Photo by Wathan
အခုတလော ကျမမက်သည့်အိမ်မက်တွေက ကျမကြီးပြင်းခဲ့ရာရွာကလေးနှင့် ငယ်သူငယ်ချင်း တွေ အကြောင်းများချည်းဖြစ်နေတတ်သည်။ ကျမကရွာကလေးဟုသုံးစွဲတတ်ပေမယ့် တကယ် တော့ ကျမတို့  ရွာက ကျေးရွာအုပ်စုရွာကြီးတစ်ရွာဖြစ်သည်။ ကျမအထက်တန်းကျောင်းသူ ဘ၀မှာပင် အိမ်ခြေ ၈၀၀ ကျော်ရှိသည်။ တိုးချဲ့ ရပ်ကွက်သစ်တွေထပ်တည်ပြီးသည့် ခုချိန်မှာ တော့ အိမ်ခြေ ၁၀၀၀ကို တော်တော်ပင် ကျော်လောက်ပြီ။ ကျမတို့ ငယ်ငယ်က အိမ်ရှေ့  တာလမ်းမှာအော်ရောင်းသည့် အသား ငါးနှင့် ဟင်းသီးဟင်း ရွက်သည်များထံမှသာ ၀ယ်ခြမ်း စားသောက်ရပေမယ့် ခုတော့ ရွာမှာဈေးတန်းနှင့်ဖြစ်နေပြီတဲ့။ ကျမ၏ငယ် သူငယ်ချင်းတွေက ရွာ့ မျက်နှာဖုံးသူဌေးတွေ၊ ကျေးရွာအထက်တန်းကျောင်းကော်မတီတွေ၊ ဘုရားဂေါပက တွေ ဖြစ်နေကြပြီ။
ငယ်ငယ်ကတော့ ကျမတို့ တတွေ တစ်ယောက်အိမ်တစ်ယောက်ကုးသန်းလည်ပတ်ခဲ့ ကြသည်။ အလှတို့ အိမ်မှာ ဘက်ထရီအိုးနှင့်ဖွင့်သောကက်ဆက်ရှိသည့်အပြင် အလှ၏အမ မခင်ဌေးက ရန်ကုန်မှာ ကျောင်းသွားတက်သူမို့  နောက်ဆုံးပေါ်သီချင်းခွေတွေ နားထောင် ရသည်။ တကယ်တော့ ကျောင်းမှာ ကျမ နှင့်ကပ်လျှက်ထိုင်သောအလှက သီချင်းခွေအသစ် ထွက် လာလျှင် အတန်းထဲမှာမိတ်ဆက်ဆိုပြထားပြီးသား။ အလှကနံမည်နှင့်လိုက်အောင် လှပြီး သီချင်းဆိုလည်း အတော်ကောင်းသည်။ အတန်းအားချိန် များတွင် ကျမ တို့ ကိုသီချင်း ဆိုပြ လေ့ရှိသည်။ သူဆိုပြသောသီချင်းများထဲမှ ကျမနားထဲစွဲ သွားသောသီချင်းဆိုလျှင် ကျမ ကဘယ်သူဆိုတာလဲ၊သီချင်းနံမည်ဘာလဲမေးတော့သည်။သူကအဆိုတော်နံမည်နှင့် သီချင်းနံမည်ကို ပြောပြ ပြီး “ငါ့အိမ်မှာလာနားထောင်ပါလား“ ဟုပြောတတ်သည်။ စနေ တနဂ်နွေကျောင်းပိတ်ရက်တွေဆို ကျမက သူတို့ အိမ်အလည်သွားကာ သီချင်းနားထောင် တတ်သလိုနေ့ လည်မုန့် စားဆင်းချိန်တွေမှာ အလှနှင့်လိုက်၍ မကြာခဏထမင်းစားဖူးသည်။ အလှတို့ အိမ်က ချမ်းသာတော့ အမြဲလိုလိုဟင်းကာင်း ချက်သည်လေ။ မမွန်တို့ အိမ်ကတော့ကျမအိမ်နှင့်မျက်နှာချင်းဆိုင်မို့ နေ့ စဉ်နီးပါးရောက်သည်။ အထူးသဖြင့် ရေနွေးကြမ်း ကောင်းကောင်းသောက်ချင်လျှင် အိမ်ရှေ့ ကအုပ်နီခဲခင်းထားသည့် ရှစ်ပေလောက်သာကျယ်သည့် တာလမ်း ကလေးကိုစွေ့ ကနဲဖြတ်ကာရောက်သွားတတ်သည်။ မမွန်တို့ ကအဘဟုခေါ်သော သူတို့ ဖခင်ဦးဒန်နီက ရေနွေးကြမ်းကောင်းကာင်းကြိုက်သည်။ ရွာက ကုန်စုံဆိုင်မှာရနိုင်သည့်အထဲမှ အကောင်းဆုံးလက်ဖက် ခြောက်ကိုမှသောက်သည်။ လက်ဖက်ခြောက်ကောင်းကောင်းသုံးသည့်အပြင် ရေနွေးကိုလည်းစံနစ် တကျ ကြိုသောက်သူ ဖြစ်သည်။ ရေနွေးတည်စဉ်မှာ မီးခိုးစော်မနံအောင် မီးကောင်းကောင်းနှင့် ပွက်ပွက်ဆူအောင် တည်သည်။ ပွက်ပွက်ဆူတော့မှ လက်ဘက်ခြောက်ခပ်၍ ခုနကဟုန်းဟုန်းတောက်နေသော မီးများကို ရှဲကာ မီးခဲကလေးနှင့်နှပ်လိုက်သေးသည်။ အသေအချာနှပ်ပြီးသွားသော ရေနွေး ကြမ်းကို ပြောင်လက်နေအောင် တိုက်ထားသော ဒန်ရေနွေးအိုးကလေးထဲပြောင်းထည့်ကာ ထိုရေနွေးအိုးကလေးကိုမှ ခဏလေးနှင့် အေးမ သွားအောင် ပုဆိုးဟောင်းတစ်ခုဖြင့် ပတ်ထား လိုက်သေးသည်။ ထိုကဲ့သို့ စံနစ်တကျကြိုနှပ်ထားသော ရေနွေးကြမ်းက ဖန်သက်ခါးဆိမ့်စွာ လျှာပေါ်မှာစွဲသွားလေသည်။ နောက်ပိုင်းဓါတ်ဘူးတွေပေါ်လာတော့ ဦးဒန်နီတစ်ယောက် ရေနွေးကြမ်းအိုးကို ပုဆိုးဟောင်းဖြင့်ပတ်ရသော အလုပ်တစ်ခုသက်သာသွားသည်။
ကျမတို့ အိမ်ကတော့ သူငယ်ချင်းအများစုဆုံဖို့ စုရပ်လိုဖြစ်နေသည်။ ကျမအဖွားက ရွာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမဟောင်းမို့  ကျမသူငယ်ချင်းများ၏ မိသားစုဝင်တစ် ယောက်မဟုတ်တစ်ယောက်က အဖွား၏တပည့်တွေဖြစ်သည်။ တပည့်များ၏သွေးသားရင်း တွေဖြစ်သည့်အပြင် မြေး၏သူငယ်ချင်းတွေ ဆို တော့ ကျမသူငယ်ချင်းတွေလာလျှင် သူ့ တပည့် ဟောင်းတွေအကြောင်းမေးမြန်းရင်း အဖွားနှင့် အဖွ့ဲ ကျသွား တတ်သည်။ ကျမတက္ကသိုလ် တက်တော့ ရန်ကုန်မှသူငယ်ချင်းတွေ အိမ်လိုက်လည်ကြပြန်သည်။ ဂီတ၀ါသ နာပါသော ကျမ၏ညီမကိုမြို့ သားကျမသူငယ်ချင်းတွေက ဂစ်တာတစ်လက် လက်ဆောင်ပေး၏။ အိမ်မှာ ဂစ်တာရှိလာတော့ လုပိုစုံလာသည်။ ညနေစောင်းတွေမှာ၊ ညဦးယံတွေမှာ၊ လသာညတွေမှာ ကျမတို့ အိမ်၌ ဂစ်တာသံသီချင်းသံတွေ ညံနေလေ့ရှိသည်။
ကျမတို့ အိမ်ကလေးက တိုးမြစ်ကြီးမှခွဲဖြာထွက်လာသော မလက်တိုချောင်းကမ်းနဖူး ပေါ်မှာရှိသည့် ခြေတံရှည်သစ်သားအိမ်ကလေးဖြစ်သည်။ လဆန်းရက်တွေဆို လရောင်က အိမ်နောက်ဖေး ချောင်းကမ်းနဖူး ပေါ်ရှိ သစ်ပင်သစ်ကိုင်းများကြားမှ တိုးဝှေ့ ထွက်လာတတ် သည်။ လရောင်ဟပ်၍ ရွှေရောင်အလင်းတွေ တလက်လက်ဖြာနေသောချောင်းရေပြင်ကို ကြည့်ပြီး အနာဂါတ်ကို ကျမတို့ စိတ်ကူးယဉ်ပုံဖော်ခဲ့ကြသည်။
“သီတင်းကျွှတ်ပွဲတော်ရက်ကျရင် မအူပင်သွားမယ်နော်အဖွား“ အတားအဆီးမရှိရနေသောလရောင်နှင့် ချောင်းကိုဖြတ်တိုက်လာသောညလေအေး အေးကြောင့် အဖွား စိတ်လက်ကြည်သာနေတာကို အခွင့်ကောင်းယူကာ ကျမတို့ အတွက် အရေးကြီးသောအခွင့်အရေး ကို တောင်းဆိုရသည်။
မအူပင်မြို့ က ကျမတို့ ရွာနှင့် ရေလမ်းအရဆို ၇ မိုင်ခန့် ဝေးသည်။ ပဲ့ထောင်ဟုခေါ် သည့်စက်တပ် လှေကလေးတွေနှင့်ဆို တစ်နာရီခန့် မောင်းရသည်။ မအူပင်မှ ကျမတို့ ရွာကို အဖြောင့်ဖောက် ထားသော မြေကားလမ်းကသွားလျှင်တော့ ၄မိုင်ခန့် ပဲဝေးတော့သည်။ ဒါပေ မယ့် ကားကနွေရာသီမှာပဲ ပြေး၍ရသည်။ ရွှံ့ စေးမြေမို့ မိုးတွင်းမှာ ဗွက်လုံးများထကာလမ်းပျက် သွားပြီးကျမတို့ အလယ်တန်း၊ အထက် တန်းကျောင်းသူ ဘ၀မှာတော့ ကားတောင်ပြေး၍ မရတော့ပေ။ ၂၀၀၈ ခုနှစ်မှာရွာကိုနေ့ ခြင်းပြန် အလည် ရောက်တော့ ဆိုင်ကယ် ကယ်ရီတွေနှင့် ကူးသန်းသွားလာနေကြတာတွေ့ ခဲ့သည်။ အတော်ခရီးကြုံ့ ပြီး သွားရလာရလွယ်ကူသွားသည်။
“ အေး.. သီတင်းကျွှတ်မတိုင်ခင် ညည်းတို့ လိမ်လိမ်မာမာနေရင် သွားရမှာပေါ့။“
အဖွားကဤသို့ ဖြေတတ်သည်။ ထိုစဉ်က ပွဲတော်ရက်မှာမအူပင်သွားခွင့်ရဖို့ က ကျမတို့ အတွက် အမြင့်မား ဆုံးရည်မှန်းချက်မို့ ကျမတို့ုမှာပွဲတော်မတိုင်မချင်းအိမ်အလုပ်တွေ ကို အပိုးကျိုးကျိုးလုပ်လိုက်ကြတာ မပြော ပါနှင့်တော့။ ပွဲတော်ရက်နီးလေ ပိုအပိုးကျိုးလေပါပဲ။ အဲသည် ကာလတွေတုန်းကတော့ ကျမတို့ သူငယ်ချင်း တွေကြားထဲမှာ မအူပင်ရောက်ဖူးသူက ဆရာကြီးပဲကိုး။ ရောက်ဖူးသူအချင်းချင်းကြားမှာ တော့အခေါက်ရေ များများရောက်ဖူးသူကပို ဂုဏ်ရှိသူပေါ့။
အလယ်တန်းအောင်တော့ ကျမတို့ ရွာမှာအထက်တန်းကျောင်းမရှိသဖြင့် မအူပင်မှာ အထက်တန်း ကျောင်းသွားတက်ရသည်။ ရှစ်တန်းအောင်စာရင်းမှာနံမည်ပါလာတော့ ပျော် လိုက်သည့်ဖြစ်ခြင်း။ မအူပင်မှာ ကျောင်းသွားတက်ရတော့မည်လေ။ နွေရာသီထဲက မြို့ ကျောင်းတက်ဖို့  ပြင်လိုက်ဆင်လိုက်ရသည်မှာ အမော။ ကျောင်းအက်ျီအဖြစ်ဝတ်ရမည့် ရင်ဖုံးအဖြူကလည်းရင်ခုန်စေသည်။ မြို့ မှာကျောင်းသွားတက်ရမည့် အထက်တန်းကျောင်းသူ မို့  အမေ၀ယ်ပေးသည့်သိုးမွေးလွယ်အိတ်ဖားဖားကလည်းရင်ခုန်စေသည်။ ဒန်ထမင်းချိုင့်အသစ်၊ ဖိနပ်အသစ်၊ ကွန်ပါဘူးအသစ်၊ ဖောင်တိန်အသစ်။ မြို့ ကျောင်းသူအဖြစ် ကျောင်း တက်ခွင့်ရရေး ဆန္ဒကပြည့်ဝခဲ့ပြီမို့ လူကပေါ့ပါးမြူးကြွနေသည်။
ကိုးတန်းကျောင်းသူအဖြစ် မအူပင်မှာကျောင်းတက်၍ နှစ်ဝက်နီးပါးအကြာ ပထမ အစမ်းဖြေအပြီးမှာ ရန်ကုန်မှာနေသောအဒေါ်ကပြောလာသည်။
“ ငါ့တူမ ကိုးတန်းကို အဆင့်မြင့်မြင့်နဲ့ အောင်ရင် ဆယ်တန်းကို ရန်ကုန်မှာ ခေါ်ထားမယ်။"
ထိုအခါ ရန်ကုန်ဟူသောဦးတည်ရာအသစ် ကျမခေါင်းထဲဝင်ရောက်ခဲ့  ပြန်သည်။ ရွှေမြို့ တော်ဟု တင်စားခြင်းခံရသောမြို့ ။ တိုက်တွေအထပ်ထပ်၊ ကားတွေတ၀ီဝီ၊ ဖက်ရှင်တွေ ဆန်းပြားလှသည်ဆိုသော ရန်ကုန်သည် ကျမအတွက် အိမ်မက်မြို့  တော်ဖြစ်ရ ပြန်သည်။ ဆယ်တန်းကိုရန်ကုန်မှာတက်ခွင့်ရရေးက ကျမအတွက်အရေးအကြီး ဆုံးရည်မှန်းချက်။ ထိုရည်မှန်းချက်အောင်မြင်ဖို့ အတွက် ကိုးတန်းကို အဆင့် မြင့်မြင့် အောင်မြင်ဖို့ ကျမကြိုးစား ရပြန်သည်။ ကိုးတန်းအောင်တော့ နှစ်ပေါင်းများစွာကျင်လည်ကြီး ပြင်း ခဲ့ရာဇာတိမြေကို ခွဲခွာရမှာမို့ စိတ် မကောင်းပေမယ့် ရန်ကုန်၏ဆွဲဆောင်အားကြောင့် ခြေလှမ်းကသွက်မြဲ။ ရန်ကုန်သွားမည့် ကုန်စိမ်းသဘော်ပေါ်တက်ကာနီး အမေ့ကိုကန်တော့တော့ အမေက မျက်ရည်ကျသည်။ ရောယောင်ကျချင်သည့်မျက်ရည်က ရန်ကုန်ဟူသောနံမည်အား စဉ်းစားမိချိန်မှာ တန့် ရသည်။ ကျမရန်ကုန်မြို့  နေ ကျောင်းသူဖြစ်ရပြန်ပြီ။
ဆယ်တန်းကျောင်းသူဘ၀ကတော့ ကျမအတွက်ခြောက်ခြားဖွယ်အကောင်းဆုံး ကာလ များပင်။ ထိုအချိန်တွင် ကျမကိုလွှမ်းမိုးထားပြီ ဖြစ်သော တက္ကသိုလ်မြေကိုခြေချ ခွင့်ရရေး အိပ်မက်က ကျမ၏အအိပ် ပျက်ညတွေကိုတိုးပွားစေခဲ့သည်။ မနက်စောစောထရမှာအင်မတန်ပျင်းသောကျမ ဆယ်တန်းကျောင်းသူ ဘ၀မှာတော့ မနက် ၈ နာရီထပြီးဂုဏ်ထူးဦးအောင်ခိုင် ကျူရှင်ပြေးတက်ရသည်။ ကျမတို့ ကဗိုလ်ချုပ်ဈေးနှင့် ကပ်လျှက် စိန်မေရီကျောင်းဝင်းထဲမှာနေတာဆိုတော့ ပန်းဆိုးတန်းကအဂ်လိပ်စာကျူရှင်ကို တက်ရ ဖို့ ကျောင်းဝင်းနောက်ဖက်အပေါက်မှထွက်ကာ ဗိုလ်ချုပ်ဈေးကို ဖြတ်၍ ဗိုလ်ချုပ်လမ်း ပေါ်ထွက်ရသည်။ မနက် ၆ နာရီကျူရှင်ကို အချိန်မီရောက်ဖို့  ကျမအိမ်က ၅နာရီခွဲလောက် ထွက်ရသည်။့ မိုးမလင်းတလင်း မနက် ၅ နာရီ ခွဲအချိန်တွင် ဗိုလ်ချုပ်ဈေးက မှောင်မဲတိတ် ဆိတ်၍လူရှင်းဆဲဖြစ်သည်။ ဗိုလ်ချုပ်ဈေးနောက်ဖက် ဘူတာ မှာ ရထားဆိုက်သည့် အချိန်နှင့် တိုးလျှင်တော့ တိတ်ဆိတ်မှောင်မိုက်ဆဲ ဗိုလ်ချုပ်ဈေးဆိုင်တန်းတွေကို ဖြတ် ကျော်ဖို့ အဖော်ရ သည်။ ဒါပေမယ့် အဲဒီအဖော်ကလည်းနေ့ တိုင်းမျှော်လို့ ရသည်မဟုတ်ပါ။
မိုးသည်းသည်းမဲမဲ ရွာသောမနက်ဝေလီဝေလင်းတွေမှာ လွယ်အိတ်ကိုတင်းတင်းပိုက်၊ ထီးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ပြီး ဈေးထဲမှာတွေ့ ရသည့် ယောက်ျားသားနှစ်ယောက်သုံးယောက်ကို မရဲတရဲ မျက် လုံးဝေ့ကြည့်၍ မေတ္တာပို့ လိုက်၊့ ဆုတောင်းလိုက် လုပ်နေရင်းမှပင် အရေးအကြောင်းဆို လက်နက် အဖြစ်သုံးဖို့ ထီးကိုလဲအသင့်ပြင်ရသေးသည်။ မြင်ကွင်းရှင်းသော ဗိုလ်ချုပ်လမ်းမ ပေါ်ရောက်ပြီဆိုလျှင်တော့ မှတ်ရလွယ်အောင် ကဗျာလေးသဖွယ်ဖန်တီး ထားသော အဂ်လိပ် သဒ္ဒါစည်းမျဉ်းတွေကိုရွတ်ရင်း ပန်းဆိုး တန်းရောက်အောင်လျှောက်ရသည်။ စာရချင်စိတ်ရော၊ စာမေးပွဲအောင်ချင်သည့်စိတ်ရော ပေါင်းနေသည့် ထိုမနက်ခင်းတွေမှာ “ အာတီကယ်၊ သက်တ် ၊ သစ်စ်၊ အက်ဂျစ်တစ်နဲ့ any, one ရဲ့ နောက်မှာကွယ်၊ ပိုင် ဆိုင် မှုရယ် ၀ိဘက်နောက်နဲ့ noun and noun လည်းသုံးတတ်တယ်“ ဟု noun “ နာမ်“ ကိုတွေ့ ရ လေ့ရှိသည့် နေရာများအား မှတ်ရလွယ်အောင်ဖန်တီးထားသည့် လက်ာတွေကို ပါးစပ်မှ အသံထွက်အောင် ရွတ်ရင်း အဂ်လိပ်စာလက်ာတွေက သံဗုဒ္ဒေနဲ့ ဆုံးလို ဆုံးလဲရှိခဲ့သည်။ ဓါတုအီကွေးရှင်းလက်ာ တွေနှင့် အဂ်လိပ် စာလက်ာတွေရောလိုရော၊ ဓါတုလက်ာနှင့် အဂ်လိပ်စာလက်ာကြား မှာ ဂုဏ် တော်ကိုးပါးက ရောက်လို ရောက်။ အတန်းတင်စာမေးပွဲကြီး မဖြေမီ နှစ်လလောက်ကတည်းက ကျမတို့ မှာတက်ကြွမှုနှင့် ကြောက်ရွံ့ မှု ပေါင်းကာ နေ့ နှင့်ညမှားလိုမှားပြီးစာကျက်ကြ၊ မေးခွန်း ဟောင်းတွေဖြေကြ။ ခန့် မှန်းမေးခွန်းတွေရဖို့ ဖုန်းနား မှာထိုင်စောင့်ကြရ။ စိတ်လှုပ်ရှားမှု၊ သွေး ပျက်မှု၊ ၀ရုန်းသုန်းကားဖြစ်မှုအားလုံး၏ အရင်းခံဦးတည်ရာကတော့ မြကျွန်းညိုညိုတက္ကသိုလ် အိပ်မက်ဖြစ်သည်။
ဆယ်တန်းအောင်ချိန်မှာတော့ပိုပြီးစိတ်လှုပ်ရှားရသည်။ ကျမကချမ်းသာသောမိသားစု စာရင်းဝင် မဟုတ်လေတော့ အတော်အတန်အမှတ်ကောင်းကောင်းနှင့် အောင်သော်လည်း တက္ကသိုလ်မှတက်ရ ပါ့မ လား ရင်တုန်ရသည်။ ထင်သည့်အတိုင်းပဲ အမေကပြောလာသည်။ “ ငါ့သမီးရတဲ့အမှတ်နဲ့ ဆို မအူပင်မှာပြန် ပြီး မူလတန်းပြဆရာမလျှောက်ရင် ထိပ်ဆုံးက ၀င်တယ်။အလယ်တန်းပြတောင် တန်းရလောက်တယ်။ ရွာ ပြန်ပြီးဆရာမလုပ်၊စာပေးစာယုတက် ပြီး ဘွဲ့ တခုယူ။ ဘွဲ့ ရရင် အလယ်တန်းပြ ၊အထက်တန်းပြ စသည်ဖြင့် တဆင့်ပြီးတဆင့်တက်ြ့ပီး အထက်တန်းကျောင်းအုပ်တွေဘာတွေအထိဖြစ်နိုင်တယ်။ ဘယ်လောက်ကောင်း သလဲ။ ဘယ်လောက်အေးချမ်းသလဲ။ ဂုဏ်လည်းရှိတယ်။“
ကျမအဖိုးအဖွားတွေကလည်းကျောင်းဆရာတွေ။ အမေကလည်းကျောင်းဆရာမ။ ဘကြီးနှင့် အဒေါ်ကလည်းကျောင်းဆရာတွေ၊ ၀မ်းကွဲမောင်နှမဦးလေးအဒေါ်တွေထဲမှာကျောင်း ဆရာ၊ဆရာမလုပ်သူ က ၁၀ ယောက်ထက်မနည်းရှိသည်။ ဒီတော့ အမေက ကျမကိုလည်း မျိုးရိုး မပျက်ကျောင်းဆရာမလုပ်စေ ချင်သည်။ ကျမကလည်းဆရာမဘ၀ကို ကြိုက်ပါသည်။ ဒါပေမယ့် ထိုအချိန်မှာ ကျမ၏အိမ်မက်ထဲမှာ တက္ကသီလာဆိုတာကြီးက နေရာအပြည့်ယူ ထားပြီးသားဖြစ်နေပြန်သည်။
ဦးလေးအဒေါ်များ၏အမျှော်အမြင်ကြီးမှုနှင့် အဖွား၏ အားပေးမှုကြောင့် ကျမတက္က သိုလ်တက်ခွင့် ရခဲ့သည်။ ကျမ၏အိပ်မက်တွေလည်း တစ်ခုမှတစ်ခုသို့  ရွေ့ လျားပြောင်းလဲ လာခဲ့သည်။ အကောင်အထည် ဖော်နိုင်ခဲ့သော အိပ်မက်တွေရှိသလို မှုန်ဝါးပျောက်ကွယ်ခဲ့ တာတွေလည်း ဒုနှင့်ဒေး။ တက္ကသိုလ်က ဘွဲ့ ရပြန် တော့ မြို့ တော်မှာ အခြေချနေနိုင်ရေး အိပ်မက်၊ ဘ၀ရပ်တည်မှုခိုင်မာရေးအိပ်မက်။ အိမ်ထောင်ကျပြီး သား သမီးတွေ ပွားစည်းလာ ပြန်တော့ ကိုယ့် ရင်သွေးကျန်းမာပျော်ရွှင်ရေး၊ ပညာကောင်းကောင်းသင်နိုင်ရေး အိပ်မက်။ လုပ်ငန်းခွင်ထဲမှာကျင်လည်ရသည့်သက်တန်းကြာလာတော့ တစ်နယ်ရပ်ခြားမှာအတွေ့  အကြုံ သစ်ရှာဖွေနိုင်ရေးအိပ်မက်။ ကျမမှာ အိပ်မက်များအကောင်အထည်ဖော်ရေးအတွက် ပြေးနေရသော အရှိန် တွေကို မလျော့နိုင်ခဲ့ပါ။
* * *
ကျမသားတွေကို ဆွေမျိုးတွေ၊မိတ်ဆွေတွေက ကံကောင်းလိုက်တာဟု မုဒိတာပွား ကြသည်။ ကျမအသက်ဆယ်နှစ်ကျော် ဆယ့်သုံးလေးနှစ်ဝန်းကျင်တုန်းက မြို့ ၏ ဒီဖက်ထိပ်မှ ဟိုဖက်ထိပ်စွန်းသို့  စက်ဘီးဖြတ်နင်းလျှင် ဆယ်မိနစ်ခန့် သာနင်းရသည့်မြို့ ကလေးမှာ ကျောင်းတက်ခွင့်ရရေးက အလွန် မြင့်မား သည့်မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့သည်။ ကျမသားတွေ ကတော့ မူလတန်းကျောင်းသားဘ၀မှာပင် လူအများစု မျှော်လင့်အိပ်မက်ကြသည့် အမေရိကား လို တိုင်းပြည်မှာ ပညာသင်နေရပြီ။ ကျမ မြကျွန်းညိုညိုကို အိပ်မက် မက်ခဲ့သည့် အသက် အရွယ်မှာသူတို့ က ဟားဗတ်တို့ လို ယေးလ်တို့ လိုတက္ကသိုလ်မျိုးတွေကိုများ အိပ်မက် မက်ကြလေမလား။ ဘ၀အတွေ့ အကြုံသစ်၊ အခွင့်အလမ်းသစ်အတွက် နိုင်ငံရပ် ခြားတိုင်း ပြည်တစ်ခုခုကို ကျမအိပ်မက်မက်နေသောအသက်အရွယ်မှာ သူတို့ ဘာတွေအိပ်မက် မက်နေကြမလဲ ကျမသိချင်သည်။
“မေမေ သားတို့ အရွယ်တုန်းက ညနေကျောင်းဆင်းချိန်ဆို ၇ မိုင်ဝေးတဲ့ ခရီးကို လမ်းလျှောက်ပြီး ကျောင်းကနေ အိမ်ပြန်ရတယ်။ မိုးရွာတဲ့နေ့ တွေဆို ဖိနပ်ကိုချွတ်ပြီး လက်ကကိုင်၊ လက်နောက်တစ်ဖက်က ထမင်းဗူးနဲ့ ထီးနဲ့ ။ လမ်းတွေကရွှံ့ လမ်းတွေဆိုတော့ ချော်ပြီးတဘိုင်းဘိုင်းလဲတယ်။ ခြေချောင်းကလေးတွေ နာနေအောင်ရွှံ့ မြေစေးကို ကုတ်ပြီး လမ်းလျှောက်ရတာ။ အိမ်ပြန်ရောက်ရင် လူကတစ်ကိုယ်လုံး နာကျင် နေရော။ ဒါပေမယ့် နောက်တနေ့ မနက်ကျရင်ကျောင်းတက်ဖို့  မနက်လေးနာရီထရတာပဲ။ အဲဒီလိုဘ၀မျိုးက နေ တဆင့်မြို့ ကလေးမှာနေရအောင်၊ မြို့ ကလေးကနေမြို့ ကြီးမှာနေရအောင် အဆင့်ဆင့်ကြိုးစားခဲ့ရတာ။“
ကျမကသားတွေကို ကျမကြီးပြင်းခဲ့ရသည့်ဘ၀ပုံစံကိုပြောပြတော့ သူတို့ ကအသာငြိမ် နားထောင် နေပေမယ့် ထူးထူးခြားခြားစိတ်ဝင်တစားရှိပုံတော့မရကြပါ။
“အဲဒီအချိန်တုန်းက ကားတွေမပေါ်သေးလို့ လား"
၉ နှစ်အရွယ်သားငယ်ကတော့ ဤသို့ မေးဖော်ရသေးသည်။
“ပေါ်နေပါပြီသားရဲ့ ။ ဒါပေမယ့် အဲဒီ ခေတ်တုန်းက ကားတွေကရှားသေးတော့ မေမေတို့ နေခဲ့ရ တဲ့ကျေးလက်တောရွာမှာ ကားမြင်ရဖို့ ဆိုတာတော်တော်ခဲယဉ်းတာ။“
သားငယ်ကမျက်တောင်ပုတ်ခပ်ပုတ်ခပ်နှင့်နားလည်သလိုလို နားမလည်သလိုလိုလုပ် နေသည်။ ကျမကားကိုကောင်းကောင်းမမြင်ဘူးသေးသည့်အရွယ်မှာ သားငယ်ကကားမရှိ သောနေရာဆိုတာကို ပုံမဖော်တတ်ဖြစ်နေသည်။ ကျမကသူ့ ကိုမေးခွန်းတစ်ခုမေးလိုက်သည်။
“သားတို့  ဒီမှာနေပြီးကျောင်းတက်၊ ဘွဲ့ တွေဘာတွေရရင် ဘာလုပ်မလဲ“ “မသိသေးဘူးလေ။“
သားငယ်ကခပ်သွက်သွက်ပဲပြန်ဖြေသည်။ ကျမက ကျမ၏အိပ်မက်အဆင့်ဆင့်ကို ပြန်တွေးမိသွာြး့ပီး ဆက်မေးကြည့်မိသည်။
“ဒါဖြင့် သားအလယ်တန်းကျရင် ဘာလုပ်ချင်လဲ။ ဘာလိုချင်လဲ"
“သား ၆တန်းကျရင် I Pod ၀ယ်ပေးနော်။ ဒါတောင်သားက အခုမှ ၄တန်းပဲရှိသေး တော့ ၂ နှစ်ကြီးများတောင်စောင့်ရဦးမှာ"
“I Pod ဆိုတာဘာလဲ၊ ဘာလုပ်ရတာလဲ"
ကျမက စူးစူးစမ်းစမ်းမေးတော့ သားငယ်က ကျမနားမလည်နိုင်ရှာပါလားဟူသည့် သနားသော အကြည့်နှင့် အရင်ကြည့်ပြီးမှ မျက်လုံးတွေမှိတ်သွားအောင်ရယ်ရင်းပြောသည်။ "မေကြီးတို့ ကသားတို့ ထက်အသက်လည်းပိုကြီးတယ်။ ပညာလည်းပိုတတ်ရဲ့ သားနဲ I Pod တောင်မသိဘူး။ ဟားဟား..ဟား"
“ဟဲ့..ငါက သူတို့ အားအားယားယားရှိတိုင်းတီထွင်နေသမျှ ဘယ်လိုလုပ်သိနိုင်မှာလဲ" ဟုဘုတော တော့မှသားငယ်က ရယ်ရိပ်မပျယ်သေးသောမျက်နှာနှင့်ပြောသည်။
“ I Pod နဲ့ အကုန်လုပ်လို့ ရတယ်။ ဂိမ်းကစားလို့ ရတယ်။ သီချင်းနားထောင်လို့ ရတယ်။ အင်တာ နက်သုံးလို့ ရတယ်။ လမ်းမသိရင်ရှာလို့ ရတယ်။ ရန်ကုန်ကသားတို့ အိမ် ကိုလည်း ရှာကြည့်လို့ ရတယ်။“
ကျမကသားငယ်ကိုငေးရင်း သားငယ်အရွယ်ဆီစိတ်ကပြန်ရောက်သွားသည်။ ကျမ လေးတန်း ကျောင်းသူအရွယ်မှာ လူတစ်ကိုယ်မပြောနဲ့ ကြောင်ကြီးကြီးတစ်ကောင်တောင် ၀င်လို့ မရသော ရေဒီယို ထဲ မှာ ဇါတ်လမ်းပမာ နားဆင်စရာအခန်းလာလျှင်ကြားရသည့် ယောက်ျားမိန်းမပေါင်းစုံ၏အသံတွေကို စိတ် လှုပ်ရှားစွာနှင့် ရေဒီယိုထဲခြောင်းကြည့်ကာ လိုက်ရှာခဲ့တာသတိရသည်။ အဖွားလစ်လျှင် အဖွား၏ အနီရောင် Sanyo ရေဒီယို ၁၀” x ၆” ပတ်လည်အရွယ်လေးကို ဓါတ်ခဲတွေဖြုတ်၊ ၀ါယာကြိုးတွေဖြုတ်နှင့် စူးစမ်းပြီး သုံးကြိမ်မြောက် ပျက်၍ နှစ်ကြိမ်မြောက်အရိုက်ခံရပြီးသည့်နောက်ပိုင်းမှာမှ ရေဒီယိုထဲ လူသေးသေးလေး တွေ ၀င်၍ စကားပြောနေဖြင်းဖြစ်မှာပဲဟူသည့်သံသယကို မကျေမနပ်မေ့ပစ်ရသည်။ သြော်.. ကျမရေဒီယိုထဲက အသံကိစ္စခေါင်းရှုပ်ခဲ့ရသောအရွယ်တွင် သားကလက်သုံးလုံးအရွယ်မျှသာ ရှိမည့် I pod ဆိုသောအရာနှင့် ကမ္ဘာတခြမ်းမှာ ကျန်ရစ်သည့်အိမ်ကိုရှာနိုင်နေပြီ။
“ မေကြီးကရော နောက်လေးငါးဆယ်နှစ်ကြရင် ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ။" ကျမသားတွေ၏အိမ်မက်တွေက ဘာတွေများဖြစ်လိမ့်မလဲ မရေမရာပုံဖော်ကြည့်မိနေ သောကျမက သား ငယ်စကားကြောင့် အတွေးတို့ တုန့် ကနဲရပ်ရသည်။
“ မေကြီးကတော့ အသက်နည်းနည်းကြီးလာရင် မေကြီးရဲ့ ရွာမှာပြန်နေချင်တယ်။ မြေကွက်ကျယ် ကျယ်ပါတဲ့ အိမ်လေးတစ်လုံးလောက်ဝယ်မယ်။ အမျိုးတွေရှိတဲ့ရွာကိုလမ်း လျှောက်အလည်ထွက်ရင်း တာလမ်းဘေးမှာပေါက်နေတဲ့ ကြက်မအုပ်ရွက်တွေ၊ကြာဟင်းညွန့်  တွေခူးမယ်။ ကြက်မအုပ်ရွက်လေး ရေနွေးဖျော ပြီးငါးပိရည်ဖျော်နဲ့ တို့ စားရင် သိပ်ထမင်းမြိန် တာ။ ငယ်သူငယ်ချင်းတွေ အိမ်လိုက်လည်မယ်။ သူတို့ နဲ့ နင်တလုံးငါတလုံးပြောပြီး ငယ်ငယ်က အတူဆိုခဲ့တဲ့ သီချင်းတွေပြန်ဆိုတဲ့အခါဆို၊ သူတို့ နဲ့ ချိန်းပြီး ဥပုဒ်ကျောင်းသွားတဲ့ အခါသွားလုပ်မယ်။ သိပ်ပျော်စရာကောင်းမှာပဲ။"
“ ဟင်…ဒါနဲ့ မေကြီးပြောတော့ အဲဒီရွာကနေ မြို့ မှာနေနိုင်အောင်ကြိုးစားခဲ့ရတယ်ဆို။ အခုတော့ မြို့ ကနေရွာမှာပြန်နေချင်ပြန်ပြီ။"
သားကအဲဒီလိုထောက်လိုက်တော့ ကျမရုတ်တရက်ဘယ်လိုပြန်ရှင်းပြရမှန်းမသိပါ။ "သားတို့ ကငယ်ပါသေးတယ်။ သားတို့ မေကြီးအရွယ်ရောက်ရင် အဲဒီခံစားမှုကို သိလာလိမ့်မယ်။“ ပြောသာပြောလိုက်ရသည်၊ ကျမစကားအတိုင်း သားတို့ ခံစားတတ်လာလိမ့်မည်လား ကျမသေချာ မပြောနိုင် ပါ။ လသာသောညတွေမှာ ချောင်းရိုးနံဘေးတွင် သူငယ်ချင်းများနှင့် သီချင်း အော်ဆိုခဲ့ရသောအရသာကို သားတို့ မှမခံစားဖူးတာလေ။ သူငယ်ချင်းများ၏မိဘတွေ အိုင်ပက်သောနောက်လိုက်ရင်း နောက်ကျိနေသည့် ရွှံ ရေထဲမှာတ၀ုန်းဝုန်းခုန်နေသည့် ငါးပေါင်းစုံနှင့်နပန်းလုံးရသည့်ပျော်ရွှင်မှုကို သားတို့ မှမသိတာလေ။ ရွာ ဘုရားပွဲက ပွဲဈေး တန်းမှာ အကြော်စားရင်း ကာလသမီး၊ ကာလသားအချင်းချင်းမျက်လုံးကစားရတာ၊ ကျူဖျာသေးသေးမှာ မိသားစုကပ်ကပ်သပ်သပ်ထိုင်ပြီး ပွဲကြည့်ရတာ၊ နောက်ပိုင်းဇာတ်လွမ်းချင်းချချိန်မှာ မင်းသားမင်းသမီးနှင့်အတူရောငိုရတာ၊ ပြာသိုလထမနဲပွဲမှာနှမ်းလှော်ရင်း၊ မြေပဲဆံရွေးရင်း လုပ်အားကူရတာ။ ရွာဦးစေတီဖြစ်မြောက်ရေးအတွက် ငွေဖလားထဲ အကြွေစေ့တွေထည့်ကာ တဂွမ်းဂွမ်းမြည်အောင်ခေါက်ရင်း အလှူခံထွက်ရတာ။ အဲဒီအရသာတွေ၊ ပျော်ရွှင်မှုတွေကို သားတို့ ပုံတောင်ဖော်တတ်မည်မဟုတ်ပါ။
လွမ်းမောဖွယ်အတိတ်ကိုမခံစားခဲ့ ဖူးသူတွေက အဲဒီ အတိတ်ဖြစ်ထွန်းခဲ့ရာနေရာဆီ ပြန်သွားဖို့  ဘယ်မှာစိတ်ဝင်စားမှာလဲလေ။ ဒီတခါတော့ သနားသည့်မျက်လုံးနှင့်သားတို့ ကိုပြန်ကြည့်မိသူက ကျမဖြစ်၏။ ဘာသာတရား၊ နွေးထွေးချစ်ခင်မှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံတို့ နှင့်လွှမ်းခြုံထာပြီး သဘာဝ တရားနှင့်ရောပြွန်း နေသည့် လွမ်းမော ဖွယ်အတိတ်ဆိုတာကို မခံစားရရှာသော၊ နားမလည်နိုင်ရှာသော သနားစရာကောင်း သည့်ကလေးတွေ။
ကျမတို့ တတွေ၏အိပ်မက်တွေက အဆင့်ဆင့်ပြောင်းလဲရွေ့ လျားခဲ့ကြသည်။ အလျားလိုက်ရွေ့  လျားသူတွေ၊ ဒေါင်လိုက်ရွေ့ လျားသူတွေ၊ အခြားသောပုံစံအမျိုးမျိုးဖြင့် ရွေ့ လျားသူ တွေအမျိုးမျိုးရှိကြပါ လိမ့်မည်။ ကျမ၏အိမ်မက်ကတော့ တဖြည်းဖြည်းဝန်းဝိုင်းမြင့်တက်လာပြီး စတင်ထွက်ခွာခဲ့ရာဆီ ပြန်လည် ဦးတည်သွားနေသော စက်ဝိုင်းသဏ္ဏန်ရွေ့ လျားမှုပဲဖြစ်သည်။ မျှော်လင့်အိပ်မက်တွေက မည်သို့ သောသဏ္ဏန် ဖြင့်ရွေ့ လျားနေသည်ဖြစ်စေ ကိုယ့်အိပ်မက်၏ ဦးတည်ရာမှာ ကိုယ်ပျော်မွေ့ နေဖို့ က အရေးအကြီးဆုံးဖြစ် လိမ့်မည်ဟုထင်ပါသည်။ ကျမက တော့ စတင်ထွက် ခွာရာဆီပြန်လည်ဦးတည်နေသော ကျမ၏အိပ်မက် အပေါ် တကယ်ပင် မျှော်လင့်ရင်ခုန်လျှက် ရှိပါသည်။