ပိုင်စစ်တပ်ဖွဲ့ ပြီး အစိုးရအတွက်ကရင်တွေကိုတိုက်ပေးတဲ့မိသားစုရဲ့မျိုးဆက် ဗမာ
ကောင်လေးတယောက်ဟာ တိုက်ပွဲတွေပြင်းထန်ပြီးအရိုးတောင်လိုပုံခဲ့တဲ့နယ်မြေမှာ
မွေးဖွားကြီးပြင်းခဲ့တဲ့ ကရင်မလေးတယောက်နဲ့ချစ်ခင်စုံမက်မိကြတယ်။ သူတို့တတွေ
ပေါင်းဖက်ပြီး စာပေကို စိတ်ဝင်စားတဲ့သမီးဦးလေးကို ၁၉၆၉ ခုနှစ်မှာမွေးခဲ့တယ်။ အဲဒီသမီးဦးလေးဟာကျမပေါ့။
                 အဲဒီအဖြစ်အပျက်ကလေးဟာ ပြည်တွင်းစစ်ရာသီဆိုးရှည်ကြီးထဲကရှားရှားပါးပါး
လေပြည်ညင်းကလေးလို့တင်စားရင်ကျမကိုစိတ်ကူးယဉ်လှချည့်လို့အပစ်တင်ကြလေ
မလား။ ကျမသက်တမ်း တလျောက်မှာကျမမိဘတွေဟာ ကရင်နဲ့ဗမာအချင်းချင်း သတ်ခဲ့ကြတဲ့ ပြည်တွင်းစစ်အကြောင်းကို အမုန်းနဲ့ အညှိုး အတေးနဲ့ပြောတာတခါမှ မကြားဖူးခဲ့ပါဘူး။ အဲဒီလိုပဲပြည်တွင်းစစ်ရဲ့ဆိုးကျိုးနဲ့ နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းအသိပေးပြီး နောက်ထပ်ကြုံလာနိုင်တဲ့ပြည်တွင်းစစ်ကိုကာကွယ်
ဖို့ဆွေးနွေးတာလည်း တခါမှမကြားဖူးပါဘူး။ ဒါကြောင့်ပဲမြန်မာပြည်တွင်းကပြည်တွင်း စစ်ရဲ့ အကြွင်းအကျန်စစ်မီးတွေကို ဒီနေ့ထိမငြိမ်းနိုင်ဖြစ်ခဲ့ရတာများလား။
              
             ကျမတို့တတွေကမှတ်တမ်းမှတ်ရာမထားတတ်ကြဘူး။ မေ့လွယ်ပျောက် လွယ်နေတတ်ကြတယ်။ သမိုင်းဗဟုသုတကိုမဝေမျှကြဘူး။ ရလာဘ်ဆိုးထဲကသင် ခန်းစာမယူတတ်ကြဘူး။ အပြစ်တင်စရာတွေ ချည်းပေမယ့် ကြံဖန်ကောင်းကွက်ရှာပြီး အမြတ်မထုတ်တတ်ကြဘူးလို့ ချီးမွန်းခြေကျောက်ပြောရမလား၊စီးပွားရေးအမြင်မရှိ ဘူးလို့ ခပ်နှိမ်နှိမ်လေးနှက်ရမလား ကျမတကယ်မဝေခွဲတတ်တော့ပါဘူး။

( ၂၀၁၁ နိုဝင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းမှာပုံနှိပ်ဖော်ပြခဲ့တဲ့ဆောင်းပါးပါ။ ဆောင်းပါး ကရှည်တာကြောင့်မဂ္ဂဇင်းမှာ နှစ်လခွဲဖော်ပြမှာဖြစ်ပါတယ်။ )
Labels: | edit post
Reactions: 
0 Responses