သူတို့ နှစ်ယောက်ချစ်ခဲ့ကြတာ ကလေးသာသာဘ၀များထဲကဖြစ်သည်။ ညပေါင်းများစွာလမ်း လျှောက်ရင်း သူတို့ စကားဝေဖြာခဲ့ကြသည်။ သိပ်အရေးတကြီးမဟုတ်လှသော စိတ်အခန့် မသင့်စရာတစ်ခုဖြစ်ပြီးနောက် မှာတော့ သူတို့ တစ်ယောက်နှင့်တစ်ယောက်စကားမပြောကြတော့ပေ။ မေရီသည်လေးလေးနက်နက်မစဉ်း စားပဲ သူမ,ချစ်သည်ဟုထင်သူတစ်ယောက်ကိုလက်ထပ်လိုက်သည်။ ဘီလ်ကတော့မိန်းမဆိုတာကို ခါးသည်း သွားပြီး ခြေဦးတည့်ရာခရီးနှင်တော့သည်။
မနေ့ က၀ါရှင်တန်စကွဲရ်ပန်းခြံနားမှာလမ်းလျှောက်ရင်း မေရီသည်နှစ်ပေါင်းများစွာအတွင်း ဘီလ် ကိုပထမဆုံးအကြိမ်အဖြစ်ပြန်တွေ့ ခဲ့သည်။
“ဘီလ်ဝေါ်လ်ကာ“
သူမကလှမ်းခေါ်လိုက်သည်။ သူမခေါ်သံကြောင့် ဘီလ်ကလမ်းလျှောက်နေရာမှရပ်ကာလှည့် ကြည့်သည်။ ပထမတော့ သူမကိုဘီလ်မမှတ်မိပေ။ သူ့ အတွက်တော့ မေရီကအတော်အိုစာသွားပြီ။
“ မေရီ.. မင်းဘယ်ကလာတာလဲ။“
သူအနမ်းနှင့်နှုတ်ဆက်လေမလားဟု မေရီကသတိလက်လွတ်မျက်နှာကိုမော့ပေးလိုက်မိသော် လည်း ဘီလ်ကလက်ကိုသာကမ်းပေးလေသည်။ မေရီသည်ဘီ့လ်လက်ကို ဆွဲကိုင်လှုပ်ယမ်း၍နှုတ်ဆက်လိုက် သည်။
“ ကျွန်မ အခု နယူးယောက်မှာနေတယ်လေ။“
“ ဟုတ်လား“
ဘီလ်ကယဉ်ကျေးစွာပြုံးလိုက်သည်။ ပြီးတော့သူ့မျက်လုံးနှစ်ခုအကြားတွင် မျက်မှောင်အကြုံအကွေး
တခုဖြတ်ကနဲပေါ်သွားသည်။
တခုဖြတ်ကနဲပေါ်သွားသည်။
“ ရှင်ဘာတွေလုပ်နေခဲ့သလဲလို့  ကျမအမြဲတန်းသိချင်နေခဲ့တာဘီလ်ရဲ့ “
“ ကိုယ်ကရှေ့ နေလေ။ မြို့ ထဲကတော်တော်အခြေအနေကောင်းတဲ့ ရှေ့ နေလုပ်ငန်းစုတစ်ခုမှာပေါ့။"
“လက်မထပ်သေးဘူးလား“
“ လက်ထပ်ပြီးပြီ။ ကလေးနှစ်ယောက်ရှိတယ်လေ။“
“ အိုး..“
ပန်းခြံအတွင်းရှိ သူတို့ မသိသောလူများစွာက သူတို့ ကိုကွေ့ ရှောင်ဖြတ်သန်း၍သွားနေကြသည်။
နေ၀င်ကာနီးပြီဖြစ်သောညနေနှောင်းပိုင်းမို့ ရာသီဥတုကလည်းအတော်အေးလာပြီ။
“ မင်းခင်ပွန်းရော..“ ဘီလ်ကမေရီ့ ကိုမေးလိုက်သည်။
“ကျမတို့မှာကလေးသုံးယောက်ရှိတယ်လေ။ကျမကကိုလမ်ဘီယာတက္ကသိုလ်ဘဏ္ဌာရေးဌာနမှာ
အလုပ်လုပ်နေတယ်။
အလုပ်လုပ်နေတယ်။
“ မင်းကြည့်ရတာ…“ ကျသွားလိုက်တာဟု သူကဆက်ပြောချင်နေသည်။
“ အင်းလေ…“
မေရီကလည်းနားလည်ပါသည်။ ၀ါရှင်တန်စကွဲရ်ပန်းခြံထဲက သစ်ပင်တွေအောက်မှာရပ်ရင်း အတိတ်ကိုပြန် ရောက်သွားသလို သူမလွမ်းလွမ်းဆွတ်ဆွတ်ခံစားနေရသည်။ အိုဟိုင်းယိုးတွင်နေကြစဉ် ကတည်းက သူမက ဘီလ်ထက်အသက်ပိုကြီးခဲ့တာပဲ။ ခုတော့ သူမတကယ်ပဲမငယ်တော့ပါ။ ဘီလ်ကတော့နုပျိုဆဲပင်ဖြစ်သည်။
“ ကျမတို့ စင်ထရယ်ပန်းခြံရဲ့ အနောက်ဖက်မှာနေတယ်လေ။“
မေရီကပြောပြောဆိုဆိုပဲဖိတ်ခေါ်လိုက်သည်။
“ ကျမတို့ အိမ်ကို တခါတလေလာလည်ပါဦး“
“ လာမှာပေါ့။“
ဘီလ်ကလည်းချက်ခြင်းတုန့် ပြန်သည်။
“ မင်းနဲ့ မင်းခင်ပွန်းလည်း ကိုယ်တို့ မိသားစုနဲ့ ညနေစာလာစားရမယ်နော်။ ဘယ်ညပဲဖြစ်ဖြစ်ပါ။ လူစီနဲ့ကိုယ်က မင်းတို့နဲ့ဆုံချင်ပါတယ်။“
ပန်းခြံအတွင်းရှိသစ်ပင်များပေါ်မှသစ်ရွက်များက လေမတိုက်ပဲနှင့်တဖြည်းဖြည်းချင်းကြွေကျနေ ကြသည်။ ဆောင်းဦးရာသီ၏ နေ၀င်ဖြိုးဖျမှာ မေရီနည်းနည်းဖျားချင်သလိုလိုဖြစ်လာသည်။
“ ကျမတို့ ကလည်းဆုံချင်ပါတယ်။“
“မင်း ..ကိုယ့်ကလေးတွေကိုလည်းလာကြည့်သင့်တယ်လေ။“
ဘီလ်ကပြုံးစေ့စေ့ဖြင့်ပြောသည်။လေထုထဲသို့ မြူတွေကျလာသဖြင့်ဖြစ်ပေါ်လာသောအပြာရောင် အလင်းကြောင့် ပဉ္စမရိပ်သာလမ်းမကြီးတလျှောက်အရောင်တွေထွန်းတောက်လာ၏။
“ ဟော.. ကျမစီးရမယ့်ကားလာနေပြီ။“
မေရီကထိုသို့ ရေရွတ်လိုက်တော့ ဘီလ်ကလက်ကိုဆန့်တန်းပြီးနှုတ်ဆက်လိုက်သည်။
“ဂွတ်ဘိုင်.“
“ဘယ်တော့….“
သူမကတစုံတခုပြောလိုက်ချင်ပေမယ့် ဘတ်စ်ကားကထွက်ဖို့ ပြင်နေပြီ။ လမ်းမပေါ်တွင်အလင်း
ရောင်တွေကတလက်လက်တောက်ပလာလိုက်၊ေ၀၀ါးသွားလိုက်။ သူမကကားထဲရောက်နေပြီမို့စကားဆက်ဖို့ စိုးရိမ်ဆုတ်ဆိုင်းသွားသည်။ ထိုစိုးထိတ်မှုနှင့်တော့ စကားတခွန်းတလေထွက်ဖို့ပင်မဖြစ်နိုင်ပါ။
“ဂွတ်ဘိုင်.“
ရုတ်တရက်သူမကျယ်လောင်စွာအော်ဟစ်နှုတ်ဆက်လိုက်သည်။သို့သော်ဘတ်စ်ကားတံခါး ကပိတ်
သွားပြီ။
သွားပြီ။
ဘတ်စ်ကားနှင့်ဘီလ်ကြားမှာ လူတွေအစုန်အဆန်ဖြတ်သန်းသွားလာနေကြသည်။ သူတို့မသိသော လူတွေကသူတို့ကိုကွယ်လိုက်ကြသည်။ ဘတ်စ်ကားလည်းစထွက်ပြီ။ဘီ့လ်ကိုသူမ,မမြင်ရတော့ပေ။ ဒီတော့မှ ဘီ့လ်ကို သူမလိပ်စာမပေးခဲ့မိတာသတိရသည်။ ဘီလ်၏လိပ်စာကိုမေးဖို့ရော သူမသားအငယ်ဆုံး၏နံမည်က ဘီလ်ဖြစ်သည်ဆိုတာကိုပြောဖို့ ပါမေ့ခဲ့ပြီ။
Langston Hughes ၏ Early Autumn ကိုဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။