1. 2.


မနှစ်ကဆောင်းတွင်းမှာ ကျွန်မတော်တော် စိတ်ဓါတ်ကျခဲ့သည်။ အသက်အရွယ်ကြောင့်လား၊ ရာသီဥတုနှင့် နေရာထိုင်ခင်းအပြောင်းအလဲကြောင့်လားမသိတော့မသိပါ။ စိတ်တွေအုံ့မှိုင်းနေခြင်းကစခဲ့ပြီး တဖြည်းဖြည်း မြင်သမျှ အလိုမကျဖြစ်လာသည်။ နောက်တော့ညဖက်တွေမှာပါ အိပ်မပျော်ဖြစ်လာကာ လူ့ဘ၀မှာ ဘာကြောင့်များ အသက်ရှင်နေရတာပါလိမ့်ဟုတွေးမိစပြုလာသည်။ ဒီကြားထဲ ခါးဆစ်ရိုးနှစ်ခုကြားမှာ ကူရှင် သဖွယ်ခံထားသည့် အရွတ်ကလက်သည်းခွံ လောက်ကလေးကျွံထွက်လာသဖြင့် ခါးကအမြဲလိုနာနေခဲ့တာ လပေါင်းများစွာကြာနေသည်။ ဆေးတွေသောက်လည်း ခဏသာသက်သာပြီးပြန်နာလာသည်။ လောလော ဆယ်ခါးရိုးထဲ ဆေးထိုးထည့်ပြီး စောင့်ကြည့်နေသည့်ကာလဖြစ်သည်။ ဆေးဒါဏ်ကြောင့် လူကအားနည်းပြီး လောလောဆယ်အချိန်အထိ ခါးအနာကလည်းရာနှုန်းပြည့်ပျောက်မသွားသေးသဖြင့် စိတ်ညစ် ညူးရပြန် သည်။ သေချာတာကတော့ ကျွန်မ မပျော်မရွှင်ဖြစ်နေတာပင်။ ဤသို့မပျော်မရွှင်ဖြစ်နေချိန်မှာ ဆရာကိုတာ ၏ “သူငယ်ချင်းများနှင့်စကားစမြည်ပြောခြင်း“ စာအုပ်ကိုဖတ်မိကာ “ဘ၀၌ မြိန်ခြင်း”ဟူသော စကားလေးကို အရသာတွေ့မိသည်။ အရသာတွေ့မိသည်ဆိုခြင်းက ဘ၀ဆိုတာ မြိန်သင့်သောအရာပါ တကားဟု ဆင်ခြင် သိမြင်လာခြင်းသာဖြစ်သည်။ ကျွန်မက ဘ၀၌ရာနှုန်းပြည့်မြိန်ယှက်နေသူတစ်ယောက်ဟု သတ်မှတ်လို့ 
တော့မရ သေးတာသေချာနေပြန်သည်။
     သို့သော် ဘ၀မှာဘာကြောင့်များအသက်ရှင်နေရပါလိမ့်ဟုစဉ်းစားမိနေချိန်တွင် “ဘ၀၌မြိန်ခြင်း“ဟူသော စကားလုံးအပေါ်အရသာတွေ့မိခြင်းကအလွန်တန်ဖိုးရှိသောအခိုက်အတန့်ကိုပိုင်ဆိုင်ခွင့်ရသွားသည်ဟု ပြော ရမည်။ကျွန်မကဘ၀မှာမြိန်စရာကောင်းခြင်းဆိုတာလေးတွေကိုစဉ်းစားရှာဖွေလိုစိတ်ပေါက်သွား၍ ဖြစ်သည်။ အကယ်၍ဘ၀မှာ မြိန်စရာရှာမတွေ့ဘူးဆိုတောင် ဆရာကိုတာ၏စာများအတွင်းမှ တရုတ်ကြီး ‘ချင’်လို၊ ဆရာကိုတာလို ဘ၀၏ ပျော်စရာအခိုက်အတန့်များတော့ ကျွန်မမှာအနည်းနှင့်အများရှိမှာပဲဟု တွေးမိသည်။ သည်တော့ ကျွန်မဘ၀ထဲမှပျော်စရာ အချိန်လေးတွေကိုရှာဖွေကြည့်ချင်စိတ်ပေါက်သွားသည်။

                                                   ~ ~ ~ ~ ~ ~

နေရောင်ဝင်းဝါသော နောက်ဆုံးရက်ကျန်နွေညနေခင်းတခုမှာ မိတ်ဆွေ ရီဘက်ကာဆီမှ အီးမေးတစောင် 
ရောက်လာသည်။ “ တို့ ညနေ ၄နာရီဆို အလုပ်ပြီးမယ်။ မင်းအားရင် ညနေလေးနာရီခွဲလောက်တွေ့ ရ 
အောင်။ ကော်ဖီတစ်ခွက်လောက်အတူသောက်ပြီး ပန်းခြံ ထဲလမ်းလျှောက်ကြမယ်လေ“ ဟု ဆိုထားသည်။ မနက်အိမ်ကမထွက်ခင် အီးမေးလ်စစ် မသွားနိုင်ခဲ့သဖြင့် သူ့အီးမေးကို ကျမဖတ်မိချိန်ကိုက ညနေ ၃ နာရီ ခွဲကျော်နေပြီ။ ကျမက စာပြန်နောက်ကျခြင်းအတွက်တောင်းပန်ရင်း တွေ့ ကြရအောင်ဟု ခပ်တိုတိုပဲ အီးမေး ပြန် လိုက်သည်။ သူနှင့်ကျမကော်ဖီသောက် နေကျဆိုင်က ကျမအိမ်နှင့် ၅မိနစ်ကျော်ကျော်ပဲ လျှောက်ရ သဖြင့် လေးနာရီခွဲဖို့ ၇ မိနစ် လောက်လိုချိန်မှ အေးအေးဆေးဆေးပဲလမ်းလျှောက် ထွက်သွားလိုက်သည်။
           ကော်ဖီဆိုင်ရှေ့မှာရပ်ကွက်ပန်းခြံသေးသေးလေးရှိသည်။ ပန်းခြံလေးအတွင်းရှိ အပွင့် ပွင့်သောပန်း ပင်တိုင်း လိုလိုက ရာသီကုန်ကာနီးမို့ အပွင့်တွေတုံးကုန်ကြပြီ။ ဒါပေမယ့်ဂန္ဒမာ မျိုးနွယ်ဝင်ပန်းတချို့က ခုမှ အားရပါးရ ပွင့်တုန်းပင်။ အောက်တိုဘာလဆန်းမှာ အပူချိန်အတော် ကျသွားသဖြင့် ပန်းပင်တော်တော်များ များက အရွက်တွေညှိုးကုန်သည်။ ဒုတိယပါတ်ထဲမှာ ဆယ်ရက်ဝန်းကျင်ခန့် နေခြည်ပြန်ဝင်းပလာပြန်သော အခါ ညှိုးနေသော အပင်များ၏အောက်ခြေမှ အကိုင်းသစ်လေးတွေချက်ခြင်းတိုးထွက်လာကာ စံချိန်မီအရွယ် အစား မဟုတ်သော်လည်း ပန်းပွင့်အသစ်သေးသေးတွေ စီရရီမြင်ရသည်။ ရသလောက်တော့ပွင့်လိုက်ဦး မယ်ဆို  နေသယောင်မာန်အပြည့်နှင့် ပန်းပွင့်လေးတွေကိုကြည့်ပြီး သဘောကျကာ ကျွန်မက အရူးလို တစ်ယောက်ထဲ ပြုံးရယ်မိသည်။ နည်းနည်း နောက်ကျမယ် မှန်းသိလျှက်နှင့် ပန်းခြံသေးသေး လေးထဲမှာ ၅ မိနစ်ခန့် အချိန်ဖြုန်းလိုက်သေးသည်။ ပန်းခြံထဲမှာ စိတ်မနှံ့သူလိုတစ်ယောက် ထဲရယ်မောမိစေနိုင်သည့် မြင် ကွင်းကို ခံစားရခြင်းကခံတွင်းပျက်စရာမဟုတ်တာတော့ သေချာသည်။

           ထင်သည့်အတိုင်း ရီဘက်ကာရောက်နှင့်နေပြီ။ ကျောလည်ခန့်ရှည်သည့် ၀ါညိုရောင်ဆံပင်ကို ဖား လျားဖြန့်ချထားသည်။ မျက်လုံးတ၀ိုက်ကို ခပ်ပြာပြာအိုင်းရှဲဒိုးတွေချယ်ထားသည်။ အနက်ရောင်လက်သည်း ဆိုးဆေးကို ဆိုးထားသည်။ သူမကိုကြည့်ရတာပေါ့ပါးသွက်လက်နေသည်။ နို့နှင့်သကြားထည့်မထားသော လဘက်ရည် တစ်ခွက်နှင့်ချောကလက်ကိတ်မုန့်တခုကို မှာစားထားနှင့်ပြီ။ ကျွန်မရေနွေးကြမ်းကြိုက်မှန်းသိ သောရီဘက်ကာက “မင်းအတွက်ဂရင်းတီးတခွက် မှာလိုက်မယ်“ဟုလှမ်းပြောသည်။ ကျွန်မတို့ ရာသီဥတု အကြောင်း၊ နွေရာသီကိုဘယ်လို အချိန်ဖြုန်းကြကြောင်း၊ သူမအိမ်နားက ဇင်ဗုဒ္ဒဘာသာဘုရားကျောင်း အကြောင်းထွေရာ လေးပါးတွေပြောရင်း ခပ်လှမ်းလှမ်းကပန်းခြံဆီလမ်းလျှောက်ထွက်ဖို့ ပြင်ကြသည်။ သူမ ကဆွယ်တာလို၊ လက်ပွေ့အိတ်လို တိုလီမိုလီတွေကို ကားထဲထည့်သော့ပိတ်ရင်း သူမကားကအလွန်ဟောင်း အိုနေပြီဖြစ်ကြောင်းပြောသည်။

           သူမယောက်ခမကြီးက ဒီကားကိုပေးခဲ့တာဖြစ်သည်။ ထိုကားကိုမစွန့်နိုင်သေးခြင်းက ယောက်ခမ အမွေဖြစ်လို့ တခုထဲကြောင့်မဟုတ်ဘူးဟုပြောသေးသည်။ သူမခင်ပွန်းကအချိန် ပြည့်အလုပ်မရှိသေးသလို သူမကလည်း NGO အဖွဲ့ အစည်းတခုရဲ့ အကြံပေးတစ်ဦးသာ ဖြစ် သည်တဲ့လေ။

           “ အာမခံချက်ရှိ တဲ့ အလုပ်မဟုတ်ဘူးပေါ့။ ဒီတော့ မော်ဒယ်အောက်နေတာတခုထဲနဲ့တော့ ကားဖိုး

အကုန်မခံချင်သေးဘူး။ ကျမတို့က မချမ်းသာပါဘူး။ ငွေကြေးကိုတိုင်းတာတွက်ချက်သုံးစွဲနေရတယ်။ ဒါပေ မယ့်ကျွန်မပျော်တယ်။ နေဖို့ထိုက်တန်တဲ့ဘ၀ကိုရတယ်လို့ယုံကြည်တယ်။ ဒီနှစ်ကျွန်မအသက် ၆၀ပြည့်တယ်။  ကျွန်မအမေက ၉၃ နှစ်။ အမေ့ရဲ့ အစ်မ ကျွန်မကြီးဒေါ်ကြီးက ၉၄နှစ်။ သူတို့ စီနီယာဟုမ်းတစ်ခုထဲမှာ အတူ နေကြတယ်။ အမေနဲ့ ကြီးဒေါ်ကိုပြုစုနေရတဲ့အချိန်ဆို သူတို့ကို ငါစောင့်လျှောက်နိုင်တယ်ဆိုပြီး ပီတိ ဖြစ်ရ တယ်။ ပြီးတော့ကျွန်မမှာ ခုလိုသာယာတဲ့ပတ်ဝန်းကျင်မှာခင်မင်ရတဲ့မိတ်ဆွေနဲ့ လမ်းလျှောက်နိုင်တယ်။ စားသောက်ဆိုင် အသစ်ဖွင့်ရင် သွားပြီးမြည်းစမ်းနိုင်တယ်။“
စကားစပ်ရင်း အုတ်ကလန်းမှာ မလေးရှားစားသောက်ဆိုင်အသစ် တစ်ခုဖွင့်ကြောင်းနှင့် သောကြာ ညနေတစ်ရက်အတူသွားစားဖို့ချိန်းရအောင်ဟုပြောသေးသည်။ သူပြောတာတွေကိုနားထောင်ရင်း ကျွန်မတို့ ပန်းခြံထဲက အဲလစ်ဇဘက်ရေကန်နားရောက်လာသည်။ ကျွန်မခါးကလည်းနည်းနည်းနာလာပြီ။
စိမ်းပြာရောင်ကန်ရေပြင်က ၀င်းဝါသောနေခြည် အောက်တွင် လှချင်တိုင်းလှနေသည်။ ကန်ထဲရှိ အကောင်ထွားထွား ဘဲခေါင်းစိမ်းကြီးတွေ ဦးဆောင်သောဘဲအုပ်က ကလေးတွေ ကြွေးသောပေါင်မုန့် စတွေ ကို အငမ်းမရစားနေသည်။ ပန်းခြံအလည်က အမှတ်တရရုပ်ထု ကျောက်တိုင်တစ်ခုပေါ်နွယ်တက်နေသော အပင်ကလေး တွေက ပတ္တမြားရောင်ပြောင်းစပြုပြီ။ ကြောက်စရာအအေးဒါဏ်နှင့်နှင်းထုကြောင့် ဤသို့သော စိတ်ကြည်နူးဖွယ်ရာ သီဥတုနှင့်ပတ်ဝန်းကျင်ကို သိပ်မကြာခင်ဆုံးရှုံးတော့မည်။ နေခြည်ဝင်းပ နွေးထွေးနေ သည့် ပတ်ဝန်းကျင်အတွင်းမှ ဘ၀အာမခံချက်မရှိသည့်အလုပ်ကိုလုပ်နေရပေမယ့် တက်ကြွ ဖြတ်လတ်နေ သည့် အသက် ၆၀ အရွယ်အမျိုးသမီးကြီးကိုကြည့်ကာ ဘ၀၌မြိန်ခြင်း ဆိုသောစကားလုံးကို စဉ်းစားမိသွား သည်။

အိမ်အတွင်းမှာအချိန်ဖြုန်းပစ်ဖို့ မသင့်တော်သော သာယာလှပသည့် ညနေ တစ်ခုတွင် ကျွန်မနှင့် တွေ့ ဆုံကာ စကားစမြည်ပြော၍ ပန်းခြံထဲလမ်း လျှောက်ဖို့ရောက်လာသော ဘ၀၌မြိန်နေသည့် မိတ်ဆွေ တစ်ယောက်ရှိနေခြင်းကပင် မြိန်စရာတစ်ခု ဖြစ်နိုင်သည်လား ဆရာကိုတာဆုံးဖြတ်ပေးနိုင်မည် ထင်သည်။


                                                      ~ ~ ~ ~ ~

အိမ်ပြန်ရောက်တော့ အိမ်ထဲတန်းမ၀င်သေးပဲ အိမ်နောက်ဖေးမှာတည်ထားသောဈေးဆိုင်ကလေးကိုပြေး ကြည့်ရသေးသည်။ မြန်မာပြည်မှလာသော ချဉ်ပေါင်ပင်တွေကတော့ ၆၀ ဒီဂရီဖာရင်ဟိုက်ထဲမှာ ၂ ရက်
၃ ရက်နေလိုက်ရတာနှင့် အရွက်တွေနီကာလိပ်ကုန်ပြီ။ အမေရိကန်မျိုးဘရိုကိုလီကတော့ အရွက်တွေဖား တုန်း။ ပထမဆုံးပွင့်သည့်ပန်းပွင့်ကြီးတွေကိုဖြတ်ကာ ကိုယ်တိုင်လည်းစားပြီးပြီ၊ အိမ်နီးခြင်းတွေလည်းဝေပြီး ပြီ။ ပန်းပွင့်ကြီးတွေဖြတ်လိုက်တော့ အောက်ခြေမှဘရီုကိုလီအကိုင်းလေးတွေ လေးငါးကိုင်းက မူလပင်စည် ကြီးဘေးမဖြာထွက်လာကာ တစ်လက်မ၊နှစ်လက်မပတ်လည်အရွယ် အပွင့်သေးသေးလေးတွေပွင့်လာသည်။   အတက်လေးတွေဆိုပေမယ့် အလွန်နုညံ့ပြီး ပြွတ်နေအောင်ထွက်လာသဖြင့် ဖြတ်ပြီး အိမ်နီးချင်းတွေဝေရပြန် သည်။ ခုလောလောဆယ်အပင်မှာပွင့်နေသေးတာက တတိယအသုတ် ဘရီုကိုလီပွင့်တွေ။ ဒုတိယအသုတ် အပွင့်ထက်ပိုသေးသွားပြန်ပြီ။ ကျပ်ပြားဝိုင်းသာသာအရွယ်သာရှိတော့သောဘရီုကိုလီပွင့်လေးတွေကိုအရွက် ဖားဖားကြီးတွေဖယ်၍ရေတွက်နေစဉ် နှစ်အိမ်ကျော်မှ အရုပ်ဆိုးသလောက် အပေါက်ဆိုးသော ခွေးမလေး 

မော်လီနှင့် သခင်ဖြစ်သူ စင်ဒီတို့ ရောက်လာသည်။
          “ဘရီုကိုလီတွေက ပထမဆုံးပွင့်တဲ့အပွင့်ကြီးတွေကတော့လှတာပေါ့။ မြေသြဇာဘာညာမသုံး တော့ အရသာလည်းရှိတယ်။ ဒါပေမယ့် နောက်ထပ်ပွင့်လာတဲ့ အပွင့်သေးသေးလေးတွေ နုညံ့ ပြီးချိုတဲ့ပုံမျိုးကဖြင့် ကျွန်မတစ်ခါမှတောင်မစားဖူးဘူး။ ကျေးဇူးတင်လိုက်တာ။ မင်းအဲဒီ အပင်တွေဘယ်က ၀ယ်စိုက်တာလဲ။ လယ်သမားဈေးက၀ယ်တာဆို ရောင်းတဲ့သူကိုမှတ်မိရဲ့လား။ နောက်နှစ်ကျရင်လည်း ဒီမျိုးပဲပြန်ရဖို့အရေးကြီး တယ်နော်။“

         စင်ဒီက ဘရိုကိုလီအကြောင်းကို G20 အစည်းအဝေးမှာဆွေးနွေးမည့်ခေါင်းစဉ်တစ်ခုလို ပြောသည်။ မော်လီက ဘရိုကိုလီကိုစိတ်မ၀င်စားသဖြင့် ရင်ဘတ်ထဲကအသံနက်ကြီး ထွက်လာအောင်ဟောင်၍သခင်ကို ရှေ့ ဆက်မည်ဖြစ်ကြောင်းသတိပေးသည်။ ခွေးလည်ပါတ်ကြိုးကို ဆွဲလျှက်နှင့်မို့ ခွေးခေါ်ရာနောက်တန်းလန်း တန်းလန်းနှင့် ပါသွားသောစင်ဒီကိုကြည့်ကာ ကျွန်မအသံထွက်အောင်ရယ်မိပြန်သည်။ စင်ဒီ့လက်ထဲမှာ သူမ ခွေးမစင်စွန့်လျှင် ကြုံးဖို့ ကြွပ်ကြွပ် အိတ်ကိုကိုင်သွားသည်။ အသီးအနှံတွေ ကိုယ်တိုင်စိုက်ကာ ဈေးနေ့တစ် နေ့သတ် မှတ်၍ ကိုယ်တိုင်ရောင်းချကြသည့် လယ်သမားဈေးရှိသော သောကြာလိုနေ့မျိုးမှာမော်လီနှင့်အတူ လမ်းလျှောက်၍ပြန်လာသောစင်ဒီ့လက်ထဲတွင် ခရမ်းချဉ်သီးလို၊ ဆလတ်ရွက်လို၊ ပန်းငရုတ်လို အသီးအရွက် တွေထည့်သယ်လာသည့် ကျွတ်ကျွတ်အိတ်တစ်လုံးပါလာတတ်သည်။ သွားတုန်းကပါသွားသောအိတ်မဟုတ် တာတော့သေချာပါသည်။

            “ အော.. အသွားတုန်းက ယူသွားတဲ့ အိတ်ကအသီးအနှံတွေဝယ်ဖို့ ကိုး“

         ကျွန်မကသိသိချည်းနှင့်ဟာသဖောက်မေးလျှင်စင်ဒီက အားရပါးရရယ်သည်။ သူ့သခင်ရယ်သံကိုမော် လီကဘယ်လိုသဘောပေါက်သည်မသိ၊ ရင်ခေါင်းသံကြီးနှင့်ဟောင်ပြန်သည်။ နားရွက် တွဲတွဲ၊ ခြေတိုတိုနှင့် ရုပ်ဆိုးဆိုးခွေးတစ်ကောင် ရင်ခေါင်းသံကြီးနှင့်ဟောင်ရင်း ဆွဲသွားသည့် နောက် တန်းလန်းတန်းလန်း ပါသွား သောအမေရိကန်မကိုကြည့်ရယ်ရတာကလည်း ခဏတာ အတွင်းမှာတော့ ပျော်စရာတစ်ခုပဲထင်ပါရဲ့ ။

                                                         ~ ~ ~ ~

          မနီမလိပ်သေးသော နုနုထွတ်ထွတ်ချဉ်ပေါင်ညွန့်ကလေးတွေကိုဆိတ်ပြီး ကော်ဇလုံတစ်ခုထဲထည့် သည်။ ကြက်ဟင်းခါးပင်ကလည်း မကြာခင်အအေးဒါဏ်နှင့်သေတော့မှာပဲမို့ အသီးရမည့် မျှော်လင့်သံယော ဇဉ်သိပ်ထားမနေတော့ပဲ ရေနွေးဖျောပြီး တို့စရာလုပ်စားဖို့အညွန့်လေးတွေ ဖြတ်သည်။ ပေမမီထောက်မမီ ကြက်ဟင်းခါးသီးလေးသုံးလေးလုံးက အညွန့်တွေကြားမှာကပ်ပါလာသေးသည်။ ချီလီမှသူငယ်ချင်းတစ်ဦး   နောက်ထပ်အိမ်လာမလည်ရဲတော့လောက်အောင် အစွမ်းပြလိုက်သော မိုးမျှော်ငရုတ်ပင်မှငရုတ်သီးလေး ငါးတောင့်လဲခုးခဲ့သေးသည်။ 
      အိမ်မှာဝက်သားနည်းနည်းကျန်သေးသည်။ အန္ဒိယန်းဆိုင်က၀ယ်ထားသောငါးသလောက်တကောင် လည်း ရှိသည်။ အမဲသားလည်းရှိသေးသည်ထင်သည်။ သူတို့အစားအစာ တွေကိုခံတွင်းမတွေ့တတ်သဖြင့် မြန်မာထမင်းဟင်းသာ နေ့တိုင်းချက်စားသောကျွန်မက ခြံထွက်ပစ္စည်းလေးတွေနှင့်လည်းလိုက်အောင် ဒီနေ့ ဘာဟင်းချက်စားလျှင်ကောင်းမည်လဲ စဉ်းစားသည်။ ဆုံးဖြတ်ချက်မကျသေးခင်အီးမေးလေးတချက်စစ်ဖို့ အွန်လိုင်းပေါ်တက်လိုက်တော့ ကျွန်မနံမည်ဘေးက မီးလုံးလေးလင်းလင်းခြင်းမှာပဲ တင်တင်တောင်တောင် အသံဖြင့် ဂျီတော့မှလှမ်းခေါ်သံ ကြားရသည်။ ထိုင်းနိုင်ငံတွင်သင်တန်းတစ်ခုတက်ဖို့ ရောက်နေသော သူငယ် ချင်းက လှမ်းခေါ်ခြင်းဖြစ်သည်။ ထိုသူငယ်ချင်းကို ကျွန်မတို့ ကသူဌေးဟုနံမည်ပြောင်နှင့် ခေါ်ကြသည်။
   “ ဘာတွေလုပ်နေတုန်း“
    သူငယ်ချင်းအမေးကို ကျွန်မ၀မ်းသာအားရ တုန့်ပြန်မိသည်။
          “အတော်ပဲ။ ဟင်းချက်မလို့ ၊ ဘာဟင်းချက်ရင်ကောင်းမလဲစဉ်းစားနေတာ။ ခြံထဲကချဉ်ပေါင်တွေခူး ထားတယ်။ ငရုတ်သီးစိမ်းလည်းရှိတယ်။ ချဉ်ပေါင်ကိုရခိုင်လိုချက်ပြီး ရခိုင် ငရုတ်သီးထောင်းထောင်းမယ်။ ကဲ.. ရခိုင်ဟင်းချက်နည်းအသေးစိတ်လေးပြောပြပါဦး“
             ရခိုင်သူငယ်ချင်းသူဌေး၏ အားရပါးရရယ်သံကို အွန်လိုင်းပေါ်မှစည်စည်ဝေေ၀ကြားရသည်။ ထိုသူ ငယ်ချင်းက ဟင်းချက်အလွန်ကောင်းသည်။ လွန်ခဲ့သောသုံးလေးနှစ်က နွေရာသီတစ်ခုမှာ သူငယ်ချင်း၏ ဇာတိကျောက်ဖြူကို လိုက်လည်ကြရင်း ရခိုင်စာတွေကို ခံတွင်းတွေ့ခဲ့ တာကို မကြာခဏသတိရသည်။
               “ ကဲ..ဒါဆို ချဉ်ပေါင်ရခိုင်ချက်စချက်ကြရအောင်။ ပြီးမှ ငရုတ်သီးထောင်းထောင်းမယ်။“
          သူငယ်ချင်းက ချဉ်ပေါင်မွှေပုံမွှေနည်းမှ စပြောသည်။ ပုဇွန်ငါးပိကိုဘယ်လောက်ထည့်၊ ရေကိုဘယ် လောက်ထည့်။ ကျွန်မကတော့ ဟင်းချက်ရင်းဗိုက်ဆာလာပြီ။ ချဉ်ပေါင်ဟင်း၊ငါးပိ ထောင်းနှင့်လိုက်အောင် ၀က်သားနီချက် ချက်လိုက်မည်။ ဟင်းအိုးထမွှေလိုက် ကွန်ပျူတာရှေ့  စကားသွားပြောလိုက်လုပ်ရင်းမှ ဒီနေ့ တော့ထမင်းမြိန်မှာ မြေကြီးလက်ခပ်မလွဲပဲဟု ကျွန်မစဉ်းစားမိသည်။ မြေကြီးလက်ခပ်မလွဲ ထမင်းမြိန်စေမည့် ဟင်းစပ်တစ်ခုကို ကမ္ဘာတခြမ်းစာဝေးကွာနေသော သူငယ်ချင်းတစ်ယောက်နှင့် အွန်လိုင်းပေါ်မှာ အတူချက် ခွင့်ရတာကလည်း ပျော်ရွှင်ဖွယ်ကိစ္စတစ်ခုပင်ဖြစ်တော့သည်။

                                                       ~ ~ ~ ~

           အမေရိက၏နွေနှောင်း မနက်သုံးနာရီလောက်ကြီး ကျွန်မအိပ်ရာမှနိုးလာသည်။ တပိုတပါးသွားဖို့ သန့်စင်ခန်း ၀င်ပြီး အိပ်ခန်းဆီပြန်ရောက်တော့ လမ်းမီးတွေလင်းနေသောညအလင်းရောင်ထဲမှာ တစ်စုံတခု ရောနှောနေသလို ခံစားလိုက်ရသည်။ ဒါကြောင့်ပြတင်းပေါက်မှန်ကိုမျက်နှာကပ်ပြီးအပြင်ကိုလှမ်းကြည့်တော့ ခပ်နိမ့်နိမကောင်းကင်မှာ ပြည့်ပြည့်၀၀ကြီးသာနေသောလမင်းကိုတွေ့လိုက်သည်။ မီးရောင်တွေရှိနေပေမယ့် လမင်းကိုပြည့်ပြည့်၀၀ထင်ထင်လင်းလင်းကြီးမြင်လိုက်ရတာ အရသာတမျိုးထူးနေတာပါပဲ။ ကျမကြီးပြင်းခဲ့ရာ ရွာလေးမှာဆိုရင်တော့ ဒီလရောင်ကသိပ်တန်ဖိုးရှိမှာပဲ။ လျှပ်စစ်မီးမရှိတဲ့ရွာကလေး၏ ညထဲတွင်မှန်အိမ်
ကလေးပင်မထွန်းပဲအမှောင်ချထားသောအိမ်ထဲမှလမင်းကိုငေးမျှော်၍ကျွန်မ၀တ္တုတိုပေါင်းများစွာရေးဖြစ်ခဲ့သည်။ လမင်းကိုမြင်ပီး ဇာတိမြေတွင်စာတွေရေးဖြစ်ခဲ့ခြင်းကိုသတိရသွားတော့ ကျမခေါင်းတွေက ကြည်လင် သွားခဲ့ပြီ။ စားပွဲပေါ်မှာအသင့်ရှိနေသောဘောလ်ပင်တစ်ချောင်းနှင့် တွေ့ရာစာရွက်အလွတ် တစ်ရွက်ပေါ်မှာ ခေါင်းထဲပေါ်လာသောစာတစ်ပိုဒ်စရေးဖြစ်သည်။
              “ညဥ့်နက်သန်းခေါင်ကြီး 
              လရောင်တွေရုတ်တရက်လင်းဖြာလာတယ်လို့ ထင်လိုက်မိတာ၊ 
           တကယ်က... ရှင် ကျွန်မကို နမ်းလိုက်တာပဲ
          ကဗျာလိုလိုဘာလိုလိုဖြစ်သွားသော ကျွန်မစာလုံးတွေကိုကြည့်၍ ကျွန်မပြုံးမိသည်။ အနုပညာဆိုတာ ဒါမျိုးထင်ပါရဲ့။ လက်တွေ့မှာ ကျွန်မတကယ်မြင်နေရတာကလရောင်အစစ်။ ကျွန်မချရေးဖြစ်တာက လရောင် နှင့်တူသောအနမ်းတပွင့်အကြောင်း။ အလွတ်ရထားသောကဗျာတစ်ပုဒ်ကို ချရေးနေသလို ကျွန်မစာကြောင်း တွေဆက်တိုက်ချရေးဖြစ်သည်။ ကျမရေးမိတာ ကဗျာဖြစ်သလား၊ မဖြစ်သလားမသိပါ။ ဒါပေမယ့် တရေးနိုး လာချိန်တွင် လမင်းကြီးသာနေတာမြင်ပြီး ပြန်မအိပ်နိုင်တော့ပဲ စာတွေရေးနေမိတာကို ပျော်ရွှင်ကျေနပ်နေမိ ခြင်းက ထိုခဏကို မြိန်မိခြင်းပင်ဖြစ်လိမ့်မည်။

                                                         ~ ~ ~ ~ ~

          တကယ်တော့ကျွန်မဘ၀မှာ ပျော်စရာတွေမရှိတော့တာတော့မဟုတ်ပါ။ အဲဒါတွေကိုကျွန်မက အမှုမဲ့ အမှတ်မဲ့နေမိခဲ့ခြင်းပင်ဖြစ်သည်။ ပျော်ရွှင်ခြင်းသစ်ပင်ကလေးကို အသိအမှတ်ပြုခြင်းဟူသည့် ရေမလောင်း တာ ကြာတော့ အပျော်သစ်ပင်ကလေးက ညှိုးယော်လာသည်။ အကိုင်းအခက် အသစ်မထွက်တော့။ အဖူး သစ်မဖူးသဖြင့် အပွင့်သစ်လည်းမပွင့်တော့။ အခက်အလက် မဝေဆာသလို အဖူးအပွင့်မရှိသောအပင်ဆိုမှ ဘယ်မှာကြည့်လို့ ကောင်းပါမည်လဲ။
            ပျော်စရာအခိုက်အတန့်များစွာဖြင့် ဘ၀မှာမြိန်စေဖို့ဆိုတာမလွယ်ပေမယ့် အခက်ကြီးမှလည်း မဟုတ် တာ။ ကျွန်မတို့လုပ်နိုင်ပါသည်။ လူဖြစ်ရခြင်းဆိုတာ လူ့ဘ၀မှာ မြိန်ဖို့ပဲဟု ဆရာကိုတာပြောခဲ့သည်မဟုတ် လား။ မြိန်ခြင်းကိုခံစားရဖို့ ပထမဦးစွာ ပျော်နေသောအခိုက်အတန့်တွေကို အသိအမှတ်ပြုရမည်။ ကျွန်မက တော့ စိတ်ကြည်နူးဖွယ်တစ်ခုတွေ့လျှင် ဘာမှလဲမဟုတ်ပါဘူးဟုတွေးကာ အရင်ကလိုမပွင့်တပွင့်သာ ပြုံးမည့် အစား အသံထွက်အောင် ခပ်လွင်လွင်ရယ်ခြင်းဖြင့်စတင်ကာပျော်သည့်ခဏများကို ရေလောင်းပေါင်းသင်ဖို့ ကြိုးစား ကြည့်တော့မည်ဖြစ်သည်။ ။

ခက်မာ
( ချင်းတွင်းမဂ္ဂဇင်း။ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ၊ )
Labels: | edit post
2 Responses
  1. PAUK Says:

    ဆရာမ..
    ဖတ်လို့ကောင်းလို့ ကျေးဇူးတင်ပါတယ်.။
    အရင်က မဂ္ဂဇင်းမှာပါတဲ့ ဆရာမဝတ္ထုတွေကို
    ဖတ်နေကျပါ..။


  2. သိပ်ကို သဘောကျမိပါတယ် ဆရာမ....
    ဘ၀တစ်လျှောက်ရှင်သန်နေထိုင်သွားရာမှာ မေ့လျော့နေတတ်ကြတဲ့ အရေးကြီးတဲ့ အကြောင်းအရာလေးတစ်ခုကို မီးမောင်းထိုးပြလိုက်သလိုပါပဲ....

    ဆရာမရဲ့ စာတွေကို ဟိုးအရင်ကတည်းက ဖတ်ခဲ့ဖူးတဲ့ ပရိတ်သတ်တစ်ဦးပါ....။

    (facebook မှာ ဒီပို့လေးကို ရှယ်ပါရစေလို့ ခွင့်တောင်းသွားပါတယ် ဆရာမရေ....)

    ခင်မင်လေးစားစွာဖြင့်