1. 2.

ကျမမှတ်မိနေတာတော့ကျမကဗျာစရေးတာ တန်းကျောင်းသူဘ၀။ ကျေးလက်တွဲ ဖက်ကျောင်းကလေး၏နံရံကပ်စာစောင်အတွက်ဖြစ်သည်။ ရွာ၏မူလတန်းကျောင်းပိုင် ကျယ်ဝန်းသောမြေနိမ့်ကွင်းပြင်အလယ်မှာဆောက်ထားသည့် မြေစိုက်ဓနိမိုးထရံကာ 
ကျောင်းကလေးမှာနံရံကပ်စာစောင်လုပ်မည်ဆိုတော့အပျော်ဆုံး သူကကျမဖြစ်ခဲ့မည် ထင်သည်။ နံရံကကပ်စာစောင်လုပ်မည်ဟုကြေငြာပြီးပူးပေါင်းပါဝင်မည့်သူတွေကို ဖိတ်ခေါ်ကတည်းက စာ၊ ကဗျာတခုခုရေးဖို့ ကျမကသေချာပြီးသားမို့စာရေးသူနေရာ ကပူးပေါင်းပါဝင်ဖို့စာရင်းပေးလိုက်သည်။ ရွေး ချယ်ခံရမည့်စာမူများကို နံရံတွင်ကပ်မည့် စာရွက်ကြီးများတွင်ကူးပြီးရေးချဖို့လက်ရေးလှသူများကိုဖိတ်ခေါ်ရာတွင်တော့လက်ရေး ညံ့သူကျမမပါဝင်နိုင်ခဲ့ပါ။ သို့သော် ရွေးချယ်ခံစာမူများအတွက်သရုပ်ဖော်ပုံရေးဆွဲပေး မည့်သူများကိုဖိတ်ခေါ်ရာတွင်တော့ ကျမလက်ထောင်မိပြန်သည်။
            ထိုအချိန်တုန်းက ကျမကဗျာတပုဒ်နှင့် ထိုကာလကစာညွန့်ဟုခေါ်သော အက်ဆေးဆန်ဆန်စာလေးတပုဒ်ရေးခဲ့သည်။ ထိုအရာတွေမရေးမီ အိမ်မှာရှိနေသော ကျမအဒေါ်၏ တက္ကသိုလ်စာပေးစာယူသင်တန်းမဂ္ဂဇင်းတွေကိုဖတ်သည်။ ကျမမှတ်မိ သမျှတော့တော်တော်များများက အရွယ်မတိုင်မီချစ်သူရည်းစားထားခြင်းမှရှောင်ရှား ကြရန်ပညာပေးဆန်ဆန်အရေးအသားတွေ။  ကျမကဗျာတွေ၊ စာတွေကလည်းအဲဒီ လိုဆန်ဆန်မျိုးတွေပင်ဖြစ်ခဲ့သည်။ သည်တော့ကျမစာတွေက နံရံကပ်စာစောင်မှာခန့် ခန့်ထည်ထည်ပါခဲ့သည်ပေါ့။ သို့သော်လူတစ်ရာဝန်းကျင်ကျေးလက်အလယ်တန်း 
ကျောင်းကလေး၏ သမီးရည်းစားအတွဲ အရည်အတွက်ကတော့လျော့မသွားခဲ့ပါ။
               ကျမနှင့်အတူနေသောအဘွားက စာကဗျာတွေရေးတာအားပေးပေမယ့် နံရံကပ်စာစောင်အတွက် ကျောင်းဆင်းချိန်ဝင်ကူရတာတော့သိပ်ကြိုက်ပုံမရပါ။ ကျောင်းနံရံကပ်စာစောင်အတွက်ဝိုင်းဝန်းသူညီသူအများစုကယောက်ျားလေးတွေမို့ အနေနီးစပ်ပြီး တောင်တောင်အီအီစိတ်တွေဝင်မည်စိုးသတဲ့လေ။ ထိုအချိန်တွေမှာ အမေကတခြားရွာမှာကျောင်းဆရာမအဖြစ်တာဝန်ကျနေသည်။ အကယ်၍အမေနှင့်
နရမည်ဆိုလျှင်တော့ နံရံကပ်စာစောင်မှာစာဝင်ရေး ခွင့်ရဖို့ပင်မသေချာပါ။ အမေက
စာပေ၀ါသနာမပါသူပင်။ ကျမစာပေလမ်းပေါ်လျှောက်မိတော့ အဘွားကပွင့်ပွင့်လင်း လင်းဂုဏ်ယူပေမယ့် စကားမဝေဖြာသောအမေကတော့ခပ်မဆိတ်ပင်။ ကျမ၀တ္တု အသစ်ပါသောမဂ္ဂဇင်းရလာလျှင်တော့ဖတ်ပါသည်။ ပြီးလျှင်ဘာတွေရေးထားတာလဲ ဟုကျမကို မေးတတ်သည်။ ဒါတောင်ကျမရေးသောစာတွေက နားလည်ရခက်သည့် စာမျိုးထဲ မှာပါတာမဟုတ်ပါ။
            
            ကျမမှာသားနှစ်ယောက်ရလာတော့ သားတွေကိုအနုပညာဝါသနာပါစေချင် သည်။ နှစ်ယောက်စလုံး မဟုတ်တောင်တယောက်ကိုတော့ ဂီတသမားဖြစ်စေချင် သည်။ သားတွေငယ်ငယ်က ပန်းချီဆွဲတော့လည်းကျမပျော်ရသည်။သားကြီးကတော် 
တော်အတန်းရသည်အထိပန်းချီကိုစိတ်ဝင်စားသည်။ သားကြီး ငါးတန်းမှာလားခြောက် တန်းမှာလားမသိ။ သူတို့ ကျောင်းမှာပန်းချီပြိုင်ပွဲလုပ်မည်ဆိုသဖြင့် သားကတက်ကြွ 
နေခဲ့လေသည်။ ဟိုပုံဆွဲမယ်၊ ဒီပုံ ဆွဲမယ်နှင့်သားစိတ်ကူးယဉ် ပျော်ရွှင်နေတာကို ကြည့်ပြီး ကျမတို့လည်းပျော်မိသည်။ ဒီလိုနှင့် ပန်းချီပြိုင်ပွဲဝင်မည့်သူတွေစာရင်းပေးရ မည့်နေ့ရောက်လာသည်။ အဲဒီနေ့တွင်သားက ကျောင်းမှရယ်ကျဲကျဲနှင့်ပြန်လာသည် ။ ကျမကဘာလို့ရယ်ကျဲကျဲဖြစ်နေရတာလဲမေးတော့ပြန်ဖြေသော သားအဖြေကြောင့် ကျမအံ့သြခဲ့ရသည်။
             “သားကပန်းချီပြိုင်ပွဲမှာဝင်ပြိုင်ဖို့စာရင်းသွားပေးတော့ စာရင်းလက်ခံတဲ့ဆရာကမေး
တယ်။ မင်းကဘာပုံဆွဲမှာလဲတဲ့။သားကမော်ဒန်ပန်းချီဆွဲမယ်လို့ဖြေလိုက်တော့မော်ဒန်
ပန်း ချီဆွဲမယ်ဆိုမပြိုင်ရဘူးလို့ပြောတယ်။
         သားကရယ်ကျဲကျဲပြောနေပေမယ့် သားအသံလေးတွေကစိတ်လှုပ်ရှားပြီးတုန်နေ သလိုပင်။ ပန်းချီဆရာနှင့်စာရေးဆရာမိဘနှစ်ပါးတယောက်မျက်နှာတယောက်ကြည့်မိ
ကြသည်။ အဲဒီနောက်ပိုင်းကတည်းက သားကြီးတယောက်ပန်းချီကိုဟုတ်တိပတ်တိ မရေးတော့တာဖြစ် သည်။
          

      ကျမတို့အမေရိကားရောက်တော့ သားကြီးက တန်း။ သားငယ်က တန်းတက်ရ သည်။ ကျောင်းမှာArt Class က အချိန်စာရင်းနှင့်သွားရသည်။ Art Room မှာ ကလေး များအတွက် ဆေး၊စက္ကူ၊ သစ်သားတုံးတွေ၊ပန်းပုထုဖို့ ဓါတုရွံ့စေးတွေနှင့် အခြားအနု ပညာဖန်တီးရာတွင်အထောက်အကူပြုသည့်ပစ္စည်းတွေကအလျှံပယ်ပင်။ သားတို့ပျော် ကြသည်။ပန်းချီပြန် ဆွဲကြသည်။၂၀၀၉ ခုနှစ်မြို့နယ်လုံးကျွတ်ကျောင်းပေါင်းစုံ ပန်းချီ ပြိုင်ပွဲမှာတင်ပြဖို့သူတို့ပန်းချီ ကားတွေရွေးချယ်ခံရသည်။ ပန်းချီကားတွေမတင်မီ သူတို့ အမေးခံရသောမေးခွန်းကတော့ပြောင်းသွားသည်။ ဒီပုံကိုဆွဲဖို့ ဘယ်လိုစိတ်ကူးရတာ လဲတဲ့။
          ၂၀၁၀-၂၀၁၁မှာတော့စာသင်နှစ်စစချင်း သိပ်မကြာခင်မှာပဲသားငယ်ကဒရမ်
ဆက်ကြီးတခု ကျောင်းကယူလာသည်။ ကျောင်းသားတိုင်း တူရိယာတခုတီးရသည်။ ဒါကြောင့် သားငယ်ကမနှစ်ကတယောတီးပြီး ဒီနှစ်တော့ဒရမ်စမ်းတီးချင်သတဲ့။ ဒရမ် သံဆူဆူညံညံကြီးကို နားမခံနိုင်တာရော တူရိယာပစ္စည်းတခုထဲကိုတစိုက်မတ်မတ်တီး
စေချင်တာရောကြောင့် သားငယ်၏ရွေးချယ်မှုကိုကန့်ကွက်ဖို့ပြင်မိပေမယ့် အရာရာကို စမ်းသပ် နေသောအရွယ်ပေမို့ လောလောဆယ်လွှတ်ထားလိုက်သည်။ သူ၏စိတ်ဝင် စားမှုအမှန်ရှိသောနေရာကို သူသိသွား ချိန်တွင် သူ့ဘာသာရွေးချယ်လိမ့်မည်။ 
           ကလေးတွေကကျောင်းမှာပုံမှန်အားကစားခန်းမ(GYM)သွားရချိန်အပြင်အား
ကစားတစ်ခုခုကစားရသေးသတဲ့။ ထို့ကြောင့်သားကြီးက ဘတ်စကက်ဘောကစား သည်။ သားငယ်ကတော့American Football ကစားမည်တဲ့လေ။ ကျောင်းတွေက ကျောင်းသားတွေကိုကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းဖို့ရောဂီတနှင့်ယဉ်ပါးကာစိတ်ပိုင်းဆိုင် ရာနုညံ့ ယဉ်ကျေးဖို့ပါလေ့ကျင့်ပေးနေကြတာပဲ။
         အဲဒီအချိန်မှာတမြို့ထဲနေသည့်မိတ်ဆွေတဦးကသူ့သားအထက်တန်းကျောင်း
သားအကြောင်းပြောလာသည်။
           “ ကျနော့်သားက ကျောင်းမှာတူရိယာပစ္စည်းတခုခုတီးရမယ်ဆိုလို့ ဂစ်တာတီး မလို့တဲ့။ ကျနော်ကအဲဒီလိုအပိုအလုပ်တွေအဖေမကြိုက်ဘူး၊ ဂစ်တာမတီးရဘူးလို့ပြော လိုက်တယ်။ ကျနော့်သားနှစ်ယောက်ရှိတာမှာ တယောက်ကဆရာဝန်ဖြစ်ရမယ်။ တယောက်ကရှေ့နေဖြစ်ရမယ်။ ဒီတော့သူတို့စာကိုပဲကြိုးစားဖို့လိုတယ်။ အဲဒီအပြင် ဗာရီယတွေကိုအချိန်မပေးစေချင် ဘူး။
         မိတ်ဆွေကိုတရားချဖို့ ကျမအသက်ကိုအရင်ဝအောင်ရှူရသည်။ သားတွေဂီတ
နှင့်မနီးစပ်စေဖို့ပြတ်ပြတ်သားသားပြောနေသော ဖခင်တဦးနားဝင်စေဖို့ စကားလုံးတွေ စဉ်းစားရသည်။
          “ ကျမက သားတွေမွေးလာကတည်းက သားတွေကိုဂီတအနုပညာတခုခု ၀ါသနာပါပါစေလို့ဆုတောင်းခဲ့တာ။ အနုပညာဂီတဆိုတာ လူရဲ့စိတ်ကိုနုညံ့ယဉ်ကျေး သွားစေတယ်။ တချိန်ထဲမှာလဲ အဲဒီဂီတရဲ့စွမ်းအင်ကဖန်တီးသူကိုယ်တိုင်ကိုရော ခံစား ရသူတွေကိုပါ အင်အားတွေ၊ မျှော်လင့်ချက်တွေ၊ ပျော်ရွှင်မှုတွေကိုရစေတယ်လေ။
            ကျမသားကြီး၂နှစ် နှစ်လောက်မှာ ကျမတို့ဇနီးမောင်နှံနှင့် သား၏အဘိုး၊ အဘွားများ ခေါင်းချင်းဆိုင်ပြီး သားကိုဘာတူရိယာသင်ပေးမလဲတိုင်ပင်ကြသည်။ ကျမက သားကိုစန္ဒယားတီးစေချင်သည်။ သားအဖေက ဆက်ဆိုဖုန်းမှုတ်သံကအားရှိ တာကွလို့ပြောသည်။ သားအဘိုးကတော့ မိဘတွေလည်းခြေနိုင်လက်နိုင်ဝယ်ပေးနိုင်
အောင် တယောပဲသင်ခိုင်းတာကောင်းမယ် ထင်တယ်တဲ့။ စန္ဒယားဆိုဈေးကြီးတယ်
လေ။ သားအဘွား ကတော့ သူအသေအချာအော်ဒါမှာ ပြီးလုပ်ထားတဲ့ပတ္တလားရှိနေ တာပဲ။ အဲဒါကိုတီးပစေပေါ့တဲ့။  ဒါနဲ့ ကျမက တီဗီမှာတေးသံစုံတီး ၀ိုင်းဖျော်ဖြေနေတုန်း တီးဝိုင်းထဲမှာပါသည့် ဂီတတူရိယာတွေပြပြီးတော့ သားကြီးလာရင် အဲဒီအထဲက ဘာ တူရိယာကိုတီးမလဲဟုမေးတော့ သားကစဉ်းတောင်မစဉ်းစားပဲပြန်ဖြေသည်။  ၀ါးလက် ခုပ်တီးမယ်တဲ့။ ကျမတို့တယောက်မျက်နှာတယောက်ကြည့်ပြီးရယ်မိကြပေမယ့် သိပ်
တော့အားမရှိလှပါ။ ဘာမှမတီးဘူး ဘောက်ဆင်ထိုးမယ်မပြောတာတော်သေးတာပေါ့ ဟု ကျမကစိတ်ဖြေခဲ့ရသည်။ ကျမတတ်သမျှ မှတ်သမျှ ဥပမာဥပမေယျနှင့်ပြောသော စကားတွေကို အထက်တန်းကျောင်းသားအဖေ သဘောပေါက်လေသလားတော့မသိ ပါ။ ကျမတော့တော် တော်မောသွားသည်။

          
          ဆောင်းဦးဝင်စတရက်မှာ သားကြီးကဗျာတွေရေးနေတာတွေ့ရသည်။ ကျမက
ပျော်ရွှင်စွာဖြင့် 'သားက ကဗျာတွေဘာတွေရေးလို့ပါလား' ဟုပြောတော့ ကျောင်းက Poetry Class အတွက်ဟုပြောသည်။ ကျောင်းမှာကဗျာရေးရတဲ့အချိန်ရှိသတဲ့လား။ ကျမကစိတ်ဝင်တစားဖြစ် ခဲ့ရပြန်သည်။ သားကဗျာတွေကိုဖတ်ကြည့်တော့အင်မတန် လွတ်လပ်သောအတွေးကို တွေ့ရသည်။ ကောင်းတာမကောင်းတာထက် လူအများက စာရေးဆရာဟု သတ်မှတ်ခြင်းကိုခံရသော ကျမ မတွေးမိသောနည်းဖြင့်စဉ်းစားပုံတွေ ကိုတွေ့ရသဖြင့် ကျောင်း Poetry Class အတွက်မို့ အင်္ဂလိပ်လိုရေးထားသော သား၏ ကဗျာတချို့ကိုဘာသာပြန်ကြည့်မိသည်။ သိပ်မကြာခင်မှာပဲ သားငယ်ကသူ့ Language Art Class အတွက်ရေးသော ကဗျာတချို့ကိုကြည့်ပေးဖို့ပြောလာ ပြန်သည်။  Grade 4 သာရှိသေးသောသားငယ်ကဗျာလေးတွေက ကလေးဆန်ပေမယ့်သား ငယ်ကဗျာရေး ရသည်ဆိုတာကပင် ကျမကိုပျော်ရွှင်စေပြီ။ ဟောသည်ကဗျာလေးကိုတော့ ကျမ သဘောကျမိသည်။ 



Colors                                                          “ အရောင်များ

Where ever I go                                     ကျနော်ဘယ်သွားသွား
colors follow me.                                    အရောင်များကလိုက်ပါ။

White in winter                                       ဆောင်းမှာအဖြူ
Green in summer                                    နွေမှာအစိမ်း
Gold in fall                                             ရွက်ကြွေရာသီမှာတော့ရွှေရောင်။

I can not run away from all.                   ရှောင်လို့မလွတ်နိုင်။

          လူတိုင်းအရောင်တွေနဲ့မလွတ်နိုင်တာသိနေပေမယ့် အဲဒီအတွေးလေးကိုချရေးဖို့ ကျမ စိတ်မကူးမိခဲ့ပေ။ရိုးစင်းသောအတွေးလေးတစ်စကလည်း အနုပညာမြောက်နိုင် 
ကြောင်း သတိတရဖြစ်စေသည့်အတွက် (မြန်မာမိသားစုဝင်တဦးပေမို့) ပါးစပ်ကထုတ် မပြောမိပေမယ့် သားကိုကျမကျေးဇူးတင်မိသည်။
           
         ဖေဖော်ဝါရီ ဒုတိယပါတ်ထဲမှာ သားတို့ကျောင်းကဖိတ်စာတစောင်ရသည်။ 7 Grade ကျောင်းသားတွေ၏ကဗျာရွတ်ပွဲကိုတက်ရောက်ရန်။ သားကြီးက 7 Grade မို့ သားကဗျာရွတ်မှာလားမေးမိသည်။ ပထမပိုင်းမှာသားကစိတ်ဝင်စားပုံမပြပါ။ နောက် ပိုင်းမှာတော့ ကျမကသူ့ကိုကဗျာရွတ်စေချင်မှန်းသိသဖြင့် ရွတ်မည်ဟုပြောသည်။ ကျမ ကသားထက်ပိုစိတ်လှုပ်ရှားကာ ကဗျာရွတ်လေ့ကျင့်ဖို့ မကြာခဏတိုက်တွန်းမိသည်။  
        အလယ်တန်းအထိသာရှိသောသားတို့ကျောင်းကဗျာရွတ်ပွဲလေးကကျောင်း တွင်းပွဲလေးမို့ မိသားစုဆန်သည်။ ကဗျာရွတ်ပွဲလာသည့် ကျောင်းသားမိဘတွေက ကိုယ်နိုင်ရာအစားအစာလေးတွေယူလာခဲ့ကြသည်။ ကျမလည်းအခွင့်အရေးရတုန်း မြန်မာကောက်ညှင်းပြန်ပေါင်းကိုအုန်းသီးနိုင် နိုင်နှင့် နိုင်ငံခြားသားတွေကိုမိတ်ဆက်ပေး လိုက်သည်။ သူတို့ကြိုက်ကြပုံရပါသည်။ ကျမကောက်ညှင်းပေါင်းက အရင်ဆုံးကုန် သွားခဲ့သည်။
         ကဗျာရွတ်ပွဲကို အခမ်းအနားအစီအစဉ်အတိအကျကြီးဖြင့် ကျင်းပခြင်းမဟုတ်ပါ။ 7Grade  Poetry Class ကိုကြီးကြပ်သောဆရာနှစ်ဦးက ကဗျာရွတ်ပွဲကလေးလုပ်ရခြင်း အကြောင်း အနည်းငယ်မိတ်ဆက်ပြောကြားပြီးမည်သူမဆို ကိုယ့်ကဗျာကိုအဆင်ပြေ ရာအချိန်တွင်ဝင်၍ ရွတ်ဆိုနိုင်ကြောင်းပြောသည်။ ကလေးတော်တော်များများက စိတ် ပါလက်ပါဝင်ရွတ်ကြသည်။ တချို့ကတော့ရွတ်ချင်စိတ်ရှိကြသော်လည်း ရှက်နေကြ ၏။ ထိုအခါ မိသားစုဝင်တွေ၊သူငယ်ချင်း တွေကသက်ဆိုင်ရာကလေးနံမည်ကို သံပြိုင်
ခေါ်၍အားပေးသည်။ ကိုယ့်နံမည်ကိုသံပြိုင်ခေါ်နေလေတော့ ကလေးကမနေသာ 
တော့ပဲကဗျာထွက်ရွတ်တော့သည်။
           ပွဲအစပိုင်းမှာသာ ကလေးတွေကတုန့်ဆိုင်းနေပေမယ့် တဖြည်းဖြည်းအရှိန်ရလာ
တော့ သူတို့စိတ်ပါလာကြသည်။ ရွတ်လက်စလူတွေကအခေါက်ခေါက်တက်ရွတ်ကြ သည်။ စိတ်မပါဘူးဆိုသောကျမသားကြီးတောင်သုံးပုဒ်ရွတ်သွားခဲ့သည်။ ကဗျာရွတ်ဖို့ အစီအစဉ်မရှိသောသားကြီး၏သူငယ်ချင်း ကိုးရီးယန်းလေးက သားကြီးကဗျာတပုဒ် တက်ရွတ်သွားသည်။ ထိုကလေးလိုပင်အစီအစဉ်မရှိသူတွေလည်း နောက်ပိုင်းစိတ်ပါ ကာဝင်ရွတ်ကြသည်။ တချို့သောဆရာတွေ၊ ကျောင်းသားမိဘတွေက ကဗျာရွတ်ပွဲကို မလာနိုင်သောကလေးများ၏ကဗျာတွေကိုရွတ်ပေးကြသည်။ အလွန်ရင်းနှီးနွေးထွေး၍ ပျော်စရာကောင်းသောပွဲလေးဖြစ်သည်။ ကျမမှာတော့လက်ခုပ်တီးရတာ လက်တွေ
တောင်နာလို့။ ကလေးတွေ၊ မိဘတွေ၊ ဆရာတွေကလည်းပျော်လို့။ 
          တကယ်တော့ ကလေးတွေကိုကဗျာရွတ်တာအပါအ၀င် လူရှေ့မှာစကားပြော တင်ဆက်နည်းတွေကို ဖိအားမပေးသောနည်းဖြင့် မသိမသာလေ့ကျင့်ပေးနေခြင်းပင်။  သားသူငယ်ချင်း ၀ီလျံဆိုသောကလေးဆို ကဗျာ၅ ပုဒ်ရွတ်သွားသည်။ သူ့ ကဗျာ တချို့ကအရှည်ကြီးတွေ။ အတော်လည်းကောင်းသည်။ လူကောင်သေးသေး ၇တန်း
ကျောင်းသားလေးကကဗျာရွတ်ရာမှာတော့ တကယ့်ဝါရင့်ကဗျာဆရာကြီးတဦးအလား ပင်။ အဖိအဖော့အဆွဲအငင်တွေနှင့်၊ ဟန်ပန်ကတည်ငြိမ်သလို အမှားအယွင်းတစ်လုံး တလေတောင်မပါ။ ကျမကသူ့ကဗျာအချို့ကို တော်တော်ကြိုက် သဖြင့်ဘာသာပြန်ဖို့
တောင်းယူချင်ပေမယ့်ကျောင်းစည်းကမ်းကြောင့်အခွင့်မသာခဲ့ပါ။ ထိုသို့သောပွဲကလေး များမှတဆင့် ထင်ရှားသောကဗျာဆရာကြီးများ၊အနုပညာသမား များ၊ထင်ရှားသော အစီအစဉ်တင်ဆက်သူပေါင်းများစွာဖြစ်လာကြသည်။ 
          သူတို့၏စည်းမျဉ်းစည်းကမ်းတွေ၊ ကော်ပီရိုက်ဥပဒေတွေကြောင့် တခြားကလေး များ၏ကဗျာတွေကို လောလောဆယ်ဘာသာပြန်မိတ်ဆက်ပေးလို့မရလေတော့ ကျမ သားကြီး၏ ကဗျာလေးတပုဒ်ကိုပဲမိတ်ဆက်ပေးရပါတော့မည်။

        “ သစ်ရွက်

ကျနော့ကိုယ်ကျနော်
ရေစီးနဲ့မျောပါနေတဲ့
သစ်ရွက်လေးတရွက်လို့မြင်တယ်။

ရှေ့တူရူကဦးတည်ရာဆီ
မရောက်သေးတာကလွဲလို့
ကျနော်ကနေရာတိုင်းမှာ။

တခါတလေ အမြင့်ကပြုတ်ကျ...
တခါတလေ တခုခုနဲ့တွယ်ငြိ...
တခါတလေ..
အပေါင်းအပါတွေနဲ့အတုမျောပါစီးဆင်းရင်း
ကျောက်ဆောင်တွေနဲ့တိုက်မိ။

ကျနော်မြင်နေရတယ်
တချို့နောက်မှာကျန်ခဲ့
အရွက်သစ်တွေကလည်း
ကြွေဆဲ...

စီးမျောဖို့
နစ်မြုတ်ဖို့ကလွဲရင်
ပြန်လမ်းမရှိတဲ့ခရီးမှာ။

           တန်းကျောင်းသားတယောက်၏ကဗျာက သံဝေဂသံတွေကဲနေသလို ကျမ ခံစားရသည်။ ကျမအဲဒီ အရွယ်မှာအဲဒီလိုကဗျာမျိုးမရေးခဲ့တာတော့သေချာပါသည်။ ငါ့အသက်အရွယ်နဲ့ဒီလိုကဗျာမျိုးမရေးသင့်ဘူးဟု ကျမစဉ်းစားခဲ့သလားမသိပါ။ သူများ
တွေကကြီးကျယ်ရန်ကောဟု ဝေဖန်ခံရမှာစိုးရိမ်ခဲ့တာလည်းဖြစ်ကောင်းဖြစ်မည်။ သေချာတာကတော့ သားတို့ မျိုးဆက်ကထွေလီကာလီအတွေးတွေတွေး၍ သူတို့က အနုပညာဟု သတ်မှတ်သည့်အရာကို အထိခိုက်မခံကြတော့ခြင်းပင်။

ခက်မာ
Labels: | edit post
3 Responses
  1. ကလေးလေးတွေကို ငယ်စဉ်ထဲက လူကြားထဲ ပြောရဲ ဆိုရဲအောင် လေ့ကျင့်ပေးတဲ့ အလေ့အထကို နှစ်သက်မိတယ်မမ ..ဗဟုသုတလေးတွေ အများကြိးရလို့ ကျေးဇူးပါမမ.ကောင်းသောနေ့လေး ဖြစ်ပါစေ...လို့ဆန္ဒပြုလျှက်..


  2. သေချာကို ဖတ်ရှုမှတ်သားသွားပါတယ်။။။


  3. Anonymous Says:

    ဒီလို အသက်အရွယ်မှာ ဘ၀ နဲ့ ပါတ်ဝန်းကျင်ကို ကဗျာတွေ ရေးဖွဲ့ဖို့ မြင်တတ်တဲ့ အထိ ပြုစု ပေးနှိုင်တဲ့ မိဘနဲ့ ပညာရေး နယ်ပယ်ကို လေးစား အားကျမိပါတယ် ...
    ကလေးတွေရဲ့ အရည်အသွေးတွေကိုလည်း
    ချီးကျူး ဂုဏ်ပြု ပါတယ် ...
    ဆရာမတို့ မိသားစု ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေ ....