1. 2.
၁၉၉၅ ခုနှစ်တုန်းက ဆရာမင်းသုဝဏ်ခြံထဲကထမနဲပွဲမှာ ဆရာဒဂုန်တာရာ၊ ဆရာမောင်စွမ်းရည်၊ ဘဘဦးမိုးသူ၊ ဦးလှိုင်(သုခမိန်လှိုင်) ဆရာဒဂုန်တာရာ့မြေးဒေ၀ီကလေးနဲ့ကျမ အမှတ်တရ

စက်တင်ဘာလထဲမှာ မာမားဆီကအီးမေးလ်တစ်စောင်ရပါတယ်။ ‘သားငယ်နဲ့ဖုန်းပြောရတယ်။ ဦးရဲ့ အဆူမခံရတာကြာပြီ။ အဆူခံချင်သေးတယ်လို့ သားငယ်ကို ခက်မာကပြောတယ်လို့ပြန်ပြောပြတယ်။ ဦးကလည်းပြောတယ်။ 'သူ့ကို ငါကစိတ်ပူလို့ဆူနေရတာတဲ့’။ အဲဒီမေးလ်လေးကိုဖတ်ပြီးကျမမျက်ရည် လည်ခဲ့ရပါ တယ်။ အီးမေးလ်စာမျက်နှာကိုဖွင့်ပြီးစာပြန်ဖို့လုပ်ရင်း ဘယ်လိုပြန်ရင်ကောင်းမလဲ စဉ်းစားရာကနေ အတွေးတွေကအတိတ်ကိုရောက်သွားတော့ ညလည်ခေါင်ကြီးမှာ တယောက်ထဲ ရယ်လိုက်၊ မျက်ရည်ကျလိုက်နဲ့တမ်းတရင်းရှင်သန်ရတဲ့ လူလတ်ပိုင်း ကာလရဲ့ အရသာကို အပြည့်အ၀ ခံစားလိုက်တာစာတောင်မပြန်ဖြစ်တော့ပါဘူး။ ဒါနဲ့နောက်နေ့မှအေးအေးဆေးဆေးဆွေးဆွေးမြေ့မြေ့နဲ့ စာရှည်ရှည်ပြန်ရေးတော့မယ် ဆိုပြီးတေးထားလိုက်ပါတယ်။

မာမားဆိုတာ တေးရေးသုခမိန်လှိုင်ရဲ့ဇနီးတေးရေးယံယံပါ။နှစ်လပေါင်းများစွာဦးလှိုင်အိမ်မှာ ၀င်ထွက်ရင်း စားစရာရော၊ ကိုယ်ပိုင်ဘ၀ထဲကထွက်ပြေးချင်တဲ့ ခဏတွေမှာခိုလှုံရာနေစရာရော၊ မိသားစုနွေးထွေး မှုမေတ္တာကိုပါခံစားခဲ့ရပါတယ်။ ဦးနဲ့ မာမားတို့ရဲ့မေတ္တာနဲ့စောင့်ရှောက်မှုကို ကျမခံစားခဲ့ရတာ ၁၉၉၀ ကျော်စအစော ပိုင်းနှစ်တွေကတည်းကပါ။ ကျမကတောကတက်လာတဲ့ စာရေးဆရာမ ပေါက် စလေး ဘ၀နဲ့မြို့တော်မှာယောင်လည်လည်ဖြစ်နေချိန်။ စာပေနဲ့ပတ်သက်တဲ့ ပွဲတွေကိုမျက်လုံး ကြာင်တောင်နဲ့တက်ရင်း ဦးလှိုင်နဲ့ဆုံဖြစ်ပါတယ်။ ဒါပေမယ့် ကျမကလူမှုရေးညံ့ ပြီးနှုတ်စလျှာစနည်းသူ ဆိုတော့ အစပိုင်းမှာ ဦးလှိုင်ကိုစိတ်နဲ့ရင်းနှီးနေပေမယ့်လူချင်း မရင်းနှီးခဲ့ပါဘူး။ အဲဒီကာလတွေမှာ ဆရာဒဂုန်တာရာရဲ့မွေးနေ့ကိုသွားရင်းမှော်ဘီ မှာဆုံကြတာ၊ ဆရာဒဂုန်တာရာမှော်ဘီကလာတော့ ကိုလှိုင့်ဆီသွားချင်တယ်ဆိုလို့ ဆရာဦးမင်းသစ်နဲ့ကျမတို့ဦးလှိုင်ရဲ့ ၃၄လမ်းကအလုပ်ခန်းလေးကို လိုက်ပို့ရ တာတွေ မှတ်မိနေတယ်။

တကယ်တန်းဦးလှိုင်တို့မိသားစုနဲ့နီးသွားတာကတော့ ကျမနဲ့မမိုချာ့ Operation Day Break ဆိုတဲ့ ရုပ်ရှင်ကားအခွေလေးကိုင်ပြီး အနော်ရထာလမ်းပေါ်မှာ ယောင်လည်လည်လျှောက်နေကြတဲ့ တစ်ရက်မှာပါ။ အဲဒီအခွေလေးကို မသီတာ(စမ်းချောင်း)ဆီက (ထင်ပါရဲ့) ကျမတို့ငှားလာကြတာ။ အခွေငှားလာပေမယ့် ကျမတို့မှာကြည့်စရာ စက်ကမရှိဘူး။ ဒီတော့အခွေလေးကိုင်ပြီး ဘယ်သူ့အိမ်မှာ သွားကြည့်လို့ရမလဲ စဉ်းစားရင်းလျှောက်နေကြတာ။ ဘားလမ်းနားတ၀ိုက်ရောက်တော့ ကျမတို့ရှေ့တည့် တည့်က မျက်နှာချင်းဆိုင်လျှောက်လာတဲ့ဦးလှိုင်နဲ့တွေ့ပါတယ်။ ဦးလှိုင်က ကျမတို့ ဆီတည့်တည့်မတ်မတ်လျှောက်လာရင်း ‘မိုချာ့တို့၊ ခက်မာတို့ ဘယ်သွားကြမလို့ တုန်း’ လို့မေးတော့ ကျမတို့ကအခွေကြည့် မလို့ဘယ်မှာကြည့်ရမလဲစဉ်းစားရင်း လမ်းလျှောက်နေကြတဲ့ အကြောင်းပြောလိုက် ပါတယ်။ ကျမတို့ စကားကြားတော့ ဦးလှိုင် ကချက်ချင်းပဲဖိတ်ခေါ်ခဲ့ပါတယ်။ “ဒါဆိုဦးလှိုင်အိမ်မှာ လိုက်ကြည့်လေ။ ဦးအိမ်က လမ်း ၄၀ မှာ။ နီးနီးလေးပဲ။ ဦးရဲ့မိသားစုနဲ့လည်းတွေ့ရတာပေါ့တဲ့။” ကျမ တို့လည်းရေငတ်တုန်းရေတွင်းထဲကျရုံမက ရေတွင်းထဲမှာပဒေသာပင်ပါတွေ့သလို အဖြစ်မျိုးကြုံရပါတော့ တယ်။

ဦးလှိုင်ရဲ့ဇနီးမယံကစိတ်နှလုံးသားအင်မတန်နုညံ့သိမ်မွေ့ပြီး ချစ်ခင်တတ်သူပါ။ ကြည်လင်တဲ့ စိတ်ရဲ့ အရိပ်က မျက်နှာမှာပါထင်ဟပ်နေတဲ့မယံကို ကျမတို့မြင်မြင်ချင်းချစ်ခင် ရင်းနှီးသွားကြပါတယ်။ အဲဒီကာလတွေမှာ ဦးလှိုင်နဲ့မယံတို့ရဲ့သမီးငယ်လေးစမ်းရေက ချစ်စရာအမူအယာတွေနဲ့တီတီ တာတာ စကားပြောတတ်တဲ့ အရွယ်ဆိုတော့ သမီးလေးစကားပြောတာကို ၀ိုင်းကြည့်ရယ်မောရင်း မိသားစုနဲ့ ဝေးနေတဲ့ကျမတို့ မိသားစုအရသာကိုခံစားခဲ့ရတဲ့ကာလတွေပေါ့။ တကယ်ပဲဦးလှိုင်တို့အိမ်ဟာကျမ အတွက်ဆာတဲ့အချိန်အစားအစာရခဲ့ပြီး လိုအပ်တဲ့အချိန်မှာခိုလှုံရာနေရာဖြစ်ခဲ့ပါတယ်။ ဦးတို့မယံတို့ရဲ့ သားသမီးတွေနဲ့ပါနီးစပ်ခင်မင်ပြီး သူတို့တွေခေါ်သလို မယံကို မာမားလို့ခေါ်ဖြစ်လာတာဒီနေ့ထိပါပဲ။

တစ်ရက်မှာ မှတ်မှတ်ရရ ကျမဇာတိရွာကသင်္ဘောနဲ့ပြန်လာရင်းလမ်းမှာ ၀မ်းတွေလျှောလာခဲ့ပါတယ်။ ကျမနေတဲ့ အပြင်ဆောင်ရောက်သည်ထိတောင်မပြန်နိုင်တော့တာမို့ သင်္ဘောဆိပ်နဲ့နီးတဲ့ ငယ်သူငယ်ချင်း လဲ့လဲ့ဝင်းမာရဲ့ဘားလမ်းကအိမ်ကို တန်းလာခဲ့တယ်။ သူငယ်ချင်းကလည်းအလုပ်သွားနေတာမို့ သူငယ်ချင်းအိပ်ရာထဲမှာဝင် နားနေရင်း ဦးလှိုင်အိမ်ကို ဖုန်းဆက်တော့မာမားနဲ့တွေ့တယ်။ ၀မ်းလျှောထားလို့ အားနည်းနေတဲ့ကျမအသံကိုမာမားကချက်ခြင်းသတိထားမိတယ်။ ‘သမီးအသံဘာ
ဖြစ်နေတာလဲ’ တဲ့။ ကျမက၀မ်းလျှောနေတဲ့အကြောင်းပြောပြတော့ ‘ဒါဆိုမာမားတို့ လာခဲ့မယ်’ တဲ့။ ဘားလမ်းနဲ့ လမ်း၄၀က နီးတာကြောင့် မိနစ်ပိုင်းအတွင်းပဲဦးနဲ့မာမားရောက်လာပါတယ်။ သူတို့ မျက်နှာပေါ်မှာ စိုးရိမ်ရိပ်တွကအထင်းသားပေါ်နေတယ်။ ‘ သမီးဒီအတိုင်းနေလို့ဘယ်ရမလဲ။ ဆရာဝန်ပြရ မှာပေါ့။ ဒီအိမ်မှာ သမီး သူငယ်ချင်း လည်းမရှိဘူး။ ဦးတို့အိမ်ကိုလိုက်ခဲ့’ ဆိုပြီးကျမကိုသူတို့ အိမ်ခေါ်သွားခဲ့ပါတယ်။ အိမ်ရောက်တော့ ချက်ချင်းပဲဆရာဝန်သွားခေါ်လာတယ်။ ဆရာဝန်အမျိုးသမီးက ကျမကို အကြောဆေးသွင်းပေးခဲ့တာမို့ ကျမကဦးလှိုင်တို့ဧည့်ခန်းမှာဆေးပိုက်တန်း လန်းနဲ့လှဲလျောင်းလို့ ပေါ။့ ကျမဘေးမှာတော့ ဦးတို့မာမားတို့တမိသားစုလုံးဝိုင်းလို့။ ဦးလှိုင်ရဲ့သမီးကြီး တာရာတို့ဒဏ္ဍာရီတို့ရော၊ ကလေးအငယ်တွေရော။

အဲဒီအချိန်မှာ ဧည့်သည်အမျိုးသမီးတချို့ရောက်လာပါတယ်။ ကျမမှတ်မိနေတာတော့ ဦးလှိုင်ရဲ့ ဇာတိ ပြည်ကလာကြသူတွေပါ။ ဆေးပိုက်တန်းလန်းနဲ့ကျမနားမှာမိသားစုဝင်တွေအားလုံးဝိုင်းနေတာကိုကြည့်ပြီး အမျိုးသမီးတယောက်က ‘ဒါသမီးလား၊ နေ မကောင်းလို့လား’လို့မေးတော့ ဦးလှိုင်ကချက်ခြင်း ပဲ ‘ဟုတ်တယ်။ ဒါသမီးအကြီး’ လို့ဖြေလိုက်တယ်။ မာမားကလည်းကျမရဲ့ဖွာယာကျဲနေတဲ့ဆံပင်တွေကို သပ်ပေးနေရင်း ဧည့်သည်ကိုပြုံးပြီးကြည့်နေတော့ ဧည့်သည်က အော်.. လို့ရေရွတ်တယ်။ တကယ်
တော့ နေမကောင်းဖြစ်နေတဲ့ကျမဆီမိနစ်ပိုင်းအတွင်းစိုးရိမ်တကြီးရောက်လာပြီး အိမ်ကိုခေါ်လာကတည်းက ကျမက၀မ်းနည်းဝမ်းသာနဲ့ငိုချင်နေခဲ့တာပါ။ ချက်ခြင်း ဆရာဝန်ခေါ်၊ တစ်မိသားစုလုံးအနားမှာ ၀ိုင်းအားပေးနေတော့လည်းငိုချင်တာပါပဲ။ ဧည့်သည်ရဲ့အမေးကိုမဆိုင်းမတွနဲ့‘ဟုတ်တယ်။ ဒါသမီးကြီး’ လို့ ဖြေလိုက်တဲ့အချိန် မှာတော့ ကျမရဲ့ဝမ်းသာဝမ်းနည်းရောယှက်တဲ့ခံစားမှုနဲ့ငိုချင်စိတ်က အထွဋ်အထိပ်
ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အူကြောင်ကြောင်အတွေးနဲ့လူရှေ့မှာမျက်ရည်ကျရမှာ အင်မတန်ရှက်တဲ့ ကျမက ၀မ်းသာဝမ်းနည်းစိတ်ကိုအတင်းမြိုသိပ်လို့ မျက်ရည်ကို တားဆီးရင်းမျက်စိမှိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းတွေမှာ အဲဒီ အကြောင်းပြန်တွေးတိုင်း ကျမနှုတ်ခမ်းကပြုံးနေခဲ့သလို ကျမမျက်ဝန်းမှာမျက်ရည်ဝဲခဲ့ တာချည်းပါပဲ။

အဲဒီအချိန်တွေကစလို့ ကျမနဲ့ မာမားတို့မိသားစုပတ်သက်လိုက်တာ လွမ်းစရာပုံရိပ်
တွေကများလွန်းလို့ ဘယ်လိုရှေ့နောက်စီရမလဲမသိနိုင်အောင်ပါပဲ။ ဦးတို့ရဲ့မီးဖိုချောင် က ကျမမီးဖိုချောင်လိုပဲဖြစ်ခဲ့တာကတော့စာဖွဲ့စရာမလိုအောင်ပါ။ တာရာတို့ဒဏ္ဍာရီ တို့နဲ့အတူ သူတို့အိပ်ရာထဲကြုံရင်ကြုံသလိုဝင်ပြီးတိုးခွေ့အိပ်ခဲ့ရတာလည်း ညပေါင်း မရည်တွက်နိုင်ခဲ့ပါဘူး၊ သားကြီးသစ်တော်နဲ့သားငယ်ရဲတိုက်ကိုစာသင်ပေးရင်း ကလေးတွေနဲ့လည်းဆော့ရင်းပေါ့။ အဲဒီတုန်းက အတုံးလေးတွေကျလာတာကိုဆက် ရတဲ့ ဂိမ်းစက်ကလေးကို သားငယ်ရဲတိုက်နဲ့လုကစားခဲ့ရတာမှတ်မိသေး။ တခါတခါ
ပေါက်ပေါက်ရှာရှာမေးမြန်း အထွန့်တက်တတ်တဲ့ သားငယ်ရဲ့မေးခွန်းတွေကို ဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်ခဲ့တာလည်းရှိပေါ့။ ဦးလှိုင်နဲ့ မာမားက သုခမိန်လှိုင်၊ ယံယံအနေနဲ့အဲဒီလိုလျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ကာလတွေမှာ ကျမလိုတော ကတက်လာတဲ့မအူမလည်၊ လူမှုရေးညံ့ညံ့ စာရေးသူပေါက်စလေးကိုနွေးနွေးထွေး
ထွေးဖေးဖေးမမကြိုဆိုခဲ့တာတွေအတွက် အကြောင်းပြချက်တွေထဲကတစ်ခုလို့ပြော
နိုင် တဲ့စကားတချို့ ကိုလည်းဦးလှိုင်ဆီကကြားခဲ့ဖူးပါတယ်။ ‘ နီးနီးနေရမယ့်အချိန်မှာ နီးနီးမနေခဲ့မိလို့ဆုံးရှုံးရတာတွေ ဦးတို့လောကမှာရှိခဲ့ဖူးတယ်။ အဲဒါမျိုးနောက်မဖြစ် ချင်တော့ဘူး’ တဲ့လေ။

ကျမတို့ရဲ့ပတ်သက်မှုမှာပျော်စရာတွေချည်းပဲတော့မဟုတ်ပါဘူး။ ၀မ်းနည်းခဲ့ရတာ၊ စိတ်မကောင်းဖြစ်ခဲ့ရတာ၊ နောင်တရခဲ့ရတာတွေလည်းရှိပါတယ်။ အားလုံးလိုလို ကတော့ ကျမရဲ့နားမလည်မသိတတ်မှု တွေကြောင့်ချည်းပါပဲ။ ‘ညည်းကတော့ သုံးတုံးလောက်စားပြီးတာတောင်သိမှာမဟုတ်တဲ့သူ’လို့ ဦးလှိုင် ဂရုနာဒေါသနဲ့မှတ် ချက်ချခဲ့တာလည်းမှတ်မိပါသေးရဲ့။

ကျမ ဆင်ရေတွင်းဘော်ဒါဆောင်မှာနေတဲ့ကာလ၊ ဗိုက်ဟောင်းလောင်းနဲ့ဆာလောင်
နေတဲ့နေ့တွေမှာ ကျမခေါင်းထဲပထမဆုံးရောက်လာတတ်တာက ဦးလှိုင်တို့အိမ်သွား ဖို့ပါပဲ။ ကျမဘယ်အချိန်သွားသွား အဲဒီအိမ်မှာကျမအတွက်စားစရာရှိမယ်၊အိမ်ရှင်တွေ ကလည်း ကျမကိုနွေးနွေးထွေးထွေးကြိုဆိုပြီး ၀မ်းမြောက်ဝမ်းသာကြွေးမွေးကြမယ် ဆိုတာကျမသိထားလို့ပေါ့။ ဘယ်အချိန်တွေးတွေးအဲဒီသေချာမှု ကျမခေါင်းထဲမှာ ရှိနေတာကိုက အဲဒီကာလကကျမဘ၀အတွက်အားအင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အလွမ်းဇာတ်ကတော့ အဲဒီလောက်သေချာတဲ့နေရာကိုသွားဖို့ တချို့ရက်တွေဆို ကျမဆီမှာကားခမရှိတာပါပဲ။

ကျမတို့ခင်မင်ရင်းနှီးစရက်တွေမှာ ဦးလှိုင်နဲ့တွေ့ရမှာကျမလန့်မိတာအမှန်ပါ။ ဦးလှိုင် ကဆူလွန်းလို့ပေါ့။ ကျမအဆူခံနိုင်ပါတယ်။ ခက်တာက ကဗျာဆရာ၊ သီချင်းရေး ဆရာဆူသမျှကျမအကုန်နားမလည်တာပါပဲ။ ဦးလှိုင်ပြောသမျှ မျက်လုံးအကြောင် သားနဲ့နားထောင်နေရပေမယ့်၊ နားထောင်လို့ကောင်းမှန်း မှတ်သားစရာတွေပါမှန်း ကျမအတွက်စိုးရိမ်လို့ဆုံးမနေတာမှန်းသိပေမယ့် ဘာအဖြစ်အပျက်ကိုဘယ်လိုဦး တည်ပြောနေလဲ ကျမမှန်းမရခဲ့တာတွေကများပါတယ်။ မာမားကတော့ ဦးအကြောင်း အသိဆုံးသူမို့ ဦးလှိုင်ကျမကိုအဲဒီလိုစကားတွေပြောပြီးပြီဆိုရင်ကျမ လက်မောင်း ကလေးကိုဖွဖွသပ်ပြီးဖြေသိမ့် စကားပြောတတ်ပါတယ်။ ခက်မာလည်းဦးအကြောင်း သိသားပဲ။ သူက သမီးကိုသံယောဇဉ်ရှိလို့စိတ်ပူလို့ ပြောတာပါဆိုတာမျိုးပေါ့။

ကျမမေ့မရတဲ့ညတစ်ညရှိပါသေးတယ်။ ကျမမမှားဖူးဆိုရင်အဲဒီညဟာ ဦးချောနွယ် အတွက်အမှတ်တရပွဲတခုခုကိုဦးလှိုင်ကကျင်းပပေးတာထင်ပါတယ်။ ဦးလှိုင်က ဦးဆောင်ပြီး ဦးအောင်ချိမ့်၊ ဦးချောနွယ်၊ ဦးသစ်မင်းတို့နဲ့အတူ သိမ်ကြီးဈေးအပေါ်ထပ် စားသောက်ဆိုင်ကိုသွားကြတယ်။ ကျမဘ၀မှာအဲဒီနေရာကိုပထမဦးဆုံးရောက်ဖူး တာပါပဲ။အဲဒီပွဲမှာအစပိုင်းကတော့ရောက်တတ်ရာရာပြောကြရယ်မောကြပေါ့။ နောက်
ပိုင်းကျတော့ ဦးလှိုင်ကစပြီးကျမကိုဦးတည်လို့စကားတွေပြောပါတယ်။ ဦးအောင်ချိမ့် နဲ့ဦးသစ်မင်းကလည်း ကျမကိုစကားတွေအများကြီးပြောပါတယ်။ အဲဒီညမှာ ကျမကို ဦးတည်ပြီးစကားအနည်းဆုံးပြောခဲ့တာကတော့ဦးချောနွယ်ပါ။ သူတို့ဟာကျမကိုဆုံး  မနေတာ၊ ကျမအတွက်ကောင်းရာကောင်းကျိုး တွေပြောနေတယ်ဆိုတာသိနေပေ မယ့် ထုံးစံအတိုင်းဘာကိုဦးတည်နေတာလဲ ကျမနားမလည်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ လိုပုဂိုလ်ကြီးတွေကသူတို့ရဲ့အချိန်တွေကိုပေးပြီး ကျမကောင်းရာကောင်းကျိုး အတွက် စကားတွေအများကြီးပြောခဲ့တာကိုကျမတန်ဖိုးထားကျေနပ်နေခဲ့မိပါတယ်။
 အဲဒီနေရာကိုပဲဒုတိယအကြိမ်ရောက်တာကတော့ ဦးလှိုင်နဲ့မာမားရယ်၊ဆရာဒဂုန် တာရာနဲ့ ဆရာ့မြေးမလေးဒေ၀ီရယ် ကျမရယ်။ အဲဒီနေ့ဟာလည်းကျမဘ၀ရဲ့ မမေ့နိုင် တဲ့နေ့တွေထဲကတစ်ရက်ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းတော်တော်ကြာတော့မှကျမဥာဏ်ရည်တက်လာတာထင်ပါရဲ့။ ဦးလှိုင်ဆူ ပြီဆိုရင် ဘာကြောင့်ဆူတာလဲ၊ ဘာကိုဦးတည်နေတာလဲသိလာပါပြီ။ အဲဒီအခါဦးလှိုင် အဆူခံဖို့၊ ဦးလှိုင်စကားတွေနားထောင်ဖို့ မကြာခဏအရောက်သွားမိပါတော့တယ်။ ဦးလှိုင်ကျမကိုဆူတဲ့အထဲမှာ သမိုင်းတွေပါတာကိုး။ ဘ၀ခရီးအတွက်ကိုးကားစရာ
တွေပါတာကိုး။ ဦးလှိုင်ဆီကကျမမှတ်သားခဲ့ရတာတွေ၊ လက်တွေ့အသုံးချရင်းအကျိုး ရှိနေတာတွေအများကြီးရှိပါတယ်။ တနေ့ဦးလှိုင်ပြောတဲ့စကားတွေထဲမှာ သူ့အဖေ အကြောင်းပါလာပါတယ်။ “ ဦးအဖေအသက် ၆၀ ပြည့်ကာနီးအချိန်တွေမှာ ဦးကိုယ်ဦး စိုးရိမ်တကြီး မေးခွန်းထုတ်ခဲ့တာရှိတယ်။ အဖေအသက် ၆၀ ပြည့်ပြီးနောက်ပိုင်းမှာ အဖေ့ကိုအစစတာဝန်ယူလုပ်ကြွေးနိုင်ပါ့မလားဆိုပြီးတော့လေ။ အသက် ၆၀ ကျော် အဖေကိုတော့ ဦးကအပြည့်အ၀တာဝန်ယူလုပ်ကြွေး ချင်တယ်’ ဆိုတဲ့အဓိပ္ပါယ်မျိုးပါ။ စကားလုံးအတိအကျတော့ ကျမလည်းမမှတ်မိတော့ပါဘူး။ ဦး အဲဒီစကားပြောတဲ့ အချိန်မှာ ကျမကအသက်၂၅-၃၀ ၀န်းကျင်၊ ကျမအမေက ၅၀ ကျော်ပေါ့။ ဦးလှိုင် စကားက အဲဒီကတည်းကကျမခေါင်းထဲစွဲနေခဲ့ပါတယ်။ ငါလည်း အမေအသက် ၆၀ ပြည့်ကတည်းက အစစတာဝန်ယူလုပ်ကြွေးချင်တယ်ဆိုတဲ့စိတ်ဝင်ခဲ့တယ်။ လုပ်ကြွေးခွင့်ရပါစေလို့ဆုတောင်းခဲ့တယ်။ လုပ်ကြွေးခွင့်ရအောင်ကြိုးစားခဲ့ပါတယ်။ အကယ်၍များဦးလှိုင်စကားကိုနားမထောင်မိခဲ့ရင်အဲဒီအတွေး ကျမဆီအချိန်မီဝင်လာ ပါ့မလားစဉ်းစားစရာပါပဲ။

ဦးလှိုင်ရဲ့ဆုံးမစကားတွေထဲမှာ ကျမမှတ်သားကျင့်ကြံခဲမိတဲ့နောက်စကားတစ်ခွန်း လည်းရှိပါသေးတယ်။ “ လူတွေက နိုင်အောင်တိုက်နိုင်တာကိုမှသတ္တိလို့ထင်ကြတာ သမီးရဲ့။ တကယ်တော့ လိုအပ်လာတဲ့အခါ အရှုံးပေးရဲတာ၊ အရှုံးကိုလက်ခံရဲတာ လည်းသတ္တိပဲ”တဲ့။ အဲဒီစကားဦးလှိုင်ဆီကကြားပြီးကတည်းက ကျမဘ၀မှာတော်
တော်အေးချမ်းသွားပါတယ်။ ကျမသတ္တိရှိရှိရှုံးတတ်သွားပါတယ်။ တခါတရံကျမသား
တွေကိုတောင်အဲဒီ သဘောတရားကိုလက်ဆင့်ကမ်းမိပါသေးတယ်။ ငြိမ်းချမ်းမှုရဲ့ စွမ်းအင်ကိုလည်း ဦးပေးတဲ့ဥပမာတစ်ခုထဲမှာကျမမှတ်သားခဲ့ရပါတယ်။ ‘ မီးဆိုတာ ဘယ်လောက်ပဲအရှိန်အဟုန်ကြီးကြီး ကိုယ်လောင်ကြွမ်းရမယ့်အရာကရေဖြစ်နေရင်
လောင်လို့မရဘူး။ သမီးရဲ့မာမားကရေနဲ့တူတယ်။ ဦးကတော့မီးပေါ့။ ဦးကဘယ်
လောက်ပဲလောင်ချင်လောင်ချင် သူကရေဖြစ်နေတော့လောင်လို့မရဘူး’ တဲ့။

မာမားကတော့တကယ့်ရေပါ။ ရေမှသဘာဝအတိုင်းကြည်ကြည်လင်လင်စီးဆင်းနေတဲ့
စမ်းရေ။ စမ်းရေရဲ့ကြည်လင်မှုကိုထိုးဖောက်ပြီးအတွင်းသားကိုမြင်နိုင်သလို မာမားရဲ့ စိတ်အတွင်းသားကိုလည်း မာမားစိတ်ရဲ့ကြည်လင်မှုကတဆင့်မြင်နိုင်ပါတယ်။ မာမား ကလူတိုင်းကိုမေတ္တာထားနိုင်သူ၊ မစ္ဆရိယစိတ်ကင်းသူ၊ တဖက်သားကိုဖြည့်နိုင်သမျှ
ဖြည့်ပေးချင်သူပါ။ ကျမဘယ်အချိန်အိမ်တံခါးကိုသွားခေါက်ခေါက် အပြုံးနဲ့ကြိုပြီး လူရောစိတ်ကိုပါအဟာရဖြစ်စေမယ့်အရာတွေကြွေးမြဲပါ။ ကိုယ်ကကြွေးမွေးပေးကမ်း
စောင့်ရှောက်နေရသူရယ်ဆိုတဲ့စိတ်ဘယ်တော့မှမထားပဲ မသိတာရှိရင်မသိဘူးပြော ပြီး သမီးသိရင်ပြောပြစမ်းပါလို့ ပွင့်ပွင့်လင်းလင်းမေးတတ်သူပါ။ ကျမကကိုယ့်ထက် ၁၀ နှစ်ကြီးသူကိုလက်ထပ်လိုက်တဲ့အခါ ကျမခင်ပွန်းကမာမားနဲ့အသက်မတိမ်း မယိမ်းဖြစ်နေပါတယ်။ (ကြီးတောင်ကြီးမယ်ထင်ပါရဲ့)။ အဲဒီအခါ သီတင်းကျွတ်တစ် ရက် ဦးနဲ့မာမားကိုကျမတို့ကန်တော့ဖို့သွားတော့ မာမားအခက်တွေ့နေတာပြန်မြင်
ယောင်ပါသေးတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၁ စက်တင်ဘာပထမပါတ်ထဲမှာ ကော်နဲလ်တက္ကသိုလ်ကဖိတ်တာကြောင့် Reading နှစ်ခုလုပ်ဖို့သွားရပါ တယ်။ ကျမနဲ့ရော ဦးလှိုင်နဲ့ပါခင်တဲ့သူငယ်ချင်း Jane ( ငြိမ်းချမ်းအေး) က ကော်နဲလ်က PhD ရထား ပြီး လောလောဆယ် Australia National University မှာ သမိုင်းနဲ့မနုဿဗေဒသင်နေသူပါ။ မြန်မာလိုလည်းကောင်း
ကောင်းပြောတတ်သူပေါ့။ ကော်နဲလ်မသွားခင် ငြိမ်းဆီကျမကအီးမေးလ်ပို့လိုက်ပါ တယ်။ ကော်နဲလ်မှာ ငြိမ်းသူငယ်ချင်းဘယ်သူရှိသလဲပေါ့။ တကယ်တော့ ကျမက
ဖြစ်နိုင်ရင်မြန်မာစာသင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့တွေ့ချင်တာပါ။ ကျမမေးလ်ပို့ပြီးမိနစ်ပိုင်းအတွင်းငြိမ်းဆီက စာပြန်လာပါတယ်။ ‘ကျမကော်နဲလ်မှာရှိ တယ’်တဲ့။ ငြိမ်းက ANU ကခွင့်ရတုန်းကော်နဲလ်မှာ သုတေသနစာတန်းလာရေးနေ
တာပါ။ တကယ့်ပျော်ရွှင်စရာတိုက်ဆိုင်မှုပါပဲ။ ကျမရောက်ကတည်းက ကျမအတွက် စီစဉ်ပေးထားတဲ့အခန်းမှာငြိမ်းကလာနေလိုက်တာ ကျမပြန်သည်အထိပါပဲ။ ဂစ်တာ တီးကြ၊ သီချင်းဆိုကြ၊ ကော်နဲလ်တက္ကသိုလ်ရှိရာအီသကာရဲ့ရှုခင်းတချို့ကိုလိုက် ကြည့်ကြပေါ့။ ငြိမ်းကသူ့ရဲ့ မြန်မာသူငယ်ချင်းတွေအကြောင်းပြောတဲ့အခါ အမြဲပါတာ ကဦးလှိုင်အကြောင်းပါ။ ဦးလှိုင်နဲ့စကားပြောရတာပျော်စရာကောင်းတယ်နော်လို့ငြိမ်း
ကအမြဲပြောပါတယ်။

ကျမကော်နဲလ်တက္ကသိုလ်ကပြန်တဲ့ညက ဆောင်းဦးပဲရှိနေသေးပေမယ့်အတော်အေး ပါတယ်။မိုးကလည်းတဖွဲဖွဲရွာလို့။ကော်နဲလ်တက္ကသိုလ်ရှိရာအီသကာကမြို့သေးလေး မို့လေယာဉ်ကွင်းကလည်းသေးသေးလေးပါ။ ကျမရောက်ခဲ့ဖူးသမျှအမေရိကန်နိုင်ငံ အတွင်းကလေယာဉ်ကွင်းတွေထဲမှာ အသေးဆုံးလေယာဉ်ကွင်းပါပဲ။ လေယာဉ်ကွင်း ကသေးတော့လေယာဉ်သေးသေးတွေပဲဆင်းပါတယ်။ ကျမစီးရ မယ့်လေယာဉ်က
လေယာဉ်ပေါ်မတက်ခင်ထဲက ၁ နာရီနောက်ကျမယ်ဆိုတာကြေငြာပြီးသားပါ။ ၁ နာရီနောက်ကျပြီးလေယာဉ်ပေါ်တက်တာတောင် လေယာဉ်ပြေးလမ်းပေါ်ကနေ
ကောင်းကင်ပေါ်တက်ကာနီးမှ နောက်ထပ်နာရီဝက်နောက်ကျမယ်လို့ကြေငြာပြီး စက်နှိုးရက်တန်းလန်းကြီးနဲ့ရပ်နေပါတယ်။

အပြင်မှာရာသီဥတုကမှောင်နေပါပြီ။ မိုးဖွဲဖွဲကျနေတဲ့အီသကာလေယာဉ်ကွင်းရှုခင်းက ဆွဲဆောင်မှုမရှိလှပါဘူး။ လေယာဉ်ပြတင်းကနေအပြင်ကိုငေးပြီးဟိုဟိုသည်သည်
တွေးရင်းကျမရဲ့ အလွမ်းစိတ်ကနိုးကြားလာပြန်ပါတယ်။ ၃ရက်အတူနေခဲ့ရတဲ့သူငယ် ချင်းငြိမ်းကိုလွမ်းမိရာကနေ ငြိမ်းနဲ့မမျှော် လင့်ပဲတွေ့ခဲ့တဲ့အကြောင်းဦးလှိုင်ကိုပြောပြ ချင်လိုက်တာလို့စဉ်းစားမိပါတယ်။ အဲဒီကနေအတွေးဆက်သွားလိုက်တာ ကျမက ဦးလှိုင်တို့ မီးဖိုချောင်ထဲရောက်သွားလိုက်၊ ဦးလှိုင်သမီးတာရာတို့ဒဏ္ဍာရီတို့နဲ့အတူ အိပ်ခဲ့တဲ့ထပ်ခိုးကလေးထဲကအိပ်ရာဆီရောက်သွားလိုက်၊ မားမားစက်ချုပ်နေတဲ့စက် ခုံလေးဘေးမှာထွေရာလေးပါးပြောလိုက်၊ သား ကြီးသားငယ်တို့ကိုစာသင်ပေးခဲ့တဲ့ စားပွဲဝိုင်းပုလေးဆီရောက်သွားလိုက်ပေါ့။

တခါတခါ သတိလက်လွတ်ဟက်ကနဲရယ်မိသလို ကိုယ့်ဘာသာသတိမထားမိပဲ ကျလာတဲ့ မျက်ရည်ကိုကမန်းကတန်းသုတ်ရင်း ဘေးခုံမှာထိုင်နေတဲ့ကိုးရီးယား မလေးကို မျက်ရည်တွေနဲ့ရယ်ပြမိသေး။ ကောင်မကလေးက ခဏတော့သည်းခံပါ
သေးတယ်။ မိနစ် ၂၀လောက်ကြာတော့ လေယာဉ်ပြတင်းကနေမိုးရွာနေတဲ့အပြင် ရှုခင်းကိုကြည့်ပြီး ရယ်လိုက်မျက်ရည်သုတ်လိုက်ဖြစ်နေတဲ့ကျမကို ပုံမှန်စိတ်မှဟုတ် ရဲ့လား မသင်္ကာတော့ဘူးထင်ပါရဲ့၊့ တစ်တန်းကျော်ကလူလွတ်နေတဲ့ခုံဆီပြောင်း သွားတော့တယ်။ ကျမကတော့ ကျမဘ၀မှာ မျက်ရည်ကျအောင်လွမ်းရသူတွေရှိနေ တာကိုကျေနပ်လို့ပေါ့။ ကျမဘယ်လောက်ကံကောင်းသလဲ ကောင်မလေး ကသိနိုင် မှာမဟုတ်ပါ ဘူး။ တခါတလေ ဘ၀မှာကံဆိုးမှုတွေကနေ ကံကောင်းမှုတွေပေါ်လာ တတ်တာအဲဒီကောင်မလေးကျမအရွယ်ရောက်ရင်သိနိုင်ကောင်းပါရဲ့။

တကယ်တော့ ကျမကအကြွေးတင်နေတဲ့မာမားအီးမေးလ်ကိုပြန်ဖို့ စားပွဲမှာထိုင်တာ ပါ။ ရေးရင်းနဲ့ ကျမစာကပြန်စာနဲ့မတူတော့ဘူး။ အမှတ်တရစာတစ်ခုလိုဖြစ်သွား တယ်။ ဒါနဲ့ကျမလည်း ဦးနဲ့မားမားဆိုပြီး တပ်ထားတဲ့ခေါင်းစဉ်ကိုဖြုတ်လိုက်ပြီး ကျမ
ရေးချင်တာတွေကို ရေးချင်သလိုရေးလိုက်တော့တယ်။ အဓိကကတော့ ကျမဘ၀မှာ ဦးတို့မိသားစုနဲ့ဆုံဆည်းခဲ့ရတာဟာ ဘ၀တန်ဖိုးတစ်ခုလို့ခံစားမိကြောင်း ဦးနဲ့မာမားတို့ ကိုပြောပြချင်တာပါပဲ။ လူသားအချင်းချင်းပီတိကိုခံစားစေရခြင်းဟာ မင်္ဂလာတစ်ပါးလို့ ကျမတွေးမိလို့ပါ။ မာမားစာထဲမှာ ‘ သမီးကိုမာမားတို့ကချစ်နေလွမ်းနေပါတယ်။’ ဆိုတဲ့စာကြောင်းလေး ဖတ်ရတာတောင်ကျမဘယ်လောက်ပီတိဖြစ်ခဲ့ရသလဲဆိုတာ ကျမအသိဆုံးလေ။

ကျမနဲ့ ဦးတို့မာမားတို့ရဲ့သားငယ်ရဲတိုက်ကလည်း အွန်လိုင်းကတဆင့်အဆက် အသွယ်ရှိပါတယ်။ သားငယ်နဲ့ကျမနီးစပ်ခဲ့တာသားငယ်အသက် ၁၀နှစ်ဝန်းကျင်
လောက်ကတည်းကပါ။ သူတို့မောင်နှစ်မ တွေထဲမှာသားငယ်ကအဆော့ဆုံး၊ ဂွတီး ဂွကျပေါက်ပေါက်ရှာရှာအမေးဆုံး၊ ဆင်ခြေဆင်လက်အများဆုံးပါ။ ဘာကြောင့်မှန်း မသိ ကျမကလည်း အဲဒီကလေးနဲ့ အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။ သားကြီးနဲ့သားငယ်ကို စာသင်ရင်းသားငယ်မေးတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို ကျမမရှင်းနိုင်လို့လား၊ သားငယ်ရဲ့ အဖြေမှန်ကို ကျမကမှားတယ်ပြောမိလို့လား မသိပါဘူး၊ ကျမတို့တတွေစကားတွေ အခြေအတင်ဖြစ်ပြီး စာသင်တဲ့ဝိုင်းမှာ သားငယ်ရောကျမပါ ထိုင်ငိုခဲ့ကြတာ လည်း ဘ၀မှာမေ့မရတဲ့အဖြစ်အပျက်တွေထဲကတစ်ခုပေါ့။

ခုတော့ ကျမသားတွေက သားငယ်နဲ့ကျမစတင်ဆုံစည်းစဉ်ကအရွယ်ကိုတောင်ကျော်
နေပါပြီ။ အိပ်မပျော်ပဲ အတိတ်ကိုလွမ်းနေတဲ့တစ်ညသားငယ်ကိုဂျီတော့ကတဆင့်
နှုတ်ဆက်မိပါတယ်။ ဘောင်းဘီတိုကလေးနဲ့၁၀နှစ်ဝန်းကျင်အရွယ်ကလေးဘ၀ထဲက ခင်မင်နီးစပ်ခဲ့ရတဲ့ကလေးမို့လားမသိ၊ သူ့ကို ကျမကသွေးသားရင်းလိုခံစားရပြီး ရင်ထဲ ရှိသမျှတွေကိုဟန်မဆောင်ပဲပြောမိတယ်။ ကွန်ပျူတာမျက်နှာပြင်မှာ ဖြတ်ကနဲဖြတ် ကနဲပေါ်လာတဲ့စာလုံးလေးတွေကတဆင့် သားငယ်ရဲ့ကျမအပေါ်ထားတဲ့လေးနက် မှုနဲ့စိုးရိမ်စိတ်ကိုမြင်ရပါတယ်။

“ အန်တီက Home Sick ဖြစ်ပြီး ဒီပရက်ရှင်ရနေတာထင်တယ်၊ ဂရုစိုက်ပါ အန်တီ ရယ်” ဆိုတဲ့စာသားပေါ်လာတော့ ကျမမျက်ရည်ကျရပြန်တယ်။ ကျမနဲ့သားငယ်
နောက်ဆုံးလူချင်းဆုံခဲ့တဲ့ ၂၀၀၆ အထိ သူ့ကိုယ်သူ ‘သားကလေ၊ သားကိုလေ’လို့ ရည်ညွှန်းပြောခဲ့သေးပေမယ့်အခုကွန်ပျူတာပေါ်ကစကားဝိုင်းမှာတော့ ငယ်ငယ်တုန်း ကလို ‘သား’ လို့ နာမ်စားမသုံးတော့ပဲ ‘ ကျနော်’ လို့သုံးတာကိုသတိထားမိတယ်။
သြော်..ကျမကဘယ်လောက်ပဲကလေးလိုမြင်နေသေးပေမယ့် မောင်ရဲတိုက်ကလူကြီး
ဖြစ်နေပြီလေ။ ကျမအတွက်ကတော့သူဟာ ကျမသားတွေထက်နှစ်ပေါင်းများစွာစော ပြီး ‘သား’ လို့ခေါ်ခဲ့ရတဲ့ အရည်အတွက်အင်မတန်နည်းတဲ့ကလေးတွေထဲက တစ်ယောက်ပါ။ ကျမသားတွေကိုတောင်များသောအားဖြင့် ၀ဿန်၊ နွေဦးစသဖြင့် နံမည်ပဲခေါ်မိတတ်ပေမယ့် သူတို့ညီအကိုနှစ်ယောက်ကိုတော့တစ်ခါမှ သစ်တော်၊ ရဲတိုက် ဆိုပြီးနံမည်မခေါ်ခဲ့ဖူးပါဘူး။ စတွေ့ ကတည်းကသားကြီးသားငယ်ပဲခေါ်လာ လိုက်တာ ဒီနေ့ထိပါပဲ။

မနက်လင်းအားကြီးပြီမို့ အိပ်တော့မယ် သားရယ်ဆိုပြီးနှုတ်ဆက်တော့သားငယ်က “အန်တီဘယ်အချိန်စကားပြောချင်ပြောချင်ကျနော့်ကို လှမ်းခေါ်ပါနော်’တဲ့။ ကျမမှာ မျက်ရည်တွေနဲ့ပြုံးမိတဲ့အရူးတစ်ယောက်လိုဖြစ်ရပြန်ပါပြီ။

ဒီစာစုလေးကိုဦးနဲ့မာမားဆီပို့မယ်လို့ဆုံးဖြတ်တဲ့နေ့မှာ တခေါက်ပြန်ဖတ်ပါတယ်။ အံ့သြစရာကောင်းတာက ဦးတို့မာမားတို့မိသားစုနဲ့အတူရှိနေခဲ့တဲ့အချိန်တွေကို ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ပြန်သတိရရ ကျမကို အရူးတစ်ယောက်လို မျက်ရည်ကျလိုက်၊ မျက်ရည်တွေကြားကရယ်လိုက်ဖြစ်စေတာပါပဲ။

လူတစ်ယောက်ရဲ့ဘ၀မှာ ပြန်တွေးလိုက်တိုင်း အရူးလိုရယ်လိုက်ငိုလိုက်ဖြစ်စေနိုင်သူ ဘယ်နှစ်ယောက် ရှိနိုင်ပါသလဲ။ ကျမကတော့ ကျမကိုအရူးတစ်ယောက်လိုဖြစ်သွား
စေနိုင်သူပမာဏကို ကျမဘ၀ရဲ့ကြွယ်ဝမှု၊ တကယ့်ပိုင်ဆိုင်မှုလို့မှတ်ယူပါတယ်။
Labels: | edit post
Reactions: 
4 Responses
  1. Anonymous Says:

    ဆရာမ
    သက်လတ်ပိုင်းကာလရဲ့ ကာလတွေရော လွမ်းမောစရာအတိတ်တွေရော ဒွေးရောသွယ်ယှက်လို့
    ချည်နှောင်ခဲ့တဲ့ကြိုးထုံးအရေအတွက်ကတော့ ဘယ်လိုဖြေဖြေပြေမှာ မဟုတ်နိုင်ဘူးနော်
    တခါတလေကျလည်း အတိတ်ဆိုတာကိုပြန်သွားတဲ့ ရထားတွေ တစင်းပြီးတစင်းစီးရင်းနဲ့ပေါ့
    စိတ်ဓါတ်ကျအားငယ်တိုင်းမှာ ငါ့မှာ သာယာပျော်ရွှင်ခဲ့တဲ့ အတိတ်ရှိခဲ့တယ်ဆိုပြီး အားဖြည့်ရင်း ကျနော်တို့တွေ ရှေ့ဆက်ရင်း...


  2. လောလောဆယ် တစ်ယောက်တည်း ဖြစ်နေပေမယ့်လည်း တစ်နေရာမှာ ကိုယ့်ကို ချစ်တဲ့ ခင်တဲ့ လူတွေ ရှိနေတယ် ဆိုတဲ့ စိတ်က ကိုယ့်ကိုယ်ကို အင်အားတွေ ဖြစ်စေပါတယ်..


  3. san htun Says:

    တူတူပဲ ဆရာမ..


  4. အစ်မ ခက်မာ
    အစ်မရဲ့စာလေးကို ဖတ်နေတဲ့အချိန်မှာ အစ်မလွမ်းသလို လိုက်လွမ်းနေရပါတယ်။