1. 2.
အိပ်မက် မက်နေတာမှန်းသိသိခြင်း အပြင်မှာမိုးရွာနေတာကိုလည်း သတိထားလိုက်မိသည်။ ပြီးတော့ပြုံးမိ၏။ မြမြနှင်းက အကြီးအကျယ် အိပ်မက်မက်တတ်သူတယောက်ပင်။ အိပ်မက် မမက်ခဲ့ဘူးသောညဆိုတာမရှိဘူး ထင်သည်။ တခါတရံမှာတော့ အိပ်မက်တွေမက်နေတာကို သဘောကျသလိုလို။ အိပ်မက်ဆိုတော့လည်း အစီအစဉ်မကျရောက်ချင်သည့်နေရာတွေရောက်၍ မြင်ချင်ရာမြင်၊ ဖြစ်ချင်ရာဖြစ်သွားသည်။ တခါတလေ လက်တွေ့ ဘ၀မှာ စဉ်းတောင်မစဉ်းစားမိသည့်အရာတွေ အိပ်မက်ထဲရောက်လာတတ်တော့ ထူးဆန်းပြီး သဘောကျ သလိုလိုပင်။ ဒါပေမယ့်ညစဉ်ရက်ဆက်အိပ်မက်များနှင့် နပန်းလုံးရသည့်ရက်ရှည်လာတော့ အပြင်မှာပါမောပန်း လာသည်။ အိပ်ရာထဲဝင်ဖို့ အရေး အိပ်မက်မက်မှာကိုတွေးကြောက်လာသည်။


ပြီးခဲ့သည့်ငါးရက်လောက်ကမက်သည့်အိပ်မက်ထဲမှာ ဖေဖေ့ကိုတွေ့ သည်။ ဖေဖေ့ကိုအိပ်မက်ထဲမှာ
တွေ့ရတိုင်း မြမြနှင်းဆီမှာရှိသည့် တစ်ပုံထဲသောဓါတ်ပုံထဲကအရွယ်အတိုင်း နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် အရွယ်ချည်းပင်။ မျက်ခုန်းထူထူ၊ ဆံပင်ပွပွ၊ မျက်နှာသွယ်သွယ်။ ပင်ကိုယ်မျက်နှာထားတည်ပေမယ့် ပြုံးရယ် လိုက်လျှင်တော့ ပကတိပွင့်လင်းသွားသော နှစ်လိုဖွယ်မျက်နှာကိုမြင်ရမြဲပင်။ ရှိုက်သံလေးစွက်၍ အဆုံးသတ်
တတ်သောဖေဖေ့ရယ်သံတွေကလည်း အိပ်မက်တိုင်း၌ မပြောင်းလဲ။လွန်ခဲ့သောငါးနှစ် ဖေဖေမဆုံးခင်တစ်လအလိုတွင် ဖေဖေနှင့် တစ်ပါတ်လောက် အတူနေလိုက်ရသေး သည်။ အဲဒီအချိန်မှာဖေဖေက လေးဆယ်နှင့်ငါးဆယ်ကြား လူရွယ်ရင့်ရင့်တယောက်ပေါ့။ပြည့်စုံအောင်မြင်သူ တွေအတွက်အရွယ်ကောင်းပေမယ့် ဆင်းရဲမှုနှင့်အနာရောဂါဖိစီးထားသောဖေဖေ့အတွက်တော့ နေပျော်စရာ
ရက်များဟုတ်ခဲ့ပါမည်လား။ အရိုးပေါ်တွင်တင်ကျန်နေသည့် ဖေဖေ့အရည်ပြားက ခြောက်သွေ့ နေပေမယ့်
ဖေဖေ့ရယ်သံကတော့ စိုပြည်နေခဲ့သည်ပင်။


“နှင်းရယ်တဲ့အသံက ဖေဖေနဲ့ တူတုန်းပဲနော်။“
ဖေဖေ့ခမျာ ကျေနပ်စရာကို ကြံဖန်ရှာတွေးနေခဲ့ပုံရသည်။ ဒီလိုပြောပြီး ဖေဖေကရှိုက်သံစွက်၍ရယ်
တော့ မြမြနှင်းက အသံမထွက်အောင်ကြိုးစား၍လိုက်ရယ်မိသည်။ 'မြမြနှင်းဆိုတဲ့နံမည်ကို ဖေဖေပေးခဲ့တာ
ပေါ့' ဟုဖေဖေကဆက်ပြောသည်။
လူမှန်းသိတတ်စကတည်းက မြမြနှင်းဘ၀ထဲမှပျောက်သွားသောဖေဖေ့ကို နာကျည်းသလိုလိုရှိရင်း ကပင် ပတ်သက်ခဲ့သောအဆက်အစပ်ကလေးများအား ကျားကုတ်ကျားခဲရှာဖွေဖော်ထုတ်နေလေသော
ဖေဖေ့ကိုကြည့်ရင်းမြမြနှင်းရင်နာခဲ့ရသည်။
"သီတင်းကျွတ်ပွဲတော်ရောက်ပြီဆို နှင်းကဖေဖေ့ပခုံးပေါ်ခွထိုင်ပြီး ဇါတ်ကားတွေနောက်လျှောက်
လိုက် ကြည့်ကြတာမှတ်မိသေးလား။ "
ဖေဖေကထုံးစံအတိုင်း ရှိုက်သံစွက်ရယ်မောကာမေးတော့ မြမြနှင်းက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ
ခေါင်းကိုတွင်တွင်ညိတ်၍ဖြေမိသည်။ ခဏခြင်းမှာပဲ လည်ချောင်းထဲမှာ တခုခုတစ်ဆို့ လာသလိုခံစားရသေး သည်။ နောက်ဆက်တွဲဖေဖေ့ရယ်သံနှင့်အတူ မြမြနှင်းက အတိတ်ဆီလည်းအလည်သွားလိုက်သေးသည်။


ကုန်တင်ကားကြီးများ၏ နောက်ဖက်ပိုင်းတွေကိုဇါတ်ခုံသဖွယ်ပြင်ဆင်၍ ရပ်ကွက်သူရပ်ကွက်သားများ
ပူးပေါင်းပါဝင်တင်ဆက်ကြသော ဇါတ်လမ်းများကို လမ်းထိပ်တစ်ခုစီမှာ အခန်းဆက်လိုက်၍ကပြသော ဇါတ်
ကားကြီးများက မြမြနှင်းကြီးပြင်းခဲ့ရာ ဖေဖေ့ဇာတိမြို့ ကလေးမှာပင်ရှိလိမ့်မည်ထင်သည်။ သီတင်းကျွတ်ပွဲ
တော်မှာသုံးည၊ တန်ဆောင်တိုင်ပွဲတော်မှာသုံးည ဖျော်ဖြေကြသည်။ လော်စပီကာနှင့်နောက်ခံဖွင့်ထားသော
တိတ်ခွေဇါတ်လမ်းအတိုင်းနှုတ်ခမ်းလိုက်လှုပ်ကာ သရုပ်ဖော်ကပြရခြင်းဖြစ်သည်။ လမ်းထိပ်တစ်ထိပ်ရောက် တိုင်း ၀ိုင်းအုံကြည့်ရှုနေသည့်လူအုပ်ကြားထဲမှာမြုတ်နေသည့် နှင်းကို ဖေဖေကပခုံးပေါ်မှာခွထိုင်စေသည်။
ဖေဖေ့အရပ်မားမားကြီးပေါ်ရောက်တော့ မြမြနှင်းကအတားအဆီးမရှိ အနုပညာကို ခံစားနိုင်သည်။
"အဲဒီတုန်းက နှင်းကကလေးပေမယ့် ရာဇ၀င်ဇာတ်လမ်းတွေကိုကြိုက်တယ်။"
ဖေဖေ့ပါးစပ်မှထွက်လာသမျှ နှင်းကခေါင်းတွင်တွင်ညိတ်၍သာတုန့် ပြန်ခဲ့သည်ကများသည်။



"ဖေဖေ အဲဒီဇာတ်လမ်းကိုနှင်းဆက်ကြည့်ချင်တယ်။ အဲဒီကားနောက်ကလိုက်မယ်။"
ခြောက်နှစ် ခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်၏ရွေးချယ်မှုကို ဖေဖေက အလေးအနက်ထားခဲ့သည်။
ဇါတ်ကားကြီးက လမ်းထိပ်တခုမှာ ၁၅ မိနစ်သာကသည်။ ဇါတ်လမ်းတစ်ပုဒ်က ပုံမှန်နှစ်နာရီကျော်ကျော်၊ တခါလေသုံးနာရီခန့် ကြာတတ်လေတော့ ဖေဖေနှင့်နှင်းက ဇါတ်ကားသွားရာမြို့ တစ်ပါတ် ကားနောက်မှ လိုက်ကြည့်ကြသည်။ ဒီဖက်လမ်းထိပ်မှဟိုဖက်လမ်းထိပ်ဆီ မြမြနှင်းကဖေဖေ့လက်ကိုဆွဲပြီးလမ်းလျှောက်၊
ဇာတ်စပြပြီဆိုတာနဲ့ နှင်းဖေဖေ့ပခုံးပေါ်ရောက်ပြီ။ ဖေဖေ့လက်ကိုဆွဲရင်း ဇာတ်ကားနောက်လျှောက်လိုက်
နေစဉ်အတွင်း မြမြနှင်း၏ဇါတ်လမ်းဝေဖန်ရေးကိုလည်း ဖေဖေကဆွေးနွေးဖြေကြားပေးသေးသည်။
"ကိန္နရီမလေးက ဆုတောင်းလိုက်တာနဲ့ ကိန္နရာဖိုကြီးအသက်ပြန်ရှင်လာတယ်ဆိုတာ တော်တော်ထူး
ဆန်းတယ်နော်။"
“ အဲဒါကို သစ္စာဆိုတယ်လို့ ခေါ်တယ်နှင်းရဲ့ “
ဖေဖေက သစ္စာဆိုခြင်းဆိုသောအကြောင်းအရာကို ရှင်းပြခဲ့ပေမယ့် နှင်းကတော့ ဖေဖေရှင်းပြခဲ့သည်
ဆိုတာနှင့် ဖေဖေ့ပခုံးပေါ်တငြိမ့်ငြိမ့်ထိုင်ရသောအရသာကိုသာမှတ်မိနေသည်။ အဲဒါတွေကိုကျတော့ မှတ်မိ လိုက်သမှ အိပ်မက်ထဲမှာတငြိမ့်ငြိမ့်ခံစားရတိုင်း ဖေဖေ့ပခုံးပေါ်ရောက်နေတာပဲဟု ထင်မှတ်ခဲ့ဖူးသည်။
“သူငယ်တန်းကလေးကကြိုက်လို့ ဆိုပြီး သားအဖနှစ်ယောက်မြို့ ပတ်ပြီးဇာတ်ကားလိုက်ကြည့်သတဲ့။
အလိုလိုက်စရာမဟုတ်တာကိုအလိုလိုက်တယ်။“
“ကလေးလဲလူပဲကွ။ သူလဲခံစားတတ်တာပေါ့။ သူ့ လိုအင်ဆန္ဒပြည့်တော့ ကလေးစိတ်ပျော်တာပေါ့။“
ကလေးတစ်ယောက်ဖြစ်ပြီး သစ္စာတရား၏စွမ်းအင်အကြောင်းကို တရှိုက်မက်မက်ဖြစ်ခဲ့သောမြမြနှင်း နှင့် ကလေးတစ်ယောက်၏လိုအင်ဆန္ဒကို လိုလိုချင်ချင်ဖြည့်ပေးသောဖေဖေ့ကို မေမေကတော့နားမလည်ခဲ့ ပေ။
အချို့ ညတွေမှာ မြမြနှင်းက ဘယ်အချိန်ဖေဖေ့ပခုံးပေါ်၌ အိပ်ပျော်သွားမှန်းမမှတ်မိတော့။ တရေးနိုး
တော့ အိပ်ရာထဲရောက်နေတာတွေ့ ရပြီး ကမန်းကတန်းထထိုင်ကာ ဖေဖေ့ကိုရှာတော့ ဖေဖေ့ဖက်အခြမ်း လွတ်နေသောခြင်ထောင်ထဲမှာနှင်းတစ်ယောက်ထဲပင်။ ကပ်လျှက်ယှဉ်ထောင်ထားသော မေမေတို့ ခြင်
ထောင်ထဲများရောက်နေသလားဟု တဖက်ကမိသားစုခြင်ထောင်ကြီးကိုလှပ်ကြည့်တော့ အသက်ရှူသံမှန်မှန်
နှင့်အိပ်ပျော်နေသောမေမေနှင့် တစ်ယောက်ကခေါင်းရင်းဖက်ခြေထောက်ပေးလျှက် မှောက်ရက်ကြီးအိပ်နေ ပြီးတစ်ယောက်ကခြင်ထောင်အပြင်ဖက်ထွက်လုလု မောင်လေးနှစ်ယောက်ကိုသာမြင်ရသည်။
“ ဖေဖေ...။ ဖေဖေ....“
မြမြနှင်းက ကိုယ့်ဘာသာသတိမထားမိပဲ ညကြီးသန်းကောင်မှာ အသံကုန်အော်မိခဲ့သည်။ ကလေးနှစ် ယောက်မှလွဲ၍ ဘိုးဘိုး၊ ဘွားဘွားနှင့်မေမေပါနိုးလာသည်။ မှောက်လျှက်အိပ်ပျော်နေသောမောင်အကြီးက အိပ်ချင်မူးတူး ခေါင်းထောင်ကြည့်သေးသည်။
“ မြမြ၊ မြမြ။ ဘာဖြစ်တာလဲ။“
“ ဖေဖေ၊ ဖေဖေကနှင်းကိုထားခဲ့ပြီးဇာတ်ကားတွေလိုက်ကြည့်နေပြီ။ ဖေဖေ့နောက်လိုက်မယ်။“
မေမေက အိပ်ရေးပျက်သွားတာရော၊ တမြို့ လုံးအနှံ့ တခြိမ်းခြိမ်းကနေသော ဘယ်ပွဲခင်းဆီသို့ လိုက်၍
ဖေဖေ့ကိုရှာရမှန်းမသိတာရောကြောင့် စိတ်တိုသွားကာ မြမြနှင်းကို ဖိဆူသည်။
“ တော်ရုံပဲကောင်းတယ်နော်မြမြ။ ညည်းကြည့်ချင်တဲ့ဇာတ်ကားနောက်တမြို့ လုံးလိုက်ပတ်ကြည့်ပြီးပြီ။
တော်ပြီပေါ့။ ဟို ဖအေလုပ်တဲ့သူကလည်း မိုးလင်းမှပြန်လာမယ်ထင်ပါရဲ့ ။ ပြီးတော့တနေကုန် ကုလားသေ ကုလားမောအိပ်ပြပါလိမ့်မယ်။ သူ့ ကိုယ်သူ လူပျိုလူလွတ်များအောက်မေ့နေလားမသိဘူး။“
မေမေ့ကိုကြောက်သဖြင့် ရှိုက်သံတ၀က်နှင့် ပြန်အိပ်ရသည်။ အိပ်မက်ထဲမှာ ဖေဖေ့ပခုံးပေါ်ထိုင်၍
ပွဲကြည့်နေသည်။ ပွဲကြည့်ရင်းရှိုက်နေသည်။ မေမေဆူလို့ လား။ ကိန္နရာဖိုကြီးသေသွားလို့ လားမသိ။ ရှိုက်ရ လွန်းတော့ရင်ဘတ်တွေနာလာသည်။
နောက်တနေ့ မနက်မှာ အိပ်ရာထဲဖေဖေမရှိသဖြင့်ငိုရသည့်အကြောင်း မျက်ရည်လည်ရွဲနှင့် ဖေဖေ့ကို ပြောတော့ ဖေဖေက ' နှင်းကတော့ကွာ' ဟုရေရွတ်၍ ကြေးစည်လိုအသံလွင်အောင်ရယ်ပြန်သည်။
ထိုညတွေကဘယ်လောက်များခဲ့သလဲမမှတ်မိတော့ပေမယ့် ထိုညများအကြောင်းနှင့် ထိုညများမှခံစား မှုများအကြောင်း အိပ်မက်တွေကတော့ ဒီနေ့ အထိမဆုံးပေ။ အိပ်မက်ထဲမှာ လေထဲဝဲပျံနေရတာတောင်မှ ဖေ
ဖေ့ပခုံးပေါ်မှာထိုင်စီးနေရသလိုပဲဟု ယှဉ်တွေးမိသေးသည်။ ရယ်သံလွင်လွင်ကြားရသော အိပ်မက်မက်တိုင်း မှာလည်း ' အင့် 'ကနဲရှိုက်သံဖြင့် အဆုံးသတ်တတ်သော ဖေဖေ့ရယ်သံအကြောင်းစဉ်းစားမိသည်။ သည်လို အိပ်မက်များ၏သက်တန်းက ဘယ်လောက်ကြာခဲ့ပြီလဲဆို အိပ်မက်မက်တတ်သူမြမြနှင်းက အိပ်မက်ထဲမှာ မြင်ရလေ့ရှိသော နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် ဖေဖေ့ထက်အသက်ကြီးခဲ့ပြီ။ မကြာခဏအိပ်မက်ထဲမှာမြင်
နေရသည့် နှာခေါင်းထင်းထင်း၊ ဆံပင်ပွပွ၊ မျက်နှာသွယ်သွယ်နှင့် ကိုယ့်ထက်ငယ်သူလူရွယ်လေးကို ဖေဖေဟု
သိနေရတာကလည်း တမျိုးထူးသော ခံစားမှုပင်။

* * *


မြမြနှင်းဆိုတဲ့နံမည်ကိုဖေဖေပေးခဲ့တာပေါ့ ဟုဖေဖေကပြောပေမယ့် မေမေ့မူနှင့်တော့ကွဲနေပြန်သည်။
“ နှင်းတွေကျတဲ့မနက်မှာမွေးတယ်။ ကြာသပတေးသမီးမို့ လို့ ရှေ့ ကမြမြလို့ ထည့်လိုက်တယ်။ ဒါနဲ့ 
မြမြနှင်းဖြစ်သွားရော။“
မေမေကတော့ အနုပညာနှင့်ဝေးသူပီပီ ဤသို့ ဒိုးဒိုးဒေါက်ဒေါက်ပင်ပြောတတ်သည်။ ဘ၀မှာပိုင်ဆိုင်ခဲ့
သမျှ ရှားရှားပါးပါးကျေနပ်မိသော မြမြနှင်းဆိုသည့်နံမည်လေးအကြောင်းသတိရတိုင်း ထိုနံမည်လေးဖြစ် တည်လာပုံအကြောင်းမေမေ့ကိုမေးမိသည်။ မေးမိတိုင်းလည်းမေမေက စိတ်ကူးယဉ်မဆန်စွာဒဲ့တိုးဖြေနေကျ။
ဘာကြောင့်မှန်းမသိ 'မေမေကလည်း' ဟုရေရွတ်မိတာကလည်း မေမေ့အဖြေဆုံးတိုင်းပင်။ တည်ငြိမ်အေး ချမ်းသော မြမြနှင်းဟူသည့်နံမည်ကိုပိုင်ဆိုင်ရမှုအတွက် ကျေနပ်ခြင်းနှင့် မေမေ့အဖြေ၏ပေါ့တန်တန်နိုင်မှု
အပေါ်မကျေနပ်ခြင်းက အမြဲလိုဒွန်တွဲဖြစ်ပေါ်လေ့ရှိသည်။ ထိုအခါမျိုးမှာ မေမေက မြမြဟုခေါ်တိုင်း ' ရှန် 'ဟု
ခပ်ဆောင့်ဆောင့်ထူးမိခဲ့သည်။ ' နှင်းလို့ ခေါ်ပါလားမေမေ 'ဟုတော့ ထပ်ပြီးမတောင်းဆိုမိတော့ပေ။ မြမြနှင်း
ဆယ်ကျော်သက်ဝင်ကာစမှာ မေမေ့ကို တခါအမှတ်မထင်ပြောဖူးသည်။
“ နှင်းကို နှင်းလို့ ခေါ်ပါလားမေမေ။“
“ နှုတ်ကျိုးနေပါပြီအေ။ မြမြဆိုတာလဲ မြမြနှင်းပဲ။ နှင်းဆိုတာလဲ မြမြနှင်းပဲ။ ဘာထူးလို့ လဲ။“
မေမေ၏သာမန်ကာလျှံကာဖြေသံက မေမေချုပ်နေသော အပ်ချုပ်စက်သံတဂျောင်းဂျောင်းနှင့် ရော
ထွေးသွားသည်။ ရင်နာတတ်သောမြမြနှင်းက မေမေ့အဖြေကြောင့်ရင်နာချင်သလိုလိုဖြစ်ခဲ့ပေမယ့် စကား
ပြောသည့်အချိန်မှာတောင် အပ်ချုပ်စက်ပေါ်က မျက်လုံးမခွာအားသောမေမေ့ကို သနားစိတ်ကလည်းပြင်း
ထန်လာတာမို့ ဆက်လက်ရင်နာဖို့ မကြိုးစားတော့ပေ။


မြမြနှင်းတို့ ဘ၀ထဲမှာဖေဖေမရှိတော့ထဲက အဲဒီအပ်ချုပ်စက်ကလေးက မြမြနှင်းတို့ မိသားစုအတွက်
အရေးပါအရာရောက်လှသော ပစ္စည်းတခုဖြစ်လာခဲ့သည်။ ဖေဖေရှိစဉ်ကတော့ အခန်းထောင့်တထောင့်မှာ
ဖုန်တက်၍ မြမြနှင်းဂါဝန်တွေချုပ်ရိုးပြုတ်ကာ မောင်လေးတို့ ဘောင်းဘီတွေခွပြဲမှပဲ အသုံးတည့်ခဲ့သည်။
“ဒီစက်ကလေးဝယ်ဖြစ်ခဲ့တာတော့ မြမြတို့ အဖေကိုကျေးဇူးတင်ရမယ်။“
မေမေကထိုသို့ နှစ်ခါသုံးခါရည်ညွှန်းဖူးသည်။ ခွန်းကြီးခွန်းငယ်စကားများရန်မဖြစ်ပဲ ညင်ညင်သာသာ
လမ်းခွဲခဲ့သောခင်ပွန်းသည်ကို မေမေကဘယ်တော့မှနာနာကျည်းကျည်းမစွပ်စွဲပါ။
“ညည်းအဖေကသိပ်ပျင်းတာမြမြရဲ့ “
ဒါကမေမေ့ရဲ့ အပြင်းထန်ဆုံးအပြစ်တင်စကားပင်။
“မေမေကအလုပ်တခုလုပ်ဖို့ စကားစလိုက်ပြီဆိုတာနဲ့ သူ့ မှာအလုပ်မဖြစ်မြောက်ရေးအတွက် ဆင်ခြေ တွေ၊ အကြောင်းပြချက်တွေအပြည့်ပဲလေ။ သူ့ လိုအပျက်ကိုချည်းပဲမျှော်ကြည့်နေလို့ ကတော့ဘာအလုပ် စလုပ်ဖြစ်တော့မှာလဲ။ လူဖြစ်လာတဲ့ဘ၀မှာ ရပ်တည်ဖို့ အလုပ်တခုတော့လုပ်ရမှာပဲ။ ပြသနာအခက်အခဲတွေ
ရင်ဆိုင်ရကာမှရင်ဆိုင်ရ၊ လုပ်ရမှာပဲ။“
မေမေကတော့ သူ့ လက်သုံးစကားအတိုင်း လုပ်စရာရှိတာကို မဆိုင်းမတွလုပ်တတ်သူပင်။ အခက်အခဲ ကြုံလာတော့လည်းရင်ဆိုင်လိုက်သည်ပင်။ ဖေဖေအိမ်ကိုခွဲခွာသွားပြီးနောက်တနေ့ မှာအခန်းထောင့်မှ ဖုန် တက်နေသောအပ်ချုပ်စက်ကိုသာမန်မျက်နှာပေးနှင့်ပင်ဖုန်သုတ်သန့် ရှင်းကာ အလင်းရောင်ကောင်းကောင်း
ရသောပြတင်းပေါက်ဆီ တွန်းရွှေ့ လာခဲ့သည်။ အဲဒီနေ့ ကတည်းကမြည်ခဲ့သော စက်ချုပ်သံဂျောင်းဂျောင်းက
မြမြနှင်းတို့ အိမ်မှာ ဒီနေ့ အထိမပြတ်တော့ပေ။
“ ဒီနေ့ က ရယ်ဒီမိတ်ခေတ်ဆိုတော့ အင်္ကျီအ၀တ်အစားကိုအပ်ချုပ်ဆိုင်မှာချုပ်မ၀တ်ကြတော့ဘူး။ ချုပ်ဖို့ လာအပ်ရင်လည်းမချုပ်တတ်တော့ပါဘူး။ ဒီနေ့ ခေတ်အ၀တ်အစားတွေကဆန်းတယ်။“
မေမေကမကြာခဏဤသို့ ညည်းတွားပေမယ့် စက်ပေါ်မထိုင်သောနေ့ တော့ မရှိဘူးထင်သည်။ သက်
တူရွယ်တူတွေအပ်သောရင်ဖုံးကတော့ အပိုင်ဆုံးမို့ ဘယ်တော့မှမငြင်းပဲလက်ခံချုပ်ပေးသည်။ အပ်ထည်မရှိ တော့လျှင် တအိမ်လုံးကချုပ်ရိုးပြုတ်အကွဲအပြဲတွေရှာချုပ်သည်။ တသက်လုံးစုဆောင်းလာသော ကပ်ကျေး
စာထွက်သည့် ပိတ်တိုပိတ်စများဖြင့်စပ်စောင်ချုပ်သည်။
“ အမလေး၊ မြန်မာမတွေထမီဝတ်နေသေးတာပဲ ကြံဖန်ကျေးဇူးတင်နေရတယ်။ မြန်မာ့ယဉ်ကျေးမှု ထမီဝတ်တာကိုထိမ်းသိမ်းခြင်းက ကျမစီးပွားရေးနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။“
နှစ်ရှည်လများဖောက်သည်တွေကို မေမေကထိုသို့ ပြောတတ်ပေမယ့် တကယ်တော့မေမေက ဒီစက် ချုပ်လုပ်ငန်းကိုသာမှီခိုနေရသောအခြေအနေမဟုတ်တော့ပါ။ မြမြနှင်းက၀င်ငွေရှိပြီ။မောင်အငယ်ကစောပြီး
အိမ်ထောင်ကျ၍ မေမေ့ကိုဟုတ်တိပတ်တိမထောက်ပံ့နိုင်ပေမယ့် အင်ဂျင်နီယာမောင်အကြီး၏လစာနှင့်
ပေါင်း၍ ချိုးခြံရသော်လည်း မပူမပင်စားနိုင်ပြီ။ ဒီလိုမပူမပင်ဘ၀ဆီ မေမေ့စက်ချုပ်သံနှင့် ခရီးရှည်ချီတက်ခဲ့ရ
တာကိုတော့မမေ့ပြီ။


မဖွဲ့ မနွဲ့ ဒဲ့တိုးနိုင်သောအနုပညာနှင့် မေမေစက်ချုပ်ရင်းရပ်တည်ခဲ့တာ အံ့သြစရာတော့ကောင်းသည်။
ဈေးက၀ယ်လာသောပန်းကိုကြိုးဖြည်၊ ရေစင်စင်ဆေး၍ ကြေးအိုးထဲအစည်းလိုက်ထည့်ကာ ဘုရားစင်ပေါ် တင်တိုင်းမေမေက သူ့ ဘာသာထောပနာပြုလေ့ရှိသည်။
“ငါကတော့ အနုပညာဆန်သဟေ့။“
မြမြနှင်းက အစိမ်းကျော်ကျော်ဖို့ မုန်ညင်းဖြူတကန့် ၊ ဘရိုကိုလီပန်းမုန်လာစိမ်းစိမ်းတကန့် ၊ လိမ္မော်နီ
ရောင်မုန်လာဥတွေကို ပန်းပွင့်ပုံလေးဖော်၍လှီးထည့်နေလျှင် မီးသွေးမီးဖိုဘေးမှာ ဆီအိုးတည်၍စောင့်နေ
သောမေမေက စိတ်မရှည်တတ်ပေ။
“ မြမြတို့ များအိမ်သာကျင်းထဲရောက်သွားမယ့်ဟာကိုတောင် တန်ဆာဆင်ချင်သေးတယ်။“
ပြီးတော့ အသီးအရွက်တွေကို ဒယ်အိုးထဲမှာမညှာမတာမွှေကာ ' ငါကတော့ အနုပညာဆန်သဟေ့'ဟု
ရေရွတ်ပြန်သည်။


မေမေ့မောင်၏သား မေမေ့တူအရင်းခေါက်ခေါက်ဆုံးတုန်းကလည်း သားကိုဆုံးရှုံးရသဖြင့် ဖြေမဆည် နိုင်ဖြစ်နေသော မေမေ့ယောက်မကိုနှစ်သိမ့်ဖို့  မြမြနှင်းကမေမေ့ကိုပြောသည်။ မေမေကယောက်မဖြစ်သူ အနားသွားကာ မျက်ရည်တွေတွေကျသောမျက်လုံးပြူးကြီးများဖြင့်သာဒေါ်ဒေါ်လေးကိုထိုင်ကြည့်နေခဲ့သည်။
“ သားတယောက်လုံးဆုံးရှုံးရတဲ့သောကကို မေမေနားလည်ပါတယ်။ မေမေလည်းတူတယောက်ဆုံးရ
တာပဲ။ဒါပေမယ့် ဘယ်လိုနှစ်သိမ့်ရမှန်းမသိဘူး။“
မေမေ၏မနွဲ့ ပြောင်းမှုများကို မြမြနှင်းက မကျေနပ်သလိုလို၊ ဟာသတခုလို နှုတ်ခန်းထောင့်တွန့် ကွေး ပြုံးခဲ့ရင်း ညရောက်လျှင်တော့ ဖေဖေ့ပခုံးပေါ်တငြိမ့်ငြိမ့်စီးရသောအရသာကို အိပ်မက်မက်ပြန်သည်။ ဒီလို အိပ်မက်မျိုးကိုစွဲလန်းမြဲဖြစ်သော်လည်း အိပ်မက်ဆိုးမှလန့် နိုး၍ ကယောင်ချောက်ချားဖြစ်လျှင်တော့ တဖက်
ခန်းမှ မေမေ့ဟောက်သံကြားရတာနှင့်ပင်အားရှိကာ နောက်တကျော့ပြန်အိပ်ဖို့ မစိုးရိမ်တော့ပေ။



ကမ်းနားသစ်ပင်ပုထုဇဉ်ဘ၀နှင့် မေမေ့ဟောက်သံမကြားရသောနေရာဆီရောက်လာတော့လည်း လူ
ငယ်ကလေးဖေဖေ့ကို အိပ်မက်ထဲတွင်မြင်ရမြဲဖြစ်၍ အိပ်မက်မှနိုးလျှင်တော့မေမေ့ဟောက်သံကို ကယောင်
ကတန်းရှာမိပြန်သည်။မေမေငါ့အနားမှာမရှိဘူးပဲဟု ဆင်ခြင်မိလျှင် ဟိုတုန်းကမေမေ့ဟောက်သံကြောင့်အား
ရှိပြီး စိတ်ချလက်ချပြန်အိပ်ပျော်ခဲ့သည့်ညတွေအား တမ်းတသည့်အလွမ်းနှင့်ပင် မိုးစင်စင်လင်းပြန်သည်။ ညက အိပ်မက်ထဲတွင် ဖေဖေ့အကြောင်းမက်သော်လည်း မနက်မိုးလင်းလျှင်တော့ မေမေ့အိမ်နီးချင်းအိမ်က တယ်လီဖုန်းနံပါတ်ကိုကောက်လှည့်ကာ ' မေမေနေကောင်းရဲ့ လားဟု' အလောတကြီးမေးမိမြဲပင်။
“ မေမေဘာမှမဖြစ်ဘူး။ မြမြသာနေကောင်းအောင်နေ။ တနယ်တကျေးမှာနေမကောင်းရင်
မေမေဘာမှလုပ်မပေးနိုင်ဘူး“
အဖြတ်အတောက်တိုတိုတုတ်တုတ်နှင့် စကားတန်ဆာမပါသောမေမေ့အသံကိုကြားရလျှင် ဟိုတုန်း ကလိုနှုတ်ခန်းထောင့်တွန့် ကွေးတာမျိုးမဟုတ်ပဲအားရပါးရပြုံးရသည်။ ဘယ်လောက်အခက်အခဲနှင့်ရင်ဆိုင်ရ
ရင်ဆိုင်ရ ပျာယာခပ်ပူဆွေးမနေခဲ့သော၊ စိတ်ချမ်းသာဖွယ် ၀မ်းမြောက်စရာအကွေ့ အချိုးနှင့်ကြုံလျှင်လည်း
ထူးပြီးလှုပ်ခပ်မနေခဲ့သောမေမေ၏ ဒိုးဒိုးဒေါက်ဒေါက်စကားသံများ၊ တဂျောင်းဂျောင်းစက်ချုပ်သံများသာမရှိခဲ့
လျှင် မြမြနှင်းတယောက် ဘယ်လိုဘ၀ကိုရောက်ခဲ့မည်လဲ မကြာခဏစဉ်းစားမိသည်။


* * *


ဒီကနေ့ ညအိပ်မက်ထဲမှာတော့ ဖေဖေ့ကိုဖြတ်ကနဲသာတွေ့ လိုက်ရသည်။
“ဖေဖေက နှင်းကိုချစ်သလိုလိုနဲ့  တကယ်တန်းကျတော့ထားခဲ့တာပဲ။ နှင်းကိုအိပ်ရာထဲမှာတစ်ယောက် ထဲထား သွားပြီး ပွဲခင်းထဲကိုပြန်သွားတာပဲ။ ဟိုတုန်းကတော့ နှင်းငယ်သေးလို့ ၊ ခုတော့ဖေဖေထားသွားရင် နှင်းကပွဲခင်းထဲလျှောက်ရှာမှာ။“
အိပ်မက်မဆန်စွာ မြမြနှင်းက ရှည်ရှည်လျှားလျှားစကားဆိုတော့ ဖေဖေကဟိုအရင်ကာလများကလို ရယ်
သံနှင့်မတုန့် ပြန်ပါ။
“ မြမြ တော်ရုံပဲကောင်းတယ်နော်။“ ဟုသည့် မေမေ့ဟန့် သံကြားရတော့ အံ့သြတကြီးဖြစ်ရသေးသည်။
“နှင်းလို့ ခေါ်ပါမေမေရဲ့ “
ရှားရှားပါးပါး မေမေ့ကိုအိပ်မက်ထဲတွင်တွေ့ ရချိန်မှာ နှင်းက ပျော့ပျော့ပျောင်းပျောင်းစကားဆိုဖို့ 
ကောင်းသည်ဆိုသောအတွေးက အိပ်မက်ထဲမှမြမြနှင်းတွေးနေတာလား၊ အိပ်မက်မှနိုးသောမြမြနှင်းကတွေး နေတာလားေ၀၀ါးနေပြန်သည်။
“ ဖေဖေကတော့ ပြန်သွားရဦးမှာပဲနှင်းရေ..“
ဖေဖေထွက်ခွာဖို့ ပြင်သည်။ မြမြနှင်းကပွဲခင်းလူအုပ်ထဲ ဖေဖေ့လက်ကိုတွဲ၍လျှောက်ရသောအရသာကို လွမ်းမက်စွာ ခဏပဲဖြစ်ဖြစ်ဖေဖေနှင့်လက်တွဲလျှောက်ဖို့  ဖေဖေ့လက်ကိုလှမ်းဆွဲ၏။ အိပ်မက်ထဲမှ နှစ်ဆယ်
ကျော်လူငယ်လေး ဖေဖေ့လက်ကိုလှမ်းဆွဲဖို့ တွေဝေနေဆဲမှာပင် အိပ်မက်ကရက်စက်စွာပျောက်ဆုံးသွား
တော့သည်။ အိပ်မက်ဆုံးတော့ ထုံးစံအတိုင်းရင်နာ၍ကျန်ရစ်ကာ ထုံးစံအတိုင်းမေမေ့ဟောက်သံကိုနားစွင့်မိ
သည်။ အိပ်မက်မှနိုးစမှာပဲ ဖေဖေ့ကိုဘယ်နေ့ အိပ်မက်ထပ်မက်ဦးမလဲမသိဘူးဟုတွေးမိသည်။ ဒီလိုအိပ်မက် တွေထပ်မမက်တော့ဘူးဆိုလျှင် လူဖြစ်ရခြင်းအရသာက အလွန်ပေါ့ပျက်သွားလိမ့်မည်။

မနက်ဖန်မိုးလင်းလင်းချင်း မေမေ့ကိုဖုန်းဆက်ဖို့ မမေ့အောင် သတိထားရမည်။ လူသားဘ၀ကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းရင်ဆိုင်နိုင်ရန် မနက်ဖန်မနက်ခင်း၌ အနုပညာမဆန်သော တိုတိုတုတ်တုတ်၊ ဒိုးဒိုး
ဒေါက်ဒေါက်စကားသံတွေကြားရဖို့ ကလည်း အရေးကြီးသည်။


မြန်မာသစ် မဂ္ဂဇင်း
သြဂုတ်လ၊ ၂၀၁၀
Labels: | edit post
Reactions: 
1 Response
  1. အမခက်မာ

    ဖေ့ဘွတ်က အမပုံတွေကြည့်ပြီး အမဘလော့ကိုတွေ့တာနဲ့ ရောက်လာခဲ့တာ။စာဖတ်သွားတယ်။ ဝါရင့်အမတွေမို့ ပြောစရာစကားလုံးရှာမရ ပါး)