1. 2.

                                                                                                                                (သရုပ်ဖေါ် ပန်းချီစံမင်း)
မှတ်မှတ်ရရ ၂၀၀၈ နှစ်လည်လောက်မှာ ကျွန်မခါးနာနေတာကို သတိထားမိသည်။ ဆရာဝန်ပြလည်း ခဏတော့ သက်သာသလိုသလိုရှိကာ လုံးလုံးတော့မပျောက်ပြန်။ ဒီတော့ဆရာဝန်က အမျိုးသမီးရောဂါ တစ်ခုခုနှင့် ဆက်စပ်နေမလားတွေးကာ သားဖွားမီးယပ်အထုးကုနှင့် ပြကြည့်ဖို့ တိုက်တွန်းသည်။ ဒါနှင့်ပဲ သားဖွားမီးယပ်အထူးကု ပါမောက္ခ ဒေါက်တာကျော်ညွန့်နှင့် ပြဖြစ်သည်။ ဆရာကြီးက ကျွန်မကို ဓါတ်မှန်ရိုက်ခိုင်းသည်။ ခါးနာတာနှင့် ပတ်သက်သော သဲလွန်စ မရပါ။ သားအိမ်ထဲက အသားစကို စစ်ခိုင်းပြန်သည်။ ညောင်မြစ်တူးတာ ပုတ်သင်ဥပေါ်သည်ပဲ ပြောရမလား၊ ယုန်ထောင်ကြောင်မိလို့ပဲ ဥပမာ ပေးရမလားမသိပါ။ ခါးနာတာနှင့် မပတ်သက်သော အမျိုးသမီးရောဂါ တစ်ခုတွေ့သည်။ ထိုရောဂါကို ဆက်ကုရင်း ခါးနာတာကုဖို့က နောက်ဖက်ရောက်သွားသည်။ ၂၀၀၉  မှာ အမေရိကားကို ထွက်လာတော့ ခါးနာရောဂါက တန်းလန်း ကြီးပါလာသည်။
       ရောက်စမှာတော့ အလုပ်တွေရှုပ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်နေသေးသည်။ ၂၀၀၉ နှစ်လည်လောက်မှာ ခါးကပြန်နာလာ၏။ အော်ဟစ်နေရလောက်အောင် ဆိုးဆိုးဝါးဝါးကြီး မဟုတ်တာကြောင့် မှေးနေလိုက်သေးသည်။ နောက်တော့ ကြာကြာလမ်းလျှောက်လို့မရ၊ ကြာကြာထိုင်လို့ မရ၊ ကုန်းပြီးလုပ်ရသော အလုပ်တွေလုပ်လို့ မရ ဖြစ်လာသည်။ ဘယ်ဖက်ခြေ သလုံးကပါ ထုံလာကာ အမျိုးသားတစ်ယောက် အားနှင့် နှိပ်တာနင်းတာတောင် မနာတော့ပါ။ နောက်ဆုံးတော့ ဆရာဝန်ပြရတော့သည်။ ထုံးစံအတိုင်းပထမ အထွေထွေသမားတော်၊ ထိုသမားတော်ကတဆင့် ခါးရိုးပိုင်းဆိုင်ရာ အထူးကျွမ်းကျင်သူ Neurosurgeon တစ်ယောက် ကိုလွှဲပေးသည်။ နောက်ထပ်တွေ့ရသည့်ဆရာဝန်က x-ray ရိုက်ခိုင်းသည်။ ခါးနာခြင်းနှင့် ဆက်စပ်သော ထူးခြားသည့်တွေ့ရှိမှု မရှိပါ။ ထို့နောက် MRI ရိုက်ခိုင်းသည်။ MRI အဖြေရ တော့ Neurosurgeon ကိုသွားတွေ့ရသည်။ ဆရာဝန်ကြီးက Neurosurgery ဌာန၏ ဌာနမှုး ဖြစ်သည်။ ဆရာဝန်ကြီးနှင့်အတူ ကျွန်မ၏ ခါးနာရောဂါကို လေ့လာချင်သည်ဆိုသော လူငယ် ဆရာဝန်တစ်ယောက်လည်း ရှိနေသည်။
            သူတို့က ကျွန်မ၏ MRI ရိုက်ထားသော ပုံတွေကို အရင်ကြည့်ကြသည်။ ဆရာဝန်ကြီးက ပုံတစ်ပုံကို နှစ်စက္ကန့် လောက်ပဲကြည့်ကာ နောက်တစ်ပုံ၊ နောက်တစ်ပုံ ပြောင်းကြည့်သည်။ ပုံတွေကလည်း လေးဆယ် ငါးဆယ်လောက် ရှိမည်ထင်သည်။ ပုံတွေကို တဖြတ်ဖြတ်ကြည့်နေစဉ် သူတို့ဘာစကားမှ မပြောပါ။ တစ်ပုံကို နှစ်စက္ကန့်ခန့်နှုန်းနှင့် ပုံတွေအားလုံး ကြည့်ပြီးသွားတော့ ဆရာဝန်ကြီးက ဆရာဝန်လေး ဖက်လှည့်မေးသည်။
 ထူးခြားတာဘာတွေ့လဲ

ကျွန်မနှင့် အဖော်လိုက်လာပေးသော အိမ်နီးချင်းမိတ်ဆွေ ဒိုင်ယန်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ဆရာဝန်လေးအတွက် စိုးရိမ်သွားကြ၍ဖြစ်သည်။ ကျွန်မတို့ကတော့ ခါးဆစ်ရိုးပုံ မည်းမည်းရိပ်ရိပ်တွေ တဖြတ်ဖြတ် ပြောင်းသွားတာပဲ မြင်ခဲ့သည်။ ဆရာဝန် ကလေးကတော့ သတိထားသည့်ပုံ ပေါ်နေပေမယ့် အေးအေးဆေးဆေးပဲ အဖြေပေးပါသည်။
 “ အောက်ဆုံး ခါးဆစ်ရိုးနှစ်ခုကြားမှာ ပုံမှန် မဟုတ်ဘူးထင်ပါတယ်။
“ မှန်တယ်
            သည်တော့မှ ဆရာဝန်ကြီးက ကွန်ပျူတာကို ကျွန်မတို့ ဖက်လှည့်ကာ ဆရာဝန်လေးကိုရော ကျွန်မတိုကိုပါ တပြိုင်ထဲရှင်းပြသည်။
            “ခါးရိုးမကြီးရဲ့ အောက်ဆုံး အဆစ်နှစ်ခုကြားမှာ ကူရှင်လိုခံတားတဲ့ အရွတ်ကလေးက အပြင်ကို နည်းနည်းလေး ကျွံထွက်နေတယ်။ အဲဒီကျွံထွက်နေတဲ့ အရွတ်က ပထမနဲ့ ဒုတိယ ခါးရိုးအဆစ်နှစ်ခုကြားကနေ ထွက်လာပြီး ဘယ်ဖက်ခြေထောက်ထဲသွားတဲ့ နာ့ဗ်ကျောကိုဖိ ထားတယ်။ ဒါကြောင့်ခါးက ဆက်တိုက်နာနေတဲ့အပြင် ဘယ်ဖက်ခြေသလုံးကလည်း ထုံနေတာ။”
ဆရာဝန်ကြီးက ခုမှ ပုံတွေကို အသေအချာကြည့်ရင်း ရှင်းပြသည်။ ဒါကရှေ့ဖက်ကမြင်ရတဲ့ပုံ၊ ဒါက နောက်ဖက်ကမြင်ရတဲ့ပုံ၊ ဘေးတိုက်ရိုက်တဲ့ပုံမှာ ပိုသိသာတယ် စသည်ဖြင့်ပေါ့။ ကျွန်မကတော့ ကိုယ့်ခါးထဲက အရိုးအဆစ်တွေ၊ အကြောတွေကို ပြန်မြင်နေရတာကို အံ့သြတာအပြင် တဖြတ်ဖြတ်ပြောင်းသွားသော ဓါတ်ပုံတွေကို နှစ်စက္ကန့် မျှကြည့်ရုံနှင့် လက်သည်းခွံခန့် သာမြင်ရသည့် အရွတ်လေးက ပုံမှန်နေရာ မဟုတ်တာကို သတိထားလိုက်မိသော သူတို့၏ ပညာကိုပါ အံ့သြနေမိ သည်။
            “ခွဲစိတ်ကုတာကိုတော့ နောက်ဆုံးရွေးချယ်မှု အဖြစ်ပဲ လုပ်ကြည့်ချင်တယ်။ အရင်ဆုံး သောက်ဆေးနဲ့ စကြည့်ကြတာပေါ့။”
            ကျွန်မကတော့ ပညာရှင်တွေ ပြောသမျှ ခေါင်းညှိတ်ရုံအပြင် ဘာတတ်နိုင်မှာလဲ။ နောက် နှစ်ရက်လောက်အတွင်းမှာ ကျွန်မဆီကို ငွေတောင်းခံလွှာတစ်ခု ရောက်လာတော့ ကျွန်မမျက် လုံးပြူးသွားသည်။ X-ray နှင့် MRI ရိုက်ခက ဒေါ်လာ ၂၄၅၀ ဆိုပါလား။ ကျွန်မမှာ ကျန်းမာရေး အာမခံရှိတယ်လေ။ ဘာကြောင့် ဒီလောက်ကျရတာလဲ။ ကမန်းကတန်းနှင့် ဆေးရုံကိုဖုန်းခေါ်ရ ပြန်သည်။ ဆေးရုံကို ဖုန်းခေါ်နေစဉ်အတွင်း ရင်ကတုန်နေရသည်။ ဒေါ်လာ ၂၅၀၀ နီးပါးငွေလေ။ ဒါတောင် ဆရာဝန်ကြီးနှင့် တွေ့ခတွေ မပါသေး။ ဖုန်းဆက်ပြီးမှ သက်ပြင်းချရသည်။ ကျွန်မတို့ ကျန်းမာရေး စောင့်ရှောက်မှု အာမခံကဒ်တွေက သြဂုတ်လဆန်းမှာ အသစ်လဲရသည်။
ကျွန်မ MRI ရိုက်တာက သြဂုတ်လ ဒုတိယပါတ်ထဲမှာ။ သူတို့က ကျွန်မ၏ ကဒ်အဟောင်းက နံပါတ်ကို ဆက်သုံးပြီး ငွေတောင်းခံလွှာပို့ လိုက်တာဖြစ်သည်။
ဆရာဝန်ကြီး ပေးသောဆေးက အတော်သက်သာပါသည်။ ဒါပေမယ့် ဆေးသောက်တာ တစ်လပြည့်သွားသော်လည်း လုံးလုံး မပျောက်ပြန်ပါ။ ဆေးကုန်ချိန်မှာ ဆရာဝန်ကြီး ရုံးခန်းကို ဖုန်းနှင့်ဆက်သွယ်တော့ ဆရာဝန်ကြီးက ခါးနာပျောက်ဆေးတွေကို တစ်လထက် ပိုမသောက် စေချင်ကြောင်းပြောပြီး Pain Medication ဆရာဝန်ဆီလွှဲပြန်သည်။
            ဒီမှာ ဆရာဝန်နှင့်တွေ့ဖို့ ရက်ချိန်းယူရတာ နည်းနည်းစောင့်ရသည်။ ဆယ်ရက်ခန့် ခွာချိန်းပြီးမှ နောက်ထပ် ဆရာဝန်အသစ်နှင့် တွေ့ရ၏။ အဲဒီမနက်မှာ Pain Medication ဆရာဝန်က မနက် ရှစ်နာရီ ချိန်းတာကြောင့် ကျွန်မကို ကားမောင်းပို့မည့် သူငယ်ချင်း လော်ရာနှင့် ကျွန်မတို့အိမ်က ခုနှစ်နာရီ ကျော်ကျော်ထဲက ထွက်ရသည်။ ဒီက ဆေးရုံတွေ ထုံးစံအတိုင်း မေးခွန်းပေါင်း များစွာကို ဖြေရသည်။ ဘယ်ပစ္စည်းနဲ့ ဓါတ်မတည့်သလဲ၊ ဘာဆေးနဲ့ မတည့်တာရှိသလဲ။ ဘာဆေးတွေ သောက်ခဲ့ဘူးသလဲ။ လောလောဆယ် ဘာဆေး သောက်နေသလဲ။ ဘယ်လောက် သောက်သလဲ။ ခါးနာတာက စူးနာတာလား၊ ပြန်နာတာလား၊ ကိုက်သလို နာတာလား၊ ဘယ်အချိန်မှာ အနာဆုံးလဲ၊ ဘယ်အချိန်မှာ အသက်သာဆုံးလဲ။ မေးခွန်းတွေ အကုန်လုံးကျွန်မ မမှတ်မိပါ။  စာရွက်စာတန်းတွေကို မိနစ် ၂၀ လောက်ဖြည့်ပြီး ဆရာဝန်ကို မိနစ် ၂၀ လောက် စောင့်ရပြန်သည်။
            ဆရာဝန်ဝင်လာတော့ ကျွန်မ ရုတ်တရက် ဇဝေဇ၀ါဖြစ်သွားသည်။ ဒေးဗစ်များလား။ မဖြစ်နိုင်မှန်း သိပေမယ့် သူတို့ ဘယ်လိုဆက်စပ်ကြသလဲဟု အတွေးဆက်မိသည်။ ဒေးဗစ်ကွန်ရက် ( David Conrad ) က အမေရိကန် တီဗွီစီးရီးစ် Ghost Whisperer ထဲက ခေါင်းဆောင် မင်းသားဖြစ်သည်။ ၂၀၁၀ Jazz Poetry Concert တွင် အခမ်းအနားမှူးလုပ်သလို ကျွန်မ၏ အက်ဆေးတစ်ပုဒ်နှင့် ကဗျာတပုဒ်ကို ကျွန်မနှင့် တွဲ၍ရွတ်ပေးခဲ့သည်။ ထိုမင်းသားနှင့်အလွန် တူသောဆရာဝန်က တူသေးသေးလေး တစ်ချောင်းနှင့် ကျွန်မခြေထောက်ကို ဟိုဟိုသည်သည် ခေါက်သည်။ ခုန သူနာပြုမေးပြီးသား မေးခွန်းတော်တော်များများကို ထပ်မေးသည်။
            “ကဲ .. ခဏနေရင် ခင်ဗျားခါးဆစ်ရိုးထဲကို ခါးနာတာသက်သာစေမယ့် ဆေးထိုးထည့် ပေးမယ်။ ၁၅ မိနစ်လောက်ပဲကြာမှာပါ။ ခဏနေရင်တွေ့မယ်နော်။”
            သူထွက်သွားတော့ ကွန်မကို အဖော်လိုက်လာပေးသော သူငယ်ချင်း လော်ရာက ခပ်တိုးတိုး ကပ်ပြောသည်။
            “ ဆရာဝန်က ဒေးဗစ်ကွန်ရက်နဲ့ တူလိုက်တာ။”
            “ ဟုတ်တယ်။ တို့လည်း သတိထားမိတယ်။”
            “ ခဏနေလို့ သူနဲ့ပြန်တွေ့ရင် ဒေးဗစ်နဲ့ ဘာတော်လဲ မေးကြည့်ပါလား။”
            “အင်း .. မေးလိုက်မယ်လေ။”
            အထူးကု ဆရာဝန်နဲ့ မင်းသား ဘာတော်သလဲ သိချင်သော အမေရိကန် အီတာလျှံကပြား မလေးက အသားထဲ အပ်ထိုးထည့်တာတော့ မကြည့်ရဲပါတဲ့။ အပြင်ကပဲ စောင့်ပါရစေဟု ကျွန်မ ကိုခွင့်တောင်းသည်။ ကျွန်မက အလွန်နားလည်စွာ သူမကို ဧည့်ခန်းမှာ စောင့်စေလိုက်သည်။ ဆရာဝန်မလာခင် လော်ရာ့ကို ကျွန်မအတွေ့ အကြုံတစ်ခု ပြောပြလိုက်သေးသည်။
ကျွန်မ အထက်တန်းကျောင်းသူဘ၀က အဘွားနှင့်အတူ ရွာက သမ၀ါယမ ဆေးခန်းအတွက် ငှားထားသော ဆရာဝန်မလေးဆီ အဖော်လိုက်သွားပေးခဲ့သည်။ ဆရာဝန်မကလေးက ဆရာဝန်ဖြစ်စ ခပ်ငယ်ငယ်လေး။ “အဘွားဘာဖြစ်သလဲ” ဟု နွေးနွေးထွေးထွေး မေးသည်။ အဘွားအဖြေကို ကြားတော့ ဆရာဝန်မကလေး မျက်လုံးက အရင်ဝိုင်းသွားသည်။ ပြီးတော့ နကိုယ်မှေးသော မျက်လုံးကလေးတွေ ပိတ်သွားအောင် အူတက်မတတ်ရယ်ပါတော့သည်။ အဘွားဖြေလိုက်တာကိုလည်း ကြည့်လေ။
            “ကျွန်မ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုတော့ မှားနေတယ်ထင်တယ် ဒေါက်တာရယ်။ ကျွန်မ လေလည်ရင် မနံဘူး”
            အဘွား ဘာကြောင့် ဆရာဝန်လာပြသလဲ မမေးထားမိသော ကျွန်မပါ ဆရာဝန်မလေးနှင့် အတူ ရောရယ်မိသည်။ ဆရာဝန်မလေးက အတော်ကြိုးစား၍ ရယ်ရှိန်သတ်ကာ ရှိုက်သံမပျောက်သေးသော အသံနှင့် အဘွားကိုပြော၏။
“အဲဒါ ကောင်းတာပေါ့ အဘွားရဲ့။ ကိုယ်ထဲမှာလအပူအပုပ်မရှိလို့ လေလည်တာမနံတာ ပေါ့။”
            အဘွားက မျက်နှာကို ခပ်မဲ့မဲ့ထား၍ အထွန့် တက်သည်။
            “ လေလည်တယ်ဆိုတာ နံရမှာပေါ့ ဒေါက်တာရယ်။ လေလည်တာ မနံဘူးဆိုတာက ပုံမှန်မဟုတ်လို့ပဲ။”
            ဆရာဝန်မကလေးခမျာ အဘွားကျေနပ်အောင် ရယ်ချင်ရိပ် မပျောက်သောမျက်နှာဖြင့် အတော်ကြိုးစား ရှင်းပြရသည်။ နောက်ဆုံး ဘယ်လိုနားလည်မှု ရသွားသည်မသိ။ အကြောအား  ဆေးတစ်လုံး ထိုးပေးဖို့ သဘောတူကြသည်။ အဲဒီခေတ်ကတော့ မော်ရီယာမင်း ပဲထိုးကြတာ ဖြစ်မည် ထင်သည်။ ပုံမှန် တင်ပါးကိုထိုးသော အပ်ထက် နည်းနည်းကြီးသော အပ်ထဲမှာ အဖြူရောင် ဆေးရည်တွေရှိသည်။ ဆရာဝန်မကလေးက အဘွားလက်မောင်းရင်းကို ၀ိုင်းညှစ်ပေးဖို့ ကျွန်မကို အကူအညီတောင်းသည်။ ဆယ်တန်းစာမေးပွဲ ဖြေထားသော ကျွန်မက ဆရာဝန်လုပ်ဖို့ စိတ်ကူးယဉ်နေသော ကာလမို့ အားတက်သရောပဲ ကူညီပေးလိုက်သည်။ လက်မောင်းအကြောထဲကို ဆေးထိုးအပ် ထိုးထည့်တာကို ကြည့်နေစဉ်အထိ အိုကေပဲ။ အပ်ကလေး အကြောထဲ ရောက်သွားတော့ ဆရာဝန်မကလေးက ဆေးထိုးအပ်မောင်းတံကလေးကို နောက်ဖက် နည်းနည်း ဆွဲထုတ်လိုက်သည်။ ထိုအခါ အဘွားလက်မောင်းထဲမှ သွေးစကလေးတွေက စရင်းထဲဝင် လာသည်။ မြင်စကတော့ ကြည့်ရတာ လှသလိုပဲ။ ကြည့်နေရင်း ကျွန်မမျက်စိတွေ ၀ါးလာသည်။ ခေါင်းတွေမူးလာသည်။
            “အားခေါင်းမူးလိုက်တာ။”
            ကျွန်မကအဲဒီလို ညည်းရင်း လူကပါ ယိုင်လဲတော့မလို အခြေပျက်သွားတော့ ဆရာဝန်မ ကလေးခမျာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ သူ့ လက်ထဲမှာ ဆေးထိုးအပ်က တန်းလန်းကြီး ရှိနေသေးတယ်လေ။ အဘွားကလည်း မျက်လုံးဝိုင်းကြီးတွေနှင့် မော့ကြည့်သည်။ ကျွန်မက အမြင်တွေေ၀၀ါးနေတာကြောင့် မျက်စိကို ပိတ်ထားသည်။
            “ ဖေဖေရေ..လာပါဦး။”
            ဆရာဝန်မကလေးက အိမ်နောက်ဖက်မှာ ရှိနေသော သူမအဖေကို လှမ်းခေါ်သည်။
၀၀တုတ်တုတ် တရုတ်ကြီးတစ်ယောက် ထွက်လာတော့ ခပ်သွက်သွက်ညွှန်ကြားသည်။
သူ့ကို နောက်ဖက်ခေါ်သွားပြီး လှဲနေခိုင်းလိုက်ပါ။ သမီးခုပဲ လာခဲ့မယ်။”
အဆုံးမှာတော့ ကျွန်မလည်း အဘွားလို အားဆေးတစ်လုံး အကြောထဲသွင်းခဲ့ရသည်။ ကိုယ့်လက်မောင်းထဲ ဆေးထိုးတာကိုတော့ မကြည့်တော့တာမို့ ခေါင်းတွေ မူးမလာတော့ပါ။ အဲဒီကတည်းက ကျွန်မဘယ်သူ့ကို ဆေးထိုးထိုး မကြည့်တော့တာဒီနေ့ အထိပါပဲ။ ကိုယ့်ကိုယ်ထဲတော့ မကြာခဏ ဆေးတွေ ထိုးသွင်းတာခံရပေမယ့် အသားထဲ ဆေးထိုးအပ်ဝင်သွားတာကို မကြည့်တော့တာမို့ နာတာကလွဲပြီး မူးဝေထိတ်လန့်မှုကို မခံစားရတော့ပါ။ ကျွန်မ မရေမရာမက်ခဲ့သော ဆရာဝန်အိပ်မက်ကလေးလဲ လှလှပပပင်ပျောက်ဆုံးသွားတော့သည်။ 
                        ~                                  ~                                  ~
ခါးရိုးထဲ ဆေးထိုးဖို့အတွက် စက်ကရိယာအမျိုးစုံ တပ်ထားသော အခန်းတစ်ခုထဲရွှေ့ရသည်။ အခန်းထဲမှာ ကွန်ပျူတာအကြီးကြီး တစ်လုံးရှိသည်။ ကွန်ပျူတာမျက်နှာပြင်မှာ ကျွန်မခါးရိုးပုံ ပေါ်နေသည်။ မင်းသားနှင့်တူသော ဆရာဝန် အခန်းထဲဝင်လာတော့ သူက ကျွန်မခါးရိုးပုံကိုပြကာ ဘယ်နေရာကနေ ဆေးကိုထိုးသွင်းမည့်အကြောင်း ဆေးထိုးအပ်က ဘယ်နေရာထိ ၀င်သွားမှာဖြစ်ပြီး ဆေးကဘယ်လိုပြန့် သွားမည်ဆိုသည့်အကြောင်း ဆေးထိုးသွင်းနေချိန် ကြာသော၁၅ မိနစ်ခန့်အတွင်း ကွန်ပျူတာမျက်နှာပြင်ကိုကြည့်ကာ ခါးရိုးထဲ ဆေးထိုးအပ်ဝင်သွားတာ၊ ဆေးဝင်သွားတာတွေ ကြည့်နိုင်ကြောင်း၊ ဆေးထိုးပြီးလျှင်လည်း သူလုပ်ခဲ့သမျှ အသေအချာ ရှင်းပြပါမည့်အကြောင်း ပြော၏။ ကျွန်မကတော့ ကွန်ပျူတာမျက်နှာပြင်ကို မကြည့်မှာ သေချာနေသည်မို့ သူပြောသမျှ “Yes” ဟုသာ စကား ထောက်ပေးနေလိုက်သည်။ ကျွန်မ ညာဖက်မှာ ဆရာဝန်နှင့် သူနာပြုဆရာမ တစ်ယောက်ရှိနေပြီး ဘယ်ဖက်က ကွန်ပျူတာအနီးမှာတော့ ကျွန်မခါးရိုးထဲ အပ်ဝင်သွားတာ၊ ဆေးဝင်သွားတာတွေကို ကွန်ပျူတာနှင့် အသေးစိတ်မှတ် တမ်းတင်ပေးမည့် မိတ်ကပ်ထူထူ လိမ်းထားသော အမျိုးသမီးပညာရှင်တစ်ဦး ရှိနေသည်။
            “ ခါးရိုးထဲကနေ ဆေးတစ်လုံးကိုမင်းရဲ့ ဘယ်ဖက်ခြေထောက်ထဲထိ ဆေးဝင်သွား အောင်ထိုးပေးမယ်။ ခြေထောက်ထဲ ဆေးဝင်သွားတာကို မင်းခံစားရလိမ့်မယ်။ ဆေးထိုးပြီးရင် မင်းခြေထောက်က ထုံပြီး အားနည်း နေလိမ့်မယ်။ ခေါင်းမူးတာ ခေါင်းကိုက်တာမျိုးလည်း ဖြစ်တတ်တယ်။ အဲဒီလိုဖြစ်လာရင် ပုံမှန်လို့ပဲ သဘောထားနော်။”
            ခါးရိုးထဲ ဆေးထိုးထည့်တာဆိုတော့ နာတာပေါ့။ ဒါပေမယ့် ခါးရိုးထဲ ၀င်သွားသော ဆေး ထိုးအပ်ကို မမြင်ရတော့ နာမှာသိပေမယ့် မကြောက်လှပါ။ နည်းနည်း ဖိအားပေးမယ်။ ဆေးထိုး အပ်ထည့်တော့မယ်။ ဒီတစ်ခါ နည်းနည်းပိုဖိအားများမယ်။ နောက်ထပ် အပ်တစ်ချက်လာမယ် စသဖြင့် ဆရာဝန်က အသေးစိပ် သတိပေးနေသည်။ ဘယ်ဖက်ခြေဖျားထိ ဆေးဝင်သွားသော တစ်ချက်ကတော့ အတော်နာသည်။ ခါးဆစ်ရိုးထဲကို ဆေးခြောက်လုံးခန့် ထိုးသွင်းပြီးသွားချိန် မှာတော့ “အားလုံးပြီးပြီ” ဟုဆရာဝန်ကပြောသည်။ ကျွန်မကို ဖြည်းဖြည်းထခိုင်းပြီး ကွန်ပျူတာကို ညွှန်ပြကာ အသေးစိပ် ပြောပြသည်။
            “ဆေးထိုးအပ်က ကျောရိုးရဲ့ ဘယ်ဖက် ဒီနေရာက စ၀င်သွားပြီး  ခါးဆစ်ရိုးအလယ်ကို ရောက်သွားတယ်။ မင်းခါးရိုးထဲကို ဆေးပြန့် သွားတဲ့အနေအထားကို ဒီပုံ မှာဟောသလိုတွေ့ နိုင်တယ်။”
ဆရာဝန်ပြောတာကို နားထောင်နေရင်း ကျွန်မ ခေါင်းတွေမူးလာသည်။ ခေါင်းမူးတာပုံ မှန်ဟု သူကပြောထားသည်မို့ သူ့ကို ဘာမှမပြောပြတော့ပေမယ့် သူဆက်ပြောတာတွေ မကြားတော့ပါ။ သူက ရှင်းပြပြီးတော့ နှုတ်ဆက်ကာ ထွက်သွားသည်။ သူနာပြုဆရာမ တစ်ယောက်က ကျွန်မကို ဘီးတပ်ကုလားထိုင်ပေါ် ထိုင်စေပြီး ကပ်လျှက် အခန်းကိုခေါ်သွားသည်။ တဖက်ခန်းရောက်တော့ ကျွန်မခေါင်းမူးတာ တော်တော်အခြေအနေ ဆိုးနေပြီ။ နေရတာခြာခြာ လည်နေသလို ခံစားရသည်။ မျက်စိဖွင့် ကြည့်လိုက်တော့ မြင်သမျှက အစိမ်းရောင် ကမ္ဘာကြီး ဖြစ်နေသည်။ လူတွေ အရာဝတ္တုတွေကို မြင်နေရပေမယ့် သူရဲကားတွေထဲမှာ မြင်ရသလို အားလုံးတစ်ရောင်ထဲ ဖြစ်နေပြီး လူတွေ၏ရွေ့ လျားမှုတွေက နှေးကွေးကာ လွင့်မျောနေတာနှင့် ပိုတူနေသည်။သည်။ ထူးထူးဆန်းဆန်း အမြင်အာရုံနှင့် ဆိုးဝါးသော ခံစားမှုကို ခံစား နေရင်းမှပဲ ကျွန်မက ပေါက်ပေါက်ရှာရှာ တွေးလိုက်သေးသည်။ ကျွန်မတို့ ၀တ္တုတွေထဲမှာ ဖတ်ဖူးတာက လူတွေ သေကောင်ပေါင်းလဲ ခံစားရသောအခန်းတွေမှာမျက်စိတွေပြာလာပြီ။” ဟု ရေရွတ်ကြောင်း ရေးတတ်ကြသည် မဟုတ်လား။ ကျွန်မကတော့ ဘာကြောင့်မျက်စိတွေ စိမ်းနေရတာ ပါလိမ့်။ သေဆုံးကာနီး လူတွေခံစားရသည့် မျက်စိတွေ ပြာလာပြီဆိုသော အနေအထားကို ကျွန်မက မျက်စိတွေ စိမ်းလာပြီဆိုသော ခံစားမှုဖြင့် ခံစားနေရတာလား။ ခံစားရတာ ဆိုးလိုက်တာ။  ကျွန်မလက်မှာ တစ်ခုခုတပ်ဆင်လိုက်တာ၊ စက်သံတွေ တတီတီကြား နေရတာတော့ သိနေသည်။
“ကျွန်မခေါင်း အရမ်းမူးတယ်။ လှဲချင်တယ်”
“ဟာ .. သွေးပေါင်ချိန်က ၆၀/ ၂၇ ထိကျသွားပြီ။”
            ထိုသို့ ရေရွတ်သံကြားရပြီး ကျွန်မအခန်းထဲက သူနာပြုဆရာမ နှစ်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားတာလဲ ၀ိုးတ၀ါးသိနေသည်။ ကျွန်မကို ကုတင်ပေါ်လှဲစေသည်။ တတီတီအသံတွေ ကြားနေရသည်။ ဟန်နီ၊ ဆွိဟာ့တ် ဆိုတာတွေကို ပါးစပ်ဖျားမှာချိတ်၍ မင်း နေရတာအဆင်ပြေရဲ့လား၊ အိုကေရဲ့လား တွင်တွင်မေးနေကြသည်။ သွေးပေါင်ချိန် ၆၃/ ၃၀။ နှလုံးခုန်နှုန်းကတော့ မြန်နေသေးတယ်။ သူတို့ ဘာသာတစ်ယောက်ကို တစ်ယောက်လှမ်း ပြောနေကြတာဖြစ်သည်။ ဆရာဝန် ၀င်လာသည်။ သူနာပြုတွေက အခြေအနေကိုပြောပြသည်။ “တို့မှာ ကိုလာရှိလား ဟု ဆရာဝန်က မေးသည်။ သူနာပြုဆရာမတစ်ယောက်က ခေါင်းခါပြလိုက်သည် ထင်သည်။
“သူ့ကို ကဖင်းပါတဲ့ အရည်တိုက်ရမယ်” ဟု ဆရာဝန်ကပြောသည်။ ကျွန်မကတော့ အသံထွက် အောင်ပင် ညည်းနေမိသည်။ တစ်ခါမှ မခံစားဖူးသော ဆိုးဝါးသည့် ဝေဒနာကို ခံစားနေရပေမယ့် ငါမသေနိုင်လောက်ပါဘူး တွေးမိသည်။
            နာရီဝက်လောက်ကြာမှ နေရတာ နည်းနည်း ကောင်းလာသည်။ ဆရာဝန်က ၀င်လာလိုက် ထွက်သွားလိုက်ပေမယ့် သူနာပြု နှစ်ယောက်ကတော့ ကျွန်မကို မျက်တောင်မခပ် ကြည့်ရင်း အိုကေလား တွင်တွင်မေးနေသည်။ နာရီဝက်ကျော်ကျော်ခန့် အကြာမှာ ကျွန်မသွေး ပေါင်ချိန် ၁၁၅/ ၈၆ ပြန်ရောက်တော့ ပြန်ဖို့ ခွင့်ပေးသည်။
            “ဘယ်လူနာမှ တစ်ကြိမ်ထဲနဲ့ မပျောက်ဘူး။ အနည်းဆုံး နောက်တစ်ကြိမ်တော့ထိုးရ တာပဲ။ နောက်တစ်ကြိမ်အတွက် တစ်ခါထဲ ရက်ချိန်းယူသွားလိုက်နော်။ မကြာခင် ထပ်တွေ့ကြမယ်။”
ဆရာဝန်က ကျွန်မပခုံးကိုပုတ်ကာ နှုတ်ဆက်အားပေးသည်။ ကျွန်မကတော့ စကားပြန် နိုင်ဖို့ပင် အားမရှိဖြစ်ကာ Thank you ကို အနိုင်နိုင် ပြောရသည်။ ဒီကြောက်စရာခံ စားမှုကြီးကို နောက်တစ်ကြိမ် ခံစားရဦးမယ်ဟု တွေးမိသွားတော့ ကျွန်မ၏ Thank you ကနောက်ပိုင်းမှာ တိမ်ဝင်သွားချင်သည်။ ဒုတိယအကြိမ် ဆေးထပ်ထိုးဖို့ ဆယ်ရက်ခွာပြီး ရက်ချိန်းပေးလိုက်သည်။
သူနာပြု အမျိုးသမီးတစ်ဦးက ကျွန်မကို လက်တွန်းကုလားထိုင်ပေါ် ထိုင်စေတော့ ကျွန်မက “ကျွန်မလမ်းလျှောက်နိုင်မယ် ထင်ပါတယ်” ဟုပြောမိသည်။
            “ အို.. ဟန်နီ။ မလုပ်ပါနဲ့ ။ မင်းကို လျှောက်ခွင့်မပေးနိုင်ဘူး။ မင်းအန္တရယ်ကင်းဖို့ တို့မှာတာဝန်ရှိတယ်။”
            သူက ခါးခါးသီးသီးငြင်းပြီး လက်တွန်းလှည်းကို ညင်ညင်သာသာ တွန်းပေးလာသည်။ သူတို့ ကြိုအကြောင်းကြားထားသဖြင့် လော်ရာကဘတံခါးပေါက်ဝမှာဘကားရပ်၍ အဆင်သင့် စောင့်နေသည်။ ကျွန်မတို့ ကားထွက်သည် အထိသူနာပြုအမျိုးသမီးက စောင့်ကြည့်နေသေးသည်။
            “ ဘယ်လိုလဲ။ အားလုံးအိုကေတယ် မဟုတ်လား။”
            လော်ရာက စိတ်ဝင်တစားမေးတော့ ကျွန်မကခပ်ယဲ့ယဲ့ ပြုံး၍ဖြေမိသည်။
            “တို့တော့ သေမင်းရဲ့တံခါးဝကို ခဏ ရောက်ခဲ့တယ်လို့ ထင်တယ်။”
            ကျွန်မစကားကြောင့် လော်ရာက “What” ဟု အကျယ်ကြီးထအော်သည်။

                        ~                                  ~                                  ~

ဒုတိယအကြိမ် ဆေးထိုးဖို့သွားရမည့်နေ့မှာတော့ ကျွန်မတော်တော် ကြောက်နေသည်။ တကယ်တော့ ဒီကြားထဲက ဆယ်ရက်လုံးလုံး နောက်ထပ် ဆေးထပ်ထိုးရမှာကို ကြောက်နေခဲ့တာပါ။ ပထမအကြိမ် ဆေးထိုးပြီး နောက်ပိုင်း ငါးရက်ခန့် အတော်အားနည်းပင်ပန်းကာ အိပ်ရာထဲမှာပဲ နေခဲ့ရသည်လေ။ ထိုနေ့ မှာတော့ဆရာဝန်နှင့် မတွေ့ခင် မျက်နှာကျက်မိနေသော သူနာပြုဆရာမက ဒီရက်ပိုင်းအတွင်း ပြောင်းလဲခံစားရတာတွေ မှတ်တမ်းယူဖို့ မေးတော့ ကျွန်မက ခံစားရသမျှ ပြောပြသည်။ သူနာပြုက ကျွန်မပြောသမျှ လိုက်မှတ်ကာ ဆရာဝန်ကိုလဲ ကိုယ်တိုင်ပြောပြဖို့ မှာ၏။ ဆရာဝန်နှင့်တွေ့တော့ ကျွန်မခံစားခဲ့ရသမျှ ထပ်ပြောပြသည်။ သူက သေသေချာချာ နားထောင်ကာ ဘာကြောင့်ထိုသို့ ဖြစ်ရကြောင်းရှင်းပြသည်။ ဆေးပညာ အသုံးအနှုန်းတွေများသမို့ ကျွန်မ သိပ်နားမလည်ပါ။ ဆေးထိုးရမည့်အထဲမှ ပမာဏတစ်ချို့ကို လျော့လိုက်မည်။ သို့သော် အာနိသင်ကတော့ အတူတူပဲဖြစ်သည်ဆိုတာပဲ နားလည်လိုက်သည်။
            ဒီတစ်ကြိမ်မှာတော့ စိတ်ဖိစီးမှုက ပိုများနေသည်ထင်သည်။ ပထမတစ်ကြိမ်က မကြုံဖူးသေးတော့ သိပ်မကြောက်ဘူးပေါ့။ မှောက်လျှက်အိပ်နေရသော စက်ပေါင်းစုံ ၀န်းရံနေသည့် လူနာကုတင်ပေါ်မှာ ကျွန်မတစ်ကိုယ်လုံး တောင့်တင်းနေသည် ထင်သည်။ ဒီတစ်ခါ ခါးရိုးမှ တဆင့် ညာဖက် ခြေထောက်ထဲကို ဆေးတစ်လုံး ထိုးထည့်ပြန်သည်။ ဘယ်ဖက်ခြေထောက်ထဲ ဆေးထိုးထည့်တာထက် ပိုနာသည်ထင်၏။ ၁၅မိနစ်ခန့် သည်းခံပြီးတော့ ဆေးသွင်းမှုကိစ္စပြီးပြီ။ ကျွန်မက ဆေးသွင်းအပြီး ခံစားရမည့်ဝေဒနာကို မျှော်လင့်ကာ ထိတ်လန့်နေမိသည်။ တစ်ဖက် ခန်းကိုပြောင်းပြီးသည်အထိ အိုကေနေသေးသည်။ လက်မှာသွေးပေါင်ချိန်သည့် ကရိယာလာ တပ်တော့ နည်းနည်းမူးလာပြီ။
“ကျွန်မမူးလာပြီ။”
            “ သွေးပေါင်ချိန် ၆၃/ ၃၄။”
            သူတို့ ကျွန်မကိုကုတင်ပေါ်မှာ လှဲစေသည်။ ပထမတစ်ခါတုန်းက ဖြစ်သလို ဖြစ်တာပဲဟု သူတို့ အချင်းချင်းပြောကြ၏။ ဆရာဝန်ဝင်လာသည်။ “အိုကေလား” မေးတော့ ကျွန်မစကား မပြန်နိုင်ပါ။ ပထမတစ်ကြိမ်တုန်းက အလည်ရောက်ခဲ့ဖူးသော အစိမ်းရောင်ကမ္ဘာထဲ ရောက်မသွားပေမယ့် မျက်စိမဖွင့်ချင်လောက်အောင် မူးဝေနေသည်။ သူတို့က အသင့်ပြင်ထားသော အိုင်ဗွီတစ်အိတ် လက်မောင်းမှ လွှတ်ပေးသည်။ နဖူးပေါ် ရေခဲစိမ်ထားသော အ၀တ်ဖတ်တင်ပေးသည်။ ခဏပဲ။ ခဏသည်းခံပြီးရင် ပြီးပြီဟု ကိုယ့်ကိုယ်ကိုအားပေးရသည်။ ကျွန်မဖြတ်ကျော်နိုင်ရမယ်။ ခဏပဲ။ ခဏပြီးရင်ပြီးပြီ။
            ဒီတစ်ခါတော့ ဆရာဝန်က တစ်ချိန်လုံးလိုလို အခန်းထဲမှာရှိနေသည်။ ကျွန်မမျက်လုံး ပိတ်ထားတော့ အပြင်ထွက်သွားသည်။ ခဏနေ ပြန်ဝင်လာပြီး ခြေထောက်တွေ ကိုင်ကြည့်လိုက်၊ လက်ကောက်ဝတ်က သွေးခုန်နှုန်း စမ်းလိုက်၊ ပခုံးကို ခပ်ဖွဖွပုတ်ပြီး အားပေးလိုက်လုပ်နေသည်။ သူနာပြုတွေ၏ ဟန်နီခေါ်သံ ဒါလင်နေလို့ ကောင်းရဲ့လား ဆိုသော မေးသံတွေ တစ်ချိန် လုံးလိုလိုကြားနေရသည်။ ဖြတ်ကျော်ရသည့် ကာလက ကြောက်စရာကောင်းပေမယ့် ထိုသို့ ဂရုတစိုက်ရှိမှု တွေခံစားရတော့ နေသာသလိုပင်။
            ကျွန်မနေရတာ တော်တော်အဆင်ပြေလာပြီ။ ဆရာဝန်က ကျွန်မကို စကားတွေ တတွတ်တွတ် ပြောနေသည်။ အိုကေလား ဟန်နီဆိုတာကို တစ်မိနစ်ကို တစ်ယောက်နှုန်း မေးနေကြ၏။ ကျွန်မကတော့ ခေါင်းပဲငြိတ်ပြနေတော့သည်။ ဆရာဝန်က ကျွန်မပခုံးကို ဖွဖွကိုင်ရင်းပြောသည်။
            “တကယ်လို့ မင်းနောက်တခါ ဆေးထပ်ထိုးဖို့လိုရင် ဆေးမထိုးခင် အိုင်ဗွီအရင်သွင်း ပေးထားမယ်။ ဘာမှမပူနဲ့ နော်။”
            “နောက်တစ်ကြိမ်။”
            ကျွန်မရင်ထဲမှာ အသံကျယ်ကြီး မြည်သွားသည်။ နောက်တစ်ကြိမ်တဲ့။ ခေါင်းတွေတောင် ပြန်မူးလာသလိုပဲ။ ဒီခံစားမှုကို နောက်တစ်ကြိမ် မခံစားချင်တော့ဘူး။ ဘုရားသိကြားမလို့ နောက်တစ်ကြိမ် ဆေးထပ်မထိုးပါရစေနဲ့ ။ ဒါဖြင့် ဟောဒီခါးနာ ရောဂါကြီးကိုပဲ ဆက်ခံစားနေ တော့မလား။ ဒါလည်းမဖြစ်နိုင်ပြန်။  ကိုယ့်ကိုယ်ကို အားပေးရပြန်သည်။ အို .. ဒုတိယအကြိမ် ဆေးထိုးပြီး ကောင်းချင် ကောင်းသွားမှာပဲ။ နောက်တစ်ကြိမ်ထပ် ထိုးချင်မှ ထိုးရတော့မှာပါ။ လောလောဆယ် ဝေဒနာကိုရော နောက်တစ်ကြိမ် ဆိုတာကိုရော မေ့နိုင်ဖို့ ကြိုးစားရမည်။
            “ သွေးပေါင်လည်း ပုံမှန်ဖြစ်သွားပြီ။ မင်းပြန်လို့ ရပါပြီ။ ဘာမေးချင်တာရှိသေးလဲ။”
            ကျွန်မမျက်လုံးကို ကြိုးစား၍ ကြည်အောင်လုပ်ရင်း စကားပြန်လိုက်သည်။
            “ကျွန်မမှာ အူကြောင်ကြောင် မေးခွန်းတစ်ခုရှိပါတယ်။”
            ဆရာဝန်၏ ဟန်က အလေးအနက်ဖြစ်သွားကာ ကျွန်မအနား နီးနိုင်သမျှနီးအောင် တိုးကပ်လာသည်။
            “ ဘာမေးမှာပါလိမ့်။ မေးပါ။”
            “ ဒေါက်တာ ဒေးဗစ်ကွန်ရက်ကို သိလား။”
            သူ့ပုံစံက ပိုလေးနက်သွားသလိုပင်။
            “ဟင့်အင်း။ မသိဘူး။ သူကဘယ်သူလဲ။”
            “သူက တီဗွီစတား တစ်ယောက်ပါ။ သူက ဒေါက်တာနဲ့ တော်တော်တူတယ်လေ။”
            ဆရာဝန်က ၀င်းကနဲနေအောင် ပြုံးသည်။ ကျွန်မက မျက်စိတွေ ပိတ်သွားအောင် ရယ်ခဲ့ သောရွာက ဆရာဝန်မပေါက်စလေးကို သတိရသွားသည်။
            “ အိုကေ။ ကိုယ်အခုပဲ အင်တာနက်ကနေ ဒေးဗစ်ကွန်ရက်ပုံကို သွားကြည့်လိုက်မယ်။
နောက်တစ်ပါတ်တွေ့မယ်နော်။ ပြန်တွေ့ ရတာဝမ်းသာတယ်။”
            သူက ကျွန်မပခုံးကိုပုတ်ပြီး လက်ဆွဲနှုတ်ဆက်ကာ ထွက်သွားသည်။ ဒီတစ်ပါတ်ကို ဖြတ်ကျော်ပြီးသွားပြန်ပြီ။ နောက်တစ်ပါတ် ဒီနေရာကို လာရဦးမည်။
သူနာပြုက ထုံးစံအတိုင်း ကျွန်မကို လမ်းလျှောက်ခွင့်မပေးပဲ ဘီးတပ်လက်တွန်းလှဲပေါ် တင်တွန်းလာသည်။ လော်ရာ့ကားကလည်း တံခါးဝမှာ ရောက်နေပြီ။ ကျွန်မတို့ ကားထွက်လာမှ သူနာပြုမကြီး ဆေးရုံပေါ် ပြန်တက်သွားသည်။
            “ ဒီတစ်ခေါက်ရောဘယ်လိုလဲ။”
လော်ရာက စိတ်ဝင်တစားမေးပြန်သည်။
            “ဒီတစ်ပါတ်တော့ အစိမ်းရောင်ကမ္ဘာထဲ မရောက်ခဲ့တော့ဘူး။ အရင်တစ်ပါတ်ကထက် နေလို့ ပိုကောင်းပါတယ်။ ဆရာဝန်ကလည်း အတော်ဂရုစိုက်တယ်။ ပြန်လွှတ်ကာနီးအထိ အနားမှာနေပြီး ဘာမေးချင်တာရှိသေးလဲ မေးတယ်လေ။”
            “ ကောင်းတာပေါ့။”
            လော်ရာကစိတ်သက်သာဟန်ပြသည်။
            “တို့က မေးစရာရှိတယ်လို့ ပြောလိုက်တယ်။ သူသိပ်စိတ်ဝင်စားသွား ပြီးအနားကပ် လာတယ်လေ။ တို့ဘာမေးလိုက်လဲသိလား။”
လော်ရာက ခေါင်းခါပြသည်။
            “ ဆရာဒေးဗစ်ကွန်ရက်ကို သိလားလို့ မေးလိုက်တယ်။”
လော်ရာကထအော်ပြန်သည်။
            “ Great! တကယ့် ကောင်းတဲ့မေးခွန်းကို မေးခဲ့တာပဲ”
ကျွန်မတို့ နှစ်ယောက်ပြိုင်တူ အော်ရယ်ကြသည်။  ဘာပဲဖြစ်ဖြစ် ခြောက်ခြားဖွယ်ကာလကို တစ်ကြိမ် ဖြတ်ကျော်နိုင်ခဲ့ပြန်ပြီ။ နောက်တစ်ကြိမ်များ ရှိနေဦးမလား။ ရှိနေဦးမည်ဆိုလျှင်လဲ ဖြတ်ကျော်ရဦးမှာပင်။ ကျွန်မတို့က အရှုံးပေးလို့မှ မဖြစ်တာလေ။ ဖြတ်ကျော်နိုင်ဖို့ အင်အားရှိနေမှရမည်။ ခက်ခဲသော ခဏတာလေးများကို တစ်နည်းနည်းနှင့် လွန်မြောက်အောင်ဖြတ်ကျော် ကြရမှပင်။ ကျွန်မက ထိုခက်ခဲသော ခဏတာတစ်ခုကို ရွှင်ရွှင်လေးဖြတ်ကျော်နိုင်ဖို့ကြိုးစား ကြည့်ခဲ့ခြင်းဖြစ်သည်။ ဘ၀ဆိုတာ ရင်ဆိုင်ရှင်သန်ဖို့ပဲ မဟုတ်လား။ 

Labels: | edit post
Reactions: 
2 Responses
  1. ဟေး သူငယ်ချင်း ခါးနာတာ ဂရုစိုက်ပါ စာထိုင်ရေးတာများလို့ဖြစ်မယ်။ ကိုတို့ သူငယ်ချင်းတယောက်လဲ အဲလိုဖြစ်တာ ခွဲလိုက်ရတယ်။ ဖြစ်ပုံခြင်းအတူတူဘဲ။ ဒါပေမဲ့ မူလအတိုင်း နေချင်သလိုနေလို့မရတော့ဘူးလေ သူငယ်ချင်းမခွဲစိတ်ရဘဲပျောက်ကင်းပါစေ။


  2. PAUK Says:

    ဘဝဆိုတာ ရှင်သန်ရင်ဆိုင်ဖို့ ..တဲ့..။
    ဟုတ်မှာပါ..။
    တခါတလေ ရင်မဆိုင်ချင်လောက်အောင် စိတ်ပျက်စရာကောင်းနေတာ
    ခက်တယ်..။
    ဆရာမ ခါးနာရောဂါ..အမျိုးသမီးရောဂါဘေးက
    ပျောက်ကင်းပါစေ..။