ဒီနေ့ဆိုလျှင် အီဗန် ဟမ်မီလ်တန်ဆေးလိပ်မသောက်ပဲနေတာနှစ်ရက်ရှိပြီ။ ဒီနှစ်ရက်အတွင်း သူပြောမိသမျှ နှင့်တွေးမိသမျှတွေကတော့ စီးကရက်နှင့်တနည်းမဟုတ်တနည်းပတ်သက်နေလေသည်။အခုလည်းသူသည် မီးဖိုခန်းအတွင်းမှအလင်းရောင်အောက်တွင် သူ့လက်တွေကိုမှောက်ချည်လှန်ချည်ဖြန့်ကြည့်လိုက်၊လက်ဆစ်
တွေကိုတရှုံ့ရှုံ့နမ်းလိုက်လုပ်နေသည်။
“ အနံ့ရနေသေးတယ်“ ဟုသူကရေရွတ်မိတော့ သူ့ဇနီး အန်(န်) ဟမ်မီလ်တန်ကလှမ်းပြောသည်။
“ ဟုတ်တယ်။ ရှင်ဆေးလိပ်သောက်နေတုန်းက ချွေးထွက်ရင်ဆေးလိပ်နံ့ရသလိုပေါ့။“
“ ဆေးလိပ်မသောက်ပဲနေတာ သုံးရက်မြောက်တဲ့နေ့မှာတောင်မှဆေးလိပ်နံ့ကိုရနေသေးတယ်။ ရေချိုးတာတောင်အနံ့ကမပျောက်ဘူး“
သူမကပြောရင်းဆိုရင်းသူ့လက်မောင်းကိုပုတ်လိုက်သည်။
“ရှင်ဘယ်လိုဖြစ်နေလဲဆိုတာကျမသိပါတယ်ယောက်ျားရယ်။ရှင်တော်တော်စိတ်ခိုင်တယ်ဆိုရင်တောင်မှ ဒုတိယမြောက်နေ့ဟာအခံရအခက်ဆုံးပဲ။ တတိယမြောက်နေ့လည်း ဆိုးသေးတာပဲ။ ဒါပေမယ့် ဒီထက်ကြာ ကြာဆက်နေနိုင်ရင်တော့ ရှင်အောင်မြင်ပြီ။ ဆေးလိပ်ဖြတ်ဖို့ ရှင်စိတ်အားထက်သန်နေတာကိုမြင်ရတာနဲ့ တင် ကျမဖြင့်ဝမ်းသာလှပါပြီ။“
“ အခုတော့ ရော်ဂျာ့ကိုခေါ်ချေပါဦး။ ညစာစားကြရအောင်“
ဟမ်မီလ်တန်အိမ်ရှေ့တံခါးကိုဖွင့်လိုက်တော့ အပြင်မှာမှောင်နေပြီ။ နိုဝင်ဘာလဆန်းပိုင်းရောက် နေပြီမို့ နေ့တာတိုပြီးအေးနေပြီ။ သူ့အိမ်ရှေ့လမ်းပေါ်တွင် သူမမြင်ဖူးသောကောင်လေးတယောက်ကို အမျိုးအစားကောင်းကောင်းစက်ဘီးလေးတစင်းပေါ်တွင် ခွလျှက်တွေ့ရသည်။ကောင်လေးကပလက်ဖောင်း ပေါ်ကိုခြေထောက်လျှက်ရပ်နေသည်။
“ မစ္စတာ ဟမ်မီလ်တန်ပါလားခင်ဗျာ...“
ကောင်လေးကမေးသည်။
“ ဟုတ်ပါတယ်။ ဘာကိစ္စများပါလိမ့်။ ရော်ဂျာနဲ့တွေ့ဖို့လား“
“ ရော်ဂျာက ကျနော့်အိမ်မှာ ကျနော့်အမေနဲ့စကားပြောနေပါတယ်။ အိမ်မှာဂရေးဘားမန်းဆိုတဲ့ ကောင်လေးနဲ့ ကစ်ပ်တို့လည်းရှိနေတယ်။ သူတို့ ကျနော့ညီရဲ့စက်ဘီးအကြောင်းပြောနေကြတာ။ အသေ အချာတော့ကျနော်မသိဘူး။ ကျနော့အမေကဒီကိုလာပြီး အန်ကယ့်လ်ကိုခေါ်ဖို့လွှတ်လိုက်တာပါ။ ရော်ဂျာ့ မိဘတယောက်ယောက်ကိုခေါ်ခဲ့ပါတဲ့။“
ကောင်လေးကစက်ဘီးလက်ကိုင်ကိုလှည့်နေရင်းပြောသည်။
“ ရော်ဂျာ ဘာမှမဖြစ်ပါဘူးနော်။“
“ ဘာမှမဖြစ်ပါဘူး။ ကျနော်လည်းဦးနဲ့အတူလိုက်ခဲ့မှာပါ။“
သူကဖိနပ်စီးရန်အိမ်ထဲအိမ်ထဲပြန်ဝင်ခဲ့သည်။
အန်(န်) ကသူ့ကိုဆီးမေးသည်။
“ ရော်ဂျာ့ကိုတွေ့လား“
“ ရော်ဂျာ ပြသနာတခုခုဖြစ်နေပုံရတယ်။ အပြင်မှာကောင်လေးတယောက်ရောက်နေတယ်။ ကောင်လေးက တို့နှစ်ယောက်ထဲက တယောက်ယောက်ကိုသူနဲ့လိုက်ခဲ့ပါတဲ့။“
“ ဟင်...ရော်ဂျာဘာဖြစ်လို့များလဲ။
“ အန်(န်)က အေပရွန်ကိုချွတ်ရင်းမေးသည်။
“ ဘာမှမဖြစ်ပါဘူး။ ကြည့်ရတာကလေးအချင်းချင်းငြင်းခုန်နေကြတာနေမှာပါ။ အဲဒီကောင်လေးရဲ့ အမေက ကလေးတွေပြသနာကိုရှင်းပေးနေတာထင်တယ်“
“ ကျမလိုက်သွားရမလား“
သူခနစဉ်းစားသည်။
“ အင်း..မင်းလိုက်သွားရင်ပိုကောင်းမယ်။ ဒါပေမယ့် ကိုယ်ပဲသွားလိုက်ပါ့မယ်။ ငါတို့ပြန်လာမှ ညနေစာစားကြမယ်။ သိပ်ကြာမယ်မထင်ပါဘူး။“
“ ရော်ဂျာ မှောင်မှအပြင်ထွက်တာကို ကျမမကြိုက်ပါဘူး“
အန်(န်)က တဗျစ်တောက်တောက်ပြောရင်းကျန်ခဲ့သည်။ ကောင်လေးကစက်ဘီးပေါ်မှာအကျအန ထိုင်၍သွားဖို့အသင့်ဖြစ်နေပြီ။
“တော်တော်ဝေးလား“
“အာဘတ်ကယ်တရားရုံးကျော်ကျော်လေးမှာပါ“
သူကကောင်လေးကိုလှမ်းကြည့်လိုက်တော့ ကောင်လေးကဆက်ပြောသည်။
“မဝေးပါဘူး။ ဒီကနေဆို ဘလော့ခ် နှစ်ခုလောက်ပေါ့“
“ သူတို့ဘာဖြစ်ကြတာလဲ“
“ မသိဘူး။ ကျနော်လည်းသိပ်တော့နားမလည်ဘူး။ ကျနော်တို့မိသားစုခရီးထွက်နေတုန်း ရော်ဂျာ ရယ်ကစ်ပ်ရယ်၊ ဂရေးဘားမန်းရယ်က ကျနော့်ညီရဲ့စက်ဘီးကိုယူစီးကြတယ်လေ။ ပြီးတော့ သူတို့စက်ဘီးကို ဖျက်ဆီးပစ်လိုက်ကြတယ်ထင်တယ်။ အခုသူတို့အဲဒီအကြောင်းပြောနေတာ။ အခုကျနော့်ညီရဲ့စက်ဘီးက ရှာလို့မတွေ့တော့ဘူး။ စက်ဘီးကရော်ဂျာနဲ့ကစ်ပ်တို့နောက်ဆုံးစီးခဲ့ကြတာတဲ့။ အမေကအဲဒါကိုရှာဖို့ ကြိုးစားနေတာ“
“ ကစ်ပ်ကိုတော့ ဦးသိပါတယ်။ တခြားတယောက်ကဘယ်သူလဲ“
“ ဂရေးဘားမန်းတဲ့။ သူကဒီနားကိုမကြာခင်ကမှပြောင်းလာတာ။ သူ့အဖေလည်းခနနေရင် လာလိမ့်မယ်။“
သူတို့ လမ်းထောင့်တခုကိုချိုးကွေ့ခဲ့ကြသည်။ ကောင်လေးကရှေ့မှဦးဆောင်သွားနေ၏။ သစ်သီး ခြံတခုကိုမြင်ရပြီး နောက်ထပ်လမ်းတလမ်းကို ချိုးကွေ့လိုက်တော့ လမ်းကလေးကတဖက်ပိတ်လမ်းကလေး ဖြစ်နေသည်။ လမ်းတဖက်မှာထွက်ပေါက်ရှိသလား၊ မရှိဘူးလားသူမသိသလို ထိုလမ်းထဲမှာနေသူတွေကို လည်း သူမသိတာသေချာသည်။ သူမကျွမ်းဝင်သောလမ်းကလေးထဲမှအိမ်များကိုငေးမောစူးစမ်းရင်း သူ့သား နှင့်ပတ်သက်ပြီး ဘာတွေများရင်ဆိုင်ရဦးမလဲစဉ်းစားနေမိသည်။
ကောင်လေးက အိမ်ထဲသို့ဦးတည်သွားသည့်လမ်းတခုထဲချိုးကွေ့ဝင်လိုက်ပြီး စက်ဘီးကိုအိမ်နံရံ တွင်မှီ၍ထောင်လိုက်သည်။ ကောင်လေးအိမ်ရှေ့တံခါးကိုဖွင့်ပြီးသည့်အခါ ဟမ်မီလ်တန်သည် ကောင်လေး နောက်မှနေ၍ ဧည့်ခန်းကိုဖြတ်ပြီး တခြားကောင်လေးတယောက်နှင့်အတူထိုင်နေသော ကစ်ပ်နှင့်သူ့သား ရှိရာမီးဖို ခန်းမှစားပွဲထိတောက်လျှောက်လိုက်လာခဲ့သည်။ သူကသူ့သားကိုသေသေချာချာအကဲခပ်ပြီးမှ စားပွဲထိပ်တွင်ထိုင်နေသည့် မာတောင့်တောင့်ဆံပင်နက်နက်နှင့်အမျိုးသမီးကြီးရှိရာဖက် မျက်နှာမူလိုက် သည်။
“ ရော်ဂျာ့အဖေထင်ပါရဲ့“
အမျိုးသမီးကြီးကစကားစသည်။
“ ဟုတ်ကဲ့။ ကျနော့်နံမည် အီဗန် ဟမ်မီလ်တန်ပါ၊ ကောင်းသောညနေခင်းပါ“
“ ကျမက မစ္စက်မေလာပါ။ ဂေလ်ဘာ့တ်ရဲ့အမေပေါ့။ ရှင့်ကိုဒီထိလိုက်လာဖို့ခေါ်ခိုင်းရတာတော့ အားနာပါတယ်။ ဒါပေမယ့် ပြဿနာလေးနည်းနည်းရှိနေလို့“
“ဟမ်မီလ်တန်က တဖက်စားပွဲထိပ်ရှိကုလားထိုင်မှာဝင်ထိုင်ရင်း ပတ်ဝန်းကျင်ကိုစူးစမ်းလိုက်သည်။ စက်ဘီးပိုင်ရှင်ကောင်လေးဟုထင်ရသည့် အသက် ၉ နှစ်၁၀နှစ်အရွယ်ကလေးကအမျိုးသမီးကြီး၏ဘေးတွင် ထိုင်နေသည်။ အသက် ၁၄နှစ်ခန့်ရှိမည့်ကောင်လေးတယောက်က ပန်းကန်ဆေးကန်နံဘေးကပ်လျှက်စင် ကလေး ပေါ်တွင်ခြေထောက်တွဲလောင်းချ၍ထိုင်ရင်း မလှမ်းမကမ်းတွင်တယ်လီဖုန်းပြောနေသောနောက်
ထပ်လူငယ်လေးတယောက်ကိုကြည့်နေသည်။ ဖုန်းထဲမှစကားကြောင့် စပ်ဖြီးဖြီးဖြစ်သွားသောကောင်လေး က စီးကရက်တလိပ်ကိုကိုင်ပြီး ပန်းကန်ဆေးကန်နားသို့လျှောက်သွားသည်။ စီးကရက်မီးကိုရေနှင့်ထိလိုက် သဖြင့် ရှဲကနဲမည်သွားသောအသံကိုဟမ်မီလ်တန်ကြားလိုက်သည်။ သူ့ကိုလာခေါ်သောကောင်လေးက တော့ရေခဲသေတ္တာ ကိုမှီ၍လက်ပိုက်ကာရပ်နေလေသည်။ ထိုကောင်လေးကိုသူ့အမေကလှမ်းမေးသည်။
ထပ်လူငယ်လေးတယောက်ကိုကြည့်နေသည်။ ဖုန်းထဲမှစကားကြောင့် စပ်ဖြီးဖြီးဖြစ်သွားသောကောင်လေး က စီးကရက်တလိပ်ကိုကိုင်ပြီး ပန်းကန်ဆေးကန်နားသို့လျှောက်သွားသည်။ စီးကရက်မီးကိုရေနှင့်ထိလိုက် သဖြင့် ရှဲကနဲမည်သွားသောအသံကိုဟမ်မီလ်တန်ကြားလိုက်သည်။ သူ့ကိုလာခေါ်သောကောင်လေးက တော့ရေခဲသေတ္တာ ကိုမှီ၍လက်ပိုက်ကာရပ်နေလေသည်။ ထိုကောင်လေးကိုသူ့အမေကလှမ်းမေးသည်။
“ မင်းကစ်ပ်ရဲ့မိဘတယောက်ယောက်ကိုရောခေါ်ခဲ့သေးလား“
“ ကစ်ပ်ရဲ့အစ်မကပြောတယ်။ သူတို့မိဘတွေဈေးသွားဝယ်နေကြတယ်တဲ့။ ကျနော်ဂရေးဘားမန်း ရဲ့အိမ်ကိုလည်းသွားခဲ့တယ်။ ဂရေးရဲ့အဖေက ခနနေရင်လိုက်လာလိမ့်မယ်။ ကျနော်လိပ်စာပေးခဲ့တယ်“
အမျိုးသမီးကြီးက သူ့ဖက်လှည့်လိုက်သည်။
“ ဘာဖြစ်ကြတာလဲဆိုတာရှင့်ကိုကျမပြောပြမယ် မစ္စတာဟမ်မီလ်တန်။ အရင်လက ကျမတို့ခရီး ထွက် ကြတယ်။ ကစ်ပ်က ဂေလ်ဘာ့တ်ရဲ့စက်ဘီးကိုငှားချင်တယ်။ အဲဒါဆိုရော်ဂျာက ကစ်ပ်သတင်းစာ ပို့တာကိုကူနိုင်တယ်လေ။ ရော်ဂျာ့စက်ဘီးက လေမရှိလို့ဆိုလားတခုခုပဲ။ အဲဒီမှာ...“
“ ဂရေးက ကျနော့်ကိုလည်ပင်းညှစ်တယ်ဒက်ဒီ“
“ ရော်ဂျာကဖြတ်ပြောသည်။
“ဘာ.“
ဟမ်မီလ်တန်က သူ့သားကိုသေသေချာချာကြည့်ရင်းမေးလိုက်သည်။
“ဂရေးက ကျနော့်လည်ပင်းကိုညှစ်တယ်။ ဒီမှာဒါဏ်ရာရှိတယ်။“
သူ့သားက အင်္ကျီကော်လာကိုလှန်ပြီး သူ့လည်ပင်းကိုပြသည်။ အမျိုးသမီးကြီးကစကားဆက်၏။
“ သူတို့ ခုနကားဂိုထောင်အပြင်ဖက်ကိုထွက်သွားကြတယ်။ ကျမသားအကြီး ကာ့တ်ထွက်မကြည့် ခင်အထိ သူတို့ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာတော့ ကျမမသိဘူး။
“ သူကစပြောတာ။ သူကကျနော့်ကိုငတုံးလို့ခေါ်တယ်လေ။“
ဂရေးဘားမန်းက ၀င်ပြောရင်းတံခါးဝကိုလှမ်းကြည့်သည်။
“ ငါ့စက်ဘီးက ဒေါ်လာ ၆၀တန်တယ်ကွ ဟေ့ကောင်တွေရ။ မင်းတို့ပြန်လျော်ပေးရမယ်“
ဂေးလ်ဘာ့တ်ဟုခေါ်သောကောင်လေးကလှမ်းပြောတော့ သူ့အမေက၀င်ဟန့်သည်။
“ မင်းဝင်မပြောနဲ့ဂေးလ်ဘာ့တ်။ “
ဟမ်မီလ်တန်က အသက်ပြင်းပြင်းတချက်ရှူလိုက်ပြီး ' ဆက်ပြောပါ' ဟုဆိုလိုက်သည်။
“ အင်း.. ကစ်ပ်သတင်းစာဝေတာကိုကူဖို့ ကစ်ပ်နဲ့ရော်ဂျာက ဂေးလ်ဘာ့တ်စက်ဘီးကိုသုံးခဲ့ကြ တယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံးကရော ဂရေးကပါပြောတယ်။ သူတို့စက်ဘီးကိုတွန်းလှိမ့်ချခဲ့ကြတယ် တဲ့“
“ လှိမ့်ချတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ“
ဟမ်မီလ်တန်ကဖြတ်မေးသည်။
“စက်ဘီးကိုလမ်းအနိမ့်ပိုင်းဖက်ဆီတွန်းပြီးလှိမ့်ချလိုက်တာလေ။ ဒီတော့စက်ဘီးကအရှိန်နဲ့ လိမ့် သွားပြီးနောက်ဆုံးမှာလဲကျသွားတာပေါ့။ ပြီးတော့ သူတို့အခုပဲဝန်ခံခဲ့ကြတယ်။ ကစ်ပ်နဲ့ရော်ဂျာက စက်ဘီး ကိုယူပြီးကျောင်းဘောလုံးကွင်းရဲ့ဂိုးတိုင်နားမှာသွားပစ်ထားလိုက်ကြသေးတယ်တဲ့။“
“ ဟုတ်သလားရော်ဂျာ“
ဟမ်မီလ်တန်က သူ့သားဖက်ကိုလှည့်ကြည့်ရင်းထပ်မေးသည်။
“ တချို့တ၀က်တော့မှန်တယ်ဒက်ဒီ။“
ရော်ဂျာက လက်နှစ်ဖက်ကိုစားပွဲပေါ်တင်၍ပွတ်နေပြီးခေါင်းငုံ့ကာပြောသည်။
“ ကျနော်တို့ တယောက်တခါစီပဲလှိမ့်ချကြတာပါ။ ကစ်ပ်ကစလုပ်တယ်။ ပြီးတော့ဂရေး။ နောက် ဆုံးမှာကျနော်လှိမ့်ချတယ်။“
“ တယောက်တခါဆိုတာပဲများလှပြီ။ ဒက်ဒီမင်းကိုတော်တော်အံ့သြတယ်။ စိတ်လည်းပျက်မိတယ်။ ပြီးတော့မင်းကိုရောပဲကစ်ပ်“
ဟမ်မီလ်တန်က သူတို့နှစ်ယောက်ကိုတလှည့်စီကြည့်၍ပြောလိုက်သည်။ အမျိုးသမီးကြီးက၀င် ပြော၏။
“ တယောက်ယောက်ကတော့ညာနေတာပဲ။ ဒါမှမဟုတ်သိလျှက်နဲ့မပြောပဲနေကြတာပဲ။ ဘာပဲဖြစ်ဖြစ် စက်ဘီးကတော့ပျောက်နေပြီ။“
ပန်းကန်ဆေးကန်ဘေးကစဉ်ပေါ်တွင်ထိုင်နေသည့်ကောင်လေးက ခုချိန်ထိဖုန်းပြောနေသော ကောင် လေးကို နောက်ပြောင်၍ရယ်မောနေသည်။ ကစ်ပ်ကစကားစပြောသည်။
“ စက်ဘီးဘယ်မှာလဲဆိုတာ ကျနော်တို့တကယ်မသိပါဘူး မစ္စက်မေလာ။ ကျနော်တို့အစထဲက ပြောခဲ့ပါတယ်။ ကျနော်နဲ့ရော်ဂျာ စက်ဘီးကိုကျောင်းကနေ ကျနော့်အိမ်ကိုယူလာတုန်းက စက်ဘီးကို နောက်ဆုံးတွေ့ ခဲ့တာပဲ။ အဲ.. အဲဒါကနောက်ဆုံးမတိုင်ခင်တခေါက်ပါ။ တကယ့်နောက်ဆုံးက နောက် တနေ့မနက် စက်ဘီးကိုကျနော်ဒီအိမ်ကိုပြန်ယူလာပြီး အိမ်နောက်ဖေးမှာထားခဲ့တာပဲ။ ဒါပေမယ့် အခု စက်ဘီးဘယ်မှာလဲဆိုတာတော့
ကျနော်တကယ်မသိဘူး“
ကစ်ပ်ကခေါင်းခါရင်းပြောသည်။ ဂေးလ်ဘာ့တ်က ' ဒေါ်လာ ၆၀ နော်' ဟုထအော်ပြန်သည်။
“ မင်းတို့ငါ့ကိုတပါတ်ကို ၅ဒေါ်လာပြန်ပေးသွားလို့ရတယ်။“
“ မင်းကိုငါသတိပေးနေတယ် ဂေးလ်ဘာ့တ်။ “
အမျိုးသမီးကြီးက မျက်မှောင်ကြုံ့ရင်းပြောသည်။
“ အခုစက်ဘီးက အိမ်နောက်ဖေးကပျောက်သွားပြီ။ ဒီညနေမှာ သူတို့ကအမှန်အတိုင်းမပြော တော့ ငါတို့ကဘယ်သူ့ကိုဘယ်လိုယုံရမလဲ“
“ ကျနော်တို့အားလုံးကိုအမှန်အတိုင်းပြောနေတာပါ။“
ရော်ဂျာက၀င်ပြောသည်။ ဂေးလ်ဘာ့တ်က ကုလားထိုင်နောက်ကျောကိုမီထိုင်ရင်းရော်ဂျာ့ကို ခေါင်းခါပြနေသည်။ အိမ်ရှေ့တံခါးမှ ဘဲလ်သံမည်လာသောအခါ ပန်းကန်ဆေးကန်ဘေးကစဉ်ပေါ် ထိုင်နေ သောကောင် လေးကခုန်ဆင်းပြီး ဧည့်ခန်းဖက်ထွက်သွားသည်။
ပခုံးတောင့်တောင့်၊ သင်္ဘောသားများညှပ်လေ့ရှိသောဆံပင်ပုံနှင့် မီးခိုးရောင်မျက်လုံးပိုင်ရှင်လူ တယောက်စကားမပြောပဲနှင့် မီးဖိုခန်းထဲဝင်လာသည်။ ထိုသူကအမျိုးသမီးကြီးကိုဖြတ်ကနဲကြည့်ကာ ဂရေး
ဘားမန်းဘေးက ကုလားထိုင်မှာဝင်ထိုင်သည်။ အမျိုးသမီးကြီးကနှုတ်ဆက်ရင်း စကားကိုဆက်ပြောသည်။
“ ရှင်ကတော့မစ္စတာဘားမန်းဖြစ်ရမယ်။ တွေ့ရတာဝမ်းသာပါတယ်။ ကျမက ဂေးလ်ဘာ့တ်ရဲ့ အမေပါ။ ဒါကတော့ ရော်ဂျာ့အဖေ မစ္စတာဟမ်မီလ်တန်ပါ“
ထိုသူက သူ့ဖက်လှည့်၍ခေါင်းညွတ်ပြပေမယ့် လက်တော့မကမ်းပါ။
“ဘာတွေဖြစ်နေကြတာလဲ“
ဘားမန်းက သူ့သားကိုလှမ်းမေးသည်။ ကစ်ပ်နှင့်ရော်ဂျာကစကားစမည့်ဟန်ပြင်တော့ ဘားမန်းက သူတို့ ကိုလှမ်းပြောသည်။
“ ခနနေကြဦး။ ငါအခု ဂရေးကိုမေးနေတာ။ ပြီးရင်မင်းတို့ပြောရမယ်။“
ဂရေးကဖြစ်ပျက်ခဲ့သမျှကို သူ့အဖေအားပြောပြနေသည်။ သူ့အဖေက မျက်လုံးများကိုမှေးစင်း၍ အသေအချာနားထောင်ရင်း ကျန်ကလေးနှစ်ယောက်ကိုအကဲခပ်နေသည်။ ဂရေးဘားမန်းစကားဆုံးသောအခါမစ္စက် မေလာက၀င်ပြောသည်။
“ ကျမကသူတို့လုပ်တယ်လို့မစွပ်စွဲချင်ပါဘူး။ အမှန်တကယ်ဘာဖြစ်ခဲ့သလဲဆိုတာပဲသိချင်တာပါ။“
သူမက ဂရေးဘားမန်းကိုခေါင်းခါပြနေသော ကစ်ပ်နှင့်ရော်ဂျာကိုစူးစူးစိုက်စိုက်ကြည့်နေသည်။
“ မင်းပြောတာမမှန်ဘူးဂရေး“ ဟုရော်ဂျာကပြောသည်။
“ ဒက်ဒီနဲ့ နှစ်ယောက်ထဲပြောလို့ရမလား“ ဟု ဂရေးဘားမန်းကသူ့အဖေကိုလှည့်မေးသည်။
“ သွားစို့ “
မစ္စတာဘားမန်းက ထိုသို့တုန့်ပြန်ပြီး နှစ်ယောက်သားဧည့်ခန်းဆီထွက်သွားတာကိုကြည့်ရင်း ဒါကိုတား သင့်သည်ဟု ဟမ်မီလ်တန်ခံစားရသည်။ သည်လိုလျှို့ဝှက်ဆွေးနွေးခြင်းကိုပေါ့။ သူ့လက်ဖ၀ါးမှာ ချွေးတို့ဖြင့် စို နေသည်။ စီးကရက်ယူဖို့အင်္ကျီအိပ်ထဲလက်နှိုက်လိုက်သည်။ ထို့နောက် အသက်ကိုပြင်းပြင်း ရှူကာနှာခေါင်းအောက်ခြေကိုလက်နှင့်ပွတ်ရင်း သူ့သားကိုမေးခွန်းထုတ်လိုက်သည်။
“ ရော်ဂျာ.. ဒီကိစ္စကိုတခြားသူတွေပြောတာထက် မင်းပိုသိတာမရှိဘူးလား၊ ဂေးလ်ဘာ့တ်ရဲ့ စက်ဘီး ဘယ်မှာရှိတယ်ဆိုတာမျိုးပေါ့။“
“ ဟင့်အင်း။ ကျနော်မသိဘူး။ ကျနော်ကျိန်ပြောရဲပါတယ်။“
ဟမ်မီလ်တန်ကဆက်မေးသည်။
“ ဒါဖြင့် စက်ဘီးကိုမင်းနောက်ဆုံးမြင်ခဲ့တာ ဘယ်အချိန်လဲ“
“ ကျနော်တို့ စက်ဘီးကိုကျောင်းကနေယူလာပြီး ကစ်ပ်ရဲ့အိမ်မှာထားခဲ့တုန်းကပါ“
ဟမ်မီလ်တန်က ကစ်ပ်ကိုလှည့်မေးပြန်သည်။
“ ကစ်ပ်၊ အခုဂေးလ်ဘာ့တ်ရဲ့စက်ဘီးဘယ်မှာရှိတယ်ဆိုတာမင်းသိလား။“
“ ကျနော်လည်းမသိဘူးဆိုတာကျိန်ပြောရဲပါတယ်။ စက်ဘီးကိုကျောင်းကနေ ကျနော့်အိမ်ကို ယူသွားပြီးနောက်တနေ့မနက်မှာ ကျနော်စက်ဘီးကိုကျနော့်အိမ်ကနေ ဒီအိမ်ကိုပြန်ယူလာတယ်။ ပြီးတော့ ကားဂိုထောင် အနောက်မှာထားခဲ့တယ်။“
“ ပထမတခါမင်းပြောတော့ အိမ်နောက်ဖက်မှာဆို“
ကစ်ပ်အဖြေကို အမျိုးသမီးကြီးက၀င်ထောက်သည်။ ကောင်လေးကချက်ခြင်းပြန်ပြင်ပြောသည်။
“ ဟုတ်တယ်။ အိမ်နောက်ဖက်မှာထားခဲ့တယ်လို့ပြောတာပါ။“
“ မင်းနောက်နေ့တွေမှာရော စက်ဘီးယူဖို့ဒီအိမ်ကိုလာခဲ့သေးလား“
“ ဟင့်အင်း။ မလာပါဘူး။“
“ ကစ်ပ်“
အမျိုးသမီးကြီးက ကစ်ပ်နံမည်ကိုခေါ်တော့ ကစ်ပ်ကအော်၍တုန့်ပြန်တော့သည်။
“ ကျနော်မသိဘူး။စက်ဘီးဘယ်မှာလဲဆိုတာ ကျနော်မသိဘူး“
“ ကဲ.. ဘယ်သူ့ကို၊ ဘာကိုယုံရမလဲဆိုတာ ရှင်တို့ ကျမတို့ ဘယ်လိုလုပ်သိမှာလဲ။ ကျမသိတာတော့ဂေးလ်ဘာ့တ်ရဲ့စက်ဘီးပျောက်နေတယ်။ ဒါပဲ။“
အမျိုးသမီးကြီးက ပခုံးတွန့်၍ဟမ်မီလ်တန်ကိုပြောနေချိန်တွင် ဂရေးဘားမန်းတို့သားအဖ မီးဖိုခန်း ထဲပြန်ဝင်လာသည်။ ဂရေးဘားမန်းက စကားစပြောသည်။
( ဆက်လက်ဖော်ပြပါဦးမည်။)
(Raymond Carver ၏ Bicycle, Muscles, Cigarettes ကိုဆီလျှော်အောင်ပြန်ဆိုပါသည်။)
( ဆက်လက်ဖော်ပြပါဦးမည်။)
(Raymond Carver ၏ Bicycle, Muscles, Cigarettes ကိုဆီလျှော်အောင်ပြန်ဆိုပါသည်။)
စက်ဘီးများ၊ ကြွက်သားများ၊ စီးကရက်များ..
ပို့စ်အသစ်တင်တဲ့အတွက်
ကျေးဇူးတင်ပါတယ်။
ပေါက်