1. 2.
                                   ပီတိ သစ်ပင်

ထင်းမီးဖိုမှ မီးခိုးမအူဘဲ မီးညွန့်တွေ တရှိန်ရှိန်တောက်နေလျှင် အဘွားက ပြုံးနေတော့သည်။ ထမီရင်လျားကို အခါခါပြင်ဝတ်ပြီး မီးဖိုပေါ်မှ ပီလောရွက်ဟင်းချိုကိုလည်း အခါခါမြည်းသည်။

            “ထင်းခွေတော်တဲ့နေရာမှာတော့ ငါ့မြေးက စံပဲ”
              အဘွားက ပြောနေကျစကားကိုပြောသလို ကျွန်မကလည်း လုပ်နေကျအတိုင်း အဘွားကိုမျက်လုံးပြူး၍ စိုက်ကြည့်နေလိုက်သည်။ အဘွားချီးကျူးတာကို ရင်ထဲမှာကျေနပ်ပေမယ့် ဘယ်လိုတုံ့ပြန်ရမည်မှန်း မသိပါ။
“ဒီ ပီလောရွက်တွေကလည်း သူ ထင်းခွေထွက်ရင်း ခူးလာတာလေ။ ငါ့မြေးက အဲဒီလို အသီးအရွက်ရှာတာလည်း တော်တယ်။ အိမ်မှာတို့စရာမရှိတာတို့ ဟင်းရည်သောက်မရှိတာတို့ဆို သူ့ကိုသာ ပြောလိုက်။ သူ အပြင်ထွက်သွားပြီး ဆယ့်ငါးမိနစ် နာရီဝက်ကြာလို့ ပြန်လာရင် တို့စရာမျိုးစုံနဲ့ ဟင်းချိုချက်ဖို့ တခုခုတော့ ပါလာတာပဲ”
အဲဒီတုန်းကတော့ အဘွားက ကျွန်မကို ထန်းတက်လက်မှတ် ပေးနေမှန်းမသိခဲ့ပါ။ တကယ်တော့လည်း ကျွန်မတို့လို ကျေးလက်တောရွာမှာနေသူတွေအဖို့ တို့စရာ၊ မြှုပ်စရာ၊ ဟင်းချိုခပ်စရာရဖို့က ခက်ခက်ခဲခဲ မဟုတ်ပါ။ ဒါပေမယ့် အဘွားက ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ဝန်းကျင်၊ အမေကကျတော့ ကျွန်မတို့နေသောရွာနှင့် အတော်လှမ်းသော ရွာတရွာမှာ မူလတန်းကျောင်းအုပ်ဆရာမ တာဝန်ကျသည်မို့ ထိုရွာမှာနေရသည့် အချိန်က များသည်။ မောင်နှင့် ညီမကလည်း ငယ်ရွယ်သေးသော အရွယ်တွေမို့ ကျွန်မက အိမ်မှာ ဒိုင်ခံရှိနေသော အဘွား၏လက်ရုံးလို ဖြစ်နေသည်။ ဒါ့အပြင် ကျွန်မက တကိုယ်တည်း အတွေးနှင့်နေရတာ ကြိုက်သူမို့ ရွာနောက်ဘက်ရှိ စိုက်ခင်းများဘက်သို့ တယောက်ထဲ လမ်းလျှောက်ရင်း ဟင်းရွက်ရှာနေရတာ၊ ထင်းခွေနေရတာမျိုးမှာ ပျော်ပိုက်သည်။ တချို့နေ့တွေဆို ရွာရှိ တွဲဖက်အလယ်တန်းကျောင်းက ဆင်းသည်နှင့် ကျောင်းဝတ်စုံကိုလဲကာ ထမင်းအိုးထဲမှ ထမင်းလက်တဆုပ်ခူး၊ ကိုယ်တိုင်လုပ်ထားသော ဝါးရိုးငါးမျှားတံကိုဆွဲပြီး အိမ်နောက်ဖေး ချောင်းနံဘေးပြေးဆင်း၍ မမှောင်မချင်း ငါးမျှားနေရတာကိုလည်း ကြိုက်ပြန်သည်။ ငါးမျှားရတာကို သူများအသက် သတ်ရတာမို့ အဘွားက သိပ်မကြိုက်ချင်ပေမယ့် ကျွန်မ မျှားထားသော ငါးများက မိသားစုအတွက် မကြာခဏ ဟင်းလျှာဖြစ်ရတာမို့ ငါးမျှားတိုင်းတော့လည်း မတားပြန်ပါ။“ဒီနေ့ဆို ငါ့မြေး မျှားလာတဲ့ ငါးဇင်ရိုင်းကျောရှည်တွေကို အိုးကပ် ဆီပြန်ချက်တယ်။ သူ ခူးလာတဲ့ ပီလောရွက်ကို ဟင်းချိုချက်တယ်။ သူ ထင်းခွေထွက်ရင်းခူးလာတဲ့ ဇောင်းယားသီးကို သုတ်စားမယ်။ ဘွားအေလုပ်တဲ့သူက အချဉ်မပါရင် ထမင်းမစားတတ်ဘူးဆိုတာ သူ သိတယ်လေ”

အဘွားက ဟင်းချိုအိုးကို မီးဖိုပေါ်မှ ချသည်။ ကျွန်မက ဇောင်းယားသီးသုတ်ဖို့ လှီးနေသော ကြက်သွန်နီကို လက်စသတ်လိုက်သည်။ ပုဇွန်ခြောက် ထောင်းပြီးပြီ။ ကြက်သွန်ဖြူဆီချက် ချက်ပြီးပြီ။ မြေပဲလှော်လေး ထောင်းထည့်၊ ငံပြာရည်လေးကျိုပြီး လောင်းထည့်လိုက်လျှင် ဇောင်းယားသီးသုတ်မွှေးမွှေး ရပြီ။

“ကျွန်တော်လည်း ထမင်းဝိုင်းပြင်ပေးပါ့မယ် ဆရာမကြီးရယ်။ ငါးအိုးကပ်နံ့က မွှေး၊ ငပိရည်ဖျော်နံ့က မွှေး၊ ဇောင်းယားသီးသုတ်နံ့က မွှေးနဲ့ တံတွေးချည်းမြိုချနေရတာ မောလှပြီ”

မြို့မှလာလည်သော ဆရာကလေး ကိုမြင့်ဆွေက ပြောလည်းပြော၊ နံရံမှာကပ်ထောင်ထားသော ထမင်းစားပွဲခုံ အဝိုင်းလေးကိုလည်း လှိမ့်ယူလာပြီး ဧည့်ခန်းအလယ်မှာ ချသည်။

“ထမင်းစားပြီးသွားတော့မှ ညည်းရဲ့ ထင်းခွေ၊ ငါးရှာ၊ ဟင်းရွက်ခူးတဲ့ အတွေ့အကြုံတွေ မေးရဦးမယ်”

သနပ်ခါးပါးပါးလိမ်းထားသော ဆရာကလေး ကိုမြင့်ဆွေက ကျွန်မဘက်လှည့်ပြောတော့ အဘွားက အသံထွက်အောင် ရယ်သည်။ “မေး … မေး၊ ငါ့မြေးက အဲဒီဘက်မှာတော့ တကယ်တော်တယ်” ဟု ပြောသည်။ ကျွန်မကလည်း အခိုးမပျယ်သေးသော ကြက်သွန်နီကြောင့် မျက်ရည်ဝိုင်းလျက်ကပင် ရောယောင် ရယ်မောလိုက်သည်။

တကယ်တော့ ဆရာကလေး ကိုမြင့်ဆွေက ကျွန်မတို့အိမ်ကို လာလည်တာ မဟုတ်ပါ။ သူ့ဘာသာ တခြားကိစ္စနဲ့ ရွာကိုလာတာ။ အိမ်ရှေ့မှ သူ ဖြတ်သွားတာမြင်၍ အဘွားက ကြုံတုန်း ထမင်းစားသွားပါဦးလားဟု နှုတ်ဆက်တော့ ဆရာလေးက “ဘာဟင်းချက်လဲ”ဟု ပြန်မေးသည်။ အဘွားက ထွေထွေထူးထူး စကားဆက် ပြောမနေတော့ဘဲ အိမ်ထဲဝင်ခဲ့ဟူသော သဘောဖြင့် လက်ယပ်ခေါ်တော့ ဆရာလေးကလည်း ဝင်လာသည်။

“အမယ်လေး … ဟင်းနံ့တွေက မွှေးလို့ပါလား”

ဒီမှာတင် အဘွားက သူ့ထမင်းဝိုင်းဋီကာ ဖွင့်တော့သည်။ အဘွားက ဟင်းချက်လျှင် စိတ်ရှည်လက်ရှည် စိမ်ပြေနပြေ ချက်တတ်သူပီပီ လူတိုင်းသိသော ငါးလေးအိုးကပ် ဟင်းချက်နည်းကိုပဲ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတော့သည်။

“ဒီနေ့ ကျောင်းပိတ်ရက်ဆိုတော့ နင့်တူမက မနက်ထဲက ချောင်းထဲဆင်း ငါးမျှားလိုက်တာ တနာရီကျော်ကျော်ပဲ မျှားလိုက်ရတယ်၊ ငါးဇင်ရိုင်း တအိုးချက်စာရတယ်လေ။ အဲဒီငါးတွေကို အသေအချာကိုင်၊ ကြက်သွန်အဖြူ အနီ ကို မွှေးလာအောင်ဆီသတ်ပြီး ငရုတ်သီးစပ်စပ်နဲ့ အိုးကပ်ချက်ထားတယ်။ ငါ ဟင်းချက်နေတုန်း နင့်တူမ က ပီလောရွက် လက်တဆုတ် သွားခူးလာတယ်။ အဲဒီ ပီလောရွက်တွေကို ငါးလေးနှစ်ကောင် သုံးကောင်နဲ့ ဟင်းချိုချက်ထားတယ်”

“အကုန်လုံး လတ်လတ်ဆတ်ဆတ်တွေချည်းပါလား။ ကြုံတုန်းစားသွားလိုက်ပါဦးမယ် ဆရာမကြီးရယ်”

အဘွားက ကျွန်မတို့နေသောရွာမှာ မူလတန်းကျောင်းအုပ်ဆရာမဟောင်းမို့ အဘွား တပည့်ဟောင်းတွေ၊ တပည့်ဟောင်းများ၏ မိဘတွေအပြင် ဆရာလေး ကိုမြင့်ဆွေတို့လို မိတ်ဆွေတွေကပါ ဆရာမကြီးဟုပဲ ခေါ်ကြသည်။

“မောင်မြင့်ဆွေ ငါ့လက်ရာကို လျှာလည်သွားမယ်”

အဘွားက နောက်ပြောင်ပြောတာပေမယ့် ဆရာလေးကိုမြင့်ဆွေက တကယ်ပဲ ခေါင်းမဖော်တမ်း လွေးတော့သည်။

“ငါးပိရေ ဖျော်ကလေးက ကောင်းလိုက်တာ”

ဟု ပြောရင်း ငဇင်ရိုင်းဟင်းကို တွင်တွင်ထည့်သည်။ ပီလောရွက်ဟင်းချိုကလည်း ခပ်ချွဲချွဲမို့ လည်ချောင်းထဲဝင်လို့ ဝင်မှန်းမသိဘူးဆိုကာ မနားတမ်းသောက်သည်။ ထမင်းစားပြီးတော့ သူ့ နဖူးမှာ ချွေးတွေသီးနေပြီ။

“ကောင်းလိုက်တာ ဆရာမကြီးရယ်၊ ကျွန်တော်တို့မြို့ မှာ ရေခ္ဂဲရိုက်ငါး စားရတာဗျ။ တခါတလေ တောသည်နဲ့ဆုံမှ ငါး လတ်လတ်ဆတ်ဆတ် စားရတာ၊ ဒါတောင် ခုလို ချက်ချင်း ချောင်းထဲကဖမ်း ချက်ချင်းချက်တဲ့ ငါးဟင်းကို ဘယ်မီမလဲ။ ဟင်းရွက်ကလည်း အခု ခူး အခု ချက်၊ ဘယ်လောက် လတ်ဆတ်သလဲ၊ ဘယ်လောက် ကျန်းမာရေးနဲ့ ညီညွတ်သလဲ”

ကျွန်မနှင့် ဆရာလေးက ပြိုင်တူလိုလို ထမင်းစား၍ပြီးသည်။ လူက ဝသလောက် ဘာလုပ်လုပ် လေးလံသော အဘွားကတော့ နောက်ထပ် ဆယ်မိနစ်လောက်ကြာမှ လက်စသတ်လိမ့်မည်။ ဆရာလေးက ရေနွေးကြမ်းကို အရသာခံသောက်ရင်း ကျွန်မဘက် မျက်နှာမူလိုက်သည်။

“ကဲ … ပြောစမ်းပါဦး အတွေ့အကြုံတွေ… …”
* * * * *

ကျွန်မတို့ရွာက သမိုင်းဝင် မလက်တိုချောင်း၏ ဟိုဘက်ဒီဘက် တဖက်တချက်မှာ အိမ်ကလေးတွေ တန်းစီ တည်ထားသော သမိုင်းဝင်ရွာကြီးဖြစ်သည်။ အိမ်တွေက ချောင်းကို ကျောပေးဆောက်ထားပြီး ကမ်းတဖက်တချက်မှာ မျက်နှာချင်းဆိုင်အိမ် တန်းနှစ်တန်း ရှိသည်။ တဖြည်းဖြည်း လူနေထူထပ်လာတော့ အိမ်တန်းတွေက နှစ်ထပ် သုံးထပ် ဖြစ်လာသည်။ ကျွန်မတို့ ရွာအလယ်ပိုင်း အိမ်တန်းများ၏နောက်မှာ ရွာမှ သူဌေးကြီးတဦး၏ ငါးမွေးကန်တွေရှိသည်။ ငါးမွေးကန်တွေနှင့်ဆက်လျက် ခပ်လှမ်းလှမ်းမှာတော့ မြေပဲ၊ ပြောင်း၊ ခရမ်းချဉ် စသဖြင့် စုံလင်သော စိုက်ခင်းတွေ။ အိမ်တန်းနှင့် ငါးမွေးကန်ကြားနေရာတွေက သစ်ပင်ခြုံနွယ် ပိတ်ပေါင်းတွေနှင့် တောအုပ်လေးလို ဖြစ်နေသည်။ ထိုတောအုပ်သေးသေးလေးက ကျွန်မ ထင်းခွေထွက်ရာ နေရာပင်။ ထိုနေရာတွေကို သူ့အကန့်အသတ်နှင့် ပိုင်သူတွေရှိပေမယ့် ထင်းခြောက်ကောက်တာမျိုး၊ သဘာဝအတိုင်းပေါက်နေသော ဟင်းသီးဟင်းရွက်ခူးတာမျိုးကိုတော့ ဘယ်သူမှ မတားကြပါ။ ပိုင်ရှင်ရှိ မြေကွက်မှ သစ်ပင်ကို ခုတ်တာမျိုးဆိုလျှင်တော့ စကားပြောကြရသည်။

ကျွန်မက ထိုတောအုပ်ကလေးတခွင်ကိုသွား၊ သဘာဝအတိုင်း ခြောက်ပြီးကျိုးကျနေသော သစ်ကိုင်းခြောက်တွေ ကိုသာ ထင်းအဖြစ်ကောက်တာဆိုတော့ ဘယ်တုန်းကမှ ပြဿနာ မဖြစ်ခဲ့ပါ။ ထိုတောအုပ်လေးထဲတွင် မကျည်းပင်ကြီး သုံးပင်ရှိသည်။ ဇောင်းလျားသီးပင်၊ ချဉ်ပြုံးသီးပင်တွေ ရှိသည်။ မကျည်းရွက်နုချိန်မှာ ခူးပြီး သုတ်စား၊ ဟင်းချို ချက်၊ ငါးကျည်းနှင့် အရည်သောက် ချက်စားရသည်။ မကျည်းသီးနုလေးတွေသီးပြန်တော့ ပိုင်ရှင်ထံခွင့်တောင်း၍ ခူးပြီး ထောင်းစားချင် စား၊ ငါးပိချက် ချက်ချင်ချက်ပေါ့။ ကျွန်မက တခါစား နည်းနည်းပါးပါးသာ ခူးတာရော၊ မကျည်းပင်ပိုင်ရှင်က အဘွားတပည့်ဟောင်းဖြစ်တာရောကြောင့် ဘယ်တော့မှပြဿနာ မတက်ခဲ့ပေမယ့် ပိုင်ရှင်ကိုမပြောဘဲ မကျည်းသီးခူးသည့် တချို့ကလေးတွေကတော့ အအော်ခံရတာ၊ မိဘကို အတိုင်ခံရတာတွေ ရှိသည်။ မကျည်းသီးမှည့်ချိန်မှာတော့ သဘာဝအတိုင်းကြွေကျသည့် မကျည်းသီးမှည့်များကို ကလေးတိုင်း ကောက်ယူခွင့်ရှိသည်။ အပင်ပေါ်တက်ခူးတာကိုတော့ ပိုင်ရှင်က လက်မခံပေ။

ငါးမွေးကန်နှင့် တောအုပ်ကြား မြက်ရိုင်းခြုံပုတ်တွေထဲမှာတော့ သဘာဝအတိုင်း အလေ့ကျပေါက်သော ပီလောရွက်နှင့် ကြာဟင်းညွန့်၊ ကန်စွန်းရွက်၊ ကညွတ်ရွက်တွေရှိသည်။

အဘွားက ပုဇွန်ဆတ်ထုပ် သုံးလေးကောင်ကို ငရုတ်ဆုံထဲထည့်၍ မညက်တညက် ထောင်းသည်။ ထောင်းပြီးသားပုဇွန်ကို ထင်းမီးဖိုပေါ်တွင် ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲထည့်လိုက်လျှင် ပုဇွန်အနှစ်ကြောင့် ဟင်းရည်က ဖြူသွားသည်။ ထိုဟင်းရည်ထဲ ကြက်သွန်ဖြူလေး ဓားပြားရိုက်ထည့်၊ ရွာထွက် ငံပြာရည်လေးဖြန်းပြီး နောက်ဆုံးမှာ ရေစင်စင်ဆေးထားသော ပီလောရွက်ကို ခပ်သည်။ လတ်ဆတ်သော ဟင်းရွက်နှင့် ပုဇွန်ကြောင့်ရော၊ ငါးငံပြာရည်ကြောင့်ပါ ဟင်းချိုက ချိုပြီးမွှေးနေသည်။ ရုံးပတီသီးလို ခပ်ချွဲချွဲရှိသော ပီလောရွက်၏ အရသာကိုလည်း ကျွန်မက ကြိုက်သည်။ ကျွန်မတို့ရွာထွက် နာမည်ကြီး ငါးခုံးမချဉ်ကို ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ကြက်သွန်နီတို့နှင့်သုတ်ကာ ပီလောရွက် ဟင်းချိုချွဲချွဲ၊ ငါးပိရည်ဖျော်နှင့် ထမင်းစားရ သောနေ့တွေကို ကျွန်မ ဘယ်တော့မှ မငြီးငွေ့ခဲ့ပါ။

ငါးကန်နံဘေးက သဘာဝဟင်းရွက်ခင်းထဲမှာ ကြာဟင်းညွန့်လို၊ ထိကရုံးလို၊ ဂန့်ဂလာ(ကန့်ကလာ)လို တခြား တို့စရာအရွက်တွေလည်း ရနိုင်သည်။ မိုးဦးမှာရသော ကျွန်မအကြိုက်ဆုံး စားစရာတခုကတော့ မှိုပင်။ နွေရာသီတုန်းက တလင်းပြင်ထဲမှာ ပုံထားခဲ့သော ကောက်ရိုးပုံတွေအထဲမှာ၊ ဘေးမှာကောက်ရိုးမှိုတွေ အစီအရီ ပေါက်ကြပြီ။ မြေပဲခွံခြောက်၊ ပဲခွံခြောက်ပုံတွေထဲမှာ ထပေါက်သည့် ပဲမှိုတွေကတော့ ကောက်ရိုးမှိုထက်ပင် များသေးသည်။ သရက်တုံးမှို၊ ဝါးပိုးမှို၊ မှိုမှန်သမျှ ကျွန်မက အကုန်ကြိုက်သည်။ ရံဖန်ရံခါ ကံကောင်းမှရတတ်သော တောင်ပို့မှိုကိုတော့ အကြိုက်ဆုံးပင်။

ဆောင်းဦးရာသီရောက်လျှင်တော့ ရွာထိပ် ဘုန်းကြီးကျောင်းဝင်းထဲမှာ သခွပ်ပွင့်တွေ သွားကောက်နိုင်သည်။ ရနံ့သင်းသင်းမွှေးသော သခွပ်ပွင့်၏ ဝတ်ဆံတွေကို ဖယ်ထုတ်ကာ ရေနွေးနှင့်ပြုတ်ပြီး တို့စားရတာလည်း သဘောတွေ့ပြန်သည်။ နွေရာသီမှာ ကောက်၍ရသော လက်ပံပွင့်ခေါင်းနှင့် ခရမ်းချဉ်သီးရောချက်သော အဘွားလက်ရာ ချဉ်ရည်ဟင်းကိုတော့ ဘယ်သူမှမမီဘူး ထင်သည်။

အလွန်လတ်ဆတ်၍ ဓာတ်မြေသြဇာအလျှင်းမပါသော အသီးအရွက်အားလုံး၏အချုပ်ကတော့ လောင်စာ ထင်းပင်ဖြစ်သည်။ ထင်းမီးလောင်စာနှင့် မချက်ပြုတ်လျှင် ထိုအသီးအရွက်များ၏ အရသာက ဘယ်လိုမှ မပေါ်လွင်နိုင်ပါ။ အဘွားက ဘာဟင်းချက်ချက် မီးအေးအေးနှင့် ကြာကြာချက်မှ အရသာပေါ်သည်ဟု အမြဲပြောသည်။ တကယ်လည်း အဘွားချက်သည့်ဟင်းတွေက အရသာရှိလှသည်။ အမေကတော့ စိတ်မရှည်သူမို့ မီးတဟုန်းဟုန်းနှင့် မြန်မြန်ဆူ၊ မြန်မြန်ကျက်တာကို ကြိုက်သည်။ မီးအေးအေးပဲဖြစ်ဖြစ်၊ မီးကောင်းကောင်းပဲဖြစ်ဖြစ် ထင်းအဖြစ်သုံးသော အသားမာဖို့နှင့် ခြောက်ဖို့က အရေးကြီးသည်။ ထင်းအသားမာတော့ အဆိုက်ခံပြီး ခြောက်တော့ မီးခိုးမအူပေ။ အဘွားက မီးခိုးနံ့နံသောဟင်းကို သည်းမခံနိုင်ပါ။

ထင်း၏သဘောကိုသိနေသော ကျွန်မက ထင်းခွေထွက်လျှင် သရက်ကိုင်းလို၊ မကျည်းကိုင်းလို၊ ကျီးပင်၊ မအူပင်တွေ၏ အကိုင်းခြောက်မာမာတွေကို ဦးစားပေးရှာတတ်သည်။ ကျွန်မ ညီမကို ထင်းခွေခိုင်းလိုက်လျှင် ငယ်တာရော၊ စိတ်မဝင်စားရောကြောင့် ထင်းမရတတ်ပါ။ ရလာတော့လည်း ညံပင်ခြောက်လိုမျိုး လွယ်ရာ ကောက်လာတာမို့ သူ တထမ်းကြီးသယ်လာသည့် ဖော့သာသာ ညံပင်ခြောက်က ဟင်းတအိုးချက်တာနှင့် ကုန်သွားတော့သည်။

မိုးတွင်းမှာ ထင်းခြောက်ရှာမရနိုင်တာမို့ အဘွားက နွေကတည်းက ချောင်းရိုးတလျှောက် သမ္ဗာန်များနှင့် လိုက်ရောင်းသော ကနစိုခြမ်းထင်းစတွေ ဝယ်ထားတတ်သည်။ ကနစိုသား ထင်းခြမ်းတွေကို နွေကထဲ အသေအချာခွဲ၊ နေလှမ်းပြီး ထင်းစင်ထဲ ထည့်သိမ်းထားတာမို့ မိုးရာသီသူများတွေ ထင်းစိုများကြောင့် မီးခိုးအူချိန် ကျွန်မတို့အိမ်မှာတော့ မီးတောက်ကောင်းသော ထင်းတွေနှင့် သက်တောင့်သက်သာ မီးဆိုက်နိုင်သည်။

ကျောင်းဆရာမ အမေကလည်း နွေကျောင်းပိတ်ပြီဆိုတာနှင့် အိမ်ဘေးနှင့် အိမ်နောက်ဘက်မှာရှိသည့် ကုက္ကိုပင် သုံးပင်ကို အကိုင်းတွေ ချိုင်တော့သည်။ အကိုင်းချိုင်ဖို့လူငှားပေမယ့် မြေပေါ်ကျလာသော သစ်ကိုင်းတွေကိုတော့ အမေနှင့်အတူကျွန်မတို့ မောင်နှမတတွေ လွှနှင့် ဖြတ်တန် ဖြတ်၊ ဓားနှင့်ပိုင်းတန်ပိုင်း လုပ်ရသည်။ သည်ကုက္ကိုသား ထင်းတွေကလည်း တမိုးတော့ ကောင်းကောင်းဖူလုံသည်။

အဲဒီအချိန်တုန်းက ကျွန်မတို့ ဂက်စ်မီးဖိုဆိုတာ ရှိမှန်းတောင် မသိဘူးထင်သည်။ ရွာရိုးတလျှောက် တထွာကျော်ကျော် ဂက်စ်အိုးကလေးတွေနှင့် “မီးခြစ် ဂက်စ် ထည့်တယ်” ဟု အော်ကာ ဂက်စ်မီးခြစ်တွေကို ဂက်စ်လိုက်ဖြည့်သူတွေကို မြင်ဖူးပေမယ့် ဂက်စ်မီးဖိုဆိုတာ မြင်ဖူးဖို့နေနေသာသာ ကြားတောင် မကြားခဲ့ဖူးဘူး ထင်သည်။ ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်ရှိ ဦးလေး၊ အဒေါ်တွေဆီ အလည်သွားလျှင်တွေ့ရသည့် လျှပ်စစ်မီးဖိုကိုပင် အံ့သြမခန်းတော့ပြီ။

ခလုတ်ကလေးဖွင့်လိုက်တာနှင့် မီးတွေလင်းပြီးပူလာကာ ထမင်းဟင်းတွေချက်၍ရကြောင်း ရွာက သူငယ်ချင်းတွေကို ပြောပြတော့သူတို့က ကျွန်မကို “ငကြွား” ဟုအော်၍ လှောင်ပြောင် ရယ်မောကြသည်။ ရွာမှာက အဝတ်မစားတွေ မီးပူတိုက်ဖို့ မီးသွေးဝယ်သုံးနိုင်သူကပင် ဟုတ်လှပြီမဟုတ်လား။

မှတ်မှတ်ရရ ၂၀၀၃ ခုနှစ်မှာ ကလေးတွေကလည်း ငယ်၊ အလုပ်ကလည်းများသဖြင့် အချိန်ကုန်သက်သာစေရန် ဈေးကြီးပေး၍ ဂက်စ်မီးဖိုဝယ်သုံးတော့ ကျွန်မ အမေ ကျောင်းဆရာမဟောင်းက မီးဖိုကို မဖွင့်ရဲပါ။

“အမေ မသုံးတတ်ဘူး ကြောက်တယ်” ဟု ပြောတော့ ရင်နာနာနှင့် ရယ်မောခဲ့ရသေးသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ပြီး ဇာတိရွာက ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီ လိုအပ်တာတွေသွားလှူတော့ လောင်စာထင်းနှင့် ရေကိစ္စက အရေးတကြီးဖြစ်နေပြီ။

“ဟိုတုန်းကနဲ့ ဘာမှမတူတော့ဘူး သူငယ်ချင်းရေ။ တို့ငယ်ငယ်ကလို ထင်းခွေလို့ မရတော့ဘူး။ သစ်ပင်တွေ နည်းသွားတော့ ထင်းကရှားပြီး ဈေးကြီးပေးဝယ်သုံးရတယ်။ ချောင်းတွေကို တမံပိတ်လိုက်တော့ နွေဆိုရင် ချောင်းထဲမှာ ရေက ခြေမျက်စိလောက်ပဲ ရှိတော့တယ်။ နွေမှာ ရေကိစ္စလည်းဒုက္ခသိပ်ရောက်တယ်”

အိမ်နီးချင်းလည်းဖြစ်ခဲ့သော သူငယ်ချင်းဟောင်းတယောက်က မျက်နှာကို ရှုံ့မဲ့၍ ပြောခဲ့သည်။ ဘယ်တော့မှ ကုန်ဆုံးပျောက်ကွယ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့သော အရာတွေ ပျောက်ဆုံးလုလု ဖြစ်နေခြင်းကိုလည်း ကြောက်လန့်တကြား သတိထားမိသည်။ အထက်အညာဒေသများသို့ ခရီးထွက်တိုင်းတွေ့ရသည့် လမ်းဘေး တဖက်တချက်မှ လွင်တီးခေါင် တောင်ကတုံးများကိုလည်း မြင်ယောင်မိသည်။ ကျွန်မ သူငယ်ချင်းတဦး ရိုက်ခဲ့သော ဓာတ်ပုံများထဲမှ ခြုံပုတ်သာသာ သစ်ပင်ကလေးတွေသာ ဟိုတစု သည်တစု တွေ့ရသော ပဲခူးရိုးမ ဆိုတာကြီးကိုလည်း သတိရသည်။ ကျွန်မအာရုံထဲမှာ မြင်ယောင်ထားခဲ့သည့် ရိုးမဆိုသောပုံရိပ်က စိမ့်ကြီး မြိုင်ကြီး ရိပ်ကြီးတောတောင် မဟုတ်လား။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူပေါင်းများစွာ၏ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ခုတ်ယူသုံးစွဲခြင်းခံခဲ့ရသော သစ်ပင်တောတောင်များက ပဒေသာပင်မဟုတ်လေတော့ မျိုးပြုတ်ကုန်ကြတာ အဆန်းတော့လည်း မဟုတ်ပြန်ပါ။ တစတစ ရှားပါးသွားသော သစ်ပင်တွေမြင်ရတိုင်း ကျွန်မကိုယ်တိုင်ကြားခဲ့ဖူးသော သစ်တောပညာရှင်ကြီး ဦးအုန်း၏စကားကို ကျောချမ်းစွာ ကြားယောင်မိသည်။

“သဘာဝအရင်းအမြစ်တွေကို ဒီနှုန်းအတိုင်း မဆင်မခြင် ဆက်ပြီးသုံးနေကြမယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ဟာ နောက်ဆယ်နှစ်အတွင်းမှာ သောက်စရာရေချိုတောင် မရှိတော့တဲ့တိုင်းပြည် ဖြစ်သွားလိမ့်မယ်”

ထိုစကားကို ကျွန်မကြားခဲ့တာ ၂၀၀၆ ခုနှစ်ပတ်ဝန်းကျင်က ဖြစ်သည်။ အဲဒီတုန်းက နောက်ဆယ်နှစ်ဆိုတာကို လက်ချိုးရေတွက်ကြည့်မိခဲ့သေးသည်။

ကျွန်မငယ်ငယ်က ပျော်ရွှင်စွာ ထင်းကောက်ခဲ့သည့်အကြောင်း၊ အမြဲမပြတ် တသွင်သွင်စီးနေခဲ့သော ချောင်းရေထဲက လွမ်းမောဖွယ် မြောက်များစွာအကြောင်း ပြန်တွေးတမ်းတမိလျှင် ဖြစ်စေ၊ တစုံတဦးနှင့် စကားစပ်မိလျှင်ဖြစ်စေ၊ ကျွန်မအတွေးက ဆရာကြီးဦးအုန်း စကားဆီရောက်သွားကာ အလွမ်းကို ထိတ်လန့်မှုနှင့် အဆုံးသတ်မိမြဲဖြစ်သည်။ လျှပ်စစ်လောင်စာ၊ ဂက်စ်လောင်စာ မသုံးနိုင်သေးသည့် သန်းပေါင်းများစွာသော ကျေးလက်နေ ပြည်သူများအတွက် အနာဂတ်လောင်စာနှင့် ရေသုံးစွဲနိုင်မှု အရင်းအမြစ်အကြောင်း စဉ်းစားလိုက်လျှင် ကျွန်မ ငယ်ငယ်က ကူးခတ်ခဲ့ဖူးသော ရေပြင်ကျယ်နှင့် ကျွန်မ ကောက်ခဲ့သော သစ်ကိုင်းခြောက်တွေကို လွမ်းလှသလို ရင်ထဲမှာလည်း နာကျင်မောလျှလှပါသည်။
* * * * *

ဆောင်းတွင်းတုန်းက သည်းထန်သောနှင်းကြောင့် မျက်စိရှေ့မြင်သမျှမြေပြင်မှာ နှင်းများအတိ ဖုံးခဲ့သည်။ ဆောင်းနှောင်းအလွန် နွေဦးဝင်စ တရက်မှာတော့ သားငယ်ကို သွားဆေးခန်းပြစရာရှိသည်နှင့် ကျွန်မ၏ ပရိုဂရမ် ဒါရိုက်တာ ဟင်နရီနှင့်အတူ ကျွန်မတို့အိမ်မှ နာရီဝက်ခန့် ကားမောင်းသွားရသော သွားဆေးခန်းဆီ ထွက်ခဲ့သည်။ နှင်းတွေပျော်သွားပေမယ့် သစ်ပင်တွေက ရွက်နုမထွက်သေးဘဲ အရိုးငေါငေါရှိတုန်းပင်။ မြို့တွင်း ဧရိယာကို ကျော်လာတာနှင့် လမ်းဘေး ဘေးတဖက်တချက်မှာ သစ်ပင်တောတောင်တွေ ဆက်တိုက်မြင်လာရသည်။ အမေရိကမှာ ဆောင်းတွင်း ရွက်ကြွေချိန်မှလွဲလျှင် စိမ်းညို့သော သစ်ပင်တောတန်းတွေကို နေရာအနှံ့ တွေ့နိုင်သည်။ သစ်ပင်တွေကတော့ မြန်မာပြည်က သစ်ပင်အများစုလို သစ်မာများဟုတ်ပုံမရပါ။

ဆောင်းတွင်းတုန်းက နှင်းတွေချည်းသာမြင်ခဲ့ရသည့် သစ်တောအုပ်ကလေးများ၏အောက်ခြေတွင် သစ်ကိုင်းခြောက်တွေ၊ တုံးလုံးပက်လက်လဲကျနေသည့် သစ်ပင်တွေက အတုံးအရုံးပင်။ တချို့က သက်တန်းကုန်အိုမင်းပြီး သူ့အလိုလို လဲကျခြောက်သွေ့ကုန်တာဖြစ်ပြီး တချို့ကတော့ ဆောင်းတွင်းတုန်းက သည်းထန်ခဲ့သော နှင်းများ နှင်းမုန်တိုင်းများကြောင့် ကျိုးကျ၊ လဲကျကုန်တာဖြစ်သည်။

“မင်း ဘာတွေတွေးနေတာလဲ”

လမ်းဘေး တဖက်တချက်က သစ်ပင်များကိုငေးပြီး နှုတ်ဆိတ်နေသော ကျွန်မကို ကားမောင်း ဟင်နရီက လှမ်းမေးသည်။

“သြော် … မြေကြီးပေါ်လဲကျနေတဲ့ သစ်ပင်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေကိုကြည့်ပြီး ကျွန်မရဲ့တိုင်းပြည်က လူတွေကို သတိရနေတာပါ”

ဟင်နရီက စကားဆက်စေလိုဟန်နှင့် မျက်ခုံးပင့်ပြသည်။

“ကျွန်မတို့နိုင်ငံမှာ ကျေးလက်နေ လူတန်းစားက ရှစ်ဆယ်ရာခိုင်နှုန်း ရှိတယ်လေ။ အဲဒီ ရှစ်ဆယ် ရာခိုင်နှုန်းသော လူတွေက လောင်စာအတွက် ထင်းနဲ့ ထင်းကဖြစ်တဲ့ မီးသွေးကိုပဲ အားပြုနေရတယ်။ တချို့ သိပ်ခေါင်တဲ့ ကျေးလက်မှာနေသူတွေဆို လျှပ်စစ်မီးဖို၊ ဂက်စ်မီးဖိုတောင် မြင်ဖူးကျတာမဟုတ်ဘူး။ ကျွန်မတို့ငယ်ငယ်ကလည်း ထင်းကိုပဲ လောင်စာအဖြစ် သုံးခဲ့ရတယ်။ ကျွန်မက ထင်းရှာသိပ်ကျွမ်းတာလေ”

ဘာစကားမှဝင်မထောက်ဘဲ စိတ်ဝင်တစားနားစွင့်နေသော ဟင်နရီကြောင့် ကျွန်မ စကားဆက်လိုက်ပြန်သည်။

“မြန်မာ့ပြည်က ထင်းသုံးတဲ့ ပြည်သူတွေသာ ဟောဒီ တုံးလုံးပက်လက်လဲနေတဲ့ သစ်ပင်တွေ၊ သစ်ကိုင်းခြောက်တွေကိုမြင်ရင် သိပ်ပျော်ကျမှာပဲလို့ ကျွန်မ စဉ်းစားနေမိတယ်။ ဒီမှာတော့ ဘယ်သူမှလည်း ထင်း မကောက်ကြဘူးနော်”

ကျွန်မစကားကြောင့် ဟင်နရီက အသံထွက်အောင် ရယ်သည်။

“ဒီမှာက ထင်းကို မီးလင်းဖိုရှိတဲ့အိမ်တွေမှာ ဆောင်းတွင်း မီးလှုံဖို့ပဲသုံးကြတာ။ အဲဒီလူတွေကလည်း ကိုယ့်ခြံဝင်းထဲကသစ်ပင် ကိုယ်ဖြတ်တောက်ပြီး ဆောင်းတွင်းသုံးဖို့ စုထားကြတာပဲ။ ခြံဝင်းမရှိလို့ သစ်ပင်မရှိတဲ့သူတွေကလည်း Giant Egale လို လူသုံးကုန်ပစ္စည်း ရောင်းတဲ့ဆိုင်တွေမှာ ထင်းဝယ်သုံးကြတယ်။ တောထဲ ထွက်ပြီး ထင်းရှာတာမျိုး ငါတော့ မတွေ့မိပါဘူး”

“ကျွန်မသာ မြန်မာပြည်ထဲမှာနေပြီး ဒီသစ်ပင်၊ သစ်ကိုင်းခြောက်တွေကို တွေ့ရမယ်ဆိုရင်လည်း သိပ်ပျော်မှာပဲ။ အခုတော့ ကျွန်မက အခုလို ထင်းတွေ အလကားဖြစ်နေတာ တွေ့ရတာရော၊ ထင်း အခက်အခဲကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာတောနေလူထုအကြောင်း စဉ်းစားမိတာရောကြောင့် မပျော်နိုင်ဘူး။ ဖြစ်နိုင်ရင် ဒီသစ်ပင်တွေကို သူတို့အိမ်ရှေ့မှာ ဝုန်းခနဲ ပုံပေးလိုက်ချင်တယ်”

ဒီတခုစဉ်းစားနေရာမှ နောက်တခုဆီ အတွေးရောက်သွားတာကြောင့် ကျွန်မ စကားက ပြတ်တောင်းတောင်း ဖြစ်သွားသည်။

“ဒါပေမယ့် ရက်ပိုင်းလပိုင်းသုံးဖို့ ထင်းရှာပေးတာထက် တသက်လုံး ထင်းလောင်စာတွေမကုန်အောင် စံနစ်တကျ သုံးစွဲတဲ့နည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးနိုင်ရင် ပိုအကျိုးရှိမှာပဲ”

“မင်း အဲ့ဒီအကြောင်း စာရေးနိုင်တာပဲ”

ဟင်နရီ့စကားကို ကျွန်မက အင်း… ဟု သံရှည်ဆွဲပြီး မရေမရာ တုံ့ပြန်မိသည်။ သစ်ပင် သစ်တောတွေကို စောင့်ရှောက်ချစ်ခင်ဖို့အကြောင်း စကားရောက်သွားပြန်တော့ ကျွန်မအတွေးက တနေရာပြောင်းသွားပြန်သည်။

ကျွန်မမိတ်ဆွေ ချားလ်စ်နီမန်က ပစ္စဘတ်တက္ကသိုလ် Office of International Services မှ ဒါရိုက်တာတဦး ဖြစ်သည်။ သူ့ဇနီး ရီတာနီမန်က Community College တခုတွင် ဂျာမန်ဘာသာပြ ဆရာမ။ အသက်ခြောက်ဆယ်ဝန်းကျင် ထိုဇနီးမောင်နှံက မြို့ထဲမှ နာရီဝက်ခန့် ကားမောင်းသွားရသော မြို့ငယ်ကလေး တခုတွင်နေသည်။ သူတို့က မတ်လအတွင်းကျရောက်သော အီစတာ ဘာသာရေးပွဲတော်ကို တက်ရောက်ရန် ကျွန်မတို့မိသားစုကို ဖိတ်သည်။ အီစတာပွဲအတွက် ဝေးလံသော မိဘရပ်ထံ မပြန်နိုင်သော ပစ္စဘတ်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူတချို့ကိုလည်း ဖိတ်ထားသည်။

အဲဒီနေ့က တောင်ကုန်းပြေပြေလေးတခုပေါ်တွင်ရှိသော ချားလ်စ်တို့အိမ်ကလေးက အလွန်လှပနေသည်။ ကားလမ်းပေါ်မှ အိမ်ရှိရာထိ ကုန်းမြင့်လေးအတိုင်းဖောက်ထားသော လမ်းဘေးတဖက်တချက်တွင် အဝါရောင် နွေဦးပန်းတွေက အစွမ်းကုန်ပွင့်နေကြသည်။

“ဟောဒီခြုံပုတ်အမျိုးအစား အဝါရောင်ပန်းကို ရွှေခေါင်းလောင်းပန်း (Golden Bell) လို့ အလွယ်တကူ ခေါ်ကြတယ်။ သူ့ရဲ့နာမည်အစစ်ကတော့ ‘Forsythia’ တဲ့လေ”

အရွက်တရွက်မှ မမြင်ရဘဲ ရိုးတံအတွင်းမှ အဝါလွင်လွင် အပွင့်တွေပြွတ်သိပ် ထိုးထွက်နေသောပန်းပင်ကို လက်ညှိုးညွှန်ရင်း ချားလ်စ်က ရှင်းပြသည်။

“ဒီပန်းကတော့ ဝေါ့ဒစ္စနေ ကာတွန်းကားတွေထဲမှာ ပန်းပွင့်အလယ်နေရာကလေးကို မိန်းကလေး မျက်နှာလေး ထည့်ပြီး ဇာတ်ကောင် လုပ်ထားတယ်လေ။ ဒီပန်းနံမည်က ‘Deffodil’ တဲ့။ သူက ပန်းတမျိုးထဲက အပွင့် အရွယ်အစား သုံးမျိုးလောက် ကွဲတဲ့မျိုးတွေရှိတယ်”

‘Deffodil’ကလည်း အဝါရောင်လွင်လွင်ပါပဲ။ မြန်မာပြည်က ငုပန်းအရောင်ပေါ့။ နွေဦး၏ အေးစိမ့်စိမ့်ရာသီထဲမှာ အဝါရောင်လွင်လွင် ပန်းတွေက ရင်ကိုနွေးထွေးစေသည်။ ချားလ်စ်က ကျွန်မတို့ကို သူ၏ တဧကကျော် ကျယ်သော ခြံထဲလိုက်ပြရင်း ပါးစပ်ကလည်း တတွတ်တွတ် ရှင်းပြနေသည်။ အိမ်အနောက်ဘက်ကိုချိုးကွေ့ လိုက်တော့ သစ်တောအုပ်ကလေးတခုကို ဘွားခနဲတွေ့လိုက်ရသည်။

“နွေရာသီဆို ဒီသစ်ပင်တွေကြောင့် မြေကြီးပေါ်မှာ နေပျောက်တောင် မထိုးဘူး။ နွေရာသီမှာပွင့်တဲ့ ပန်းတွေရယ်၊ အနောက်ဘက် သစ်တောအုပ်ထဲကိုလာတဲ့ သမင်ကလေးတွေ၊ ယုန်ကလေးတွေ၊ ရှဥ့်ကလေးတွေရယ်နဲ့ ဒီခြံကြီးဟာ သိပ်ပျော်စရာကောင်းတယ်”

မှန်းဆ မြင်ယောင်ကြည့်ရင်းနှင့်တောင် ကျွန်မစိတ်ထဲ ငြိမ်းချမ်းလာသည်။ အိမ်ရှင်ချားလ်စ်၏ စကားပြောနေသော နှုတ်ခမ်းတွေက ပြုံးနေသလို မျက်ဝန်းတွေကလည်း နူးညံ့နေသည်။ သူ့မြေ သူ့ခြံအတွက် ဂုဏ်ယူကျေနပ်နေသော ချားလ်စ်က သူ့အိမ်နောက်ဘက် သစ်တောအုပ်ကလေးအလွန်က အိမ်နီးချင်းတအိမ်ကို လက်ညှိုးထိုးပြရင်း ပြောသည်။

အရင်တပတ်က အဲဒီအိမ်ပတ်လည်မှာရှိတဲ့ သစ်ပင်လေးငါးပင်ကို အိမ်ရှင်တွေက ခုတ်လှဲလိုက်ကြတယ်လေ။ သစ်ပင်တွေခုတ်လှဲတာမြင်တော့ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတယ်။ သစ်ပင်တပင် အဲဒီအရွယ်ထိ ရောက်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာဗျာ။ သူတို့က သဘာဝအန္တရာယ်ကြောင့် သစ်ပင်တွေလဲရင် အိမ်ကို ထိခိုက်မိမှာစိုးတယ်နဲ့ တူပါတယ်ဗျာ။ ဒါပေမယ့် အဲဒီပင်ပျိုတွေ သူ့ဘာသာ လဲကျဖို့ဆိုတာ ၉၅ ရာခိုင်နှုန်း မဖြစ်နိုင်ပါဘူး။ တခါတလေကျရင် လူတွေက သဘာဝကို တန်ဖိုးထားထိမ်းသိမ်းဖို့ထက် လုံခြုံရေးကို အလေးကဲ စဉ်းစားနေတာ စိတ်မကောင်းစရာပဲ”

ချားလ်စ်က တကယ်ပဲ ဝမ်းပန်းတနည်း ပြောနေတာဖြစ်သည်။ ကျွန်မကတော့ မသိနားလည်မှုကြောင့်နဲ့ လောဘကြောင့် သစ်ပင်တွေ ဆုံးရှုံးရတာထက်စာရင် လုံခြုံရေးကို အလေးကဲစဉ်းစားတာက တော်သေးတာပေါ့ ဟု စိတ်ထဲက ဆင်ခြေကန်နေမိသော်လည်း သူ့စကားကို ဖြတ်သလိုဖြစ်သွားမှာ စိုးတာကြောင့် ငြိမ်နေလိုက်သည်။ လုံခြုံရေးကို အလေးကဲစဉ်းစားပြီး သစ်ပင်ခုတ်တာက သစ်တောမပြုန်းနိုင်ဘူးလေ။ လူတယောက်အနေနဲ့ လူတွေရဲ့ပတ်ဝန်းကျင်က သဘာဝအလှတရားကို ခံစားတတ်ဖို့နဲ့ အဲဒီသဘာဝတရားရဲ့တန်ဖိုးကို အလေးအနက်ထား ထိမ်းသိမ်းစောင့်ရှောက်တတ်ဖို့က သိပ်အရေးကြီးတယ်ဟု ချားလ်စ်က စကားဆက်လိုက်သေးသည်။

“တို့ဇနီးမောင်နှံက သိပ်ကိုအလုပ်များပါတယ်။ ဒါပေမယ့် နည်းနည်းလေးအချိန်ရတာနဲ့ တို့အိမ်ကလေးဝန်းကျင် ကို သာယာအောင်လုပ်တော့တာပဲ။ အိမ်ရှေ့ဥယျာဉ်ထဲမှာ ရာသီအလိုက် ပန်းတွေစိုက်တယ်။ ရှိပြီးသား ပန်းပင်တွေကို ခွဲပြီး ခြံအနှံ့ပွားအောင် လိုက်စိုက်တယ်။ အိမ်နောက်ဘက်က သစ်တောအုပ်ကလေးကို ရှင်းပြီးတော့ သင့်တော်မယ့်နေရာမှာ ရှားပါးသွားတဲ့သစ်ပင်မျိုးတွေ ရှာစိုက်တယ်။ အဲဒါဟာ တို့အတွက် ပျော်ရွှင်မှုပဲ၊ အသက်ရှည်ဆေးပဲ”

သစ်ပင်ပန်းပင်တွေကို သက်ရှိသားသမီးလို ချစ်ခင်သော ချားလ်စ်၏ နုညံ့သောမျက်ဝန်းများကို ကျွန်မ ငေးကြည့်နေမိသည်။ ကျွန်မတို့တိုင်းပြည်မှာ သူ့လိုလူတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲ။ သစ်ပင် ချစ်သူတွေဆိုတော့ သစ်တောနှင့် သစ်တောထွက်ပစ္စည်းကို မဖြစ်မနေ အသုံးချနေရမည်ဆိုလျှင်တောင် ရေရှည်တည်တန့်အောင် ဘယ်လိုစံနစ်တကျ သုံးစွဲကြမလဲဆိုတာ တွေးတောတွက်ချက်၍ နည်းလမ်းရှာကြမှာ ဖြစ်သည်။ ပြီးတော့ လူ့သဘာဝအတိုင်း ကိုယ်ချစ်မြတ်နိုးသောအရာကို တခြားသူတွေပါ ချစ်မြတ်နိုးတတ်လာအောင် ပြောပြစည်းရုံးကြမည်။ အခု ချားလ်စ်က ကျွန်မတို့ကို ပြောပြနေသလိုပေါ့။ သစ်ပင်တွေကိုချစ်သော ချားလ်စ်၏ မေတ္တာဓာတ်က ကျွန်မတို့ကိုကူးစက်ပြီး ကျွန်မတို့ရဲ့ခံစားမှုတွေ နုညံ့လာသလိုပေါ့။ ဒီလိုနည်းနှင့် နှစ်တွေ ကြာကောင်းကြာမည်ဖြစ်သော်လည်း သဘာဝဝန်းကျင် ရေမြေ တောတောင်ကို ချစ်ခင်သူ၊ တန်ဖိုးထား စောင့်ရှောက်သူတွေ တိုးပွားလာမည်။ သဘာဝကိုချစ်သူများကိုလည်း သဘာဝတရားက ကြည်နူးပျော်ရွှင်ဖွယ် အရသာများကို ပြန်လည်လက်ဆောင်ပေးလိမ့်မည် ဖြစ်ပါသည်။

“ကျွန်မတို့အိမ်ရဲ့တန်ဖိုးဟာ ဟောဒီအဆောက်အဦနဲ့ အိမ်ထဲက စက်ကရိယာတွေ မဟုတ်ပါဘူး။ မြင်သူရဲ့စိတ်ကို ကြည်နူးချမ်းမြေ့စေတဲ့ ခြံထဲက သစ်ပင်ပန်းပင်လေးတွေရယ်၊ နောက်ဘက်က တောအုပ်ကလေးရယ်၊ တောအုပ်ထဲမှာ အေးအေးလူလူ အစာရှာရင်းနားနေတဲ့ တိရိစ္ဆာန်ကလေးတွေကို မြင်နေရခြင်းရယ်၊ ရာသီအလိုက် ပြောင်းသွားတဲ့ ငှက်သံလေးတွေကို နားထောင်နေရတာတွေရယ်ပါပဲ”

ချားလ်စ်၏ဇနီး ရီတာပြောခဲ့သော ထိုစကားတွေကိုလည်း ကျွန်မ မကြာခဏ ကြည်နူးစွာ သတိရမိတတ်သည်။ သူတို့က သဘာဝတရားကို ချစ်ခင်ထိမ်းသိမ်းလေတော့ သဘာဝတရားကလည်း သူတို့ကို လက်ဆောင်ကောင်းတွေ ပြန်ပေးလေသည်ပေါ့။

အီစတာပွဲတော်မှအပြန်တွင် သူတို့ဇနီးမောင်နှံက ကျွန်မတို့ကို ခြံထွက် ပန်းလက်ဆောင်တွေ ပေးလိုက်သေးသည်။ သူတို့က ကျွန်မတို့ကို ပန်းများနှင့်အတူ ပျော်ရွှင်မှုများကိုပါ လက်ဆောင်ပေးလိုက်ကြခြင်း ဖြစ်သည်။ ပန်းတွေပွင့်နေသော ပန်းပင်တွေကို သူတို့နှင့်အတူ အမြစ်ပါအောင်တူးကြရတာ ပျော်စရာ ကောင်းသည်။ အဲဒီပန်းပင်တွေကို ကျွန်မတို့ အိမ်နောက်ဘက်ခြံဝင်းထဲမှာ ကောင်းနိုးရာရာ နေရာရွေး၍ ပြန်စိုက်တော့လည်း ပျော်ရသည်။ ကိုယ့်ခြံထဲမှာ ပန်းပွင့်နေသောအပင်တွေ ရုတ်တရက်ကြီး ရောက်လာတာကို မြင်ရတာလည်း ပျော်စရာ။ အဲဒီ ပန်းပင်တွေကို ရေလောင်းရတာ၊ နောက်နှစ်နွေဦးမှာ ဘယ်ပုံဘယ်နည်း အပွင့်တွေဝေလာလေမလဲ ကြိုတင် မှန်းဆကြည့်ရတာလည်း ပျော်စရာ။ တကယ်တော့ သစ်ပင်တွေကို ချစ်ရတာကိုက ပျော်စရာပင်။ အဲဒီပျော်ရွှင်မှုတွေကို ကျွန်မချစ်သောသူတွေကို ဖြန့်ဝေချင်ပါသေးသည်။

အလွမ်းနှင့်ဆက်စပ်တွေးမိသွားသော အပျော်တွေကိုဖြန့်ဝေဖို့ စားပွဲမှာထိုင်လိုက်စဉ် ကျွန်မကို ပြန်လည် ဝေမျှခံလိုက်ရတာက စိတ်မချမ်းမြေ့ဖွယ်ရာတွေ ဖြစ်နေသည်။ မြန်မာနိုင်ငံမှာ ထူးကဲသောအပူချိန်အောက်တွင် လူတွေ ရေရှားပါး ပြတ်လပ်မှုကြုံနေရသတဲ့။ စိတ်မကောင်းကြီးစွာဖြစ်နေရင်းမှပင် ချားလ်စ်နှင့် ရီတာကို သတိရသွားမိပြန်သည်။ ကျွန်မတို့တိုင်းပြည်မှာ မသိနားမလည်မှုနှင့် လောဘကြောင့် သစ်ပင်တွေ ဆုံးရှုံးရပြီး ပြည်သူလူထုမှာ လောင်စာကိစ္စအပြင် အသက်အန္တရာယ်ကိုပါ အချိန်တိုအတွင်း ထိခိုက်နိုင်သော ရေပြတ်လပ်မှုတွေ ဖြစ်ပွားနေသည့်အကြောင်း၊ အိမ်နီးချင်းခုတ်လိုက်သည့် သစ်ပင်လေးငါးပင်အတွက် ဝမ်းနည်းကြရှာသည့် သူတို့ဇနီးမောင်နှံကြားလျှင် ဘယ်လိုများနေမည်လဲ။

သစ်ပင် သစ်ကိုင်းခြောက်များကိုမြင်မိ၍ လွမ်းသောအလွမ်းမှစတင်ကာ၊ ပန်းပင် သစ်ပင်တွေ စိုက်ပျိုးရ၍ ပျော်ရသောအပျော်ဆီ ဆက်သွားသော ကျွန်မအတွေးသည် ရေပြတ်လပ်သွားသဖြင့် ဒုက္ခကြီးစွာ ရောက်နေသူများအတွက် ဝမ်းနည်းကြေကွဲမှုဖြင့် မဆုံးသတ်ရတော့မည်။ ဝမ်းနည်းစိတ်မကောင်းဖွယ် အခြေအနေမှန်သော်လည်း ကျွန်မတို့မှာ အချိန်တွေရှိပါသေးသည်။ ဒီကနေ့မှစပြီး သစ်ပင်တွေ စစိုက်ကြမည်ဆိုလျှင် ဘာမှမထူးတော့ပါဘူးဆိုပြီး ခြေပစ်လက်ပစ်နေလိုက်ကြတာထက်တော့ ပိုအကျိုးရှိမှာ သေချာပါသည်။

အခုအချိန်မှာတော့ နေလည်းနည်းနည်းတော့ပူဦးမှာပဲ။ ရေလည်းရှားနေတုန်းဆိုတော့ မျက်နှာသစ်တဲ့အခါ ကိုယ်စိုက်ထားတဲ့သစ်ပင်လေးတွေပေါ် သစ်ချပေါ့။ နောက်ထပ်ရက်ပိုင်းအတွင်း မိုးရွာတော့မည်။ ကိုယ်စိုက်တဲ့ အပင်ကလေးတွေ အညွန့်ထောင်လာချိန်ကစလို့ ပျော်ရလိမ့်မည်။ စိုက်တဲ့သူက ကိုယ့်အပင်ကလေး တဖြည်းဖြည်း ကြီးလာတာကိုကြည့်ပြီး ပီတိဖြစ်ရမည်။ ဒါပေမယ့် နောင်လာနောက်သားတွေကတော့ သစ်ပင်တွေကို ချစ်မြတ်နိုးစွာ စိုက်ပျိုးစောင့်ရှောက်ခဲ့သည့်အတွက် သဘာဝတရားကပြန်ပေးမည့် ကိုယ်စိတ်ငြိမ်းချမ်းခြင်းဆိုသော လက်ဆောင်ကောင်းတွေကို ခံစားကြရမှာဖြစ်သည်။

ကျွန်မတို့တတွေ လက်ဆောင်ကောင်းရလျှင် ပျော်ရသလို ကျွန်မတို့၏မျိုးဆက်တွေကို ပျော်ရွှင်ခွင့် ပေးကြရအောင်။ ကျွန်မတို့ကိုယ်တိုင်လည်း လက်ဆောင်ပေးရသူ၏ ပီတိကို ခံစားကြရအောင်။

ကျွန်မ အသက်ကြီးလာချိန် ဇာတိမြေသို့ အလည်သွားသည့်အခါ ကျွန်မ ငယ်သူငယ်ချင်းများ၏ကလေးတွေ ကျွန်မငယ်ငယ်ကလို အေးချမ်းစွာ ထင်းခွေနေတာ၊ ကြည်လင်သော ချောင်းရေပြင်မှာ လွတ်လပ်ပျော်ရွှင်စွာ ရေကူးနေကြတာ၊ သိပ်သည်းသော သစ်ရိပ်ဝါးရိပ်များအောက်မှာ နားခို၍ သန့်စဉ်သော ရေကြည်အေးကို ကြောင့်ကြမဲ့ သောက်သုံးနေကြတာကိုကြည့်၍ ပီတိဖြင့် ပျော်ရွှင်ချင်ပါသေးသည်။ ထိုပီတိကို ခံစားခွင့်ရတန်ကောင်းပါသေးရဲ့ဟုလည်း မျှော်လင့်မိပါသည်။
Labels: | edit post
Reactions: 
0 Responses