ဘာလို့များ
အဲဒီအကြောင်းတွေကို
ခေါင်းထဲကထုတ်မရဖြစ်နေရတာလဲ။
နောင်တရတာလည်းမဟုတ်
အလွမ်းတွေစွန်းနေတာတော့သေချာ
ဒေါသသင့်တာလည်းအမှန်
မချိတင်ကဲ..၊
ဖြစ်မှဖြစ်ရလေ
ငါတော်တော်မုန်းဖို့ကောင်းတာပဲ
ဒါပေမယ့်
လုပ်ခဲ့တာတွေမှန်တယ်
အဲဒီကောက်နှုတ်ချက်အားလုံးပါတယ်။
အဲဒါ မိန်းမတွေရဲ့အားနည်းချက်ပဲ
သီချင်းသံကြားတိုင်း
ငါ့ကိုဆိုနေတာများလားထင်တာ
ဘ၀ရဲ့တ၀က်ကိုတော်တော်ကျော်နေတာတောင်မှ
၁၈ နှစ်တုန်းကရည်းစားစာပေးခဲ့ဖူးသူက
ငါ့ကိုချစ်နေသေးမှာပဲလို့ထင်တာ။
အားသာချက်ကတော့
ကျဆုံးခဲ့သမျှ..
မျက်ရည်နဲ့ဆေးလိုက်ရင်အသစ်ဖြစ်သွားတာ။
မကျေနပ်တာတွေကိုပွက်ပွက်ဆူနေတဲ့ဆီအိုးထဲ
ငရုတ်သီးစပ်စပ်နဲ့ထည့်ကြော်နိုင်တာ။
လွန်ခဲ့တဲ့နှစ်အစိတ်ကခံစားခဲ့ရတဲ့နွေးထွေးမှုတွေရဲ့အင်အားကို
အခုအချိန်ထိရီဆိုက်ကယ်လုပ်ပြန်လုပ်သုံးနိုင်တာ။
ဒီလိုနဲ့ပဲ
ကာယကံ၊ ၀စီကံ၊
မနောကံတွေကြားမှာညပ်နေတဲ့
ပစ်မှားမိသောအရေအတွက်တွေကို
သွားကြားထိုးတံနဲ့ထိုးကော်
တချို့တလေတော့ထွက်လာတာပေါ့။
ထုံးကျောက်အဖြစ်ဘ၀ပြောင်းသွားတဲ့
အံသွားနှစ်ခုကြားက
နှစ်ပြန်ကျော်
နှမ်းစေ့လေးရဲ့ရနံ့နဲ့
သက်တောင့်သက်သာမရှိတဲ့
ခိုးလိုးခုလုနှစ်သက်ဖွယ်
အနေခက်လို့ထုတ်ချင်၊
အရသာလေးပျက်သွားမှာလည်းစိုး
လျှာလေးနဲ့ထိုးကော်ထုတ်လို့ပွန်းပဲ့ပါကျလာတဲ့
နှမ်းရဲ့အဆိမ့်ဓါတ်ကလေးကိုစွဲလန်းနေတာမျိုး
တွယ်မက်မိသော
ဝေဒနာများနဲ့ခရီးသွားဆဲ..။
ထားလိုက်ပါတော့လေ။
ခေါင်းထဲကထုတ်မရတော့လည်း
သူ့ဘာသာထွက်သွားမယ့်အချိန်ကိုစောင့်ယုံပေါ့။
အဲဒါ..ဆင်ခြေ။ ။
ခက်မာ
ဒုက္ခကဗျာမှာ တကယ့်ဒုက္ခတွေမြင်လိုက်ရတယ်
တချို့စာလုံးလေးတွေပြန်ပြင်ပေးပါအုံး
မကျေနပ်တာတွေကိုပွက်ပွက်ဆူနေတဲ့ဆီအိုးထဲ
ငရုတ်သီးစပ်စပ်နဲ့ထည့်ကျော်နိုင်တာ။ (ကြော်)
ကာယကံ၊ ၀စီကံ၊ မနောကံတွေကြားမှာညပ်နေတဲ့
ပစ်မှားမိသောအရည်အတွက်တွေကို (အရေတွက်)
ဒီကွန်မင့်ကိုပြန်ဖျက်ချင်ဖျက်နိုင်ပါတယ်း) ကျွန်တော့်ဘလော့မှာလင့်ချိတ်ထားပါရစေ
မောင်ဘကြိုင်
http://mgbakyaing.blogspot.com/