Photo by Aung Aung (DVB)
အမေရိကအရှေ့ ပိုင်း ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲမှာ ပစ္စဘတ်လို့ ခေါ်တဲ့အလွန်လှပသာယာတဲ့မြို့ တမြို့ ရှိပါတယ်။ အနိမ့်အမြင့်မညီညာ တဲ့တောင်ကုန်းတောင်တန်းတွေကမြို့ကိုဝန်းရံထားတယ်။ အဲဒီတောင် ကုန်း တောင်တန်းတွေကိုဖြတ်သန်းစီးဆင်းလာတဲ့အလဂနီမြစ်နဲ့ မိုနိုဂဟီ လာမြစ်နှစ်စင်းက မြို့ရဲ့နှလုံးသားနေရာ မှာပေါင်းဆုံကြပြီး အိုဟိုင်းယိုး ဆိုတဲ့နံမည်သစ်နဲ့နံမည်ကျော်မစ်စစ္စပီမြစ်ကြီးဆီဆက်လက်စီးဆင်းသွားတယ်။ မြစ်သုံးသွယ်ဖြတ်စီးသွားတဲ့ မြို့ရဲ့ပိုင်နက်နယ်မြေတလျောက်မှာ ဒီဇိုင်းအမျိုးစုံပြီးထောင်နဲ့ချီတဲ့ သံမဏိ တံတားကြီးတွေက မြို့ ရဲ့ ထူးခြားတဲ့ အမှတ်အသားအဖြစ်ဝင့်ကြွားနေကြတယ်။
ပစ္စဘတ်ဟာပခုံးချင်းတိုက်မိလို့တောင် ဆောရီးမပြောနိုင်အောင်အလျင်လိုနေရတဲ့ နယူးယောက်လို လည်း ပျားပန်းခပ်အလုပ်များမနေပါ ဘူး။ အမေရိကရဲ့နေရာတော်တော်များများမှာတွေ့ရတတ်တဲ့ လမ်းပေါ် မှာလျောက်သွားနေသူ သုံးလေးယောက်ပြည့်အောင်မမြင်ရတဲ့ ခြောက်ကပ်ကပ်မြို့ငယ်ကလေးလည်းမဟုတ် ပါဘူး။ ပြုံးရွှင်ဖော်ရွေတတ်တဲ့လူ အများစု သက်တောင့်သက်သာသွားလာလှုပ်ရှားနေတဲ့ ပစ္စဘတ်မြို့မှာ
City of Asylum/Pittsburg လို့နံမည်ပေးထားတဲ့ အဖွဲ့အစည်းလေးရှိတယ်။
အဲဒီအဖွဲ့အစည်းလေးက ကမ္ဘာအရပ်ရပ်က အကြောင်းအမျိုးမျိုးကြောင့်ကိုယ့်မိခင်နိုင်ငံမှာအနုပညာ
ဖန်တီးဖို့အခက်အခဲရှိနေသူတွေကို လွတ်လပ်အေးချမ်းစွာ အနုပညာဖန်တီးနိုင်ဖို့ နေရာထိုင်ခင်းအပါအ၀င်
စားဝတ်နေရေးအတွက်လိုအပ်တဲ့ လစဉ်ကုန်ကျစရိတ်ကိုပါ ထောက်ပံ့ပေးပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတွေ ဟာအဖွဲ့ရဲ့အစီ အစဉ်နဲ့အတိုဆုံးအချိန်၃ရက်ကနေအရှည်ဆုံးအချိန်၂နှစ်အထိ ပစ္စဘတ် မှာနေထိုင်ပြီးအနုပညာဖန်တီးခွင့်ရကြပါတယ်။ 'ခိုလှုံရာဗိမာန်' ဆိုတဲ့ City of Asylum/Pittsburgh ဟာကမ္ဘာ အနှံ့ ကကဗျာဆရာ၊စာရေးဆရာ တွေကိုဖိတ်ကြားပြီး ဂျပ်ဇ်ဂီတနဲ့တွဲဖက်တင်ဆက်တဲ Jazz Poetry Concert ကိုလည်းနှစ်စဉ်ကျင်းပခဲ့တာဒီနှစ်၂၀၁၀မှာ၆ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ကဗျာရဲ့အသံနဲ့အရသာကိုဂျပ်ဇ်ဂီတရဲ့ အသံ၊အရသာနဲ့ပေါင်းစပ်ပြီး နှစ်စဉ်တင်ဆက်မှုအသစ်၊တင်ပြပုံအသစ်တွေနဲ့ဂျပ်ဇ်ကဗျာပွဲတော်ဟာ အလွန် စိတ်လှုပ်ရှားစရာကောင်းပြီး ဆွဲဆောင်မှုရှိတယ်ရယ်လို့မြို့ခံတွေကြားမှာ ပြောစမှတ်ပြုကြပါတယ်။
City of Asylum/ Pittsburgh ရဲ့ အနုပညာဖန်တီးခွင့် အစီအစဉ်မှာပါဝင်သူ စာရေးဆရာတယောက် အနေနဲ့ ၂၀၀၉ခုနှစ် Jazz Poetry Concert ကစပြီး ကျမပူးပေါင်းတင်ဆက်ခွင့်ရခဲ့ပါတယ်။ မြန်မာစာရေးသူ တယောက်အဖြစ်ကျမဟာဂျော်ဂျီယာ(ရုရှား)အန္ဒိယ အီရန်၊ ခရိုအေးရှားတို့က ကဗျာဆရာ၊ဆရာမတွေနဲ့အတူ ၂၀၀၉မှာပါဝင် တင်ဆက်ခဲ့ပါတယ်။
၂၀၁၀ မှာတော့ နယူးဇီလန်၊ Belarus ( ရုရှား)၊ El Salvador (စင်ထရယ်အမေရိကား)တရုတ်နိုင်ငံတို့က ကဗျာဆရာ၊စာရေးဆရာတွေ အပါအ၀င် သြဇာကြီးမားတဲ့ အာဖရိကန်အမေရိကန် ကဗျာဆရာကြီး Yusef Komunyakaa တို့ နဲ့ အတု ပါဝင်တင်ဆက်ခွင့်ရပြန်ပါတယ်။ ပုံမှန် အားဖြင့် Jazz Poetry Concert ကို City of Asylum/ Pittsburgh ရုံးခန်းတည်ရှိရာဆမ်ပ်ဆိုးနီးယားလမ်းပေါ်မှာကျင်းပလေ့ရှိပေမယ့် ဒီနှစ် မှာတော့မိုး
ကြောင့်ကဗျာရွတ်ပွဲကိုNewHazlett သီရေတာကိုရွေ့ ပြောင်း ခဲ့ရပါတယ်။ထိုင်ခုံ ၆၀၀ ရှိတဲ့ သီရေတာအတွင်း မှာ ထိုင်ခုံတွေပြည့်သွား တာကြောင့်ပရိုဂျက်တာနဲ့ထိုးပြီး Liveပြနေတဲ့သီရေတာခန်းမအပြင်ဖက် Lobby ခန်းထဲမှာလူ ၃၀-၄၀လောက်ကို စားရင်းသောက်ရင်း မိုးတိုး မတ်တတ်ကြည့်နေကြတာကိုမြင်ရပါတယ်။
ဒီနှစ်ဂျပ်ဇ်ကဗျာပွဲတော်အတွက် အစီအစဉ်မှုးကတော့ Ghost Whisperer ဆိုတဲ့ TV Series ထဲကခေါင်း ဆောင်မင်းသား David Conrad ဖြစ်ပါတယ်။ ပွဲမတိုင်ခင်တရက်မှာရီဟာဆယ်လုပ်တာကြောင့်ရီဟာဆယ်နေ့ မှာ ဒေးဗစ်နဲ့ ကျမတိုင်ပင်ပြီး ကျမရဲ့ "တခုသောနွေဦး" ဆိုတဲ့အက်ဆေးတိုလေးတပုဒ်ကိုမြန်မာလိုတလှည့် အင်္ဂလိပ်လိုတလှည့် ရွတ်ကြမယ်ရယ်လို့ တိုင်ပင်လေ့ကျင့်ကြပါတယ်။ တကယ်တော့ အဲဒီ အက်ဆေးတိုလေး ကို၂၀၀၉ ဂျပ်ဇ်ကဗျာပွဲတော်မှာတုန်းကလည်း အင်္ဂလိပ်လို ရွတ်ခဲ့ပြီးသားပါ။ ဒါပေမယ့် CityofAsylum ရဲ့ ဥက္ကဌက အဲဒီအက် ဆေးလေးကို ဒီနှစ်မြန်မာလိုတလှည့် အင်္ဂလိပ်လိုတလှည့်ရွတ်စေချင်ပြီး ဒေးဗစ်ကလည်း သဘောတူတာကြောင့်ထပ်ရွတ်ဖို့စီစဉ်ကြတာပါ။ဖြစ်နိုင် ရင် “တခုသောနွေဦး“ထဲကစာတပိုဒ်လောက်ကို မြန်မာလိုရွတ်ချင်တယ် လို့ ဒေးဗစ်ကပြောပါသေးရဲ့ ။
ကျမရဲ့ ကိုယ်ပိုင်အစီအစဉ်အဖြစ်“မှိန်ပျပျကြယ်“ ဆိုတဲ့ကဗျာ လေးကိုမြန်မာလိုရွတ်ဖို့ဂျပ်ဇ်ဝိုင်းနဲ့ ရီဟာ ဆယ်လုပ်ရပါတယ်။ရီဟာဆယ် လုပ်နေရင်း ကျမကဒေးဗစ်ကို ကျမရဲ့ “သန်းကောင်ယံအလင်း“ ဆိုတဲ့ ကဗျာ အင်္ဂလိပ်ဗားရှင်းကိုဖတ်ကြည့်ပါဦးဆိုပြီးပေးမိပါတယ်။ သူကကဗျာထဲမှာပါတဲ့ Moon တို့  Night တို့ Kiss တို့ ရဲ့ မြန်မာလို အသံထွက်၊ အသုံးအနှုံး တွေကိုမေးပြီး အသံလိုက်ထွက်ကြည့်ပါတယ်။
“ တော်တော်မလွယ်ဘူး“
ဒေးဗစ်ကအဲဒီလိုပြောပြီး“တခုသောနွေဦး“ထဲကစာပိုဒ်တပိုဒ်ကိုမြန်မာလို ရွတ်ဖို့ အစီအစဉ်ကိုဖျက် လိုက်ပါတယ်။
“ရှင်မြန်မာလိုပြောချင်ရင်အနည်းဆုံးပရိသတ်ကိုမြန်မာလိုနှုတ်ဆက်နိုင်ပါတယ်“လို့ကျမကအားပေး
တော့ သူကအားရ၀မ်းသာနဲ့ “ကျနော့်ကိုသင်ပေးပါ“လို့တောင်းဆိုတယ်။ သူ့ခမျာကြိုးစားပန်းစားလေ့ကျင့် ပြီး နောက်တနေ့ပရိသတ်ရှေ့ရောက်တဲ့အခါ ကျမရဲ့အက်ဆေးလေးကို မရွတ်ဖတ်ကြခင် “မင်္ဂလာပါ“ လို့ ပရိတ်သတ်ကိုပီပီသသနှုတ်ဆက်နိုင်ခဲ့ ပါတယ်။
အစီအစဉ်အရကျမရဲ့မြန်မာလိုကဗျာရွတ်ဖို့ကအတော်စောင့်ရဦးမှာပါ။ ဒါပေမယ့်ဒေးဗစ်ကကျမကို
နောက်ထပ် ကဗျာတပုဒ်ရွတ်ကြရအောင်လို့ ဖိတ်ခေါ်လိုက်တော့ကျမက မင်းသားပီပီ၊အစီအစဉ်မှုးပီပီ ပရိတ် သတ်ရှေ့ မှာစကားအရာတွေပြောနေတာပဲလို့ထင်မိတာ။ ကျမဘေး မှာထိုင်နေတဲ့ စင်ထရယ်အမေရိကားက စာရေးဆရာက“ ခက်မာ..သွားလေ။ မင်းကို ခေါ်နေပြီ်“ဆိုတော့ကျမအူကြောင်ကြောင်နဲ့မီးမောင်းအောက်
ရောက် သွားပြန်ပါတယ်။ “ခက်.. မင်းဒီကဗျာရွတ်မယ်မဟုတ်လား“ လို့ ကျမရဲ့ “သန်းကောင်ယံအလင်း“ ကဗျာကိုပြပြီးဒေးဗစ်ကမေးတော့ “ကျမဒီကဗျာရွတ်ဖို့ လေ့ကျင့်မ့ထားခဲ့ဘူး။“ လို့ ပြောမိတယ်။ ဒါပေမယ့် ပရိသတ်ရှေ့မှာကျမလေ့ကျင့်မထားမိလို့ မရွတ်တော့ဘူးဆိုပြီးပြန်လှည့် လာလို့မရတာကြောင့်ကျမယောင် လို့တောင်လေ့ကျင့်ရွတ်ဖတ်မထားမိ တဲ့“သန်းကောင်ယံအလင်း“ကဗျာကို ခပ်တည်တည်နဲ့အင်္ဂလိပ်လို ရွတ်ရပါတော့တယ်။ ကျမအသံထွက်တွေက တော်တော်ဆိုးနေလိမ့်မယ်လို့ တော့ကြိုတင်ပြောလိုက်မိပါသေး တယ်။ အစီအစဉ်ထဲမှာအဲဒီကဗျာရွတ်ဖို့ မပါတော့ ကျမကကြည့်ရွတ်ဖို့စာရွက်တောင်ပါမသွားဘူးလေ။ ဒေး ဗစ်ယူလာတဲ့စာရွက်ကို နှစ်ယောက်မျှကြည့်ရွတ်နေရင်း အသံမထွက်တတ်တဲ့ စာလုံးတွေ့ ရင်ဒုက္ခပဲလို့ စိတ် ပူလိုက်တာ။
တတိယမြောက်ကဗျာဖြစ်တဲ့ “မှိန်ပျပျကြယ်“ ကိုတော့ မြန်မာလိုပဲရွတ်ရတာမို့ အေးအေးဆေးဆေးပါပဲ။ ဒီကဗျာကလေးက ၂၀၁၀မေလထုတ်ရနံ့သစ်မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ကဗျာလေးပါ။ ကျမရဲ့ ရင်ထဲကဆန္ဒ
တွေကို ဆုတောင်းပုံစံမျိုးတင်ပြထားတဲ့ကဗျာကို ဂျပ်ဇ်ဂီတ ၀ိုင်းခေါင်းဆောင် အိုလီဗာလိတ်က နုညံ့တိုးသက် တဲ့ဂီတနဲ့ ပံ့ပိုးပေးပါ တယ်။ နေထိုင်တဲ့တိုင်းပြည်၊ ယဉ်ကျေးမှုမတူတဲ့ကဗျာဆရာတွေရဲ့ ကွဲပြားခြားနားတဲ့ ကဗျာစီးဆင်းသံပေါ်မူတည်ပြီးပံ့ပိုးပေးတဲ့ဂီတသံတွေက မြင့်တက်လှုပ်ရှားလာလိုက်၊ နုညံ့တိုးသက်သွားလိုက် နဲ့ ပေါ့။
နယူးဇီလန်ကကဗျာဆရာမကသီချင်းရေးသူတယောက်လဲဖြစ်နေသေးတာမို့ကဗျာထဲမှာသူတို့ရဲ့ကျေး
လက်ဂီတတွေညှပ်ထည့်သီဆိုသွားတယ်။ သူ့ဘာသာစကားနဲ့ရွတ်တဲ့အခါနားမလည်ပေမယ့် ဂီတ၀ိုင်းနောက် ကပိတ်ကားကြီးပေါ်မှာ ရွတ်နေတဲ့ကဗျာကို အင်္ဂလိပ်လိုစာတန်း ထိုးပြထားတာမို့ပရိသတ်တွေက စာသားကို ဖတ်ရင်း အသံစီးဆင်းမှုကိုခံစားနိုင်ကြတယ်။ ဘာလာရုစ်( ရုရှား)က ကဗျာဆရာမလေးကငယ်ငယ်လှလှလေး ပါ။ သူမရဲ့ကဗျာရှည်ကြီးကတော့ဟာသနဲ့ ခပ်သွက်သွက် ဖွဲ့ထားတာမို့ ပံ့ပိုးပေးတဲ့ဂီတကလည်းမြူးသွက် လာပြီးပျော်စရာကောင်း လာပါတယ်။တရုတ်ကဗျာဆရာကတော့ ပါဖောင်းမန့် စ်အနုပညာရှင်လဲ ဖြစ်ပြန်တာ မို့ ကျယ်လောင်တဲ့ ကဗျာရွတ်ဖတ်သံနဲ့အတူ ခန္ဓာကိုယ်ကိုလှုပ်ရှားသရုပ်ဆောင်သွားတာက ထူးခြားတဲ့ တင် ဆက်မှုတခုဖြစ်နေပြန်ပါတယ်။
ဂီတ၀ိုင်းခေါင်းဆောင်အိုလီဗာလိတ် ကိုယ်တိုင်ကလည်းကဗျာဆရာမို့ သူကလည်းသူ့ကဗျာတချို့ ရွတ် သေးတယ်။ Yusef Komunyakaa ရဲ့ကဗျာတွေကသြဇာကြီးမားသလိုသူ့ ရဲ့ အသံ ကလည်း တည်ငြိမ်အား
ကောင်းလှပါတယ်။သူကအဲဒီညချမ်းအတွက် ကဗျာအများဆုံးရွတ် ဖတ်ရသူပေါ့။ သူကသူရဲ့ “ဆက်ဆိုဖုန်းဘွဲ့“ ဆိုတဲ့ကဗျာကို နောက်ဆုံးမှာရွတ်တယ်။အဲဒီ ကဗျာရဲ့ နောက်ဆုံးပိုဒ်ကို ကျမကမြန်မာလို၊ ကျန်တဲ့ ကဗျာဆရာ မတွေက သူတို့ ကိုယ်ပိုင် ဘာသာစကားတွေနဲ့ ရွတ်ပေးရတယ်။ အစီအစဉ်ပြီးလို့ကျမတိုတတွေ ပရိသတ်ကို ဦးညွှတ် တော့လက်ခုပ်သံတွေက သီရေတာပွင့်မတတ်ပါပဲ။
ကဗျာအပေါ်ပရိသတ်ရဲ့တန်ဖိုးထားမှု၊ကဗျာနဲ့ဂီတအနုပညာကိုပေါင်းစပ်တင်ဆက်နိုင်ခြင်းရဲ့အင်အား တွေကိုမျက်မြင်တွေ့ရတဲ့အတွက် ကျမစိတ်လှုပ်ရှားနေမိတယ်။ လက်ခုပ်တီးအားပေးမှုကိုတော်တော်နဲ့ မရပ် ကြတဲ့ပရိတ်သတ်ကိုကြည့်ပြီး ဒီလိုပွဲမျိုးကိုလက်ခုပ်တီး အားပေးခွင့် မရှိနိုင်သေးတဲ့ကျမတို့မြန်မာပြည်သူတွေ ကိုမြင်ယောင်လွမ်းတနေမိပါ တယ်။ အနုပညာကိုခံစားခြင်းအားဖြင့် စိတ်ဓါတ်တွေနုညံ့သိမ်မွေ့သွားရ ခြင်းရဲ့ အရသာဟာလူတိုင်းခံစားထိုက်တာပဲမဟုတ်လား။ မြန်မာပြည်ထဲ မှာ ဒီလိုပွဲမျိုးရှိစေချင်လိုက်တာ။ ခံစားစေ ချင်လိုက်တာဆိုတဲ့အတွေးကကျမ အိမ်အပြန်လမ်းအထိပါလာခဲ့ပါတယ်။
( ဒီစာစုလေးက မန္တလေးဂေဇက်မှာပါပြီးသားပါ။)
ဆရာမရေ..
အသံဖိုင်ပါတင်ပေးရင် သိပ်ကောင်းမှာပဲ..။
အဆင်ပြေပါစေ ဆရာမ