1. 2.
                                                                            Photo by Wathan

ချမ်းချမ်းစီးစီး ညလည်ခေါင်ကြီးတွင် အိပ်ပျော်ဖို့ ကြိုးစား၍မရသောအခါ ကြည်အေးကဗျာကိုသတိရမိသော်
လည်း ရွတ်ဆိုဖို့ စိတ်မပါတော့ပြန်။ ပြတင်းပေါက်မှဟိုဟိုဒီဒီငေးကြည့်မိပြန်တော့လည်း မြင်သမျှက နှင်းများ
ဖြင့်ဖွေးဖွေးဖြူနေလေသည်မို့  အချမ်းပိုရသည့်အပြင် အဖြူအမည်းပန်းချီကားနှင့်တူသောဆောင်းညက ဘ၀ အလွမ်းကိုပင် အားပေးပိုကဲစေပြန်သည်။ ဒီတော့အိပ်ရာဆီပြန်လှည့်၊ထုံးစံအတိုင်းစောင်ထူထူအောက်မှနေ၍
ဂြိုလ်ကမ္ဘာနေရာအနှံ့  စိတ်ဖြင့်လည်ပတ်လွန်းထိုးဖို့ ကိုသာရွေးချယ်ရတော့သည်။
                        အိပ်ရာနှင့်ကျောထိမိလိုက်တာနှင့် ထိုအသံကိုကြားလိုက်ရတာဖြစ်သည်။ ရေစီးသံ။ ခုနပဲ ပြတင်းပေါက်မှအကြည့်ခွာခဲ့တာမို့ အပြင်မှာမိုးရွာနေတာလည်းမဖြစ်နိုင်။ အိမ်ခန်းထဲမှာလည်းမှောက်ကျယို
စီးစရာ ဘာမှမရှိတာသေချာသည်။ ဖြစ်နိုင်ခြေအားလုံးကိုတွက်စစ်ပြီးကာမှထိုရေစီးသံကို ကျမခန္ဒာကိုယ်ထဲမှ ကြားနေရတာပဲဟု ကောက်ချက်ချနိုင်သည်။
Labels: 0 comments | | edit post
Reactions: 
                                                           အရာင်ရှာသူ
 
photo by Than Htay Maung

အံကြိတ်အာခံနေမိတာက
ရက်စက်သောအအေးဒဏ်
ညှို့ငင်ဖမ်းစားခြင်းခံနေရတာက
ကဝေဆန်သောနှင်း။

ရင်သပ်ရှုမောဖွယ်အဖြူထဲ
အဝါလေးဖျတ်ကနဲခုန်အဆင်း
လှပ်ကနဲခံစားမှုနဲ့ဖမ်းယူ
စိတ်လှုပ်ရှားသူတစ်ယောက်ရဲ့အတွေး
အရောင်နွေးနွေးတွေဆီသွား
နှစ်ချိုက်စွာစားသုံးရန်။

သမုဒ္ဒရာပြာပြာရဲ့တစ်ဖက်
အဝါသက်သက်ထဲမှာပျော်ဝင်ရစဉ်
ကောင်းကင်ပေါ်ကဝေ့ဝဲကျလာတဲ့
အေးမြမှုတွေထဲတိုးဝှေ့
ပျော်မွေ့ရင်ခုန်စွာ
(အဲဒီတုန်းကတော့) ကိုယ်ကအဖြူရှာသူ။

အဖြူနဲ့အဝါ
နေပျော်ရာပဟေဠိ
ပုထုဇဉ်ပီပီ ညှိယူရမယ်ဆိုတော့လဲ
အသည်းနှလုံးရှိရာမှာပဲပျော်မှာပေါ့။

ကိုယ့်နှလုံးသားဟာ
အဖြူအဝါ  ကွဲပြားနေပေမယ့်
နှောင်ဖွဲ့သောကြိုးများက ရှင်ကွဲခွဲ
ဦးတည်ရာတွေလွဲချော်
နတ်ဒေဝတာများသော်မှ
အဲဒီလိုဘပြည့်ပါ့မလား။

ပစ္စက္ခမှာတော့
အသည်းနှလုံးပြုတ်ကျပျောက်ဆုံးနေသူတစ်ယောက်
အဖြူထဲမှာလျှောက်
အဝါနောက်လိုက်နေရင်း
ကိုယ်ရောင်လင်းသော နတ်မင်းတစ်ပါးပါးနဲ့
ခရီးသွားလမ်းကြုံတွေ့
ကိုယ်စီပျော်မွေ့သောအရောင်တွေအကြောင်း
နှစ်ထောင်းအားရစကားဖလှယ်နိုင်မယ့်အခွင့်အရေး
တွေးပြီးရင်းတွေးနေရဲ့။

   February 14, 2010
    Labels: 0 comments | | edit post
    Reactions: 
                                       ပီတိ သစ်ပင်

    ထင်းမီးဖိုမှ မီးခိုးမအူဘဲ မီးညွန့်တွေ တရှိန်ရှိန်တောက်နေလျှင် အဘွားက ပြုံးနေတော့သည်။ ထမီရင်လျားကို အခါခါပြင်ဝတ်ပြီး မီးဖိုပေါ်မှ ပီလောရွက်ဟင်းချိုကိုလည်း အခါခါမြည်းသည်။

                “ထင်းခွေတော်တဲ့နေရာမှာတော့ ငါ့မြေးက စံပဲ”
                  အဘွားက ပြောနေကျစကားကိုပြောသလို ကျွန်မကလည်း လုပ်နေကျအတိုင်း အဘွားကိုမျက်လုံးပြူး၍ စိုက်ကြည့်နေလိုက်သည်။ အဘွားချီးကျူးတာကို ရင်ထဲမှာကျေနပ်ပေမယ့် ဘယ်လိုတုံ့ပြန်ရမည်မှန်း မသိပါ။
    “ဒီ ပီလောရွက်တွေကလည်း သူ ထင်းခွေထွက်ရင်း ခူးလာတာလေ။ ငါ့မြေးက အဲဒီလို အသီးအရွက်ရှာတာလည်း တော်တယ်။ အိမ်မှာတို့စရာမရှိတာတို့ ဟင်းရည်သောက်မရှိတာတို့ဆို သူ့ကိုသာ ပြောလိုက်။ သူ အပြင်ထွက်သွားပြီး ဆယ့်ငါးမိနစ် နာရီဝက်ကြာလို့ ပြန်လာရင် တို့စရာမျိုးစုံနဲ့ ဟင်းချိုချက်ဖို့ တခုခုတော့ ပါလာတာပဲ”
    အဲဒီတုန်းကတော့ အဘွားက ကျွန်မကို ထန်းတက်လက်မှတ် ပေးနေမှန်းမသိခဲ့ပါ။ တကယ်တော့လည်း ကျွန်မတို့လို ကျေးလက်တောရွာမှာနေသူတွေအဖို့ တို့စရာ၊ မြှုပ်စရာ၊ ဟင်းချိုခပ်စရာရဖို့က ခက်ခက်ခဲခဲ မဟုတ်ပါ။ ဒါပေမယ့် အဘွားက ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ဝန်းကျင်၊ အမေကကျတော့ ကျွန်မတို့နေသောရွာနှင့် အတော်လှမ်းသော ရွာတရွာမှာ မူလတန်းကျောင်းအုပ်ဆရာမ တာဝန်ကျသည်မို့ ထိုရွာမှာနေရသည့် အချိန်က များသည်။ မောင်နှင့် ညီမကလည်း ငယ်ရွယ်သေးသော အရွယ်တွေမို့ ကျွန်မက အိမ်မှာ ဒိုင်ခံရှိနေသော အဘွား၏လက်ရုံးလို ဖြစ်နေသည်။ ဒါ့အပြင် ကျွန်မက တကိုယ်တည်း အတွေးနှင့်နေရတာ ကြိုက်သူမို့ ရွာနောက်ဘက်ရှိ စိုက်ခင်းများဘက်သို့ တယောက်ထဲ လမ်းလျှောက်ရင်း ဟင်းရွက်ရှာနေရတာ၊ ထင်းခွေနေရတာမျိုးမှာ ပျော်ပိုက်သည်။ တချို့နေ့တွေဆို ရွာရှိ တွဲဖက်အလယ်တန်းကျောင်းက ဆင်းသည်နှင့် ကျောင်းဝတ်စုံကိုလဲကာ ထမင်းအိုးထဲမှ ထမင်းလက်တဆုပ်ခူး၊ ကိုယ်တိုင်လုပ်ထားသော ဝါးရိုးငါးမျှားတံကိုဆွဲပြီး အိမ်နောက်ဖေး ချောင်းနံဘေးပြေးဆင်း၍ မမှောင်မချင်း ငါးမျှားနေရတာကိုလည်း ကြိုက်ပြန်သည်။ ငါးမျှားရတာကို သူများအသက် သတ်ရတာမို့ အဘွားက သိပ်မကြိုက်ချင်ပေမယ့် ကျွန်မ မျှားထားသော ငါးများက မိသားစုအတွက် မကြာခဏ ဟင်းလျှာဖြစ်ရတာမို့ ငါးမျှားတိုင်းတော့လည်း မတားပြန်ပါ။
    Labels: 0 comments | | edit post
    Reactions: 
                                                                                            ဓါတ်ပုံကို အင်တာနက်ကယူပါသည်။

    အဲဒီ့နေ့က နှင်းမုန်တိုင်းလည်းမကျပါဘူး။ ရေခဲမိုးလည်း မရွာပါဘူး။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဆန်ဖရန် စစ်စကိုကပစ်စ်ဘတ်ကိုသွားမယ့်လေယာဉ်ကတစ်နာရီနောက်ကျမယ်တဲ့။ ကျမနည်းနည်းတော့ စိတ်ညစ်သွား တယ်။ ပုံမှန်အတိုင်းတောင်လေယာဉ်ကပစဘတ်ကိုည၁၀နာရီခွဲမှဝင်မှာ။ အဲဒီအချိန်ဆိုရင် တော့ taxi ဖြစ်ဖြစ် Shuttle Bus ဖြစ်ဖြစ်စီးသွားလို့ရသေးတယ်။ ရသေးတယ်ဆိုတာစီးရဲသေးတာကို ပြောတာပါ။ ကျမတို့မှာကား မရှိဘူးလေ။ ခုအတိုင်းဆိုရင်တော့လေယာဉ်ကအနည်းဆုံး ၁၁နာရီခွဲလောက် မှဝင်မယ်။ baggageထုတ်မှာနဲ့ဆို ၁၂နာရီ။ သက်ပြင်းလည်းမချချင်တော့ပါဘူး။ ကျမဘ၀မှာ ဒီလိုအခက် အခဲဆိုတာကရိုးနေပြီလေ။
                 San Francisco Asian Art Museumမှာကျင်းပနေတဲ့ ထိုင်း-မြန်မာအနုပညာပြပွဲမှာ မြန်မာစာရေး ဆရာတယောက်ရဲ့ Reading ထည့်ချင်တယ်ဆိုပြီး Museum ကဖိတ်လို့ကျမလာခဲ့တာပါ။ Reading မှာ‘NightFlow”(ညရေစီး)ဆိုတဲ့ကျမရဲ့ဝတ္ထုတိုတစ်ပုဒ်ဖတ်ခဲ့တယ်။ ကျမရဲ့မိတ်ဆွေဦးအောင် အောင်တိတ်အင်္ဂလိပ်လိုဘာသာပြန်ပေးပြီး သူငယ်ချင်းနယူးဇီလန်စာရေးဆရာမ Penelope Toddတည်း ဖြတ်ပေးခဲ့တာပါ။ကျမရဲ့ကိုရီးယားသူငယ်ချင်းရာဟီဒေါက်(RaHeeDuk) ပြောခဲ့တဲ့စကားလေးကိုသဘော ကျပြီးစိတ်ကူးရသွားတဲ့ ၀တ္ထုလေးတပုဒ်ပေါ့။
    Labels: 0 comments | | edit post
    Reactions: