1. 2.

၂၀၁၀သြဂုတ်လ၂၈ရက်မှာကျမခင်ပွန်းရဲ့အမေ၊ကျမယောက္ခမကြီးဆုံးသွားပါတယ်။ အိမ်ထောင်ကျတော့ယောက္ခမနဲ့အတူနေခဲ့ပြီးသားနှစ်ယောက်ကလည်းသူ့လက်ပေါ် မှာကြီးခဲ့တာဆိုတော့ယောက္ခမဆိုပေမယ့်အမေလိုပါပဲ။ကျမရဲ့မွေးမိခင်ကိုကျမက အမေလို့ခေါ်ပေမယ့်ကျမခင်ပွန်းအပါအ၀င်သားသမီးငါးယောက်ကမေမေလို့ခေါ်တဲ့ ယာက္ခမကိုတော့ သူ့သားသမီးတွေခေါ်သလို'မေမေ' လို့ပဲလိုက်ခေါ်ဖြစ်ခဲ့ပါတယ်။ 
          လူတဖက်သားကိုကိုယ့်အတွက်ဒုက္ခမပိုစေချင်တာ၊ ကိုယ့်အပေါ် မကောင်း သူကိုတောင်ကြံဖန်ပြီးအကောင်းမြင်ကျေးဇူးတင်တတ်တာ၊ ဘယ်လိုအခြေ အနေမျိုး မှာမှစကားကိုကြမ်းကြမ်းတမ်းတမ်းရိုင်းရိုင်းစိုင်းစိုင်းမပြောတာတွေကိုမေမေ့ဆီကအတု ယူခဲ့ရပါတယ်။
          ကျမတို့အိမ်ထောင်ကျချိန်မှာသားသမီးငါးယောက်ရဲ့လိုအင်ဆန္ဒတွေကို အတတ်နိုင်ဆုံးဖြည့်စည်းပေးဖို့ကြိုးစားနေတဲ့မိခင်၊ သစ်ပင်စိုက်ဖို့ကလွဲပြီး ဘာမှနားမ လည်တဲ့ ကျောင်ဆရာဟောင်းလူရိုးလူအေးခင်ပွန်းသည်ကိုအလွန်ဂရုစိုက်အလိုလိုက်
ဖြည့်ဆည်းပေးတဲ့ဇနီး၊ တဦးတည်းသောမောင်လေးအတွက်အမိ အရာမှာနေနေတဲ့ အမကြီးအဖြစ်မေမေ့ကိုတွေ့ရပါတယ်။ မေမေဟာ အိမ်ထောင်ရှင်မ အနေနဲ့နေနေရ တဲ့တချိန်ထဲမှာ မိသားစုရဲ့စားဝတ်နေရေး၊လူမှုရေး၊စီးပွားရေး၊အနာဂါတ်ရေးကိစ္စအ၀၀ ကိုစီစဉ်ဦးဆောင်နေရတဲ့အိမ်ထောင်ဦးစီးလည်းဖြစ်နေပြန်ပါတယ်။ ဘ၀မှာဘယ်လို ဆိုးဝါးခက်ခဲတဲ့အခြေအနေကို ရောက်နေနေလူသိမခံပါဘူး၊ သူစိမ်းမပြောနဲ့သားသမီး နဲ့ခင်ပွန်းကိုတောင်အသိမခံ၊ညည်းညူမနေပဲ လုပ်စရာရှိတာလုပ်နိုင်တာကိုအကောင်း ဆုံးဖြစ်အောင်လုပ်သွားတတ်ပါတယ်။ ဒါကိုအတုယူစရာလို့ သတ်မှတ်နိုင်ပေမယ့် တယောက်ထဲကြိတ်ခံ၊ကြိတ်ဖြေရှင်း၊ကြိတ်ခံစားတတ်တဲ့သူ့ရဲ့နှလုံးသားကသံမဏိနဲ့ လုပ်ထားတာမဟုတ်လေတော့ နှလုံးရောဂါစွဲကပ်ပါတော့တယ်။ နောက်ဆုံးတော့ အဲဒီနှလုံးရောဂါနဲ့ပဲသေဆုံးခဲ့ရပါတယ်။မေမေဆုံးပြီးနောက်တနေ့မှာကျမရဲ့ပရိုဂရမ်
ဒါရိုက်တာလည်းဖြစ်၊အိမ်နီးချင်းမိတ်ဆွေလည်းဖြစ်တဲ့ဟင်နရီနဲ့ဒိုင်ယန်ဇနီးမောင်နှံ
ရောက်လာပါတယ်။သူတို့လက်ထဲမှာခရမ်းရောင်လွင်လွင်အပွင့်လေးတွေပွင့်နေတဲ့ လာဗဲန်ဒါပန်းအိုးတအိုးကိုင်လို့လေ။ "တို့တတွေမှာ မိတ်ဆွေရင်းခြာတယောက်ရဲ့ မိသားစုဝင်တဦးသီးသေဆုံးရင်သေဆုံးသူကိုယ်စားအမှတ်တရစိုက်ဖို့ သစ်ပင်၊ပန်းပင် တပင်လက်ဆောင်ပေးလေ့ရှိတယ်။ဒါကြောင့်သန်းဌေးမောင်ရဲ့အမေကိုယ်စားအမှတ် တရစိုက်ဖို့ ဒီလာဗင်ဒါပန်းအိုးလေးပေးချင်ပါတယ်" လို့ဒိုင်ယန်ကပြောခဲ့ပါတယ်။ 
          ကျမတို့နေတဲ့ပင်ဆယ်ဗေးနီးယားပြည်နယ်က ဆောင်းရာသီမှာအေးလွန်းပြီး
နှင်းဖုံးနေ တတ်တာမို့ပန်းပင်တော်တော်များများကိုအိမ်အပြင်မှာထားရင်သေ သွား တတ်ပါတယ်။ လာဗင်ဒါပင်ကလေးကိုမြေကြီးပေါ်ချစိုက်ချင်တာမို့ကျမက ဒိုင်ယန့်ကို
မေးကြည့်တော့ဒိုင်ယန်ကရှင်းပြတယ်။ "လာဗင်ဒါနွယ်ဝင်ပန်းမျိုးတွေကအပူချိန် အနှုတ်၁၀ဒီဂရီဖာရင်ဟိုက်အထိအသက်ရှင်နိုင်တယ်။ မြေပေါ်ချစိုက်ချင်ရင်ချစိုက်လို့ ရတယ်။" 
       အဲဒီပန်းအိုးလေးကို ကိုသန်းဌေးမောင်ကိုယ်တိုင် ကျမတို့အိမ်နောက်ဖက်ခြံဝင်း
ထဲမှာ သူ့စိတ်ကြိုက်နေရာရွေးပြီးမြေပေါ်ချစိုက်ပါတယ်။ သားတွေကိုလည်းအဲဒီပန်း ပင်လေးကိုပြပြီး 'ဒါသားတို့ဘွားဘွားအမှတ်တရအပင်။ ဒီအပင်လေးကို သားတို့ရဲ့ ဘွားဘွားလို သဘောထားပြီးဂရုစိုက်ကြ' လို့ပြောဖြစ်ခဲ့တာမှတ်မိပါသေးတယ်။ သား တို့ဘွားဘွားနံမည်က 'ဒေါ်ကြည်ကြည်' မို့ ပန်းပင်လေးကို ' လာဗင်ဒါကြည်ကြည်' လို့စိတ်ထဲကခေါ်ခဲ့မိပါတယ်။ လာဗင်ဒါပင်ကလေးကရောက်လာစမှာပန်းတွေပွင့်နေ တဲ့လက်နဲ့ တပွေ့စာခြုံပုတ်လေးတခုပါပဲ။ တနွေလုံးလှိုင်လှိုင်ပွင့်ပြီး ဆောင်းရောက်
တော့တခြားပန်းပင်တွေနည်းတူ နှင်းတွေအောက်မှာသုံးလေးလမြုတ်နေရရှာတာပေါ့။    

         ဧပြီလလောက်နှင်းတွေပျော်ပြီးနေရောင်လေးရတာနဲ့ လာဗင်ဒါပင်ကလေးက
ရွက်နုတွေပြွတ်သိပ်ထွက်လာတော့တာပါပဲ။ ကျမကခြောက်နေတဲ့အကိုင်းဖျားရိုးတံ
တွေကိုညှပ်ပေးလိုက်တယ်။ သားကြီးကခြံထဲမှာစည်းရိုးခပ်တုန်းကပိုလို့ ကျန်နေတာ
ဖြစ် ပုံရတဲ့ဘိလပ်မြေအုန်တုံးတွေကိုအပင်ခြေမှာဝိုင်းပြီး ဘောင်ကလေးခတ်တယ်။ မိုးမရွာတဲ့နေ့တွေဆိုရေမှန်မှန်လောင်းပေးတယ်။ အကိုင်းဟောင်းကနေအကိုင်းသစ်
တွေဖြာထွက်လာပြီး အပင်ကအကြီးကြီးဖြစ်လာလို့အပင်ပေးသူဒိုင်ယန်တောင် အံ့သြ
နေတယ်။ တနှစ်အတွင်းမှာမူလအပင်ရဲ့သုံးဆလောက်ကိုကြီးလာတာပဲတဲ့။ နွေရာ သီပန်းတွေရဲ့ထုံးစံအတိုင်း နေပြင်းပြင်းပူတဲ့ဇူလိုင်နဲ့သြဂုတ်လဆန်းလောက်မှာပန်းပင် ကလေးကိုပွင့်မယ်ထင်ခဲ့တာ။ ဒါပေမယ့်လာဗဲန်ဒါကြည်ကြည်က အဖူးတွေစုံနေပေ မယ့်မပွင့်ပါဘူး။ ၂၀၁၁ သြဂုတ်လ ၁၅ရက်နေ့မှာ ကျမနဲ့သားနှစ်ယောက် အင်ဒီယား နားပြည်နယ် ဖို့ဝိန်းမှာလုပ်တဲ့ပန်းချီထိန်လင်းရဲ့ပါဖောင်းမန့်အနုပညာပြပွဲနဲ့ ကဗျာရွတ် ပွဲကိုအားပေးရင်းပူးပေါင်းပါဝင်ဖို့သွားကြတယ်။ သြဂုတ်လ၂၇ရက်နေ့ရောက်တော့  ကိုသန်းဌေးမောင်ကဖုန်းလှမ်းဆက်တယ်။ ဒီနေ့မေမေဆုံးတာတနှစ်ပြည့်တဲ့နေ့မို့ သတိရနေလို့လှမ်းဆက်တာတဲ့။ ပြီးတော့ လာဗဲန်ဒါပင်ကလေးကလည်း ဒီနေ့မှအပွင့်
တွေဝေနေအောင်စပွင့်တယ်တဲ့။
        
        သြဂုတ်လ၂၈ရက်နေ့ညသန်းကောင်လောက်ကြီးကျမတို့သားအမိဖို့ဝိန်းကပြန်
ရောက်ကြတယ်။ နောက်တနေ့မနက်အိပ်ရာနိုးနိုးချင်းကျမခြံထဲဆင်းပြီးလာဗင်ဒါပင် ကလေးကိုကြည့်မိတယ်။ အိုး. ခရမ်းရောင်ပန်းတွေဝေပြီးသင်းသင်းမွှေးတဲ့ရနံ့လေးက
ခြံအနှံ့ဝေ့၀ဲနေတယ်။ မနက်ခင်းပေမယ့် သြဂုတ်လနှောင်းပိုင်းရဲ့နေက အတော်ပြင်း
နေပါတယ်။ လာဗဲန်ဒါပင်ကလေးကိုအကြာကြီးကြည့်နေရင်း ကျမကမေမေဒေါ်ကြည် ကြည်ကိုသတိရနေတယ်။ ဒေါ်ကြည်ကြည်ဟာလဲ သာမာန်အိမ်ထောင်ရှင်မိခင်တဦး ဘ၀မှာပေမယ့် မိသားစုဘ၀အတွက်အပူပြင်းဆုံးအချိန်ကာလတွေမှာတောင်အတတ် နိုင်ဆုံး၊အလှဆုံးပွင့်သွားပေးခဲ့တဲ့လာဗဲန်ဒါပန်းပင်ကလေးလိုပါပဲ။ ပန်းဘ၀မှာလည်း မိသားစုဝင်တွေအမှတ်တရဖြစ်မယ့်နေ့မှာ အစုံလင်ဆုံး၊အလှဆုံးပွင့်ပေးဖို့ကြိုးစားပေး
နေသလိုပါပဲ။

Labels: | edit post
2 Responses
  1. i like it. and feel that wanna write a poem under the title of 'lavender kyi kyi', may be one day.


  2. မိခင်တိုင်းဆီက အတုယူစရာ၊ အားကျစရာတွေ ကျွန်မတို့ အများကြီး ရခဲ့ကြတယ်နော်..။ မိခင်တွေက သားသမီးတိုင်းအတွက် အမြဲတမ်း ပွင့်ဝေနေကြသူများပဲနော် ဆရာမ..။