1. 2.

“ဂီတမှာ Timing ဟာအသက်ပဲ၊ အရေးကြီးဆုံးပဲ။ Timing လွဲသွားရင် တေးသွား သီချင်းရဲ့အရသာပျက်သွားရော။ ထို့အတူဘဲ ဟင်းချက်ရာမှာပဲဖြစ်ဖြစ်၊ အားကစား လုပ်ရာမှာပဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ်။ သီချင်းတစ်ပုဒ် ဟင်းတစ်ခွက် Timing Out သွားရင် သီချင်း လောက် ဟင်းလောက်ပဲအရသာပျက်မှာ၊ နိုင်ငံရေး မှာ Timing လွဲသွားရင် တိုင်းပြည်တခုလုံးရဲ့ Image ပျက်တယ်။ တစ်မျိုးသားလုံးထိခိုက် နစ်နာစေတယ်။ နိုင်ငံရေးမှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့ အချိန်မှာ လုပ်ခြင်းပါပဲ။” ဒီစကားကိုပြောခဲ့သူက ကျမသူငယ်ချင်း ဂီတသမား၊ ဗီဒီယို ဂျာနယ်လစ်စ် ကိုဝင်းမော် ပါ။

ဒီစကားကို သူက သူ့သမီးကိုပြောခဲ့တာပါ။ သူ့ရဲ့သားသမီး ၄ ယောက်ထဲက တတိယ သမီး ခင်စုကြည် ၂၀၁၂ ဇန်န၀ါရီလ ၈ ရက်နေ့မှာရေးခဲ့တဲ့ သမ္မတကြီးသို့အိတ်ဖွင့်ပေး စာမှာ သူမဖခင်ရဲ့အဲဒီပြောစကားကို ဖော်ပြခဲ့ပါတယ်။ ဒီစကားကပဲကိုဝင်းမော်ရဲ့ နိုင်ငံ နဲ့ ဂီတအပေါ်ထားရှိတဲ့ လေးနက်မှုကိုတွေ့နိုင်ပါတယ်။ ကိုဝင်းမော်ဟာ ဂစ်တာသမား အဖြစ်နဲ့ ၁၉၈၁ ကတည်းက ဂီတနယ်ထဲကိုရောက်ရှိခဲ့သူပါ။ ရွှေသံစဉ်နဲ့ အလင်္ကာတေးဂီတအဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတ မှူး၊ တီးဝိုင်းခေါင်းဆောင်တဦးဖြစ်ပါတယ် ။ The Aces တေးဂီတအဖွဲ့ကြီးမှာ လည်း ၁၉၈၉ ကနေ ၁၉၉၆ ထိ ၇ နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါ တယ်။ 





၁၉၉၆ ခုနှစ် Visit Myanmar Year နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ကိုဝင်းမော်ဟာ န၀တအစိုးရရဲ့ ပထမ အကြိမ် ဖမ်းဆီးထိမ်းသိမ်းခြင်းခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်သီချင်း၂ ပုဒ်ရေးသားတီးခတ် ပေးခဲ့တယ်ဆိုတဲ့အမှုနဲ့ အကျဉ်းထောင်ထဲမှာ ၆ နှစ်နေခဲ့ရ ပါတယ်။ အဲဒီသီချင်းတွေကို Democratic Voice of Burma ကနေ ထုတ်လွှင့်ပေးခဲ့ပါတယ်။ ကိုဝင်းမော်နဲ့ကျမက လူချင်းမခင်ရမီကတည်းကအနုပညာခြင်း ဆက်စပ်ပတ်သက်ခဲ့ တာပါ။ ၁၉၉၁ ခုနှစ်မှာ နေအိမ်အကျယ်ချုပ်အကျဉ်း သားဘ၀နဲ့ နိုဗယ်ငြိမ်းချမ်းရေး ဆုကိုဆွတ်ခူးခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ အားလုံးသောနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ကျမထောင်ကျခဲ့ပါတယ်။

၁၉၉၂  နိုင်ငံတော်လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ပြန်လွတ်လာခဲ့ပြီးလအနည်းငယ်အတွင်းမှာပဲ ကျမနဲ့ထောင် ထဲမှာ အတူနေခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူသူငယ်ချင်းချယ်ရီ တယောက် မေးခွန်းပေါင်းများစွာချန်ထားခဲ့ပြီး လူ့လောကထဲက ထွက်ခွာသွားခဲ့ပါ တယ်။ ကျမစိတ်ထိခိုက်လွန်းလို့ ချယ်ရီ့ဈာပနကိုပို့ပြီးပြန်ရောက်ရောက် ချင်းမှာ ပဲ“ရနံ့မဲ့ခရီးရှည်” ဆိုတဲ့ဝတ္တုတိုတပုဒ်ရေးဖြစ်ခဲ့ပါတယ်။ အဲဒီဝတ္တုလေးက မဟေသီ မဂ္ဂဇင်းမှာ 
ဖော်ပြခံခဲ့ရပါတယ်။ မျက်ရည်နဲ့ရေးခဲ့ရတဲ့ဝတ္တုပေမယ့် ကျမတို့နိုင်ငံရဲ့စာပေ လွတ်လပ်ခွင့်စနစ်ကြောင့် ကျမနဲ့ချယ်ရီအတူရှိနေခဲ့တဲ့အချိန်တွေ၊ အဖြစ်အပျက်တွေ အကြောင်းကိုအမှန်အတိုင်းရေးလို့မရခဲ့ပါဘူး။ နိမိတ်ပုံတွေနဲ့ရေးခဲ့ပေမယ့် မြန်မာ စာရေးဆရာတွေရဲ့လွတ်လွတ် လပ်လပ်ထုတ်ဖော်ရေးသားခွင့်မရပဲ သွယ်ဝိုက် ထင်ဟပ်ပြရမှုကိုယဉ်ပါးနေတဲ့ စာဖတ်သူအများစုနဲ့နိုင်ငံရေးနယ်ပယ်ထဲကသူတွေ ကတော့ ကျမဘယ်သူ့အကြောင်းရေးတာလဲဆိုတာ သိခဲ့ကြပါတယ်။

ကျမ၀တ္တုကိုဖတ်ပြီးခံစားရတဲ့ လှထွဋ်စိုးဆိုတဲ့လူငယ်တယောက် ၁၉၉၇ မှာ နိုင်ငံရေး လှုပ်ရှားမှုနဲ့ထောင်ကျ တော့ ပထမအကြိမ်အဖြစ် အကျဉ်းကျခံနေရတဲ့ ကိုဝင်းမော်နဲ့ တောင်ငူထောင်ထဲမှာဆုံကြပါသတဲ့။ လှထွဋ်စိုးကသူဖတ်ခဲ့ဖူးတဲ့ ကျမ၀တ္တုလေးကို ခံစားလို့ “ချယ်ရီ” ဆိုပြီး ကဗျာပုံစံလေးပြန်ရေးခဲ့ပါတယ်တဲ့။ အဲဒီ ကဗျာကလေးပြန် ရွတ်ပြရင်း ကျမ၀တ္တုလေးအကြောင်းပြောပြတော့ အနုပညာရှင်ဂီတသမားကိုဝင်း 
မော်က အလွန်စိတ်ထိခိုက်ပြီး “ချယ်ရီ” ဆိုတဲ့သီချင်းလေးကိုဖန်တီးခဲ့ပြန်ပါတယ်။ 

၂၀၀၅ ခုနှစ်မှာထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ရန်ပုံငွေ အတွက်ထုတ်ဝေတဲ့သီချင်း ခွေထဲမှာ“ချယ်ရီ” သီချင်းလေးလည်း ပါခဲ့ပါတယ်။ ၂၀၀၂ မှာပထမအကြိမ် ကိုဝင်းမော်ထောင်ကလွတ် မြောက်လာပြီးနောက် ကျမတို့လူချင်းခင်မင်ရင်းနှီးခဲ့ကြပါ တယ်။ အနုပညာ နယ်သားချင်းအဖြစ်အချင်းချင်းလေးစားခဲ့ကြသလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေအဖြစ်လည်း အချင်းချင်းဖေးမ ခဲ့ကြပါတယ်။ ဒါ့အပြင် အမေရိကန်စင်တာမှာအင်္ဂလိပ်စာဆည်းပူးကြတဲ့ သက်ကြီးအတန်း ဖော်တွေလည်းဖြစ်ခဲ့ကြပါသေးတယ်။ အမြဲပြုံးနေတတ်တဲ့ကိုဝင်းမော်နဲ့ ကျမတို့တတွေ စကားတွေအများ ကြီးပြောဖြစ်ခဲ့ကြပါတယ်။ ကိုဝင်းမော်က “ချယ်ရီ” သီချင်းလေးအကြောင်း အခုလိုအမှတ်တရပြောခဲ့ ဖူးပါတယ်။

 “ အဲဒီသီချင်းလေးက ကျနော်ထောင်ထဲမှာ ပထမဆုံးရေးဖြစ်ခဲ့တဲ့သီချင်းလေးပါ။ သီချင်းကိုလည်းခက်မာ ရဲ့ဝတ္တုခေါင်းစဉ်အတိုင်း 'ရနံ့မဲ့ခရီးရှည် (သို့မဟုတ်) ချယ်ရီ' ဆိုပြီးခေါင်းစဉ်တပ်ခဲ့တယ်။ ချယ်ရီ့နံမည် တပ်ထားပေမယ့် ချယ်ရီလိုပဲ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အတွက် တတပ်တအားပါဝင်ကြိုးပမ်းရင်း လမ်းခုလတ်မှာကျဆုံးခဲ့ ရတဲ့ရဲဘော်အားလုံးကိုလည်းရည်ညွှန်းပါတယ်။ ကျွန်တော်ရေးခဲ့သမျှထဲမှာ အကြိုက် ဆုံးနဲ့ ရင်ထဲအထိရှဆုံးသီချင်းတပုဒ်လည်းဖြစ်ပါတယ်”တဲ့။

အဲဒီလို ရင်းနှီးနီးစပ်တဲ့ကာလတွေမှာ ကိုဝင်းမော်ဟာ ဂီတနဲ့မိတ်ဆွေတွေအတွက် စိတ်နှလုံးနုညံ့ပျော့ 
ပြောင်းသူပေမယ့် သူယုံကြည်ချက် အပေါ်မှာတော့ ပြတ်ပြတ် သားသားခိုင်ခိုင်မာမာရပ်တည်သူ အဖြစ် ကောက်ချက်ချနိုင်ခဲ့ပါတယ်။ ဂီတသမား ကိုဝင်းမော်ဟာ ၂၀၀၇ ခုနှစ်သံဃာတော်တွေဦးဆောင်ခဲ့တဲ့ 
ရွှေဝါရောင်တော်လှန်ရေး ကာလမှာတော့စစ်အစိုးရလက်အောက်မှာ ဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ အမှန်တရား ကို ကမ္ဘာကသိစေရေးဆိုတဲ့ကွက်လပ်ကိုဖြည့်ဖို့ ဗီဒီယိုဂျာနယ်လစ်စ်တယောက်ရဲ့ တာဝန်ကို ပါထမ်းဆောင်ခဲ့ပြန်ပါတယ်။ ၂၀၁၀ ခုနှစ် အော်စကာတစ်ကြို စာရင်းဝင် ခဲ့တဲ့ Burma VJမှတ်တမ်းရုပ်ရှင် ဟာ ကိုဝင်းမော်အပါအ၀င် မြန်မာ VJ တွေ ရဲ့ အားထုတ်မှုကြောင့်ပေါ်ပေါက်ခဲ့တဲ့အသီးအပွင့်တခုပါ။


“သံဃာတော်တွေဟာပြည်သူတွေအတွက် နေပူမိုးရွာမရှောင်ဆင်းရဲဒုက္ခခံပြီးငြိမ်းချမ်း စွာမေတ္တာပို့ ဆုတောင်းလမ်းလျှောက်ခဲ့တာကို အစိုးရကရက်ရက်စက်စက်ချေမှုန်းတဲ့ Video ပုံတွေကိုတည်းဖြတ်ရင်း 
ဖေဖေဟာမျက်ရည်ကျခဲ့ပါတယ်။” လို့ ခင်စုကြည်က သူမရဲ့သမ္မတကြီးထံပေးစာမှာဖော်ထုတ်ရေးပြခဲ့ ပါတယ်။ အဲ့ဒီလို ဗီဒီယိုဂျာနယ်လစ်စ် တယောက်အနေနဲ့အားထုတ်မှုတွေကြောင့်ပဲ ၂၀၀၇ ခုနှစ် နိုဝင်ဘာ လမှာ ကိုဝင်းမော် ထပ်မံအဖမ်းခံရပြီး ထောင်ဒဏ် ၁၇ နှစ်အပစ်ပေးခြင်းခံရပြန်ပါတယ်။


“ထောင်ထဲမှာ ပေးဆပ်အနစ်နာခံနေရမှာကိုမတုန်လှုပ်ပါဘူး။ တိုင်းပြည်အတွက်ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်ခွင့်မရတာကိုဘဲ စိတ်မကောင်းဖြစ်တာပါ။”


 ထောင်ကျနေစဉ်ကာလမှာ ထောင်ဝင်စာလာတွေ့တဲ့သမီးဖြစ်သူကိုကိုဝင်းမော်ကပြောခဲ့ပါတယ်။ အဲ့ဒီလိုပြောခဲ့ပေမယ့် ကိုဝင်းမော်ဟာ အကျဉ်းကျခံရခြင်းကြောင့် သူ့ အနု ပညာကိုရပ်တန့်စေခဲ့သူ 
တော့မဟုတ်ပါဘူး။ အကျဉ်းထောင်တွင်းမှာနေရပေမယ့်မြန်မာပြည်သူလူထုရဲ့ခံစားနေရတဲ့ ဝေဒနာနဲ့ ဖိနှိပ်ခံနေရတဲ့ဘ၀တွေကိုပေါ်လွင်စေမယ့် သီချင်းတွေကို ထောင်ထဲမှာဆက်ဖန်တီးခဲ့ပါတယ်။ အခွင့်သာ ရင်သာသလို သူ့သီချင်းတွေကို ထောင်အပြင်ဖက်ကဂီတကမ္ဘာဆီပေးပို့ခဲ့ပါတယ်။


အဲဒီလိုအကျဉ်းထောင်အတွင်းကနေ အနုပညာဆက်လက် ဖန်တီးနေခဲ့သူ ကိုဝင်းမော် ကို ၂၀၁၁ ခုနှစ်မှာ စင်္ကာပူအခြေစိုက် Freedom to Create အဖွဲ့က အကျဉ်းကျ အနုပညာဖန်တီးရှင်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုကို ၂၀၁၁ နိုဝင်ဘာ ၁၉ရက်နေ့ က တောင်အာဖရိကနိုင်ငံကိတ်တောင်းမြို့မှာ အခမ်းအနားနဲ့ 
ပေးအပ်ခဲ့ပြီး The Freedom to Create websiteကကိုဝင်းမော်ကိုဆုပေးရခြင်းနဲ့ပတ်သက်ပြီး ခုလို
 ဖော်ပြခဲ့ပါတယ်။


 "၀င်းမော်ဟာနံမည်ဆိုးနဲ့ကျော်ကြားတဲ့ မြန်မာနိုင်ငံရဲ့ကသောင်းကနင်းဖြစ်စဉ်ကာလတွေအတွင်းက မြန်မာလူမျိုးတွေရဲ့နိုင်ငံရေး အမြင်ကို သူ့ရဲ့ဂီတနဲ့ထုတ်ဖော်ခဲ့တယ်"


၂၀၁၀ ခုနှစ်မှာတုန်းကလည်း မြန်မာနိုင်ငံအတွင်းမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း သတင်းရယူရင်း နအဖစစ်တပ်ရဲ့ပစ်သတ်ခံရတဲ့ ဂျပန်သတင်းထောက် ကန်ဂျီနာဂါအိကိုဂုဏ်ပြုသော အားဖြင့်မစ္စတာကဲန်ဂျီနာဂါအိတာဝန်ထမ်းဆောင်ခဲ့တဲ့အေပီအက်ဖ် သတင်းဌာနနဲ့ မြန်မာ့သတင်းသမဂ္ဂ (ဘီအမ်အေ)တို့ ပူးပေါင်းပေးအပ် တဲ့ ကန်ဂျီနာဂါအိဆုကို ဒီမိုကရက်တစ်မြန်မာ့အသံသတင်းဌာနရဲ့ သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝင်းမော်နဲ့မလှလှဝင်းတို့ ပူးတွဲရရှိခဲ့ကြပါတယ်။


 “ကိုဝင်းမော်တို့လို VJ တွေကသာ အသက်စွန့်ပြီးမတင်ပြခဲ့ဘူးဆိုရင်စစ်အစိုးရရဲ့ဖိနှိပ် သတ်ဖြတ်မှုတွေ ကွက်ကွက်ကွင်းကွင်းပေါ်လွင်ခဲ့ တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အကြောင်းကို ကမ္ဘာကလုံးစေ့ပတ်စေ့ သိရမှာ မဟုတ်ပါဘူး” လို့ ကိုဝင်းမော် ပထမ အကြိမ်ထောင်ကျစဉ်က ထောင်ထဲမှာနိုင်ငံရေးအကျဉ်း သားအဖြစ် အတူနေခဲ့ရတဲ့ ကိုသားကြီးကပြောခဲ့ပါတယ်။


 “သမီးဖေဖေရဲ့ ဂီတနဲ့အနုပညာကိုမြတ်နိုးတဲ့စိတ်၊ ဒီမိုကရေစီကိုယုံကြည်တဲ့စိတ်၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ်၊ ဘာသာတရား နဲ့ရတနာသုံးပါးကိုရိုသေမြတ်နိုးတဲ့စိတ်ကို သမီးတို့မောင်နှမတွေအမြဲ 
လေးစားဂုဏ်ယူနေမှာပါ။ သမိုင်းဟာ

 ဖေဖေတို့အပေါ်မှာ ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ပါဘူး။ သမ္မတကြီးနဲ့တကွ တိုင်းပြည်ကို ဦးဆောင် ဦးရွက်ပြုနေသူအားလုံး၊ စစ်မှန်တဲ့လမ်းငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရင်း အာဏာရှင်စနစ်ဆိုးကို စွန့်ပယ်ပြီး အာဃာတတွေကင်း တဲ့တနေ့မှာတော့ သမီးဖေဖေနဲ့ဖေဖေ့သူငယ်ချင်း တွေလွတ်မြောက်လာ မယ်လို့ သမီးယုံကြည်ပါတယ်။”လို့ ကိုဝင်းမော် သမီးခင်စုကြည်ရဲ့ သမ္မတကြီးထံအိတ်ဖွင့်ပေးစာထဲမှာ 
ဖော်ပြထားပါတယ်။


သမီးဖြစ်သူကသမ္မတကြီးထံအိတ်ဖွင့်ပေးစာပေးပို့အပြီး ၅ ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၁၂ ဇန်န၀ါရီ ၁၃ရက် မှာတော့ကိုဝင်းမော်အိမ်ပြန် ရောက်လာခဲ့ပါပြီ။ မြန်မာပြည် သူပြည်သားတွေကိုပျော်ရွှင်စေခဲ့တဲ့ အစိုးရသစ် ရဲ့ စတုတ္ထအကြိမ်မြောက်လွတ်ငြိမ်း ချမ်းသာခွင့်နဲ့အတူ မိသားစုပြန်လည်ဆုံတွေ့ရပါပြီ။ 

“ကျနော်ကဂီတသမားအဖြစ်နဲ့ နိုင်ငံ့တာဝန်ကို တတပ်တအားထမ်းဆောင်ခဲ့တယ်။ တခါ နိုင်ငံကလိုအပ် လာပြန်တော့ဗီဒီယိုဂျာနယ် လစ်စ်အဖြစ်တာဝန်ယူခဲ့ပြန်တယ်။ ရှေ့လျှောက်လည်း နိုင်ငံက လိုအပ်လာရင် ဂီတသမားအနေနဲ့ဖြစ်စေ၊ ဗီဒီယိုဂျာနယ် လစ်စ်အနေနဲ့ ဖြစ်စေ တခြား ဘယ်နေရာကပဲဖြစ်စေ ကျရာနေရာ ကဆက်ပြီးတာဝန်ယူသွားမှာပါ။”


အဲဒါကတော့ကိုဝင်းမော်ထောင်ကလွတ်ပြီးနောက်တနေ့မှာပဲတယ်လီဖုန်းထဲကတဆင့် ကျမကိုပြောခဲ့တဲ့ စကားပါ။ သူပြောခဲ့တဲ့အတိုင်း သူတာဝန်ကျေလိမ့်မယ်ဆိုတာကို ကျမအပါအ၀င် သူ့ကိုသိတဲ့သူတိုင်း သံသယဖြစ်မှာ မဟုတ်ပါဘူး။

 ( အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးလ်နီးယားပြည်နယ်၊ ပစ္စဘတ်မြို့အခြေစိုက် Sampsonia Way အွန်လိုင်းမဂ္ဂဇင်းက ကျမရဲ့ Tea House လို့နံမည်ပေးထားတဲ့ ပင်တိုင်ကဏ္ဍမှာအင်္ဂလိပ်ဘာသာနဲ့ဖော်ပြခဲ့တဲ့ဆောင်းပါးလေးပါ။ မြန်မာဘာသာနဲ့လည်း မိုးမခအွန်လိုင်းစာမျက်နှာမှာဖော်ပြခဲ့ပြီးပါပြီ။)
Labels: | edit post
Reactions: 
1 Response
  1. ကိုဝင်းမော်အကြောင်း ဖတ်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်...