1. 2.
ရွာမှာရှိတဲ့ ကျွန်မတို့ အိမ်ကလေးက ရေစီးငြင်သာတဲ့ချောင်းကလေးကိုကျောပေးဆောက်ထားပါတယ်။ အိမ်ရှေ့ မှာခြံစည်းရိုးအဖြစ် ဘိုကတော်မျက်ခုံးပန်းပင်တွေနဲ့ ဆေးရိုးပင်တွေကိုရောစိုက်ကာရံထားတယ်။ ဘိုကတော်မျက်ခုံးပန်းကမရမ်းရောင်နုနုကလေးနဲ့ အရွက်ကတော့ ခပ်လွင်လွင်အစိမ်းရှိပြီး အနံ့ကသင်း သင်းကလေးမွှေးတယ်။ ပင်စည်တွေအကိုင်းတွေမှာဆူးတွေပါတော့ လုံခြုံရေးအတွက်ခြံစည်းရိုးကာလို့ 
ကောင်းတယ်။ ဘိုကတော်မျက်ခုံးပင်တွေကြားမှာဆေးရိုးပင်တွေဘာကြောင့်ရောပေါက်နေတာလဲ၊ တမင် စိုက်ထားတာလားဆိုတာကိုတော့ ကျွန်မအိမ်ကလူကြီးတွေကိုတခါမှမမေးကြည့်မိခဲ့ဘူး။
          ကျမကသစ်ပင်စိုက်တာဝါသနာပါတော့ အိမ်ရှေ့ မြေကွက်လပ်ကလေးမှာ ပန်းပင်လေးတွေစိုက်ထား တယ်။ ပန်းပင်လေးတွေရေလောင်းပေါင်းသင်ရင်း ခြံစည်းရိုးပင်တွေကရိုင်းထွက်လာတဲ့အကိုင်းတွေကိုလည်း တစ်လတခါလောက်ဖြတ်နှိမ်ပေးဖြစ်တယ်။ အဲဒီလိုခြံစည်းရိုးတွေကိုဖြတ်တိုင်း တရုတ်ထမင်းစားတူလောက် အရွယ်ရှိတဲ့ဆေးရိုးကိုင်းဖြောင့်ဖြောင့်တစ်ချောင်းကို ခြောက်လက္မအရှည်လောက်ဖြတ်ပြီးအဘွားကိုပေးမိ တယ်။ တကယ်တော့ အဘွားကဖြတ်ခိုင်းတာမဟုတ်ပါဘူး။ တစ်ခါလောက်တော့ဖြတ်ခိုင်းကောင်းဖြတ်ခိုင်းခဲ့ မှာပေါ့။ ဒါပေမယ့် ကျွန်မမမှတ်မိတော့ပါဘူး။ 
          မနက်စာထမင်းစားပြီးရင် အဘွားကအိမ်ရှေ့ မှာ လေးထောင့်စားပွဲတစ်လုံးခြားပြီးယှဉ်လျှက်ချထား တဲ့ပက်လက်ကုလားထိုင်နှစ်လုံးထဲကတစ်လုံးမှာထိုင်တယ်။ တစ်ခါတလေထမီရင်လျားနဲ့ ။ တစ်ခါတလေ 
တော့ သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းလို့ ၊ ပါတိတ်ထမီနဲ့သက်တောင့်သက်သာရှိတဲ့ပိတ်ပါးအင်္ကျီနဲ့ ။ ထိပ်ကို ခပ်ဖွာဖွာဖြစ်အောင်ထုထားတဲ့ ဆေးရိုးချောင်းဖြောင့်ဖြောင့်နဲ့ သူ့ သွားတွေကိုထောင်လိုက်ထက်အောက်ပွတ် တိုက်နေတတ်တယ်။ ညနေထမင်းစားပြီးရင်တစ်ခါတိုက်ပြန်ရော။
          “ အဲဒါဘာလုပ်တာလဲအဘွား။”
          ကျွန်မကတစ်ခါမေးဖူးတယ်။ သွားတိုက်တာပေါ့ဟဲ့ လို့ အဘွားကပြန်ပြောတယ်။
          “ ဘာဖြစ်လို့ ဆေးရိုးကိုင်းနဲ့ တိုက်တာလဲ။”
           ကျွန်မက လျှာရှည်တော့ အဘွားကစိတ်မတိုပဲ သေချာရှင်းပြပါတယ်။
          “ ဆေးရိုးကိုင်းမှာ သွားတွေကိုဖြူစေတဲ့ ဓါတ်ပါတယ်။ ပြီးတော့ သူ့ အစေးကလည်းသွားတွေကိုခိုင် 
စေတယ်။”
          အဲဒီလိုပြောတာကြားပြီးကတည်းက တစ်လတခါလောက်အိမ်ရှေ့ ခြံစည်းရိုးပင်တွေကိုရှင်းရင် ဆေး ရိုးကိုင်းအနေတော်ဖြောင့်ဖြောင့်တစ်ကိုင်း အဘွားအတွက်ခုတ်တဲ့အကျင့်ရတော့တာပါပဲ။ အဘွားလိုပုံမှန် မဟုတ်ပေမယ့် ကျွန်မလည်းစိတ်ကူးပေါက်ရင် ဆေးရိုးကိုင်းဖြောင့်ဖြောင့်တစ်ကိုင်းခုတ်ပြီး အဘွားလိုအတုယူ ပြီးသွားတိုက်မိတတ်တယ်။ ငယ်ငယ်တုန်းကတော့ကိုယ့်အဘွားပြောတာမို့ ထွေလီကာလီထပ်တွေးမနေ 
တော့ပေမယ့် ကျွန်မအဘွားအသက်၈၁နှစ်မှာဆုံးသည်အထိ သွားတစ်ချောင်းမှမကျိုးလေတော့ အဘွားပြော တဲ့ဆေးရိုးကိုင်းဂုဏ်ရည်ဟာ တကယ်ထင်ပါရဲ့လို့တွေးမိတယ်။
          ဆေးရိုးကိုင်းနဲ့သွားတိုက်တာကိုအဘွားကအားပေးပေမယ့် ကျွန်မတို့တတွေသွားကြားထိုးရင်တော့ မကြိုက်ဘူး။ ခြောက်ခါခုနှစ်ခါထက်မနည်း ကျမတို့ကိုပြောခဲ့ဖူးတယ်။
          “သွားကြားမထိုးကြနဲ့ ။ ကြာလာရင်သွားတွေကျဲသွားလိမ့်မယ်။ ဘာစားစားအဲဒီသွားကျဲတွေကြားညပ် ပြီးကြည့်ရလည်းဆိုးသွားတွေလည်းပျက်စီးနဲ့  ဘာကောင်းကျိုးမှမရှိဘူး။”
          “ဟင်.. အဘွားကျတော့ သွားကြားထိုးပြီး…။”
        အဘွားသွားတွေကခပ်ကျဲကျဲမို့  အဘွားသွားကြားထိုးတဲ့တုတ်ကလည်းခပ်ကြီးကြီးပေါ့။ ကျမတို့အဲဒီလို ပြောရင် အဘွားကတစ်ခါတလေတော့ရယ်ရင်း၊ တစ်ခါတလေတော့ ခပ်ထန် ထန်လေးဟောက်ရင်းတုန့်ပြန် ပါတယ်။
          “အေး.. အဲဒီလိုသွားကြားထိုးခဲ့လို့ အခုဒီလိုသွားကျဲကြီးဖြစ်နေတာပေါ့။ ကိုယ်တိုင်ခံစားခဲ့ရတဲ့ဆိုးကျိုး ကိုပြောပြနေတာ။ သွားတွေကျဲသွားမှ ပြန်စိတ်ချင်လို့ မရတော့ဘူး။”
          အဘွားဘယ်လောက်ပြောပြော ကျမတို့ ကတော့ အဘွားကွယ်ရာမှာ သွားကြားခိုးထိုးခဲ့ကြတာပါပဲ။ သွားဘယ်လောက်တန်ဖိုးရှိမှန်းမသိသေးတဲ့အရွယ်ပေကိုး။
ကျွန်မမှတ်မိသလောက်တော့ အဲဒီနှစ်ကာလများဆီတုန်းက ကျွန်မတို့ ရွာမှာရှိတဲ့ ရွာသူရွာသားတွေ အတွက်ကတော့ သွားတိုက်စရာဆားနဲ့ ကလေးတွေသွားနဲ့ရင်သွားနှုတ်ပေးဖို့ အပ်ချည်ကြိုးတစ်ထုံးရှိရင်သွား ကိစ္စလိုအပ်သမျှပြည့်စုံပါပြီ။ သွာတိုက်ဆေးသုံးသူတွေလည်းရှိ ကောင်းရှိမှာပေါ့။ သေချာတာကတော့ရှိခဲ့ရင် တောင် တစ်ရွာလုံးမှလက်ငါးချောင်းပြည့်မယ့် လူဦးရေရှိမှာမဟုတ်ပါဘူး။
          ကျွန်မတို့သွားတွေနဲ့ရင်တော့ အမေကဒိုင်ခံနှုတ်ပေးပါတယ်။ အမေ့ကျောင်းဆရာမလစာနဲ့ မိသားစု ငါးယောက်မလောက်ငလေတော့ အပိုဝင်ငွေရအောင်အပ်ထည်လေးဘာလေးလက်ခံချုပ်ပေးတဲ့ အပ်ချုပ် စက်ကလေးပေါ်မှာ အပ်ချည်လုံးရှိနေလေတော့ ကျွန်မတို့သွားနှုတ်ရေးကိစ္စအတွက်ပြည့်စုံပြီပေါ့။ အတော် 
လေးနဲ့နေပြီဖြစ်တဲ့သွားကို အမေကအပ်ချည်နဲ့  အထပ်ထပ်ရစ်နေတဲ့အချိန်ကတော့ အတော်စိတ်လှုပ်ရှား စရာကောင်းပါတယ်။ “ အမေဖြည်းဖြည်းလုပ်နော်” လို့ပြောရတာလဲအမောပေါ့။ တစ်ခါတရံမှာနာမှာကြောက် လို့မျက်ရည်တောင်ကျခဲ့သေးထင်တာပဲ။ များသောအားဖြင့်တော့ တကယ်သွားကိုဆွဲနှုတ်လိုက်ချိန်မှာတော့ သွားကျွတ်ထွက်သွားတာမသိလိုက်ပါဘူး။ သွားကတအားနဲ့နေတာရော၊ အမေက လက်မြန်တာရောကြောင့် ပေါ့။ အောက်သွားကျိုးတာဆိုရင် အမေကအိမ်ခေါင်မိုးပေါ်ပစ်တင်လိုက်တယ်။ အပေါ်သွားဆိုရင်တော့ အိမ် အောက်တနေရာရာလွှင့်ပစ်လိုက်တာပဲ။ ဘယ်သွားဖြစ်ဖြစ်လွှင့်ပစ်ချိန်မှာ“ကြွက်ကလေးရေ နင့်သွားနဲငါ့သွား လဲမယ်” လို့အမေကတိုင်ပေးသလို ကျွန်မတို့ကိုလည်းလိုက်ပြောစေပါတယ်။ သစ်သားလိုမာတဲ့အရာတွေကို တောင်ကိုက်ဖြတ်နိုင်တဲ့ ကြွက်သွားသေးသေးလေးတွေကိုကောင်းတယ်၊ ခိုင်တယ်လို့ သတ်မှတ်ကြတယ် 
လေ။
          ကျွန်မသားတွေသွားကျိုးချိန်မှာတော့ တချို့ တလေကိုအပ်ချည်ကျိုးနဲ့ပြီးခဲ့တာတွေရှိသလိုသွားဆေး ခန်းရောက်ရတာတွေလည်းရှိခဲ့ပါတယ်။ အထူးသဖြင့်သွားပိုးစားတဲ့သားငယ် အတွက်ဆေးခန်းရောက်ရတာ များပါတယ်။ သူ့သွားတွေကပိုးစားထားလေတော့ ကျိုးချင်လို့နဲ့လာရင်အပ်ချည်ကျိုးချည်စရာနေရာအလုံ အလောက်မရှိဘူးလေ။ ဒီတော့(လွန်ခဲ့တဲ့သုံးလေး နှစ်လောက်က) သွားတစ်ချောင်းကို နှစ်ထောင်သုံးထောင် ပေးပြီးနှုတ်ရတော့တာပေါ့။ တို့ငယ်ငယ်ကများမင်းတို့လိုဆိုခက်ရချည်ရဲ့လို့ကျွန်မရေရွတ်မိခဲ့တာပေါ့။ သွား နှုတ်စရာဆေးခန်းလည်းမရှိ၊ သွားနှုတ်ခပေးဖို့ပိုက်ဆံလည်းမရှိခဲ့ကြဘူးလေ။ ကျွန်မတို့ငယ်ငယ်ကသွားနဲ့ရင် နှုတ်ဖို့  အပ်ချည်ကျိုးချည်စရာနေရာမရှိအောင်ပိုးစားထားတဲ့ ကလေးတွေရဲ့ သွားတွေဘယ်လိုကျိုးခဲ့လေသလဲ တော့ မမှတ်မိတော့ပါဘူး။
          ကျွန်မကတော့ ကျွန်မသွားတွေအတွက်အမြဲဂုဏ်ယူခဲ့ရပါတယ်။ ကျွန်မအဖေဖက်ကအဘိုးကသွားတို တိုလေးတွေနဲ့ထိပ်ချွန်ချွန်လေးတွေ။ နင့်အဘိုးသွားကကြွက်သွားလေးတွေလို့ ပြောကြတာမှတ်မိနေတယ်။ သွားလေးတွေကတိုတော့ မေးကပါတိုသလိုတောင်ဖြစ်နေတတ်တာ။ ကျွန်မကအဲဒီအဖိုးရဲ့ သွားအမွေကိုရခဲ့ တယ်။ မွေးကတည်းကကျွန်မသွားတွေကဘာဒုက္ခမှပေးခဲ့ဖူးဘူး။ ကျွန်မတစ်ကိုယ်လုံးမှာသွားတွေပဲအကောင်း ဆုံးရှိတယ်လို့ကျွန်မက မကြာခနပြောလေ့ရှိတယ်။ သွားကဒုက္ခမပေးတော့သွားအတွက်ဆေးခန်းမသွားခဲ့ရဘူး လေ။

                             ~                          ~                          ~

ကျမတို့ အမေရိကကိုရောက်လာချိန်မှာတော့ ရက်ပိုင်းအတွင်းပဲရှိသေး ကျွန်မကိုဖိတ်ခေါ်တဲ့အဖွဲ့ ရဲ့ တာဝန်ရှိသူတွေက သွားတွေကိုစစ်ဆေးဖို့သတိပေးပါတယ်။ ကျမနဲ့ သားကြီးကသွားကောင်းသူတွေဆိုတော့ တို့သွားတွေဘာမှမဖြစ်ပဲဘာကိုစစ်ရမှာလဲဆိုပြီးအေးအေးဆေးဆေးပေါ့။ သွားမကောင်းတဲ့သားငယ်နဲ့ သူ့ အဖေကတော့ သွားဆေးခန်းသွားဖို့စိတ်ဝင်စားပုံပါပဲ။ ကလေးတွေကိုသွားဆရာဝန်အရင်လိုက်ပြတော့ အငယ် ကောင်ဆီမှာချို့ ယွင်းချက်တွေတွေ့ တာပေါ့။ သွားပိုးစားနေတာတွေရော။ ပဲ့နေတာ၊ပေါက်နေတာတွေရော တပျော်တပါးကြီးပါပဲ။ ဆရာဝန်က ပေါက်နေတဲ့သွားတွေကိုဖာပြီး ပိုးစားတဲ့သွားတွေကိုနှုတ်လိုက်တော့သားရဲ့ သွားတွေကြားမှာ နှုတ်လိုက်တဲ့သွားတွေအတွက်ကွက်လပ်တွေဖြစ်ကုန်ရော။ သွားအချင်း ချင်းထိမ်းညှိထားတဲ့ ပုံစံပျက်သွားတာကြောင့်သွားတွေယိုင်ကုန်မှာစိုးလို့ဆိုပြီး သတ္တုဝါယာကြိုးနဲ့သွားတွေကို ဆိုင်းပြီးထိမ်းပေးထား တယ်။ သားလည်းအတော်ခံလိုက်ရသလို ကျမတို့လည်းသွားကျန်းမာရေးအာမခံသီးသန့်ရှိတာတောင်တော် တော်ထိသွားတယ်။
          ကလေးတွေပြီးတော့ လူကြီးတွေအလှည့်ပေါ့။ ကျမတို့ပထမဆုံးသွားဆေးခန်းရောက်တော့ သူနာပြု ဆရာမကမှတ်တမ်းယူရင်း “ နောက်ဆုံးအကြိမ်သွားဆေးခန်းပြခဲ့တာဘယ်တုန်းကလဲ” လို့မေးတယ်။
          “ကျမသွားဆေးခန်းတစ်ခါမှမသွားခဲ့ဖူးဘူး။”
          ကျမအဖြေကြားတော့သူနာပြုမမှာ ရေးချွတ်နေတာတွေတောင်ရပ်သွားတယ်ထင်ရဲ့ ။ ‘တစ်ခါမှမသွားခဲ့ ဖူးဘူး၊ ဟုတ်လား’လို့ ထပ်မေးတယ်။ ကျမကခေါင်းငြိတ်ပြတော့ သူအံ့သြနေပုံကသိသာလိုက်တာ။ သူတို့ကျမ သွားကိုဓါတ်မှန်ရိုက်ကြတယ်။ ကျမသွားတွေရဲ့ နောက်ဖက်မှာ ခပ်နီနီအစွန်းအထင်းတွေမနည်းမနောပါပဲ။ သွားဆရာဝန်က မင်းလဖက်ရည်အရမ်းသောက်သလားလို့ မေးတယ်။
          “ကျမကရေနွေးကြမ်းတော့အတော်ကြိုက်တယ်။ ဒါပေမယ့် ဒီအစွန်းအထင်းတွေကတော့ ကွမ်းစားတာ ကြောင့်လို့ထင်တယ်။ ကျမအဖွားကကွမ်းစားတော့ ကျမငယ်ငယ်ကအဘွားနဲ့ အတုကွမ်းလိုက်စားတတ်တယ် လေ။ ကြီးလာတော့လဲကွမ်းစွဲနေတာမဟုတ်ပေမယ့်ညနေထမင်းစားပြီးချိန်မျိုးဆိုတစ်နေ့ကွမ်းတစ်ယာလောက် စားတတ်တယ်။”
          အဲဒါတွေကဘက်တီးရီးယားတွေ၊ အန္တရာယ်ရှိတယ်လို့ ဆရာဝန်ကပြောတယ်။ ခြစ်ထုတ်ပစ်ရမတဲ့။ 
ခြောက်လတစ်ခါသွားသန့်ရှင်းရေးလုပ်ရမတဲ့။ ကျမကတော့ ရွာကကွမ်းချိုးတက်နေတဲ့သွားပိုင်ရှင် လူငယ် လူကြီးတွေကိုပြေးမြင်မိတယ်။ အဲဒီကွမ်းချိုးဘက်တီးရီးယားတွေကရွာကလူတွေရဲ့ ခံတွင်းနဲ့သွားတွေကို ဒုက္ခ ပေးတယ်လို့တစ်ခါမှမကြားခဲ့မိပါဘူး။ မကြားဆို ရွာသားတွေတကယ်ဒုက္ခရောက်ခဲ့လဲ အဲဒီကွမ်းချိုးတွေကြောင့် ဒုက္ခရောက်ကြရတယ်ဆိုတာကိုသိနိုင်တဲ့ ပညာဗဟုတမရှိခဲ့ကြဘူးလေ။ ကွမ်းတွေစားမြဲစားပြီးသွားတွေလည်း ကျိုးမြဲကျိုးနေကြမှာပဲ။ ဘယ်သူမှလည်းထွေလီကာလီစဉ်းစားနေကြမှာမဟုတ်ပါဘူး။မွေးကတည်းကဒီအတိုင်း နေပြီးဒီအတိုင်းသေကုန်ကြတော့ ဒါဟာသဘာဝပဲလို့အလိုလိုလက်ခံပြီးသားဖြစ်နေကြတော့တာ။
“မင်းသွားတွေကအတော်ကောင်းတယ်။ ဘယ်လိုဂရုစိုက်ထိမ်းသိမ်းခဲ့တာလဲ”
ကျမအဖိုးရဲ့ အမွေကြွက်သွားတိုတိုသေးသေးလေးတွေက အစွန်းအထင်းတွေရှိနေတာကလွဲရင် ဘာမှ အပြစ်အနာမရှိဘူးတဲ့လေ။ ကျမကတော့ မှတ်မှတ်ရရအဘွားနဲ့အတူ ဆေးရိုးကိုင်းနဲ့သွားတိုက်ခဲ့တာကလွဲပြီး ဘာမှထွေထွေထူးထူးထိမ်းသိမ်းခဲ့တာမဟုတ်လေတော့ ဆေးရိုးကိုင်းအကြောင်းပြောပြမလားစဉ်းစားမိသေး တယ်။ ဒါပေမယ့် ဆေးရိုးကိုင်းဆိုတာတင်တော်တော်ရှင်းနေရမှာဆိုတော့ ပြောမနေတော့ပါဘူး။
 “မင်းသွားတွေကကောင်းပေမယ့် အပေါ်ဖက်မှာသွားအပိုနှစ်ချောင်း (Wisdom Teeth) ပါနေတယ်။”
သွားအပိုဆိုတာကိုကျမဇဝေဇ၀ါဖြစ်သွားတော့ ဆရာဝန်ကဓါတ်မှန်ကိုပြတယ်။
“ဒီမှာတွေ့ လား။ အပေါ်ဖက်ဘယ်ညာအစွန်းကအံသွားတွေအောက်မှာ ခံထားတဲ့သွားမရှိဘူး။ ဒီတော့ သူတို့ကမ၀ါးဘူးပေါ့။ အသုံးမ၀င်ပဲအပိုဖြစ်နေတာ။ အဲဒီသွားအပိုကကြာလာရင်ဒုက္ခပေးလိမ့်မယ်။ နှုတ်ပစ်ရ မယ်။”
          တကယ်တော့ သူအဲဒီလိုရှင်းပြလည်းကျမကောင်းကောင်းတော့နားမလည်သေးပါဘူး။ ကိုယ့်ပါးစပ်ထဲ သွားဘယ်နှစ်ချောင်းရှိသလဲ တစ်ခါမှရေမကြည့်မိပါဘူး။ သွားပိုနေတယ်ဆိုတာကထားပါတော့။သူ့ဟာသူပိုနေ တဲ့သွားကိုဘာကြောင့်နှုတ်ပစ်ရမှာလဲ။ ဆရာဝန်ကအန္တရာယ်ရှိတယ်၊ နှုတ်ရမယ်ဆိုတော့လည်းနှုတ်ပေါ့နော်။ ဒါပေမယ့်ကျမသွားတွေကကောင်းသေးတော့ ကျမလိုပဲအသုံးမ၀င်တဲ့သွားအပိုပါပြီး ကျမလိုသွားမကောင်းတဲ့ ကျမခင်ပွန်းရဲ့ သွားအပိုတွေကိုအလျှင်နှုတ်မယ်တဲ့လေ။ အဲဒီသွားအပိုကိုနှုတ်ဖို့ ကပုံမှန်သွားစစ်ပေးတဲ့ ဆရာ ၀န်နဲ့မပြီးပြန်ဘူး။   သွားခွဲစိတ်ဆရာဝန်ကို သပ်သပ်ရက်ချိန်းတောင်းပြီးလုပ်ရတယ်။
          ကျမခင်ပွန်းသွားအပိုကိုနှုတ်တဲ့ရက်မှာတော့ သူ့ရဲ့ မသက်မသာပုံကိုကြည့်ပြီးကျမအတော်ကြောက်မိ တယ်။ သွားနှုတ်ပေးတဲ့ဆရာဝန်လည်းချွေးကိုပြန်ရော။ “မင်းတို့ မြန်မာသွားတွေအတော်ခိုင်တာပဲ။ ငါအတော် ပင်ပင်ပန်းပန်းလုပ်ရတယ်” လို့ တောင်ပြောယူရတယ်။ ယောင်ကိုင်းနေတဲ့ပါးနှစ်ဖက်ကိုဖိပြီး တအင်အင်ညည်း နေတာ၊ ဆန်ပြုတ်ကလေးကိုလျှာနဲ့လှိမ့်မြိုချလိုက်၊ နွားနို့လေးသောက်လိုက်နဲ့ ၃ ရက်လောက်နေရတာကို ကြည့်ပြီးတော့လည်း စိတ်မသက်သာဘူး။ ကျမက ထမင်းမှမစားရရင်အာသာမပြေသလို ထမင်းစားရင်လည်း ဟင်းသီးဟင်းရွက်တွေကိုမှ ဂျိုးဂျိုးဂျွတ်ဂျွတ်မ၀ါးရရင်မစားတတ်တာကြောင့်ပေါ့။ ငါ့အလှည့်လို့တွေးပြီးကြိုစိတ် ညစ်မိတယ်။
          သွာမနှုတ်ခင်တစ်ရက် ကျမတို့နေတဲ့မြို့ ကဘုန်းတော်ကြီးကျောင်းကိုရောက်တော့ကျောင်းမှာဘုန်း 
တော်ကြီးတွေဝေယျာဝစ္စတာဝန်ယူလုပ်ကိုင်ပေးနေတဲ့ အဘနဲ့အကြီးဇနီးမောင်နှံနဲ့စကားစပ်ရင်း သွားနှုတ်ရ မယ့်အကြောင်းပြောမိတယ်။ အကြီးတို့ဇနီးမောင်နှံနှစ်ယောက်စလုံးက အသက် ၆၀ ရှိပြီ။
          “အကြီးတို့ တတွေလည်း ဒီရောက်လာသည်အထိတစ်ခါမှသွားဆေးခန်းတွေဘာတွေသွားဖူးခဲ့တာ မဟုတ်ဘူး။ ကွမ်းကလည်းငယ်ငယ်ထဲကစားလာတာဆိုတော့ သွားမှာကွမ်းချိုးတွေကထုနဲ့ထည်နဲ့ဖြစ်နေပြီ။ ရွာမှာနေတုန်းကတော့ သွားတွေဘာတွေကိုက်ခဲ့ဖူးတာပေါ့။ တောရွာဆိုတော့ဆေးခန်းလည်းမရှိ၊ ဆေးလည်း မရှိဆိုတော့ တောထဲထွက်ပြီးဆူးရစ်ပင်တွေခူး၊ ပြုတ်ပြီးငုံရတယ်။ ဆူးရစ်ကတအားခါးတာ။ ပြင်းလဲပြင်းတယ် လေ။ အိုင်ခပ်သေးသေးထဲ ဆူးရစ်ရွက်တွေခြေမွှပြီးပစ်ထည့်ထားလိုက်ရင်မကြာဘူး ငါးတွေသေပြီးပေါ်လာ 
ရော။ အဲဒီလောက်ပြင်းတဲ့အရွက်ကိုပြုတ်ငုံတာဆိုတော့ သုံးလေးခါငုံပြီးရင် သွားတွေကကျွတ်ထွက်လာရော။ ဒီရောက်လာတော့ သွားကသုံးလေးချောင်းပဲပါတော့တယ်။”
          ရွာကသွားကိုက်ကုနည်းကိုပြောပြနေတဲ့ အကြီးရဲ့ ပါးစပ်ထဲမှာသွားတစ်ချောင်းမှမရှိပါဘူး။ အခုသွား 
တွေအကုန်ကျိုးသွားပြီလားဆိုတော့ ကျန်တာလေးတွေကိုနှုတ်ပစ်လိုက်ရတယ်လို့ပြောပါတယ်။
          “ ဒီရောက်တော့ သွားဆေးခန်းမပြပဲနေလို့မရတော့ပြရတော့တာပေါ့။ သူတို့ကအကုန်နှုတ်ပြီး အံကပ် လုပ်ပေးလိုက်တယ်။”
          သွားမရှိတဲ့ အကြီးပါးစပ်ထဲကိုကြည့်ပြီး အခုအဲဒီအံကပ်ရောဆိုတော့ ရှုပ်လို့ ဖြုတ်ထားတယ်တဲ့။ ဒါဖြင့် ဘာနဲ့ဝါးသလဲဆိုတော့ အသားငါးကိုနူးအောင်ချက်ပြီး သွားဖုံးနဲ့ဝါးတယ်တဲ့လေ။ ကျမကဖြစ်မှဖြစ်ရလေ အကြီး ရယ်လို့ ဆိုတော့ အကြီးကကျမကိုဖြေသိမ့်သလိုပြောပါ တယ်။
“ အကြီးကအံကပ်မတပ်ပေမယ့် အကြီးယောက်ျားကတော့ အံကပ်ကိုတပ်ပါတယ်။ ဒါပေမယ့်နေ့ခင်း ဖက်မှာတပ်ထားရတာရှုပ်လို့ညအိပ်မှတပ်အိပ်တယ်။”
 ကျမမှာ ဘုန်းကြီးတွေနဲ့ အတူရောပြီးရယ်လိုက်ရတာ။ အံကပ်ကိုဘယ်လိုနည်းမှန် လမ်းမှန်တပ်သင့် ကြောင်းကိုလဲ ဘုန်းဘုန်းတို့နဲ့အတူဝိုင်းပြောခဲ့သေးတယ်။
          တကယ်တန်း ကျမအလှည့်ရောက်လာတော့ တကယ့်ရက်ကောင်းကြီး။ အမေရိကန်တွေအလေး အမြတ်ထားတဲ့ကျေးဇူးတော်နေ့ ( Thanksgiving Day) နားကပ်ပြီးသွားနှုတ်ရတယ်လေ။ ကျမတို့ ပရိုဂရမ် ဒါရိုက်တာရဲ့ Thanksgiving ညစာစားပွဲကလည်းအကြီးအကျယ်ပေါ့။ ကျမသွားနှုတ်မယ့်နေ့ရက်ချိန်းပြောင်း လိုက်ရမလားလို့ ဒါရိုက်တာကတော်ကိုခပ်နောက်နောက်ပြောတော့ မင်းအတွက်အစားအစာပျော့ပျော့တွေ စီစဉ်ထားပါ့မယ်။ ရက်တော့မပြောင်းပါနဲ့ ။ Wisdom Teeth ကိုမြန်မြန်နှုတ်ပစ်ဖို့ ကအရေးကြီးတယ်လို့ အလေးအနက်ပြန်ပြော တယ်။
          သွားမနှုတ်ခင် သုံးလေးရက်လောက်ကတည်းက ကျမအတော်ကြောက်နေခဲ့ပါတယ်။ သွားနှုတ်မယ့် 
နေ့ကျတော့ စကားတွေရွှန်းရွှန်းဝေအောင်ပြောပြီး သဘောကောင်းတဲ့ဆရာဝန်ကြောင့် နည်းနည်းစိတ်သက် သာသလိုတော့ခံစားရပါတယ်။
          “ မင်းမှာရွေးစရာနှစ်ခုရှိတယ်။ တစ်ခုကမင်းသွားကိုထုံဆေးထိုးပေးမယ်။ သွားဖုံးထဲ ထုံဆေးထိုးတာက နည်းနည်းလေးတော့နာတာပေါ့။ ဒါပေမယ့်အဲဒါပြီးရင်ပြီးပြီ။ သွားနှုတ်ချိန်မှာမင်းမနာတော့ဘူး။နောက်ရွေးချယ် ဖို့တစ်ခုကတော့ မေ့ဆေးပေးပြီးနှုတ်တာပဲ။ မေးဆေးပျယ်ရင်အားလုံးပြီးနေပြီ။ မင်းဘယ်နည်းနဲ့နှုတ်ချင်သလဲ။ မင်းဆန္ဒရှိတဲ့အတိုင်းလုပ်ပေးမယ်။”
တကယ်တော့ ကျမကမေ့ဆေးနဲ့နှုတ်တာကိုပိုသဘောကျတာပါ။ အကယ်၍ထုံဆေးကမထုံရင်ဘယ် လိုလုပ်မလဲ။ ကိုယ့်အံသွားကြီးကိုဖဲ့ရွဲ့ ကော်ထုတ်နေတာကိုမနာတောင်မှသိနေမှာလေ။ ဒါပေမယ့် ကျမကဒီလို ရွေးချယ်လို့ရမှန်းမသိတော့ မနက်ကမနက်စာအဖြစ် ထမင်းကြော်တစ်ပန်းကန်စားခဲ့တယ်။ ဗိုက်ထဲမှာအစာရှိ နေရင်မေ့ဆေးပေးလို့မရဘူးလေ။ ဆရာဝန်ကမေ့ဆေးနဲ့နှုတ်ချင်တယ်ဆိုရင် နောက်တစ်ခေါက်လာခဲ့ပေါ့၊ ခုတော့မရဘူးလို့ပြောတယ်။ ကျမကနောက်တစ်ခေါက်မလာချင်တော့ဘူး။ လုပ်စရာရှိတာကိုမြန်မြန်လုပ် လိုက်ချင်တယ်။ ဒီတော့ ထုံဆေးနဲ့ပဲနှုတ်မယ်လို့ ပြောလိုက်တယ်။
          တကယ်ပဲသွားနှုတ်တာမနာပါဘူး။ ပြီးတော့ခဏလေးရယ်။ ကျမကြိုကြောက်ခဲ့သလောက်မဟုတ်ပါ ဘူး။ သွားနှုတ်ပြီးတော့ Wisdom Teeth အကြောင်းသိကောင်းစရာစာအုပ်တစ်အုပ်၊ သွားနှုတ်သူများလိုက်နာ ရမယ့်စည်းကမ်းစာရွက်ကတစ်ရွက်နဲ့ဝယ်သောက်ရမယ့် ဆေးညွှန်းစာရွက်တစ်ရွက်ပေးလိုက်တယ်။ ကျမမှာ သွားကျန်းမာရေးအာမခံရှိနေတာတောင် သွားနှစ်ချောင်းနှုတ်တာ ဒေါ်လာ ၁၉၀ ဆိုတော့နည်းနည်းလန့်သွား ချင်တယ်။ သားတွေရဲ့သွားတစ်ချောင်းကိုကျပ်၂၀၀၀နဲ့ နှုတ်တာကို ကျမကမြည်တွန်တောက်တီးခဲ့တာလေ။ ခုတော့သွားတစ်ချောင်းကို ကျပ်နှစ်သိန်းဝန်းကျင်ပေးပြီးနှုတ်ခဲ့ရပြီ။
          အပြန်ကားပေါ်မှာ ကားမောင်းပို့တဲ့သူငယ်ချင်းလော်ရာ့ကို မင်းဆီမှာရော Wisdom Teeth ရှိခဲ့လားလို့ မေးတော့ ရှိတာပေါ့တဲ့။ ငါ့အသက် ၂၀ လောက်ထဲကနှုတ်ပစ်လိုက်ပြီတဲ့။ ငါ့အဖေကတော့ သိပ်မကြာသေးခင် ကမှ သူ့သွားဖုံးအတွင်းမှာ Wisdom Teeth တစ်ချောင်း ပေါ်လာလို့ ခွဲထုတ်လိုက်ရတယ်တဲ့။ အဲဒီညနေက 
တော့ အတော်မသက်မသာရှိလှတဲ့ညနေပေါ့။ နှုတ်တုန်းကမနာတဲ့ သွားဟောင်းနေရာက ထုံဆေးပျယ်တော့ တစစ်စစ်ကိုက်လာတယ်။ သွေးတွေကတစိမ့်စိမ့်ထွက်နေတော့ ရင်ထဲမှာမအီမသာနဲ့ ။ သွားနှုတ်ပြီးရင်စားဖို့ ဆိုပြီးလော်ရာဝယ်ပေးတဲ့ ဂျယ်လိုကလည်းအာလျှာမထိတော့ ဗိုက်ကဆာသေးတယ်။
          အဲဒီညနေမှာ တစ်ဖက်အိမ်မှာနေတဲ့ ဒါရိုက်တာဇနီးမောင်နှံက သတင်းလာမေးတယ်။ သူတို့ ရဲ့   Wisdom Teeth တွေနှုတ်တုန်းကဘယ်လိုဆိုတာတွေပြောပြတယ်။ နောက်တစ်နေ့ညနေကျတော့သူငယ်ချင်း ဇနီးမောင်နှံရောက်လာပြန်ရော။ မြန်မာသူငယ်ချင်းရဲ့ အမေရိကန်ခင်ပွန်းကကျမကိုပြောတယ်။
          “ မင်းသွားတွေကဆွဲနှုတ်ရုံနှုတ်ခဲ့ရတာမဟုတ်လား။ မင်းသိပ်ကံကောင်းတယ်။ ငါ့တုန်းကဆိုသွားဖုံးကို ခွဲပြီးထုတ်ရတာ။”
          “ အိုး.. ရှင့်မှာလည်း Wisdom Teeth ရှိခဲ့တယ်၊ ဟုတ်လား။”
          “ ငါ့မှာ Wisdom Teeth သုံးချောင်းတောင်ပါတယ်။ တစ်ချောင်းပဲသွားဖုံးပေါ်ထွက်နေပြီး ကျန်တဲ့နှစ်ချောင်းက သွားဖုံးအောက်ကနေတခြားသွားတွေရှိတဲ့နေရာကိုတိုးထွက်နေလို့ခွဲထုတ်ပစ်ရတာ။”
          သူတို့ ပြန်သွားတော့ ကျမတွေးမိတယ်။ ကျမအသက်၄၀ အထိတခါမှမကြားဖူးခဲ့တဲ့ Wisdom  Teeth ဆိုတာက သူတို့တတွေမှာကျတော့ လူတိုင်းနီးပါးရှိနေကြပါလားလို့ ။ ပညာရှိသွားလို့ ဘာသာပြန်ရမယ့် အဲဒီ သွားနံမည်ကခန့်ပေမယ့် သွားရဲ့ အဓိကတာဝန်ဖြစ်တဲ့ ကိုက်ဝါးခြင်းအမှုကိုမပြုနိုင်ပဲ အပိုသက်သက်အဖြစ် 
ပေါက်လာတယ်။ အပိုသက်သက်အပြင် လူကိုဒုက္ခလည်းပေးသေးတာမို့ အဲဒီသွားရှိရင်နှုတ်ပစ်ရတယ်။ အဲဒီ သွားရှိတဲ့သူတွေက အနည်းဆုံးနှုတ်ပစ်ရချိန်မှာနာမယ်၊ ငွေကုန်မယ်ဆိုတော့ သူတို့ အတွက်တော့ပညာရှိသွား လို့မခေါ်ထိုက်ဘူးထင်တာပဲ။
ကျမတို့ ဆီကလူတွေမှာလည်းအဲဒီသွားရှိကောင်းရှိမှာပါ။ ဒါပေမယ့် ကျမ အသက် ၄၀ အထိမကြားဖူး ခဲ့တာဟာ ကျမဗဟုသုတနည်းလို့ရင်လည်းဖြစ်မယ်။ ကျမတို့ဆီကလူတွေမှာ Wisdom Teeth ပေါက်တဲ့နှုန်း နည်းလို့၊ ဒါမှမဟုတ်မရှိသလောက်ရှားလို့ ဖြစ်ရင်လည်းဖြစ်မယ်ပေါ့။ အကယ်၍ ကျမတို့ဆီကလူတွေမှာ Wisdom Teeth ပေါက်တာရှားလို့ဆိုရင်တော့ အဲဒီသွားကိုကျမတို့ဆီမှာတော့ ပညာရှိသွားလို့ခေါ်ဖို့တကယ် သင့်တော်ပါတယ်။ လူအတော်များများက အဲဒီသွားအကြောင်းမသိကြသလို သိခဲ့ရှိခဲ့ရင်လည်း ဆေးခန်းသွား ပြီးနှုတ်ပစ်နိုင်ကြမှာမဟုတ်ဘူးဆိုတာအဲဒီသွားကသိပြီး လူအများကြီးဆီမှာမပေါက်တာဆိုတော့ကိုယ့်အခြေ အနေကိုယ်သိတဲ့သွားကို ပညာရှိသွားလို့ခေါ်ထိုက်တာပေါ့။

( စာကြွင်း   :  ဒီဆောင်းပါးကို နိုဝင်ဘာလထဲကရေးထားပေမယ့် သွားနဲ့ပတ်သက်တဲ့ဗဟုသုတကနည်းတော့ အချက်အလက်အမှားတွေပါမှာစိုးပြီး ဘယ်မဂ္ဂဇင်းကိုမှမပို့ ဖြစ်ခဲ့ပါဘူး။ ဒီဇင်ဘာလထဲမှာစာပေဟောပြောပွဲ တစ်ခုမှာပူးပေါင်းပါဝင်ဟောပြောဖို့  လော့စ်အိန်ဂျလိစ်ကိုရောက်တော့ စာပေဟောပြောပွဲဖြစ်မြောက်ရေး အတွက်တက်တက်ကြွကြွလုပ်ကိုင်နေကြသူတွေထဲမှာပါတဲ့ သွားဆရာဝန်လေးငါးယောက်နဲ့တွေ့ ပါတယ်။ အဲဒီဆရာဝန်တွေထဲကတစ်ယောက်နဲ့စကားစပ်မိတော့မှ ကျွန်မနားလည်မှုလွဲခဲ့တဲ့ သွားကိစ္စရှင်းသွားတော့ တယ်။ ကျွန်မတို့ဆီမှာမကြာခဏကြားရ၊ မြင်ရလေ့ရှိတဲ့ အံဆုံးဆိုတာ Wisdom Teeth ကိုခေါ်တာဆိုပဲ။
အံဆုံးပေါက်သူမှာ အင်မတန်အခံရခက်ပြီး တချို့ ဆိုမျက်ရည်ပေါက်ပေါက်ကျအောင်ကိုနာ ကျင်ခံစားရတာ မဟုတ်လား။ ဒီတော့ ဒီဆောင်းပါးမှာ ပထမကောက်ချက်ချထားခဲ့တာကိုပြင်ရတော့မယ်လေ။ တကယ်တော့ ကိုယ့်ကိုယ်ကိုပညာရှိလို့သတ်မှတ်တဲ့သူဟာ တကယ်ပညာရှိမဟုတ်သလိုပဲ Wisdom Teethလို့ သတ်မှတ်ခံ ရတဲ့သွားဟာလည်း ကိုယ့်ရဲ့ ဖြစ်တည်မှုကြောင့် တဖက်သားမှာဒုက္ခရောက်နာကျင်ရလေတော့ ကမ္ဘာရဲ့ ဘယ်နေရာဘယ်ဒေသမှာပဲပေါက်ပါစေ၊ ပညာရှိသွားလို့မခေါ်ထိုက်ဘူးရယ်လို့တွေးမိပါတော့တယ်။)


ခက်မာ
နိုဝင်ဘာ၂၈၊ ၂၀၁၀
Labels: | edit post
2 Responses
  1. ဟ...သူ့ wisdom tooth က တစ်မျိုးကြီးပါလား...သွားနံမည်နဲ့ တာဝန်နဲ့ မလိုက်ဖက်လေခြင်း...သူတို့နံမည်ပေးလိုက်မှဖြင့် ပညာရှိဆိုတာ အပိုပစ္စည်းတောင် ဖြစ်ရပါပကောလား...


  2. Anonymous Says:

    ဘိုကဒေါ်မျက်ခုံးပင်က ဘယ်လိုပါလိမ့်။ ကျနော်သိခဲ့တဲ့ ဘိုကဒေါ်မျက်ခုံးဆိုတာက တောတောင်တွေထဲမှာပေါက်ပြီး ကြော်ချက်စားလို့ရတယ်။