1. 2.
(အခုအချိန်မှာ ကျမအတွက် ဝတ္တုတို၊ အက်ဆေး၊ကဗျာစတဲ့ အနုပညာပစ္စည်းတခုခုဖန်တီးရတာ အကြောင်းအမျိုးမျိုးကြောင့် အလွန်ခက်ခဲနေပါတယ်။ ကျမရောက်နေရတဲ့နေရာကလည်းကျမ ကို စာရေးစေချင်လို့ခေါ်ထားတဲ့နေရာဖြစ်နေလေတော့ စာတွေရေးဖြစ်မှဖြစ်မယ်လို့လည်း ကိုယ့် ဘာသာအားပေးနေ ရတာအခါခါပါ။ တခါတလေ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်တွေထဲမှာ ကဗျာတစ်ပုဒ်၊ စာတစ်တစ်ပုဒ်ဖြစ်မသွားပေမယ့် တခုခုကိုဆက်စပ်တွေးမိသွားပြီး အနုပညာဆန် တယ်လို့ခံစားမိသွားတဲ့ အတွေးလေးတွေ၊ အဖြစ်အပျက်လေးတွေကြုံရတတ်ပါတယ်။ အဲဒါလေး တွေကို အနုပညာပစ္စည်းတခုမဖြစ်တောင်ဖတ်လို့ ကောင်းတဲ့ အတွေးလေးတခု၊ အဖြစ်အပျက် လေးတခုဖြစ်သွားလည်း အနည်းဆုံးတော့စာရေးဖြစ်တာပဲလို့ တွေးပြီး စရေးကြည့်တာပါ။ နေ့တိုင်းရေးဖြစ်မှာမဟုတ်ဘူးဆိုတာကိုယ့်ဘာသာသေချာနေလို့"နေ့စဉ်မဟုတ်သောမှတ်တမ်း" လို့နံမည်ပေးမိပါတယ်။)


နွေဦးရဲ့ နေရောင်ဝင်းပသော်လည်း အေးစိမ့်နေဆဲတရက်မှာ အလွန်အခံရခက်တဲ့ ဝေဒနာတစ်ခုကိုဈေးကြီးကြီးပေးပြီးခံစားဖို့ ကျမဆေးရုံရောက်ခဲ့ရပြန်ပါတယ်။ခါးဆစ်ရိုး နှစ်ခုကြားမှာကူရှင်သဖွယ်ခံပေးထားတဲ့ အရွတ်ဖတ်ကလေးအပြင်ကို ကျွံထွက်နေတဲ့ အတွက် ခါးနာတဲ့ဝေဒနာကို၂၀၀၈ခုနှစ်ထဲကဆိုးဆိုးဝါးဝါး ခံစားနေရတာပါ။ အဲဒီခါးနာ ပြဿနာကြောင့် ဆေးသောက်တာ၊ Physical Therapy လုပ်တာ၊ ကျွံထွက်နေတဲ့ ခါးဆစ်ရိုးထဲကိုဆေးထိုးသွင်းတာ အပါအ၀င်နည်းပေါင်းစုံနဲ့ကုနေတာ ကျမတို့မိသားစု အမေရိကားစရောက်တဲ့ ၂၀၀၉ ကတည်းကပါပဲ။ ခါးဆစ်ရိုးထဲဆေးထိုးသွင်းရလို့ ခံစား ရတဲ့ကြောက်ရွံ့ ခံခက်ဖွယ်ဝေဒနာအကြောင်းကို အခိုက်အတန့် များကိုဖြတ်သန်းခြင်း ဆိုပြီးရေးခဲ့ဖူးပါတယ်။
       ဒီတခါကတော့ တတိယအကြိမ်မြောက်ဆေးထိုးရမှာပါ။ ခါးရိုးထဲသံမဏိအပ်ထိုး သွင်းတဲ့ဒါဏ်ကိုခံနိုင်ပေမယ့် ဆေးဝင်သွားပြီးနောက်ခံစားရတဲ့ပြောရခက်သောဝေဒနာ ကြီးကိုတွေးကြောက်ပြီး ဆေးမထိုးခင်အကြိုညမှာ ကျမအိပ်မပျော်ပါဘူး။ စိတ်က ကြောက်နေတော့ လူကလည်းအမေ့မေ့အလျော့လျော့ဖြစ်နေလေရဲ့။အရင်တခါဆရာ ၀န်နဲ့တွေ့ခဲ့တုန်းက ဆေးမထိုးခင်တစ်ရက်မှာသောက်လက်စဆေးအားလုံးရပ်ပစ်ရ မယ်လို့ပြောခဲ့တယ်ထင်နေတယ်။ ဇဝေဇ၀ါနဲ့သောက်ရမလား၊မသောက်ရမလား ဝေခွဲ မရဖြစ်နေတယ်။ ဆရာဝန်ကိုလှမ်းမေးဖို့ကလည်း ရုံးချိန်မဟုတ်တော့ဘူး။ဘယ်သူ့ လှမ်းမေးရမှန်းမသိတာနဲ့ အကြံရပြီး အီးမေးလ်ရဲ့ Message Box မှာသူငယ်ချင်း ဆရာဝန်တွေလိုင်းပေါ်မှာတွေ့ရင်နှုတ်ဆက်ပါ၊ ကျန်းမာရေးကိစ္စတခုမေးချင်လို့ပါဆိုပြီး ရေးတင်ထားလိုက်တယ်။
        ညရောက်တော့မြန်မာပြည်က ငယ်သူငယ်ချင်း နားနှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ဒေါက်တာဝင်းထွန်းနဲ့ အွန်လိုင်းပေါ်မှာတွေ့တယ်။ သူငယ်ချင်းက အသေအချာရှင်းပြတယ်။ အိပ်မရတဲ့ရောဂါလည်း ရှိလို့ ညစဉ်သောက်နေကျအိပ်ဆေး ပါရပ်ပစ်ရမလားမေးတော့ သူငယ်ချင်းကအိပ်ဆေးတော့သောက်လို့ရတဲ့ အကြောင်း ပြောရင်း "နင်တရားထိုင်သင့်တယ်" လို့ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ထပ်ပြောလာ တယ်။ ကျမကလည်းထုံးစံအတိုင်း အေးပါ..ငါကြိုးစားပါ့မယ်လို့ ဘယ်နှစ်ကြိမ်မြောက် မှန်းမသိပြောမိတယ်။ သူငယ်ချင်းက'နင့်ကိုစိတ်ပူတယ်'လို့ chat box ထဲမှာအင်္ဂလိပ် လိုရိုက်ပြတော့ ကျမရင်ထဲမှာလှိုက်ကနဲဖြစ်သွားပြီး ၀မ်းသာဝမ်းနည်းဖြစ်သွားမိတယ်။ ၀င်းထွန်းလိုပဲငယ်သူငယ်ချင်းစိတ်ရောဂါအထူးကုဆရာဝန်တယောက် ဖြစ်တဲ့ ဒေါက်တာဆန်းလင်းကလည်း အွန်လိုင်းပေါ်မှာတွေ့တိုင်းအိပ်ပျော်ရဲ့လားမေးပြီး အိပ် မပျော်ဘူးပြောမိရင် 'နင့်ကိုစိတ်ပူတယ်' လို့ပြောနေ ကျ။ ကိုဆန်းလင်းရော ၀င်းထွန်း ရောက ကျမမြန်မာပြည်မှာရှိစဉ်ကအခမဲ့အချိန်ပြည့်ဆေးကုပေးခဲ့ကြတဲ့မိသားစုသူငယ် ချင်းဆရာဝန်တွေဆိုတော့ ကျမအကြောင်းကိုကောင်းကောင်းသိနေကြတယ်လေ။
        ကျမရဲ့နောက်ထပ်အွန်လိုင်းဆေးခန်းတခုကတော့ ကျမတို့ရဲ့စာပေအကိုကြီး ဒေါက်တာသက်ဦးခေါ်ကဗျာဆရာ မှိုင်း(ဆေး ၂)ပါ။ ကိုသက်ဦးနဲ့က ညတိုင်းလိုလို အွန်လိုင်းပေါ်မှာတွေ့တော့ညတိုင်းလိုလိုပဲ ချူခြာတဲ့ကျန်းမာရေးကိစ္စတွေမေးမိတယ်။ ကိုသက်ဦးက 'ညည်းကြောင့်မလုပ်ချင်တဲ့အလုပ်တွေပြန်လုပ်နေရတယ်။ ဆေးစာအုပ် တွေပြန်ဖတ်နေရတယ်လေ' လို့ပြောတော့လှိုက်တတ်တဲ့ရင်ကဖိုကနဲဖြစ်ရပြန်ရော။ 
       သူငယ်ချင်းဝင်းထွန်းလို ကျမကိုတရားထိုင်ဖို့အချိန်ပေးပြီး အလေးအနက် တိုက် တွန်းသူနောက်တဦးကတော့ ကိုထိန်(ပန်းချီ ထိန်လင်း)ပါ။ ကမရှိနေတဲ့နေရာရဲ့ ညကြီးအချိန်မတော်ကာလတွေ ကျမကိုအွန် လိုင်းပေါ်မှာတွေ့တော့စကားစပ်ရင်း ကျမမှာညအိပ်မပျော်တတ်တဲ့ရောဂါရှိကြောင်းသိသွားပြီး တရားထိုင်ဖို့လှိုက်လှိုက် လှဲလှဲတိုက်တွန်းတဲ့အပြင် ကျမနဲ့အနီးစပ်ဆုံး၊ အသင့်တော်ဆုံးတရားစခန်းကိုပါရှာပေး၊ လင့်တွေပို့ပေးလုပ်ရှာပါတယ်။ 
        ကျမဘ၀ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ကျမမကြာခဏနှုတ်ကဖွင့်ဟပြောမိသလို ရင်ထဲမှာလည်းအမြဲကျေ နပ်ပီတိဖြစ်နေရတဲ့ပိုင်ဆိုင်မှုကတော့ ကျမမှာကျမရဲ့အကျိုး ကိုလိုလားတဲ့သူငယ်ချင်းကောင်းတွေ မြောက်များစွာရှိနေခြင်းပါပဲ။ အခုလိုကမ္ဘာကြီး ရဲ့တထောင့်တစ်နေရာဆီမှာ ဘ၀ကနေရာချထားခြင်းခံရတာတောင် ကျမအနားမှာ ရှိနေသလိုအားအင်ကိုပေးနေနိုင်တဲ့သူငယ်ချင်းတွေရှိတာကျမဘယ်လောက်ကံကောင်း သလဲနော်။ 
       နောက်တနေ့ဆေးထိုးပြီးပြန်လာတော့ ဟိုအရင်ကာလတွေခါးဆစ်ရိုးထဲဆေး ထိုး ရင်ခံစားရတာထက်မလျော့တဲ့ဝေဒနာဆိုးကိုခံစားရတာပါပဲ။ ဆေးရုံကပြန်လာ တော့ခါးကနာ၊ ခေါင်းထဲမှာမူးနောက်ပြီးမကြည်မလင်မအီမသာဖြစ်နေပေမယ့် နေခြည် ၀င်းတဲ့နွေဦးကြောင့် ရင်ထဲမှာနွေးနေတယ်။ နေခြည်ဝင်းနေပေမယ့် အဆောက်အဦး တွေ၊ ကားတွေထဲကထွက်လိုက်ရင် အပြင်လောကကစိမ့်အေးနေတုန်းပါပဲ။ နွေဦးပန်း တချို့စပွင့်ဖို့အားယူနေကြပြီ။  ကျမဆေးရုံသွားဖို့ရှိတိုင်းကားမောင်းပို့ပေးလေ့ရှိတဲ့ သူငယ်ချင်းလော်ရာကလည်း 'နေရ တာအဆင်ပြေရဲ့လား' တဖွဖွမေးနေတယ်။ ကျမကတော့ဆေးထိုးအပ်ဝင်ထားလို့နာနေတဲ့ခါးဆစ်ရိုးကိုလက်နဲ့အုပ်ရင်း သူမေးတိုင်း တွင်တွင်ပဲခေါင်းညိတ်ပြုံးပြနေမိတယ်။ 
        အိမ်ရှေ့မှာကားရပ်တော့ လော်ရာ့ကိုကျေးဇူးတင်ကြောင်းပြောပြီး ကားပေါ်က ဆင်းတယ်။ ခေါင်းထဲမှာမိုက်ကနဲ၊ ခါးရိုးထဲကစစ်ကနဲဖြစ်သွားပြီး ရင်ထဲမှာလဲ လှိုက်က နဲဖိုသွားတယ်။အဲဒီအချိန်ရင်ဖိုတာကသူငယ်ချင်းတွေရဲ့မေတ္တာစကားတွေကြားရချိန်မှာ ရင်ဖိုတာနဲ့လုံးဝမတူပါဘူး။ ဒါပေမယ့် အဲဒီအချိန်ကလေးမှာပဲကျမကသူငယ်ချင်းတွေ ကိုသတိရသွားတယ်။ နေရောင်က ကျမမျက်နှာပေါ်တိုက်ရိုက်ကျလာတော့ သိသိ သာသာကြီးမဟုတ်ပေမယ့်အနွေးဓါတ်ကိုခံစားလိုက်ရတယ်။ နာကျင်ခံခက်နေရင်း ကြားက ကျမပြုံးမိတယ်။ တကယ်တော့ရာသီဥတုရဲ့အနွေးဓါတ်ကိုပဲဖြစ်စေ၊ မေတ္တာ တရားရဲ့အနွေးဓါတ်ကိုပဲဖြစ်စေ နှလုံးသားနဲ့ခံစားနိုင်ရင်ကို ဘ၀ကအတိုင်းအတာတခု ထိပြည့်စုံသွားတာပဲမဟုတ်လား။
        သူငယ်ချင်းတွေက နင့်ကိုစိတ်ပူတယ်လို့တိုက်ရိုက်ဖွင့်ဟပြောကြတာကိုရော ပြောနေတဲ့စကားလုံးတွေထဲမှာစိတ်ပူရိပ်နဲ့ဝေဒနာ ပျောက်ကင်းစေလိုတဲ့အငွေ့တွေ ပါနေရင်ပါ သူတို့တွေမေတ္တာက ကျမရင်ထဲတည့်တည့်တိုးဝင်သွားပြီး လှိုက်ကနဲခံစား ရတတ်ပါတယ်။ အဲဒီလိုလှိုက်ကနဲခံစားရချိန်မှာပျော်ရွှင်ပီတိဖြစ်ရပေမယ့် သူတိုရဲ့ မေတ္တာကိုလက်ခံအသိအမှတ်ပြုကြောင်းပြဖို့ကျတော့ ကျမလှိုက်ကနဲခံစားရတဲ့ စကား တွေသူတို့ကျမကိုခဏခဏမပြောရအောင်နေရမယ်လေ။ 
        အေးခဲသွားမတတ်ပြင်းထန်တဲ့ဆောင်းရာသီကြမ်းကဝေဒနာဆိုရင် မလွဲမသွေ ရောက်လာမယ့်နွေဦးနေခြည်တွေက မိတ်ဆွေသူငယ်ချင်း အချင်းချင်းထားတဲ့ မေတ္တာ တရားပေါ့။ ကျမကိုယ်ကျမသစ်ပင်ကလေး တစ်ပင်လိုသတ်မှတ်လိုက်မယ်ဆိုပါစို့။  ရာသီကြမ်းကြားခဏပုန်းခိုနေတဲ့သစ်ပင်ကလေးဟာနွေဦးနေခြည်နဲ့ ပြန်ဆုံတဲ့အခါ ရှုမငြီးတဲ့ပန်းတွေပွင့်လာကြရမှာပဲ။ အဲဒီပန်းတွေက ကျမတို့တတွေရဲ့ အတက်အကျ ထွေပြားတဲ့ဘ၀လမ်းကိုဖြတ်ကျော်နိုင်စေမယ့် အင်အားတွေပဲပေါ့။ 
       ကျမတို့လူသားတိုင်းမှာ ရာသီကြမ်းတွေရှိပါတယ်။
       အဲဒီလိုပဲ နွေဦးနေခြည်မလွဲမသွေရောက်လာချိန်တွေလည်းရှိပါတယ်။
       ဒီတော့ ဘ၀လမ်းကိုဖြတ်သန်းဖို့ အင်အားပန်းပွင့်တွေလည်းလူတိုင်းမှာ ပွင့်နေ ကြပါတယ်။
      ကျမတို့က အဲဒီပန်းကလေးတွေမှန်မှန်နဲ့ကြာကြာပွင့်ဖို့ ရေလောင်းပေါင်းသင် ကြဖို့တော့လိုသပေါ့နော်။


( သူငယ်ချင်းမိတ်ဆွေများ အားလုံးအတွက်)


                                                                                              ခက်မာ


Labels: | edit post
2 Responses
  1. Anonymous Says:

    အစ်မခါးနာ သက်သာပါစေ..။
    နွေဦးပန်းလေးတွေ ချစ်စရာ..။
    ဒစ်ဖိုဒေးလ် ပန်းဝါလေးတွေကို သဘောကျတယ်။


    ပေါက်


  2. Unknown Says:

    အိပ်မပျော်တဲ့ရောဂါရဲ့ဒဏ်ကို အိပ်မပျော်ဖူးတဲ့သူပဲသိတယ်၊ ညီမအဖေလည်း အဲဒီရောဂါကြောင့်ဆေးခန်းပြ ဆေးစွဲသောက်နေရပြီး ညီမလည်းအိပ်မပျော်တတ်လို့ကိုယ်ချင်းစာမိတယ်၊ အမအမြန်ဆုံးသက်သာပါစေ၊ ခါးနာတာရောပေါ့
    စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး အနုပညာတွေအများကြီးဖန်တီးနိုင်ပါစေ၊