1. 2.


ကျွန်မစာရေးဖို့ ကြိုးစားနေတာ အတော်ကြာပြီ။ စာရေးစေချင်သဖြင့်ဖိတ်ခေါ်သောအစီအစဉ်အတွက်ရောက် လာတာမို့  စာမရေးဖြစ်တာနည်းနည်းကြာသွားလျှင် အားနာသလို၊ တာဝန်မကျေသလိုအမြဲခံစားရသည်။ စာရေးလာတာအနှစ်၂၀ ကျော်လာပေမယ့် စာမဖတ်ဖြစ်တာ နည်းနည်းကြာသွားလျှင်စာရေးလို့ လည်းမရ 
တော့ကြောင်းသတိထားမိတာလည်းကြာပြီ။ အဲဒီ လိုအချိန်မျိုးဆို ရေးစရာအကြောင်းအရာတွေခေါင်းထဲရှိနေ တာတောင် ဘာကဘယ်လိုစရမှန်း မသိဖြစ်တတ်သည်။ စာဖတ်များချိန်မျိုးမှာတော့ ခေါင်းထဲမှာရေးစရာမရှိ တာတောင် စာဖတ်ရင်းဆင့်ပွားအတွေးတွေမှတဆင့် စာတစ်ပုဒ်ကဗျာတစ်ပုဒ်ဖြစ်သွားတာမနည်းလှပါ။
         ဒီဇင်ဘာလထဲမှာကျွန်မသားတွေ ဆောင်းရာသီကျောင်းပိတ်ရက် ရက်ရှည်ရသဖြင့်အေးအေးဆေး 
ဆေးတစ်ခါမှမရောက်ဖြစ်သော ၀ါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယားဖက်တွေခရီးထွက်ကြဖို့စဉ်းစားမိ၏။ အင်ဒီယားနားမှာနေသောသူငယ်ချင်းမိသားစုကလည်း ခရီးထွက်ချင်သည်ဆိုသဖြင့် ခရီးစဉ်စီစဉ်ကြသည်။ ဒီဇင်ဘာတတိယပါတ်လောက်ထဲက သူတို့ မိသားစုက ကျွန်မတို့ ရှိရာပင်ဆယ်ဗေးနီးယားကို လာကြမည်။ ကျွန်မတို့ ဆီမှာ ၃-၄ ရက်နေပြီးဝါရှင်တန်ဒီစီဖက်ခရီးဆက်ကြမည်။ သူတို့မလာခင်ကတည်းက သူတို့လာ လျှင်ဧည့်ခံဖို့နှင့် ၁၀ရက်တာခရီးထွက်လျှင်လိုအပ်တာတွေထည့်ဖို့ကြိုပြင်ဆင်တာက သုံးလေးရက်ကြာသည်။ သူတို့ ရှိနေတာကသုံးလေးရက်၊ ခရီးစဉ်က ၁၀ ရက်ဆိုတော့ ရက် ၂၀ လောက် စာနှင့်ပေနှင့်ဝေးသွားသည်။ အဲဒီမတိုင်ခင်ကတည်းက ဟိုလိုလိုဒီလိုလိုနှင့်စာမရေးဖြစ်တာဆိုတော့ တစ်လအတွင်း စာတစ်ပုဒ်မှမရေးဖြစ်  သလိုဖြစ်သောအခါ ထုံးစံအတိုင်း ဘယ်သူကဘာမှမပြောပေမယ့် ကျွန်မမှာအားနာသလိုတာဝန်မကျေသလို ခံစားလာရသည်။

ခေါင်းထဲမှာစာရေးချင်သောအကြောင်းအရာအတိုအစလေးတွေတော့ရှိသလိုပင်။ ဒါပေမယ့် အဲဒီ အတိုအစတွေကိုစာတစ်ပုဒ်ဖြစ်အောင်ဘယ်လိုစရမှန်းမသိဖြစ်နေသည်။ စိတ်ထဲ မှာချင်ချဉ်းတပ်လာသလို ဖြစ်ပြီး တာရာမင်းဝေ၏ကဗျာရှည်တွေပြန်ရှာဖတ်ဖြစ်သည်။ လော်လီတာမဟုတ်သော ထူးခြားလှပသည့် သူ့ စာလုံးအတွဲအစပ်တွေကိုကျွန်ကြိုက်သည်။ အနုပညာမြောက်သော်လည်း အနက်ကိုဖွက်မထားလှသောသူ့ ဆိုလိုရင်းတွေကို သဘောကျသည်။ “ခေါင်းလောင်းသံစာတန်း“ လိုမိခင်ဖွဲ့ ကဗျာ၊ “ မီးတောက်ရမ်သမ်“ လို ချစ်ဖြင်းဖွဲ့ ကဗျာမျိုးကိုတမျိုးဆန်းသွားအောင်အလင်္ကာလှလှတွေနှင့် သီယှက်သွားတာမျိုးကျွန်မဖန်တီးချင် လိုက်တာ။
         ဒါပေမယ့် ကဗျာအနုပညာဆိုတာမျိုးက ဖန်တီးချင်တိုင်းပီပြင်လာတာမှမဟုတ်တာ။ တာရာမင်းဝေ ကဗျာပေါင်းမြောက်များစွာကို အထပ်ထပ်ဖတ်ပြီး စာကြောင်းတချို့ ချရေးပေမယ့်ကျွန်မစာကြောင်းတွေက ကဗျာဖြစ်မလာပါ။ အိပ်ရာဘေးကနာရီကလေး၏ဂဏန်းတွေသာတဖြည်းဖြည်းကြီးလာသည်၊ ကျွန်မ၏အရွေ့ ကတော့သုညဖြစ်မြဲပင်။ စာရွက်လှန်သံတွေ၊သက် ပြင်းချသံတွေ၊ အိပ်ရာဘေးရေသန့် ဘူးထဲကရေကိုတဂွပ် ဂွပ်မျိုချသံတွေကတော့စိပ်လာသည်။ငြီးငွေ့ အလိုမကျမှုကို ခဏတာကုစားဖို့  ပြတင်းပေါက်ဆီသွားပြီး အပြင် ဖက်ကိုမျှော်ငေးတော့ ကျွန်မတို့ အိမ်ရှေ့ လမ်းမက နှင်းတို့ ဖြင့်ဖွေးဖွေးလှုပ်နေပြီ။
         ကောင်းကင်ပေါ်မှ တဖွားဖွားလွင့်ကျလာသော နှင်းဖတ်များလွင့်ဝဲနေပုံက အိပ်မက်ဆန်လှသည်။ သူတို့တတွေမြေပြင်ကိုရောက်တော့ မာကျူရီမီးရောင်အောက်မှာ မြင်ရတာကကြေမွနေအောင်ကြိတ်ခြေ ခြင်းခံရသော စိန်မှုံလေးများပမာပင်။ ထိုစိန်မှုံလေးများအောက်တွင်ကျွန်မတို့နေ့စဉ်ဖြတ်သန်းသွားနေသော လမ်းမပေါ်မှခြေရာများကွယ်ပျောက်ခဲ့ရပြီ။ နွေတုန်းက ခေါင်းမော့ရုံမကမာန်ဖီခဲ့သည့် နဂါးပန်း ( Dragon Flower) များ၏ ပင်စည်အကိုင်းတွေက အအေးဒါဏ်ကြောင့်အရိုးမဲမဲများအဖြစ်သာကျန်တော့သည်။ ထိုအရိုး မည်းမည်းများကလည်းနှင်းထုအောက်မှာ မြုပ်တ၀က်ပေါ်တ၀က်။ နေခြည်ဝင်းသောရက်များမှာတုန်းက
အိမ်နောက်ဖက်ခြံမှကြောင်အနက်ကြီး လိပ်ပြာလေးတွေလာဖမ်းရင်းပျော်တတ်သော မြက်ခင်း စိမ်းစိမ်းက လည်း သူ၏ဖြစ်တည်မှုကို မေ့လျော့ခံနေရပြီ။ တကယ်တော့ ထိုမြင်ကွင်းများက စာတစ်ပုဒ်ဖွဲ့ စရာမဟုတ်ပါ။ ဒါပေမယ့် စာရေးချင်နေသောကျွန်မက မျက်စိအောက်မှ မြင်ကွင်း ကို လက်ရှိဘ၀နှင့်ဆက်စပ်ခံစားပစ်လိုက် သည်။
         အတိတ်မှ ကျွန်မတို့ ၏ပျော်ရွှင်ဖွယ်ခြေရာတွေ၊ အမှတ်ရစဖွယ်ပန်းများပွင့်ခဲ့သောနေ့တွေ၊ မျှော်လင့် ချက်မြက်ခင်းစိမ်းတွေကလည်း အခုအချိန်မှာတစ်စုံတရာ၏ဖုံးအုပ်ဖိစီးခြင်း ခံခဲ့ရပြီမဟုတ်လား။ ဒါပေမယ့် ထိုအရာများကိုဖုံးလွှမ်းအုပ်မိုးပစ်လိုက်သောတစ်စုံတရာကိုလက်တွေ့ဘ၀ထဲမှ ဘယ်အရာနှင့် နှိုင်းယှဉ်တင် စား ပြရမှန်းကျွန်မမသိပါ။ လောကဓံရယ်လို့ စကားလုံးကြီးကြီးသုံးပစ်လိုက်လျှင်လည်း အငြင်းပွားစရာတော့ ဖြစ်မည်မထင်ပါ။
         လက်ရှိဘ၀မှာမပျော်ပိုက်နိုင်ခြင်းအတွက် ထိုတစ်စုံတရာကိုပင်အပြစ်ဖို့ ရမည်လား။ တစ်နေ့မှာသေ ဆုံးပြီး ဘယ်နေရာမှန်းမသိသောဒေသတစ်ခုဆီ ထွက်ခွာကြရမည့်အတူတူ ဘာကြောင့်များမွေးဖွားရှင်သန် ခဲ့ကြတာပါလိမ့်။ ဘ၀ဆိုတာကြီးအပေါ် မရေမရာမေးခွန်းတွေ ထုတ်နေဖို့ ၊ ကိုယ်ဒုက္ခစိတ်ဒုက္ခတွေခံစားပြီး အဆုံးတနေ့ကိုစောင့်မျှော်ဖို့ သက်သက်မွေးဖွားလာကြတာတော့မဖြစ်နိုင်ပါ။ နောက်ဆုံးနေ့ကိုရောက်သည် အထိ ဘ၀ကိုပျော်ပျော်ပါးပါးဖြတ်သန်းရင်ဆိုင်သွားဖို့ ထိုက်တန်သည့်တစ်စုံတရာ၊ မက်မောဖွယ်တစ်စုံတရာ ဆိုတာတော့ရှိကိုရှိနေမှာဖြစ်သည်။ ကျွန်မကမတွေ့ ရှိသေးတာ၊ ဒါမှမဟုတ်ထိုတစ်စုံတရာက ကျွန်မထံ 
ရောက်မလာသေးတာသာဖြစ်လိမ့်မည်။
         မြတ်စွာဘုရား… ကျွန်မကစာရေးချင်သည့်အကြောင်းမှအတွေးဆက်ရင်း ကျွန်မမကြိုက်သောအတွေး အခေါ်နှင့်အက်ဆေးတွေထဲကအရေးအသားမျိုးတွေ ရေးနေမိပါပကော။ ဘ၀ကြီးကရက်စက်လှပြီး ထိုရက် စက်မှု၏အသီးအပွင့်များကို အနုပညာသမားမို့ပျော်ပျော်ပါးပါးခံယူနေသယောင်၊ ဒါမှမဟုတ်အဲဒီအတွေးဆန် ဆန်အရေးအသားတွေလေ။ 
        လွန်ခဲ့သောသုံး လေးနှစ်က အုပ်စုလိုက်စုပေါင်းပါဝင်ရသောအစီအစဉ်တစ်ခုမှာတွေ့ ခဲ့သည့်မိန်းမငယ် လေးတစ်ယောက်ကိုမဆီမဆိုင်သတိရလိုက်သေးသည်။ သူမကအာဖရိကနိုင်ငံတစ်ခုကဖြစ်သည်။   လူအ 
တော်များများပါဝင်၍ရက်အတန်အသင့်ရှည်သောအစီအစဉ်မို့ကျွန်မတို့ဟိုတယ်တစ်ခုမှာနေရသည်။ ထိုအမျိုး သမီးငယ်ကို သူမလိုပင်အာဖရိကနိုင်ငံတစ်ခုမှလာသောစာရေးသူတစ်ယောက်၏အခန်းတွင် အမြဲလိုလိုတွေ့ ရသည်။ တစ်နေ့တော့ကျွန်မတို့ တတွေစကားဝိုင်းဖွဲ့ ရင်း ရိုးရာနှုတ်ဆက်နည်းတွေအကြောင်း စကားရောက် သွားသည်။ ထိုအခါ သူမကလေးမကြာခဏလည်ပတ်ရာအခန်းရှင်က ‘ကျွန်တော်တို့ နိုင်ငံရဲ့ နှုတ်ဆက်နည်း ကတော့အကောင်းဆုံးထင်တယ်’ ဟုပြောသည်။ ဟုတ်လား၊ဘယ်လိုနှုတ်ဆက်ကြသလဲဟု ကျွန်မကစပ်စုမိ တော့ သူကပြော၏။
         “နှုတ်ခမ်းကိုနမ်းပြီးနှုတ်ဆက်ရတာလေ။ သူ့ကိုမေးကြည့်ပါလား။ အဲဒီနှုတ်ဆက်နည်းကဘယ်လောက် ချိုသလဲဆိုတာ။“
         ထိုသူကသူ့ အခန်းမှာအမြဲလိုလိုရှိနေတတ်သည့် အမျိုးသမီးငယ်ကိုမေးဆတ်ပြရင်းပြောတော့အူတူတူ ကျွန်မကကျွန်မကဇဝေဇ၀ါဖြစ်သွားချိန်မှာ အမျိုးသမီးငယ်ကတော့ မခို့တရို့ အပြုံးဖြင့်ထိုသူ့ လက်မောင်းကို ခပ်ဖွဖွထုသည်။ နောက်တစ်နေ့မနက်ဟိုတယ်မှာ မနက်စာစားရင်းအထိုအမျိုးသမီးငယ်နှင့်ဆုံချိန်မှာ သူမ မျက်ဝန်းမှာမျက်ရည်စတွေ။ ကျွန်မကဘာဖြစ်တာလဲစိုးရိမ်တကြီးမေးတော့ သမီးလေးကိုသတိရလို့ ဟုပြော သည်။ သမီးလေးကဘယ်နှစ်နှစ်လဲဆိုတော့ ၁နှစ်တဲ့။ ‘အိုး…တစ်နှစ်သမီးလေးကိုထားခဲ့ရတယ်နော်’ ဟု ကျွန်မကစိတ်မကောင်းစကားဆိုတော့ ‘ ဘ၀ဆိုတာဒီလိုပဲလေ။’ ဟုသူမကပြောသည်။ သူမ၏ ‘ဘ၀ဆိုတာ’  ကိုကျွန်မမျက်လုံးကြောင်တောင်၊ခေါင်းတညှိမ့်ညှိမ့်ဖြစ်ခဲ့ရသည်။ သေချာတာကတော့ သူမထံ တွင်ဘ၀ကို မက်မက်မောမောရှေ့ ဆက်ရှင်သန်ဖို့  ချိုမြိန်ခံစားရသောအရာတွေရှိနေလေသည်။
         ကျွန်မ၏’ဘ၀ဆိုတာ’ကတော့ ခါးသက်သက်နိုင်ခဲ့တာအတော်ကြာပြီ။ ဘ၀ကတကယ် ခါးတာလား မခါးတာလားမရေရာပဲ ကဗျာဆန်ဆန်သုံးနှုန်းမိကြောင်းဝန်ခံချင်ပေမယ့် ငါ့ဘ၀ကြီး ကခါးလိုက်တာဟုတွေးမိ စေတာက ပိုခါးပါသည်။ နောက်ဘ၀ကျမှအတိုးချပြီးချိုအောင်ကြိုးစားတော့မယ်လို့လည်းလုပ်လို့ ရတာမှ မဟုတ်တာလေ။
“ဘာကြောင့်များ
မြင်သမျှခါးနေရတာပါလိမ့်…“ ဆိုတာမျိုး ကဗျာလည်းဖြစ်မလာသည့်စာတိုပေစတွေများစွာရေးဖြစ်သည်။ လုပ်နေရသမျှ၊ လုပ်ဖြစ်နေသမျှအရာတိုင်းကိုအဓိပ္ဗါယ်ရှိသည်ဟုမထင်ပြန်။ ဘာဖြစ် လို့ များလူဖြစ်လာရတာ ပါလိမ့်ဆိုတာကိုပဲ နေ့စဉ်တွေးနေမိတော့သည်။ နေကောင်းလားဟု ပဋိသန္တာရစကားဆိုလာသူတိုင်းကို ‘မပျော်ဘူး’ ဟုပဲဖြေမိသည်။ အွန်လိုင်းမှာမကြာခဏတွေ့ တတ်သည့် ငယ်သူငယ်ချင်းဆရာဝန်က ‘ နင့်ကို စိတ်ပူတယ်’ ဟု chat box ထဲမှာစာရိုက်ပြ တော့ ဝေ့၀ဲလာသောမျက်ရည်များကြားမှ တဟီးဟီးရယ်ရင်း ကြည်နူးမိသေးသည်။ နောက်တစ်ဦးကတော့ ‘ဘ၀မှာမပျော်ရင်တော့ နာလှပါတယ်သူငယ်ချင်းရယ်’ ဟုပြော သည်။ သူ့စကားကကျွန်မ၏ဘ၀အပေါ်ဇဝေဇ၀ါနိုင်မှုတွေအတွက် အဖြေတစိတ်တပိုင်းဖြစ်ခဲ့ပါသည်။ သူငယ် ချင်းကောင်းတွေရှိတာကိုတန်ဖိုးထားတတ်နေသေးသ၍ ကျွန်မ၏ဘ၀မှာမပျော်ပိုက်မှုက ထိုမပျော်ပိုက်သော ဘ၀ကို အဆုံးသတ်ရန်စဉ်းစားမှုဆီရောက်သွားလိမ့်မည်မဟုတ်ကြောင်း ဆင်ခြင်မိသည်။
         မပျော်ဘူးဟုခံစားနေရသူအတွက် ပျော်ခြင်းကိုဘယ်လိုအဓိပ္ဗါယ်ဖွင့်မည်လဲဆိုတာက အရေးကြီးပြန် သည်။ အတိတ်မှာပျော်ခဲ့ဖူးသော အကြိမ်နည်းနည်းကိုပြန်စဉ်းစားမိသည်။ အဲဒီပျော်ခဲ့ဖူးတာတွေထဲက တချို့ အကြောင်းပြန်ရေးရင်စာတစ်ပုဒ်ဖြစ်နိုင်တာပဲဟု စာမရေးဖြစ်သော၊ စာရေးဖြစ်ဖို့ ကြိုးစားချင်နေသော ကိုယ့် ကိုယ်ကိုအားပေးမိပြန်သည်။ စာရေးချင်သူတစ်ယောက်ရေးမည့်အကြောင်းအရာသည် ထိုအကြောင်းအရာ ဖြစ်တည်သောအချိန်ကာလ သဘာ၀၀န်းကျင်နှင့်ဆက်စပ်နေရလိမ့်မည်။ လောလောဆယ်မှာစာရေးဖို့ ကြိုးစားနေသော ကျွန်မ၏ခြေဖျားလက်ဖျားတွေအေးစက်နေသည်။ ကျွန်မမွေးဖွားကြီးပြင်းခဲ့သောတိုင်းပြည် ထက် မြောက်ဝင်ရိုးစွန်းနှင့်အဆပေါင်းများစွာပိုနီးသော တိုင်းပြည်တစ်ခု၏ဆောင်းရာသီထဲမှာ ကျွန်မရှိနေ တာကိုး။  ကျွန်မဖြတ်သန်းရင်ဆိုင်ခဲ့ရသည့် ကျွန်မတိုင်းပြည်ထဲရှိဆောင်းတွေထဲမှာရော ပျော်စရာအလွမ်း 
တွေရှိမနေခဲ့ဖူးလား။ အတိတ်မှဆောင်းကာလများ၏ပျော်စရာအလွမ်းတွေကို ပြန်လည်ဖိတ်ခေါ်စဉ်းစားဖို့ လက်ရှိဆောင်းည၏ ပြတင်းဝဆီဘယ်နှစ်ကြိမ်မြောက်မှန်း မသိကျွန်မရောက်ခဲ့ပြန်တော့ လမ်းမကဖွေးဖွေး ဖြူဆဲ။ အိပ်မက်ဆန်သောနှင်းဖတ်နှင်းလွှာတွေကဝေ့၀ဲကျဆဲ။  ရောင်နီပျို့ တော့မည်မို့ အနီရောင်ပြေးနေ သည့်ကောင်းကင်ကိုနောက်ခံထား၍ လင်းလက်နေဆဲမာကျူရီမီးရောင်အောက်တွင် ညက်မှုန့်နေအောင် ကြိတ်ခြေခံရသည့်စိန်မှုံများက တလက်လက်တောက်ပဆဲ။ လမ်းမပေါ်မှကျွန်မတို့ ၏ခြေရာတွေ၊ နွေဦးမှာ တုန်းကအထိမ်းအကွပ်မဲ့ပွင့်ခဲ့သောပန်းတွေ၊ တစုံတစ်ဦးထက်မကသောသူတွေကိုပျော်ရွှင်စေခဲ့သည့်မြက်ပင် စိမ်းစိမ်းတွေက ထိုစိန်မှုံများ၏အောက်တွင်မြုပ်နှံခံနေရဆဲ။
         ထိုမြုပ်နှံခံနေရသည့်အရာများကိုကြည့်ရင်း ကျွန်မက၀မ်းနည်းခံခက်ဖြစ်နေပေမယ့် စိန်ပွင့်လိုလှပ 
တောက်ပသည့်နှင်းမှုံများ၏လွှမ်းဖုံးမှုကိုခံရသည့်အတွက် ထိုအရာဝတ္တုများက ပျော်ရွှင်ကောင်းပျော်ရွှင်နေ လိမ့်မည်။ သူတို့၏ ‘ ဘ၀ဆိုတာ’ က ကျွန်မ၏ ‘ ဘ၀ဆိုတာ’ နှင့်ဘယ်လိုနည်းနှင့်မှ တထပ်တည်း တူနိုင်မည် မဟုတ်ပေ။

Labels: | edit post
Reactions: 
3 Responses
  1. တစုံတရာက ကျနော် တို့ကို ဖုံးအုပ်ထားဆဲဘဲလေ.....
    မြက်ခင်း စိမ်းစိမ်း လေးတွေ ပြန်မြင်ရ ဖို့ ကျနော်တို့ အချိန်ကာလတခု ကို စောင့်ရမှာလား ....ဖယ်ရှားဖို့ ကြိုးစား ရမှာလား...


  2. sansantin Says:

    အနီးကပ်ကြည့်ရင် ကြယ်ပွင့်တွေဖြစ်နေတဲ့ နှင်းတွေဝေချိန်မှာရေးတဲ့စာ...
    ပန်းတွေဝေချိန်မှာ ဖတ်ရတဲ့အခါ...

    ပြောင်းသွားပြီနော်...

    အားလုံး ပြောင်းလဲနေချိန်...
    မပြောင်းနိုင်သူတွေလည်း ရှိနေတုန်းမို့
    ဖျံတွေရေမနစ်ဘဲ ငါးတွေရေနစ်နေအုန်းမယ်လားမသိ

    ဗမာပြည်အကြောင်း Saving fish from drowning စာအုပ်ရေးတဲ့ Amy Tan ကတော့
    ရေနစ်နေတဲ့ ငါးကို သတ်ပြီး ကယ်လိုက်တာဆိုပြီး သူကြားခဲ့တဲ့စကားကို ကိုးကားတာပဲ...

    ဘာရယ်မဟုတ်ပါဘူး...ရောက်တတ်ရာရာ ပြောမိ တာပါ...

    ဘာတွေပဲခက်ခက် ခက်မာကတော့ မာနေမှာပါ

    စမ်းစမ်းတင်


  3. hnin yu Says:

    အကြောင်းဓါတ်ခံရှိသူဖို့၊ ဖတ်မိရ ဝမ်းနည်းလှပါချိမ့်...
    မျက်ရည်ရယ် ဝေသီဝဲမိတယ်....
    လွမ်းလှတဲ့အိမ်။

    အစဉ်အားပေးလျက်..
    နှင်း