( University of Iowa ကဦးစီးပြီးနှစ်စဉ်ကျင်းပတဲ့ International Writing Program ကို ၂၀၀၇ခုနှစ် မှာကျမတက်ရောက်ခွင့်ရခဲ့ပါတယ်။ ၂၀၁၁ ဧပြီလမှာတော့ International Writing Program ရဲ့အစီအစဉ် သစ်တခုဖြစ်တဲ့ Witer-in-Motion ဆိုတဲ့ Study Tour တခုမှာပါဝင်ဖို့ ကျမကိုဖိတ် ခေါ်လာပြန်ပါတယ်။ ကျမအပါအ၀င်အာရှ၊ဥရောပ၊ သြစတေးလျှ၊ အာဖရိက၊ လက်တင် အမေရိကနဲ့ ကနေဒါကနိုင်ငံတကာ စာရေးဆရာနဲ့ ၈ယောက်နဲ့မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးမယ့်သူ တစ်ယောက် ပူးပေါင်းပါဝင်ကြပါတယ်။ အမေရိကန်နိုင်ငံအတွင်းကသဘာဝဘေးဒါဏ်အပါ အ၀င်စစ်ပွဲနဲ့ အခြားသောအရာများကြောင့် ပြိုလဲဆုံးရှုံးမှုတွေ၊ ပြန်လည်ထူထောင်ဖို့ကြိုးစားနေမှုတွေကို လေ့လာပြီး စာဖတ်သူတွေကို ပြန်လည်ဝေမျှဖို့ရည်ရွယ်တဲ့ ခရီးပါ။ ဒီဆောင်းပါးလေးကတော့ ကျမတို့ရဲ့ပထမဆုံး ခရီးစဉ်ဖြစ်တဲ့ Gettysburg ခရီးမှာတွေးခဲ့မိတာ လေးကိုပြန်လည်ဝေမျှထားတာပါ။)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ၀န်းကျင်ကသွေးနီရောင်လွှမ်းခဲ့တဲ့အဲဒီမြေပြင်ဟာ ဒီကနေ့မှာတော့ အ၀ါရောင် လွှမ်းနေခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲက ဂက်တီစ်ဘာ့ဂ် ( Gettysburg) မြို့ကလေး ဟာနွေဦးနေရောင်ဝါ၀ါရဲ့အောက်မှာဝင်းပနေပြီး အ၀ါရောင်ဒစ်ဖို တေးလ်ပန်းကလေးတွေနဲ့ အုံလိုက်ကျင်းလိုက်ပွင့်တဲ့ ရွှေဝါရောင်ခေါင်းလောင်းပန်းတွေက မြို့ကလေးကိုပိုပြီးနွေးထွေးတယ်လို့ ခံစားရ စေပါတယ်။ တကယ်တော့အ၀ါရောင်လွှမ်းတဲ့ဝန်းကျင်ကြောင့်သာ နွေးထွေးတဲ့အရသာကိုခံစားနေရပေမယ့် ပြင်ပကတကယ့်ရာသီဥတုကတော့ အေးစိမ့်နေဆဲပါ။ အေးမြတဲ့ဝန်းကျင်မှာနွေးထွေးမှုကိုနှလုံးသားနဲ့ခံစားရင်း ကျမသွားခဲ့ရတဲ့  နေရာကတော့တိုက်ပွဲနယ်မြေ
( Battlefield) ပါတဲ့။ အမေရိကန်ရဲ့သမိုင်းကိုတမျိုးတဖုံ လှည့်ပြောင်းစေခဲ့တဲ့နေရာဖြစ်ပြီး အခုအချိန်မှာ တော့နှစ်စဉ်သန်းနဲ့ချီတဲ့ ဧည့်သည်တွေလာကြည့်နေရတဲ့ သမိုင်းဝင်ဒေသပေါ့။
ကျမတို့ကို Battlefield ကိုလိုက်ပို့တဲ့ ပီတာ ( Peter Carmichael) ကဂက်တီစ်ဘာ့ဂ် ကောလိပ်ရဲ့ Civil War Study ပါမောက္ခလည်းဖြစ် Civil war Institute ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ သူ့ကိုယ်သူအိုဟိုင်းယိုးပြည်နယ်သားလို့ပြောပါတယ်။ ဒါပေမယ့် သူဂက်တီစဘာ့ဂ်အကြောင်း ပြောပြဖို့စိတ်ထက်သန်ပုံကတော့ အဲဒီမြို့မှာမွေးတဲ့သူတွေထက်တောင်သာမယ်ထင်ပါရဲ့။ ပြည်ထောင်စု တပ်တွေနဲ့ ဆန့်ကျင်ဖက်တပ်သားတွေရင်ဆိုင်တွေ့ဖို့စစ်ချီလာပုံကို ၀န်းကျင်မြင်ကွင်း နဲ့ပါတွဲပြီးမျက်စိထဲ မြင်လာအောင်ပြောနိုင်ပါတယ်။ အထင်ကရနေရာတစ်ခုရောက်တိုင်း အဲဒီနေရာနဲ့ ဆက်စပ်ခဲ့သူတစ် ယောက်ယောက်ရဲ့သမိုင်းကြောင်းနဲ့ အမေရိကန်ပြည်တွင်းစစ်ပွဲကာလအတွင်းပါဝင်တိုက်ခိုက်ခဲ့တဲ့စစ်သား တစ်ယောက်ရဲ့ မိသားစုကိုပေးတဲ့ စာတစ်စောင်ကိုဖတ်ပြတယ်။ ဒီတော့ကျမတို့ဟာ စစ်ပွဲကြောင့်သွေး အတိဖုံးလွှမ်းခဲ့တဲ့မြေကြီးပေါ်တည့်တည့်မှာရပ်ပြီး တိုက်ပွဲရဲ့အနိဌာရုံတွေကိုမြင်ယောင်ကြားယောင်လာရုံ မက တိုက်ပွဲတွင်းကဇာတ်ကောင်တွေရဲ့ဘ၀ကိုပါ ခံစားခဲ့ကြရပါတယ်။
အမေရိကန်ပြည်တွင်းစစ်အတွင်း စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် အဆုံးအဖြတ်တစုံတရာရရှိစေခဲ့တဲ့ Battlefield ဖြစ်ပွား ခဲ့ရာဒေသဟာ စုစုပေါင်းလေးဧကကျယ်ဝန်းပါသတဲ့။ လေးဧကကျယ်တဲ့ဧရိယာ အတွင်း ဇူလိုင်၁ရက် နေ့ကနေ ဇူလိုင် ၃ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းမှာ သေဆုံးသူ ၈၉၀၀ နဲ့ဒါဏ်ရာရသူ ၂၂၀၀၀ ရှိခဲ့ပါ တယ်။ ပြည်တွင်းစစ်ပွဲတလျှောက်လုံးမှာတော့သေဆုံးသူရောဒါဏ်ရာရသူပါ သန်းနဲ့ချီပြီးရှိခဲ့တာပါ။ "တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့သူတို့တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီစိတ်နဲ့ပဲ သူတို့သေခဲ့ ကြတယ်" ပီတာပြောခဲ့တဲ့ စကားလုံးပေါင်းမြောက်များစွာထဲက ကျမမှတ်မိနေတဲ့ ၀ါကျတစ်ခုပါ။
အ၀ါရောင်ပန်းတွေပွင့်နေသော်လည်းပဲ သစ်ပင်တွေကအရိုးပြိုင်းပြိုင်းရှိနေသေးတဲ့မြေပေါ်မှာ ရပ်ပြီး အဲဒီဒေသရဲ့သွေးစွန်းတဲ့အတိတ်ကိုလေ့လာနေရင်း ကျမစိတ်ထဲမှာ ၁၂ လလုံးလုံးသစ်ရွက် တွေစိမ်းပြီး တစ်နှစ်လုံးနေရောင်ဝင်းပတဲ့မိခင်မြေကိုမြင်ယောင်လာပါတယ်။ ကျမတို့မြေမှာလည်း ပြည်တွင်းစစ်ရှိခဲ့ပါ တယ်။ ကိုယ့်နိုင်ငံသားအချင်းချင်းပြန်သတ်နေရတဲ့တိုက်ပွဲတွေအခုထိရှိနေတုန်းပါ။ နိုင်ငံရဲ့အရှေ့ဖက် တကြောအရှေ့မြောက်ဖက်နဲ့ အရှေ့တောင်ဖက်ကတိုင်းရင်းသားတွေဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းက သူတို့နေထိုင်ရာတိုင်းပြည်ကိုအုပ်ချုပ်နေသူများရဲ့ တိုက်ခိုက်ခြေ မှုန်းခြင်းကိုခံနေရပါတယ်။ တိုက်ပွဲ ကြောင့်ရော မြေမြုတ်မိုင်းကြောင့်ပါတိုင်းပြည်ရဲ့ တစ်နေရာ ရာမှာ သွေးမစွန်းတဲ့နေ့ဟာမရှိ သလောက်ပါပဲ။ ကျမတို့နဲ့တမြေထဲမှာမွေးခဲ့ကြတဲ့သူတွေဟာ ကျမတို့မသိပဲတဖြုတ်ဖြုတ်သေခဲ့တာ နှစ်ပေါင်း မြောက်များစွာကြာခဲ့ပါပြီ။ အိမ်နီးခြင်းနိုင်ငံတွေကို ဒုက္ခသည်အဖြစ်ထွက်ပြေးခိုလှုံကြရတာလဲ သန်းနဲ့ချီရှိနေပါပြီ။
သွေးချောင်းစီးခဲ့တဲ့မြေပေါ်မှာရပ်ရင်း အဲဒီမြေမှာသေဆုံးခဲ့သူတွေရဲ့ဝိညာဉ်ကိုရှာဖွေပြီးကျမကြေကွဲ ၀မ်းနည်းနေမိပါတယ်။ ကျမဟာ ကျမမွေးရပ်မြေနဲ့မိုင်ပေါင်းသောင်းချီဝေးတဲ့နေရာမှာရပ်ရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က အမေရိကန်နိုင်ငံသားဘယ်၍ဘယ်မျှဟာ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ တိုက်ပွဲဝင် ခဲ့ကြတယ်။ ဘယ်၍ဘယ်မျှသေဆုံးပြီး ဘယ်လောက်ဒါဏ်ရာရတယ်။ ဘယ်တပ်တွေက ဘယ်အရပ်က ဘယ်လိုစစ်ချီလာပြီး တဖက်တပ်ကဘယ်လမ်းကြောင်းက ဘယ်လိုဆုတ်ခွာတယ်ဆိုတာကို ဦးနှောက်နဲ့ ရောနှလုံးသားနဲ့ပါမှတ်သားနေရပါတယ်။ ဒါပေမယ့် ကျမရဲ့မိခင်မြေအတွင်း ကျမတို့ရဲ့သွေးသားတွေ သေကြေပျက်စီးရတဲ့နေရာကိုကျမသွားဖို့အခွင့်မသာခဲ့ပါဘူး။ ဘယ်နှစ်ခုနှစ်ကစလို့လူဘယ်နှယောက် သေဆုံးခဲ့ရပြီး ဒုက္ခိတဘ၀ရောက်ရတဲ့ အရည်အတွက်ဘယ်လောက်ရှိသလဲ ကျမတို့မသိနိုင်တာကိုတွေးရင်း ဘာကိုမှန်းမသိဒေါသထွက်ခံရခက်နေခဲ့မိပါတယ်။
ဂက်တီစဘာ့ဂ်ရဲ့တိုက်ပွဲအပါအ၀င် အမေရိကန်ပြည်တွင်းစစ်ဟာ လူပေါင်းများစွာရဲ့အသက်နဲ့ ရင်းပြီးလူသားအချင်းချင်းကျွန်ပြုတဲ့စံနစ်ကိုအဆုံးသတ်စေခဲ့ပါတယ်။ အတိတ်ရဲ့ဆုံးရှုံးမှုတွေကိုကြည့်ပြီး ပြန်လည်တည်ထောင်ထိမ်းသိမ်းမှုတွေနဲ့အနာဂါတ်ခရီးကိုဆက်ဖို့ အားယူတဲ့နေရာဖြစ်ပါတယ်။ အရင်းအနှီး ကြီးကြီးပေးခဲ့ရသလောက် သမိုင်းဝင်တန်ဖိုးတစ်ခုပိုင်ဆိုင်ခဲ့ရတဲ့မြေပါ။ သမိုင်းဝင်မြေကိုတန်ဖိုးထားထိမ်း သိမ်းခြင်းအားဖြင့် မျိုးဆက်သစ်တွေအတွက်သမိုင်းကိုမျက်ခြေမပြတ်တန်ဖိုးထား တတ်စေတဲ့ရလာဘ်ကို လည်းပေးနေပါတယ်။ ဒါ့အပြင် အပြင်နှစ်စဉ်သန်းနဲ့ချီတဲ့ဧည့်သည်တွေကိုလာရောက်လေ့လာလည်ပတ် ဖို့ဆွဲဆောင်ရာမြေအဖြစ်နဲ့လည်းမျက်မြင်တန်ဖိုးကိုရစေပါတယ်။
ကျမတို့နိုင်ငံထဲမှာတော့ အသက်ပေါင်းများစွာရင်းနေရဆဲပါ။ ဒါပေမယ့် အဆုံးသတ်သင့်တဲ့ ဘယ်လိုစံနစ်၊ လုပ်ရပ်တစ်ခုခုကိုမှအဆုံးမသတ်နိုင်သေးပါဘူး။ ကျဆုံးမှု ( Fall )တွေကို ပြန်လည် တည်ဆောက်ဖို့( Recover)နေနေသာသာ ကျဆုံးမှုတွေဟာဘယ်အတိုင်းအတာထိရှိနေသလဲဆိုတာ ကိုတောင် အတိအကျတွက်ချက်သတ်မှတ်ဖို့ မစွမ်းဆောင်နိုင်သေးတဲ့နေရာတွေရှိနေသေးသ၍ ကမ္ဘာ ကြီးကိုအလုံးစုံသော ငြိမ်းချမ်းမှုတွေနဲ့ပြန်လည်ထူထောင်ဖို့ဆိုတဲ့ ကျမတို့ရဲ့အိပ်မက်ဟာ အိပ်မက်အဖြစ် ပဲရှိနေဦးမယ်ထင်ပါရဲ့။
ခက်မာ
ဧပြီ ၅ရက်၊ ၂၀၁၁