1. 2.


ဒီနှစ် ကျမခြံထဲမှာပန်းအ၀ါတွေပဲပွင့်ပါတယ်။ အရင်နှစ်တွေက၀ယ်စိုက်ထားတာ ပန်းရောင်စုံတွေပေမယ့် ဆောင်းရာသီနှင်းတွေဖုံးပြီးနွေဦးမှာပြန်ရုန်းထပွင့်ကြတော့ အ၀ါရောင်ပန်းပင်တွေကပဲပွင့်တယ်လေ။ ဒီနှစ် ထပ်ဝယ်ပြီးစိုက်ဖြစ်သမျှပန်းပင် အသစ်တွေကလည်း အ၀ါရောင်တွေချည်းပဲ။ ကိုယ့်ဘာသာဝယ်မိတုန်းကလည်း သတိမထားမိပါဘူး။ အိုးနဲ့ဝယ်လာတဲ့ပန်းပင်ကိုမြေပေါ်ချစိုက်တော့လည်းသတိ မထားမိသေးဘူး။ မိုးရွာတဲ့နေ့တွေဆိုရင်လည်း ခြံထဲမဆင်းဖြစ်တော့သတိမထား မိပြန်ဘူး။ နေပူတဲ့နေ့တွေကျမှ စိုက်ထားတဲ့ စားပင်၊ ပန်းပင်လေးတွေရေလောင်းဖို့ ခြံထဲဆင်းပြီဆိုရင်တော့သတိထားမိပါပြီ။အပင်တွေရေ၀၀ရအောင် ရေမွှားသေးသေး
လေးတွေကျတဲ့ပိုက်နဲ့စိမ်ပြေနပြေလောင်းတော့ ရေလောင်းသမျှပန်းပင်တိုင်းမှာ ပန်းအ၀ါ ရောင်တွေပွင့်နေတာသတိထားမိပါတယ်။
ပန်းပန်ရတာမကြိုက်တတ်ပေမယ့် အပင်မှာပွင့်နေတဲ့ပန်းတွေကိုကြည့်ရတာပျော်တဲ့ ကျမ နွေရောက် တိုင်းပန်းပင်ဝယ်စိုက်ရတဲ့စရိတ်ကမသေးပါဘူး။ အမေရိကားကပန်း
တွေကလည်း တစ်နှစ်မှာနှစ် ပါတ်ကနေတစ်လနှစ်လလောက်ပျော်ပျော်လှလှကြီး ပွင့်ပြီးရင်ပြီးပြီ။ တစ်နှစ်မှာ ၆ လလောက်နေရောင်လေးနဲ့နွေးနွေးထွေးထွေး နေရတုန်း ကိုယ့်ခြံထဲမှာလည်း ပန်းတွေတချိန်လုံးဝေနေစေချင်တော့ ဒီအပင် ကပန်းထပ်မပွင့်
တော့ရင် ပွင့်နေတဲ့နောက်ပန်းမျိုးတွေဝယ်စိုက်နဲ့ ပိုက်ဆံသိပ်ကုန်ပါတယ်။ ဒီမှာ၂နှစ် 
လောက်နေသားကျသွားတော့မှ နည်းနည်းလည်လာပြီး အပူချိန် အနှုတ်၁၀ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်တဲ့ပန်းတွေကိုပဲရွေးဝယ်စိုက်ဖြစ်တော့တယ်။ အဲဒီလိုပန်းမျိုးက
ဆောင်းရာသီတခုလုံးဒူးအမြင့်လောက်ရှိတဲ့နှင်းအောက်မှာနေရပေမယ့် နောက်တစ်
နှစ်နွေရောက်တာနဲ့ မြေကြီးထဲကကြုံးရုန်းထပြီး ပျော်ပျော်လှလှကြီးပွင့်ကြတော့တာ ကိုး။ ကျမခြံထဲမှာ နှစ်တိုင်းပြန်ပွင့်တတ်တဲ့အပင် ၄-၅ မျိုးစိုက်ထားပါတယ်။ လီလီ၊ အဇေးလီယား၊ နှင်းဆီ၊ သစ္စာပန်းရုံကနှစ်ရုံ၊ Forsythia လို့ခေါ်တဲ့ရွှေခေါင်းလောင်း ပန်း။ ဒစ်ဖိုတေးလ်ပန်းပင်တွေပါပါတယ်။ အဇေးလီယားက ပန်းရောင်ရင့်ရင့်ပါ။ ဒါပေ မယ့်သူကနွေဦးမှာစောစောစီးစီးပွင့်ပြီးသွားပါပြီ။ ဒစ်ဖိုတေးလ်နဲ့ရွှေခေါင်းလောင်းပန်း ကလည်းနွေဦးမှာဝေနေအောင်ပွင့်ပြီးသွားပါပြီ။ နှစ်မျိုးစလုံးကအ၀ါ ရောင်လွင်လွင်တွေ
ဖြစ်ပြီးတပြိုင်ထဲပွင့်ကြတာမို့ နွေဦးမှာလည်းကျမခြံကလေးကအ၀ါရောင်လွှမ်းနေခဲ့ပါ တယ်။ 

ဇွန်နှောင်းပိုင်းကနေစပြီ။ နွေရာသီပန်းတွေပွင့်ပါတော့တယ်။ နွေဦးပန်းတွေလည်းပွင့်ပြီး 
သွားပြီမို့ ခြံထဲမှာ နွေရာသီအတွင်းပန်းတွေပွင့်နေအောင်ပန်းပင်အသစ်တွေဝယ်ထည့် ရပြန်ပါပြီ။ ဆောင်းရာသီဆို အုံ့ပျပျရာသီဥတုနဲ့အနှုတ်အောက်ရောက်နေတဲ့အအေး ထဲ မှာ ကျမကစိတ်မပျော်ဖြစ်လေ့ရှိပြီး နေရောင်ဝါ၀ါကိုတောင့်တနေတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးနေရောင်ဝါ၀ါမြင်လိုက်ရရင် ရင်ထဲမှာနွေးပြီး အ၀ါရောင်တောက်တဲ့ မိခင်မြေကိုလွမ်းရတာကြောင့်ကျမအ၀ါရောင်ကိုစွဲလန်းနေတယ်ထင်ပါရဲ့။ နွေရာသီ အတွက်ပန်းတွေဝယ်တော့လည်း အ၀ါရောင်တောက်လွန်းပြီးလိမ္မော်ရောင်ဖက်ကဲနေ တဲ့လီလီပန်းနှစ်ရုံ၊ ကြယ်ပုံစံလေးတွေပွင့်တဲ့အ၀ါရောင် ပန်းခြုံပုတ်ကနှစ်ခု၊ အ၀ါရောင် လွင်လွင်အထပ်များများစိန်ချယ်ပန်းရုံကတရုံနဲ့ ကျမနံမည်မမှတ်မိတော့တဲ့ပုဏ္ဍရိတ် လိုပန်းမျိုးအ၀ါရောင်သေးသေးလေးတွေအဆုတ်လိုက်ပွင့်တဲ့ပန်းတအိုးဝယ်ခဲ့မိတယ်။  
      
          ဇူလိုင်ထဲရောက်လာတော့မနှစ်ကစိုက်ထားတဲ့ဥကနေပြန်ပေါက်တဲ့သစ္စာပန်းတွေ ပွင့်လာပါပြီ။ ကျမစိုက်တုန်းက အနီ၊အ၀ါ၊ ပန်းရောင်၊ လိမ္မော်ရောင်အစုံပေမယ့် ဒီနှစ်မှာအ၀ါရောင်ပန်းပွင့်တဲ့အပင်တွေ ကပဲပွင့်ပြီး တခြားအရောင် သစ္စာပန်းရုံတွေ ကမပွင့်ပါဘူး။ နှင်းဆီကိုလဲ အ၀ါ ၃ပင် အနီ၃ပင်စိုက်ထားပေမယ့်ဒီနှစ်မှာ နှင်းဆီဝါ 
တွေကပဲအပွင့်ပွင့်ပါတယ်။ အနီရောင်တစ်ပင်ကတော့ အပွင့် ၈ ပွင့်လောက် ပါတဲ့ အခိုင်ကြီးတခိုင်ပွင့်ပြီးဆက်မပွင့်တော့ပါဘူး။ ဒီကြားထဲ ကျမနဲ့တမြို့ထဲနေတဲ့သူငယ် ချင်းသီရိက ပန်းမျိုးစုံရောင်စုံရောစိုက်ထားတဲ့ ပန်းအိုးကြီးတစ်အိုးနဲ့ဒေစီပန်းနှစ်အိုး လက်ဆောင်ပေးတယ်။ သူပေးတဲ့အချိန်မှာဒေစီတွေက ပထမတစ်သုတ်ပွင့်ပြီးသွား ပြီ မို့အပွင့်မပါဘူး။ကျမဆီရောက်တော့ နေ့စဉ်ရေမှန်မှန်လောင်းပေးရင်း အပင်ခြေက
နေအဖူးငုတ်တိုလေးတွေထွက်လာတော့ အ၀ါရောင်မဟုတ်ပါစေနဲ့လို့ဆုတောင်းမိ 
သေး။ ဒါပေမယ့်ပွင့်လာတော့အ၀ါရောင်ပါပဲ။ ကျမအတွက်တော့ဒီနှစ်နွေဟာ အ၀ါ ရောင်နွေဖြစ်ခဲ့ပါပြီ။ 

* * * * 

ကျမရောက်စနှစ်တုန်းက မတ်လကြီးမို့နှင်းတွေပျော်ချိန်ပေါ့။ ဧပြီမှာနေရောင်လေးဝင်း လာတော့မြေကြီးထဲကအပင်မျိုးစုံရုန်းထလာကြပါတယ်။ မြန်မာပြည်သူကျမကအမေ ရိကားကကျမခြံကလေးထဲမှာ ပေါက်လာတဲ့အပင်တွေကိုဘာပင်မှန်းမသိဘူးလေ။ စိုက်တာပျိုးတာလည်းဝါသနာပါတော့ စိုက်လို့ရတာလေး စိုက်ဖို့ခြံရှင်းတဲ့အခါ တွေ့ သမျှအပင်တွေအကုန်နှုတ်ပစ်လိုက်ပါတယ်။ ပြီးတော့မှ ကျမစိုက်ချင်တဲ့ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ မိုးမျှော်ငရုတ်၊ ခရမ်းချဉ်တို့ကိုပြန်စိုက်တာပေါ့။ နွေဦးလွန်တော့ ကပ် လျှက်ခြံမှာခရမ်းရောင်လွင်လွင်ပန်းတွေ ဝေနေအောင်ပွင့်နေတာတွေ့တယ်။ သိပ်လှ တာပါပဲ။ ဒါနဲ့ခြံစည်းရိုးနားကပ်ပြီးစပ်စုကြည့်တော့ နွေဦးတုန်းကကျမနှုတ်ပစ်လိုက်တဲ့ အပင်တွေကပွင့်နေတာကိုး။ ဒါနဲ့ဒုတိယနွေမှာတော့ နှင်းတွေပျော်သွားတဲ့အခါ ပြန် ပါက်လာသမျှထဲက မြက်ရိုင်းလိုအပင်မျိုးကိုနှုတ်ပစ်ပေမယ့် ကျန်တာတွေချန်ထား လိုက်ပါတယ်။ တော်ကြာကိုယ်နှုတ်ပစ်လိုက်တဲ့အပင်တွေက အလွန်လှတဲ့ပန်းတွေ ပွင့်လာမှာစိုးမိတာကိုး။  
        ဒုတိယနွေမှာကျမမနှုတ်ပဲချန်ထားပြီး ရေမှန်မှန်လောင်းစောင့်ကြည့်နေခဲ့တဲ့ အပင်တွေထဲက တော်တော်များများကပန်းမပွင့်လာပါဘူး။ သူတို့ဟာပေါင်းပင်တွေ ပါပဲ။ ပွင့်လာတဲ့အထဲမှာတမျိုးက မြန်မာပြည်မှာခိုင်ရွှေဝါလို့ခေါ်တဲ့အ၀ါရောင်ပန်းတွေ အခိုင်လိုက်ပွင့်ပါတယ်။ နောက်တမျိုးကတော့ အဲဒီပန်းနဲ့ခပ်ဆင်ဆင်တူပေမယ့် မလှ မပအမှိုက်သာသာပန်းတွေပဲ ပွင့်လာပါတယ်။ နောက်ထပ်တမျိုးကတော့မေမြို့ပန်း လိုပေမယ့်ပွင့်ချပ်တထပ်ထဲပါတဲ့အဖြူရောင်ပန်းတွေပွင့်ပါတယ်။ ဒုတိယနွေကတော့ ကျမကို ကိုယ်ပျိုးထောင်မိတဲ့အပင်တပင်ဟာ လှတဲ့ပန်းပွင့်လာမလား၊ အသုံးမတည့် တဲ့ပေါင်းပင်တွေဖြစ်လာမလား သေချာအောင် အချိန်ပေးစောင့်ကြည့်ရတယ်ဆိုတဲ့ အသိကိုပေးခဲ့ပြန်ပါတယ်။ 

       ဒီနှစ်ကတော့ ကျမအတွက်တတိယနွေပါ။ အ၀ါရောင်ပန်းတွေချည်းပွင့်နေတဲ့ ကျမခြံကလေးထဲက သီးပင်စားပင်ပန်းပင်တွေကိုရေလောင်းပြီးရင် ရပ်ကွက်ထဲက စိုက်ချင်ပျိုးချင်ပေမယ့် မြေပိုမရှိတဲ့ သူတွေအတွက် စီစဉ်ပေးထားတဲ့ကွန်မြူနတီပန်း ခြံကလေးထဲလမ်းလျှောက်ရင်းကြည့်ဖြစ်ပါတယ်။ ရပ်ကွက်ထဲကအကြိုက်ပေါင်းစုံနဲ့ လူပေါင်းစုံစိုက်ထားတဲ့ဥယျာဉ်မို့ စားပင်ကလည်းအစုံ၊ ပန်းပင်ကလည်းအစုံပေါ့။ အရောင်စုံ၊ အရွယ်အစားစုံ၊ အမျိုးအမည်စုံပန်းတွေကိုကြည့်ပြီးကျမကြည်နူးရပါတယ်။ တရပ်တရွာမှာနေထိုင်နေရတဲ့ကျမအတွက် ပျော်စရာအကောင်းဆုံးအချိန်တွေထဲက တချိန်ပါပဲ။ ဒီဥယျာဉ်ထဲမှာစိုက်တဲ့သူတွေကတော့ သူတို့အတွေ့အကြုံ အရနောက် တနှစ်နွေဦးမှာပြန်ပေါက်လာမယ့်အပင်ထဲကဘယ်အပင်ကိုချန်ထားရမလဲ၊ဘယ်အပင် ကိုရှင်းပစ်ရမလဲသိနေပြီမို့ သူတို့ ဥယျာဉ်ကအချိုးကျလှပနေသလိုပေါင်းပင်တွေကို ဘာမှန်းမသိရေလောင်းပေးနေရတာ မျိုးနဲ့လည်း အချိန်မကုန်တော့ဘူးပေါ့။ အဲဒီလို အချိန်တွေ၊ငွေတွေ၊လုပ်အားတွေအလဟသမဖြစ်အောင် သူတို့ လည်းအချိန်တွေနဲ့ ရင်းပြီးစောင့်ကြည့်ခဲ့ရမှာပဲ။ 

        မကြာခင်ဆောင်းဦးရောက်ပါတော့မယ်။ ကျမရဲ့စတုတ္တမြောက်နွေကိုကြိုဆိုရ ပါတော့မယ်။ အဲဒီနွေမှာ ပန်းလှလှပွင့်တဲ့အပင်တွေကိုနှုတ်ပစ်မိရင်ကျမကမိုက်မဲသူ 
ဖြစ်ပြီလေ။ ပေါင်းပင်တွေကိုရေလောင်းပေးနေမိပြန် လို့လူတွေကနှာခေါင်းရှုံ့ကြရင် လည်း ကျမ စိတ်မဆိုးသင့်တော့ဘူးပေါ့။ ရေကုန်တာ၊လုပ်အားတွေဆုံးရှုံးတာကို 
နှမျောနေမိပြန်ရင်လည်း ဆုံးရှုံးတာကတခါ၊နောင်တရတာကတခါနှစ်ခါနာဖြစ်တာပဲ အဖတ်တင်မယ်။ ပန်းလှလှပွင့်မယ့်အပင်ကိုနှုတ်မပစ်မိအောင်ရော၊ အသုံးမတည့်တဲ့ အပင်တွေကိုရေလောင်းပေါင်းသင်မိတာမျိုးမဖြစ်ဖို့ရော သေချာသိနားလည်ဖို့နှစ်နဲ့ချီ 
စောင့်ရပါတယ်။ ဒါပေမယ့် လေးနှစ်စောင့်ကြည့်လို့မှကျမဥယျာဉ်မှာပန်းလှလှတွေ မပွင့်လာဘူးဆိုရင်တော့ အဲဒါဟာကျမအမှားပဲဖြစ်တော့မှာပေါ့။ အဲဒီအမှားရဲ့ဒါဏ်ကို လည်းကျမပဲခံရမှာ ပေါ့။ 

      ၂၀၁၁ ရဲ့သြဂုတ်လထဲကိုဝင်လာပါပြီ။ ၂ နှစ်စောင့်ကြည့်ခဲ့တဲ့အတွေ့အကြုံအရ ပန်းလှလှပွင့်မယ်ဆိုတာသိတာကြောင့် နှုတ်မပစ်ပဲရေလောင်းပေါင်းသင်ခဲ့တဲ့ပန်းတွေ ဖူးလာပါပြီ။ ကျမရေလောင်း ပေါင်းသင်ခဲ့တဲ့ ပန်းတွေက အစွမ်းကုန်လှလှကြီးပွင့် 
တော့မှာမို့ ကျမပီတိဖြစ်ရပါတယ်။ ဒါပေမယ့် အဲဒီအပင်တွေကလည်းအ၀ါရောင်ပန်း
တွေပဲပွင့်လာမယ့်အပင်ဖြစ်ပါတယ်။ ကျမခြံကလေးဟာဆောင်းဦး အထိအ၀ါရောင် လွှမ်းဦးနေဦးမယ်ဆိုတဲ့သဘောပေါ့။ ဘယ်မှာဖတ်မိမှန်း၊ ကြားမိမှန်းမသိတဲ့ “အ၀ါ
ရောင်ဆိုတာ ပျော်ရွှင်မှုရဲ့အရောင်” ဆိုတဲ့သတ်မှတ်ချက်စကားလေးကို ကျမရဲ့ တတိယနွေမှာ မကြာခဏသတိရနေမိပါတယ်။ တနွေလုံးအ၀ါရောင်ပန်းတွေလွှမ်းနေ တဲ့ကျမခြံကလေးကိုကြည့်ပြီး ကျမပျော်ရွှင်နေချင်မိတာလား၊ ကျမပျော်ရွှင်ရမယ် ဆိုတဲ့နမိတ်လားဆိုတာတွေးနေရတာကိုက ရှင်သန်ခြင်းရဲ့ အရသာတခုလိုဖြစ်နေပါ
တော့တယ်။ 

ခက်မာ 
စက်တင်ဘာ၊ ၂၀၁၁ ထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာဖော်ပြခံခဲ့ရတဲ့စာမူလေးပါ။
Labels: | edit post
2 Responses
  1. အဝါရောင်က ပျော်ရွှင်ခြင်းအပြင် တက်ကြွရွှင်လန်းခြင်ကိုလည်း ကိုယ်စားပြုတယ်တဲ့။ ကျွန်မ အရင်က အဝါရောင်မကြိုက်ခဲ့ဘူး။ နောက်ပိုင်း ဘယ်လိုဖြစ်လဲ မသိဘူး ကြိုက်နှစ်သက်လာတယ်။ ပို့စ်ထဲက ပန်းလေးကလည်း အရမ်းလှတယ်။

    ခင်တဲ့
    မေသိမ့်


  2. than htut Says:

    hi
    ma khat mar
    we have known each other.
    this is my emil (thanhtut533@hotmail.com)
    please give me your phone no?