1. 2.

                                                                   လိပ်ကလေးရဲ့ တက္ကစီ..

“Equal and exact justice to all men of whatever state or persuasion”
                                                       Thomas Jefferson

ဒါဟာ အမေရိကန်တောင်ပိုင်း အလဘားမားပြည်နယ်၊ ဘာမင်ဟမ်မြို့မှာ တည်ရှိတဲ့ Civil Rights Institute ပြခန်းအတွင်းနံရံတခုပေါ်က ကျမကူးယူခဲ့တဲ့ စာသားဖြစ်ပါတယ်။ လူတွေကပဲ အသား အရောင်မတူတဲ့တခြားလူမျိုးစုတခုကို လူထက်တဆင့်နိမ့်နေသလိုခွဲခြားဆက်ဆံခဲ့ရခြင်းဟာ ဂျက်ဖာဆင်ကို  အဲဒီစကား   ပြောဖြစ်စေခဲ့ပါတယ်။ လူလူချင်းခွဲခြားဆက်ဆံခံခဲ့ရခြင်းရဲ့အထောက် အထားတွေ ကိုပြသထားတဲ့ Civil Rights Institute ဟာ ကျမကို အတော်ဆွဲဆောင်ခဲ့ပါတယ်။ ကျမတို့ စာအုပ်တွေထဲမှာ အရေးအသားနဲ့ဖတ်ခဲ့ရတဲ့ ခွဲခြားဆက်ဆံခံရမှုပြရုပ်တွေကို ဓါတ်ပုံတွေ၊ ပုံစံတူရုပ်ထုတွေ၊ မှတ်တမ်းရုပ်ရှင်တွေအဖြစ်နဲ့ မြင်ခဲ့ရတဲ့နေရာပါ။ 
          
 ကျမတို့ဘာမင်ဟမ်မ်ကိုရောက်တဲ့နေ့ရဲ့ မျက်မြင်အခြေအနေကိုကြည့်ပြီးပြော မယ်ဆိုရင်ဖြင့်  ဘာမင်ဟမ်မ်ဟာ Bad Birmingham,၊ Bombingham ဆိုတာမျိုး အခေါ်ခံခဲ့ရတယ်ဆိုတာ၊ "the most thoroughly segregated city in the United States," ဆိုပြီးသတ်မှတ်ခံခဲ့ရတယ်ဆိုတာတွေဟာ မယုံကြည်ချင်စရာပါ။ အဲဒီနေ့ ဟာ ခရီးစဉ်တခုလုံးအတွင်းမှာ နေလို့ထိုင်လို့အကောင်းဆုံးထဲကတစ်နေ့ဖြစ်ပါတယ်။ 
နွေဦးနေရောင်ကလင်းနေတယ်။ ကောင်းကင်ကြီးကပကတိအပြာရောင်။ မပူလွန်း မအေးလွန်းတဲ့ရာသီဥတုထဲမှာ လူတွေကပေါ့ပါးပျော်ရွှင်ဟန်ပေါက်နေတယ်။ လမ်းပေါ်မှာအာဖရိကန် အမေရိကန်အများစုကတယောက်ကိုတယောက်နောက်
ပြောင် ရင်း ရယ်မောပျော် ရွှင်နေတယ်။ အာရှ၊ အာဖရိက၊ ကနေဒါ၊ ဥရောပ၊ သြစတေးလျှနဲ့ အမေရိကအတွင်းကစာရေးဆရာ တွေပူးပေါင်းပါဝင်ကြတာမို့ ကျမတို့ အဖွဲ့ထဲကလူတွေရဲ့ မတူကွဲပြားတဲ့ရုပ်ရည်ပုံသဏ္ဍန်တွေက ထင်ရှားနေတယ်။ ရုပ်သွင် အမျိုးမျိုးနဲ့ကျမတို့တတွေကို လမ်းပေါ်မှာသက်တောင့်သက်သာ လှုပ်ရှား သွားလာနေကြတဲ့လူမည်တွေက ပြုံးရွှင်ရယ်မောပြီးနှုတ်ဆက်ကြတယ်။ ဘယ်ကလာ တာလဲ၊ ဘာလာလုပ်တာလဲ၊ ဘယ်ကိုသွား မှာလဲရယ်လို့ စိတ်ဝင်စားဟန်စပ်စုကြ တယ်။

ကော်ဖီဆိုင်လေးတခုထဲမှာမိတ်ကပ်ထူထူလိမ်းထားတဲ့ လူမည်းအမျိုးသမီးကြီး တဦးကကက် ဆက်နဲ့ဖွင့်ထားတဲ့တေးသွားအတိုင်း ကောင်တာအတွင်း ဖက်မှာကနေ ကရင်း ကျမသူငယ်ချင်း Maddeline ကိုကော်ဖီရောင်းတယ်။ ကောင်တာအပြင်ဖက် မှာ ကျမတို့နဲ့အတူမတ်တပ်ရပ်နေတဲ့ မျက်နှာချိုချိုနဲ့လူမည်းဦးကြီးက ဘာမင်ဟမ်မ်ကို ကြိုက်သလားလို့ ကျမကိုမေးတယ်။ နေရောင်လင်းတဲ့ဘာ မင်ဟမ်မ်ရဲ့လမ်းမဘေး တနေရာကပန်းခြံသေးသေးထဲမှာတင်ပြင်ခွေထိုင်ပြီး ကျမအရင်ကတခါမှမစားဖူးတဲ့ Chicken Gazette (ကြက်ရဲ့ဇလုတ်လို့ပြောတယ်။) ကြော်ကိုမြိန်မြိန် ယှက်ယှက် စားထားရတာ မကြာသေးတာမို့ စိတ်ရွှင်လန်းနေတဲ့ကျမက “ ဘာမင်ဟမ်မ်ကို ကျမ ကြိုက်တာပေါ့” လို့ဖြေမိတော့ သူက ပြုံးနေတဲ့မျက်နှာနဲ့ပဲ “ ထူးဆန်းတယ်” လို့ကောက်ချက်ချတယ်။
          
 ဘာမင်ဟမ်မ်ကိုစရောက်ခဲ့တဲ့နေ့မှာပဲ ကျမတို့တတွေကိုကြိုဆိုခဲ့တဲ့ Professor Pamela S.King နဲ့အတူ Walking Tour လှည့်လည်ရင်း ဘာမင်ဟမ်မ်နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ် ရာတွေကို သိခဲ့ရပါတယ်။ ဘာမင်ဟမ်မ်ကို Post civil war city  တခုအဖြစ် ၁၈၆၁ ခုနှစ်မှာတည် ထောင်ခဲ့ပါတယ်။ စာသင်ကျောင်းတွေမှာ၊ ဘတ်စ်ကားလိုရထားလိုယာဉ်တွေအတွင်းမှာ၊ စားသောက် ဆိုင်တွေ သန့်စင်ခန်းတွေ အတွင်းမှာ၊ လမ်းဘေးမှာလူထုရေသောက်ဖို့စီစဉ်ပေးထားတဲ့ရေပန်းတွေမှာ လူဖြူနဲ့ လူမည်းတွေကိုသီးခြားစီနေထိုင်ဖို့  Jim Crow Laws ဆိုတာကို ၁၈၇၆ - ၁၉၆၅ အတွင်း ဥပဒေနဲ့ အမိန့်ထုတ်ခဲ့ပါတယ်။ ဘာမင်ဟမ်မ်မှာလဲ Jim Crow Laws အရ ကန့်သတ်ထားတဲ့ဒေသ တွေရှိခဲ့တာပါပဲ။ ပါမောက္ခ Pamala King က ကျမတို့ကို Old Jim Crow District ဆီဦးဆောင်သွားခဲ့ ပါတယ်။ ဘာမင်ဟမ်မ်ဝန်းကျင်က လူမည်းအများစုဟာ ၁၉၀၆၊ ၁၉၀၇ ကာလတွေအတွင်းထွန်းကားခဲ့ တဲ့စတီးလ်လုပ် ငန်းတွေ၊ ကျောက်မီးသွေးမိုင်းတွေမှာအလုပ်လုပ်ခဲ့ကြပါတယ်။ အဲဒီကာလတွေ အတွင်း ဘာမင်ဟမ်မ်မှာစက်မှုလုပ်ငန်းတွေအများကြီးရှိခဲ့သလို အသားအရောင်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ မြောက်များစွာရှိခဲ့တယ်။ အမေရိကန်တောင်ပိုင်းရဲ့ အကြီးဆုံးကွန်မြူနစ်စ်ပါတီကိုလည်း ဘာမင်ဟမ်မ် မှာဖွဲ့စည်းခဲ့တယ်လို့ ပါမောက္ခ King ကပြောပါတယ်။
          ၁၉၆၀ အစောပိုင်းတ၀ိုက်မှာတော့ ဘာမင်ဟမ်မ်ဟာနေထိုင်ရတာ အတော်အန္တရာယ် များတဲ့မြို့တော်ဖြစ်ခဲ့ပါတယ်။ လမ်းမပေါ်မှာလမ်းလျှောက်နေတဲ့ လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေအားလုံး ရဲ့အသက်ဟာမလုံခြုံပါဘူး။ ၁၉၅၀ ကနေ ၁၉၆၀ ဆယ်စုနှစ်အတွင်း ဒါဇင်နဲ့ချီတဲ့ဗုံးတွေဟာ ဘယ်သူ မှန်းမသိတဲ့အကြမ်းဖက် သမားတွေရဲ့လက်ချက်နဲ့မကြာခဏပေါက်ကွဲခဲ့ပါတယ်။ များသောအားဖြင့် လူမည်းတွေရဲ့အိမ်တွေနဲ့ လူမည်းတွေရဲ့စီးပွားရေးဆိုင်ရာအဆောက်အဦးတွေဟာ အကြမ်းဖက်သမားတွေရဲ့ဦးတည်ရာဖြစ်ခဲ့ပါတယ်။ အဲဒီလိုဒါဇင်နဲ့ချီတဲ့ ဗုံးပေါက်ကွဲ မှုတွေဟာ Birmingham ကို Bombingham ဆိုတဲ့နံမည်ပြောင်၊ နံမည်ဆိုးကိုရစေ ခဲ့တာဖြစ်ပါတယ်။
          အမေရိကန်ပြည်တွင်းစစ်ဟာ စာနာစိတ်ထားတဲ့လူဖြူတွေ ရဲ့မေတ္တာ တရားနဲ့ လူမည်း တွေရဲ့အခြေခံအောင်ပွဲကိုဆောင်ကျဉ်းပေးနိုင်ခဲ့တဲ့ အဖြစ်အပျက် တခုပါ။ လူမည်းတွေကိုကျွန်ပြုတဲ့ စံနစ်တခုချုပ်ငြိမ်းစေဖို့ လူဖြူတွေရဲ့အသက်ပေါင်း များစွာပေးခဲ့ရပါတယ်။ အာဖရိကန်အမေရိကန်တွေ ရဲ့ဒုတိယအောင်ပွဲကိုတော့ အာဖကန်အမေရိကန်တဦးဖြစ်တဲ့ ဒေါက်တာမာတင်လူသာကင်းက သူ့ အသက်နဲ့ ရင်းပြီးဖော်ဆောင်ပေးခဲ့ပြန်ပါတယ်။ သူတို့ရဲ့ဒုတိယအောင်ပွဲဟာ ဘာမင်ဟမ်မ်မှာ သန္ဒေ တည်ခဲ့ပါတယ်။ ဒေါက်တာကင်းက သူ့ရဲ့နံမည်ကျော် ‘ဘာမင်ဟမ်မ်ထောင် တွင်းမှပေးစာ’ ထဲမှာ ဟောဒီလိုရေးခဲ့တယ်။

“I am in Birmingham because injustice is here.”
        
ဒေါက်တာကင်းက ဘာမင်ဟမ်မ်မှာတရားမျှတမှုမရှိဘူးလို့ ယုံကြည်ခဲ့တယ်။ ကျမတို့ တတွေက သူရောက်လာခဲ့တဲ့ တရားမျှတမှုမရှိသောမြေကိုလည်ပြန်ကြည့်ဖို့ ဘာမင်ဟမ်မ်ကိုရောက် ခဲ့တယ်။ ဒေါက်တာကင်းပြောခဲ့တဲ့တရားမျှတ မှုရဲ့သက်သေ သာဓကတွေကိုတော့ ဘာမင်ဟမ် Civil Rights Institute ထဲမှာယှဉ်ပြထားတဲ့ လူဖြူကလေးတွေရဲ့စာသင်ခန်းနဲ့ လူမည်းကလေးတွေရဲ့ စာသင်ခန်း တွေထဲမှာ၊ “White”  “Colored” လို့ခွဲခြားစာတန်းထိုးထားတဲ့ ဘတ်စ်ကားပုံစံတူတွေ၊ သန့်စင် ခန်းပုံစံတူတွေနဲ့ လူမည်းတွေအသက်နဲ့ရင်းပြီးအလုပ်လုပ်ခဲ့ရတဲ့ ကျောက်မီးသွေးတွင်း ပုံစံ တူတွေထဲမှာ ကျမရှာတွေ့ခဲ့ပါတယ်။
ဒေါက်တာကင်းရဲ့ "Letter from a Birmingham Jail” ထဲကနောက်ထပ် စာတကြောင်းကလည်း ကျမတို့လူသားတွေရဲ့ သိနေသော်လည်းပဲ ဘာသိဘာသာ တုန့်ပြန်မှုတွေနဲ့ နေသားကျနေတာ တွေကို ပခုံးတို့လိုက်သလိုပါပဲ။ “Injustice anywhere is a threat to justice everywhere.” တဲ့ လေ။ ဘယ်နေရာမှာမဆို ရှိနေတတ်တဲ့ မတရားမှုတွေကို ရှိနေတတ်တာတွေပဲလို့ စဉ်းစားပြီးဘာသိဘာသာနေ သ၍ နေရာတိုင်းမှာရှိနေရမယ့် တရားမျှတမှုဟာ ခြိမ်းခြောက်ခံနေရမှာပါပဲ။ ဒေါက် တာကင်းက တရားမျှတမှုဆိုတာ ဘယ်နေရာမှာမဆိုရှိနေတတ်တာပဲဆိုတာထက် ပိုတွေးခဲ့လို့သာလူမည်း တွေရဲ့နောက်ထပ်အောင်ပွဲတဆင့်ကို သူတို့ရခဲ့တာမဟုတ် လား။ ၁၉၇၁ ဘာမင်ဟမ်မ်မှာ လူဖြူစီးပွား ရေးသမားတွေရဲ့ထောက်ပံ့ကူညီမှုနဲ့ ပထမဦးဆုံး လူမည်းမြို့တော်ဝန်ကိုရွေးချယ်တင်မြောက်နိုင်ခဲ့တာဟာ သူတို့အတွက်
နောက်ထပ်အသီးအပွင့်တခုပါပဲ။

ဘာမင်ဟမ်မ်ရောက်ရင် သွားကြည့်လေ့လာဖို့ချန်လှပ်ထားခဲ့ဖို့မသင့်တဲ့ နေရာတခုကတော့ 16 Street Baptist  Church ပါပဲ။ အဲဒီဘုရားကျောင်းဟာ ဘာမင်ဟမ်မ်မြို့ထဲမှာအသားအရောင်ရှိသူတွေ ပထမ ဆုံးတည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းလဲဖြစ်ပါတယ်။ Civil Rights Movement အတွင်း လူဖြူ တွေက အဲဒီဘုရားကျောင်းကို ဗုံးခွဲခဲ့တယ်။ အဲဒီဘုရားကျောင်းထဲမှာပဲ လူမည်းကလေးမကလေး ၄ ယောက်အသတ်ခံခဲ့ရတယ်။ ကျမတို့အဖွဲ့ကိုဦးဆောင်ရှင်းပြခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် T.R. Germany Jr. ရဲ့ရှည်လျားတဲ့စကားအတွင်းက တိုတောင်းတဲ့စာကြောင်းတကြောင်းမှာ အလင်းရောင် တွေဖြာနေခဲ့ပါတယ်။ “ We stand now being able to forgive.” တဲ့။ အဲဒီစကားကိုပြောရင်း Wale of window လို့သူတို့ခေါ်တဲ့ Stain glass window ကိုညွှန်ပြပါသေးတယ်။    ပြတင်းပေါက်မှန် ပန်းချီကားထဲက လူမည်းတယောက်ရဲ့လက်နှစ်ဖက်ဟာ မတူတဲ့ဟန်နေဟန်ထားနှစ်ခုနဲ့ပါ။ Mr. Germany ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လက်တစ်ဖက်ကခွင့်လွှတ်ခြင်း ( Forgiveness) ကိုပြပြီးနောက် လက်တဖက်ကတော့ (Opression ) ကိုပြသတဲ့။
ဘုရားကျောင်းနံရံတခုပေါ်မှာ Daily Reminder ဆိုတဲ့ခေါင်းစဉ်နဲ့ကပ်ထားတဲ့စာကြောင်းလေး တွေကလည်း ကျမကိုငြိမ်းချမ်းစွာပြုံးမိစေပါတယ်။
Love strong!
Forgive strong!
Believe strong! တဲ့လေ။
Mr. Germany စကားထဲမှာရော ပန်းချီကားနဲ့ နံရံပေါ်ကစာကြောင်းမှာပါ  ခွင့်လွှတ်ခြင်းနဲ့ ပတ် သက်တာတွေပါနေလေတော့ သူတို့တတွေဟာခွင့်လွှတ်ခြင်း ရဲ့အကျိုးကိုခံစားဖူးပြီးယုံကြည်ကြတာ ဖြစ်လိမ့်မယ်လို့တွေးနိုင်ပါတယ်။ ဒါပေမယ့်
သေချာတာကတော့ Civil Rights Movement ဆိုတာကဖြင့်ခွင့်လွှတ်ခြင်း သက်သက်ကြောင့်ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ အခြားသောလူတွေနဲ့ တန်းတူ ရသင့်တဲ့ လူမည်းတွေရဲ့အခွင့်အရေးတွေကို ခွင့်လွှတ်ခြင်းတခုထဲကြောင့်ရလာတာ မဟုတ်ပါဘူး။ ခွင့်လွှတ်ခြင်းဆိုတာဟာ အင်မတန်လှပတဲ့စကားလုံးဖြစ်ပြီး တနည်း တဖုံချိုမြိန်တဲ့အရသာလည်းရှိတာ အမှန်ပါ။  ဒါပေမယ့် ခွင့်လွှတ်ခြင်းသက်သက်နဲ့ မပြီးမြောက်တဲ့ ကိစ္စတွေလည်းလောကမှာရှိနေပါသေးတယ်။ ကျမတို့တတွေကိုနိုင်ငံ တခုကဖြစ်စေ၊ လူမျိုးတစု၊ လူအုပ်စုတစုကဖြစ်စေ၊ လူ့အဖွဲ့အစည်းတခုကဖြစ်စေ မတရားသောနည်းလမ်းနဲ့ဆက်ဆံအနိုင်ယူဖို့ကြိုးစားလာကြတဲ့အခါ  ကျမတို့တတွေ ဟာ လူသားအချင်းချင်းချစ်ခင်ခြင်းနဲ့ခွင့်လွှတ်ခြင်းတွေကို ရင်ထဲ ထည့်ထားနေရင်း တချိန်ထဲမှာပဲ တောင်းဆို ညှိနှိုင်းခြင်း၊ တော်လှန်ဖောက်ထွက်ခြင်းနည်း လမ်းတွေ ထဲကသင့်တော်ရာနည်းလမ်းတခုခုကိုသုံးလို့  တရားမျှတသောလမ်းဆီရောက်အောင် သွားကြရမှာဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ နှစ်ဦးနှစ်ဖက်ရင်ထဲမှာ မဖြစ်မနေရှိနေသင့် တဲ့အရာကတော့ ကိုယ်ခြင်းစာနားလည်နိုင်ခြင်းပဲဖြစ်ပါတယ်။

*                      *                           *                           *
a
                                ခံတွင်းတွေ့ခဲ့တဲ့ဒေသစာတွေ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၊  Arlington National Cemetery ထဲက အပြာရောင် ကောင်းကင်နောက်ခံနဲ့ပွင့်နေတဲ့ ကျူးလစ်ရောင်စုံတွေကြားမှာ ဆံပင် နက်နက်နဲ့ အာရှသူမျက်နှာ ပေါက်ရှိတဲ့ အမျိုးသမီးငယ်လေးတဦးရပ်နေပြီး ကျမကို အားရပါးရပြုံးပြနေပါတယ်။ သူ့အပြုံးက ကြီး မားလင်းပွင့်လွန်းတော့ မျက်လုံးတွေ
တောင်မှေးပိတ်လို့။ ဒီလိုလှပတဲ့ရှုခင်းနောက်ခံမှာ ဒီလိုနွေးထွေး လွန်းတဲ့အပြုံးနဲ့ မိန်းကလေးတယောက်ရပ်နေပုံမြင်ကွင်းကို ကျမတနေရာရာမှာတွေ့ဖူးခဲ့သလိုပါပဲ။ ကျမဦးနှောက်က မိနစ်ပိုင်းလောက်အလုပ်ရှုပ်သွားတယ်။ စဉ်းစားစမ်းပါ။ ဒီလိုမြင် ကွင်းကိုဘယ်နေရာမှာ၊ ဘယ်တုန်းကမြင်ခဲ့ဖူးတာလဲ။ ကျမမြင်ခဲ့ဖူးတဲ့ပုံရိပ်တွေဟာ ပီပြင်ပေမယ့်လွင့်မျောနေသလိုပါပဲ။ နောက်ဆုံးမှာတော့ကျမအဖြေရှာတွေ့ခဲ့ပါတယ်။ ဒီမြင်ကွင်းကို ကျမခရီးလှည့်လည်နေကျအိပ်မက်ကမ္ဘာထဲမှာမြင်ခဲ့ဖူးတာပါ။ ဒီအဖြစ် အပျက်ဟာထူးဆန်းတယ်လို့ဆိုနိုင်သလို ကျမတို့တတွေမှာ ကျမ တို့ကိုယ်တိုင်မသိ တဲ့ ဆက်စပ်နေမှုတွေတယ်ရှိနေတယ်လို့လည်းဝိညာဉ်ဆန်ဆန်အတွေးဆန့်နိုင် ပါတယ်။
              လက်ရှိကနေဒါ နိုင်ငံမှာနေပေမယ့် ဟောင်ကောင်နဲ့မလေးရှားတရုတ်မိဘနှစ်ပါးက
ပေါက်ဖွားလာတဲ့မက်ဒလင်း ( Maddline Thien) ရဲ့ကြီးမားတဲ့အပြုံးတွေနဲ့နုညံ့တဲ့ စကားတွေဟာ ခရီးစဉ်တ လျှောက်လုံးမှာ သူနဲ့ကျမနီးစပ်တယ်လို့ခံစားရစေပါတယ်။ မက်ဒလင်းကို အိပ်မက်ထဲမှာမြင်ဖူးခဲ့တယ် လို့သိလိုက်ပြီးနောက်မှာတော့ သူမဟာ ကျမဘ၀ရဲ့အစိတ်အပိုင်းတခုပမာဖြစ်သွားပါတော့တယ်။
ဆာရာယေဗိုကလာတဲ့ အဒစ်ဆာ ( Adisa Basic) က ကျမတို့ရဲ့ပထမဆုံး ခရီးစဉ်ဖြစ်တဲ့ Gettysburg ကတည်းက "What makes you miss your native country the most ? လို့မေးခဲ့သူပါ။ ကျမတိုင်းပြည်ကိုကျမလွမ်းနေမယ်ဆိုတာ ခံစားမိပြီး အဲဒီမေးခွန်းမေးတဲ့ Adisa က ခရီးစဉ်ရဲ့ အစပိုင်းကာလတွေမှာပဲ ကျမရင် ထဲဝရုန်းသုန်းကားဝင်ရောက်လာခဲ့ပါတယ်။ ခရီးစဉ်တခုလုံးမှာ သူမရယ်သံတွေနဲ့ ကျမတို့ရဲ့ပင်ပန်းမှုတွေ၊ ကမောက်ကမဖြစ်မှုတွေကိုဖြေလျော့နိုင်ခဲ့တယ်။ တိတ်ဆိတ် ခံစားတတ်လွန်းတဲ့ကျမက Adisa လိုကြုံလာသမျှကိုရယ်မောရင်ဆိုင်ခြင်းရဲ့အကျိုး ကို၂ ပါတ်တာ အတွင်းသင်ယူနိုင်ခဲ့ခြင်းဟာ ဒီခရီးစဉ်ကရရှိခဲ့တဲ့ လက်ဆောင်ကောင်း တခုဖြစ်ပါတယ်။
နာတာရှာ( Natasa Durovicova)နဲ့ ဟျူး ( Hugh Ferrer)ကို၂၀၀၇ ကတည်း က International Writing Program မှာပူးပေါင်းပါဝင်ရင်း IWP ရဲ့တာဝန်ရှိသူတွေ အဖြစ်ခင်မင်ခဲ့ရပါ တယ်။  ကျမတို့ရဲ့ခရီးစဉ်က ဧပြီ ၃ ရက်မှာစခဲ့ပြီး ဧပြီ ၅ ရက်နေ့မှာ ကျမရဲ့တဦးတည်းသောမောင်လေးမြန်မာပြည်မှာဆုံးသွားပါတယ်။ဒုတိယတထောက် နားရာ Baltimore ရောက်မှပြန်ဆုံရတဲ့နာတာရှာက တွေ့တွေ့ခြင်းကျမမောင်လေး အတွက်ဝမ်းနည်းကြောင်းပြောရင်းဘာလ်တီမိုးရ်နွေဦး ရဲ့စိမ့်နေဆဲအအေးဒါဏ် အာက်မှာ ပခုံးကြုံ့ကွေးနေတဲ့ကျမရဲ့ပခုံးကို အခိုက်အတန့်ပဲဖြစ်စေနွေးထွေး သွားစေ လိုတဲ့ဆန္ဒနဲ့ လှမ်းဖက်နှစ်သိမ့်ခဲ့ပါတယ်။ ဘာမင်ဟမ်မ်မှာ ကျမတို့တတွေ Creative Non-fiction class ကျောင်းသားတွေနဲ့တွေ့ပြီးReadingလုပ်ဖို့ရှိတဲ့တနေ့မှာနေ့လည် စာအတွက် ကြက်ကြော်ဆိုင်မှာစောင့်နေလက်စမို့ကျမက အုပ်စုအားလုံးနဲ့ကွဲသွားခဲ့ တယ်။ တယောက်ထဲ ကျန်တဲ့ ကျမကို နာတာရှာကစောင့်ခေါ်ခဲ့တယ်။ တက္ကသိုလ် ၀င်းထဲကိုနောက်ကျပြီးမှရောက်သွားရတဲ့အတွက် ကျမက IWP ဒါရိုက်တာ ဟျူးကို နာက်ကျသွားတာဆောရီးပါလို့တောင်းပန်တော့ ဟျူးက You are good, you are not late လို့ပြောရင်း ကျမပခုံးကိုဖက်ပြီးနှစ်သိမ့်တယ်။ သူတို့တတွေပွေ့ဖက်နှစ် သိမ့်ခဲ့ကြတာဟာစက္ကန့်ပိုင်းပဲ ကြာပါတယ်။ ဒါပေမယ့် ကျမရင်ထဲမှာ ဒီနေ့အထိနွေး
နေဆဲပါ။

လာ့ဖေးရက် ( Lafayett) မြို့ကလေးရဲ့ညနေတခုမှာ ကျမရဲ့နာတာရှည်ခါးနာ ရာဂါပြင်းလာလို့ အဖွဲ့နဲ့ညနေစာလိုက်မစားတော့ပဲ ဟိုတယ်မှာပဲနားနေတော့မယ်လို့ အဖွဲ့ခေါင်းဆောင် ဟျူး ( Hugh) ကိုပြောပြပြီးမိနစ်ပိုင်းအတွင်းမှာပဲ သြစတေးလျှ မှာမွေးခဲ့တဲ့ ကမ္ဘောဒီးယားသူလေး ( Alice Pung) ကျမအခန်းတံခါးကိုလာခေါက် ပါတယ်။ “ ခက်.. နေရတာသက်သာရဲ့လား။ မင်းတယောက်ထဲ ဟိုတယ်မှာကျန်နေ ခဲ့လို့ဖြစ်ပါ့မလား။ မင်းနဲ့အတူတို့အဖော်လုပ်နေခဲ့ပေးရမလား’ လို့လာမေးပါတယ်။ ကျမရင်ထဲမှာလှိုက်ကနဲနွေးသွားရပြန်ပါတယ်။ တဖက်သားကိုနားလည်ပေးတတ် လွန်းသူမို့ ကျမနှလုံး သားထဲရောက်နှင့်နေပြီးသားအဲလက်စ်က ကျမနှလုံးသားရဲ့နံရံ မှာထာဝရစွဲမြဲနေမယ့် တံဆိပ်တခုကိုပါ ခပ်နှိပ်လိုက်ပြန်ပါပြီ။ အဲဒီတံဆိပ်ပေါ်မှာရေး ထွင်းထားတာက ‘စာနာနားလည်မှုပါ’ တဲ့။

Atchafalaya Basin ထဲစက်တပ်လှေနဲ့လည်ပတ်ကြတော့ မြန်မာပြည်မှာ လည်း အလွန်ပေါတဲ့ ကနဖော့တွေ၊ ဗေဒါပုပုဝိုင်းဝိုင်းလေးတွေကို ရေပြင်ကျယ် အနှံ့ အပြားမှာတွေ့ရပါတယ်။ မြန်မာပြည်မှာ အဲဒီအပင်တွေကိုစားကြတယ်လို့ကျမက
ပြောတော့ ဂျမေကာက ( Kei Miller) ရဲ့မျက်လုံးတွေကစိတ် ၀င်စားမှုနဲ့လက် ကနဲဖြစ်သွားတယ်။ “ ဘယ်လိုချက်ရသလဲ၊ ဒါကိုချက်ဖို့ဘာပစ္စည်းတွေလိုသလဲ၊  မင်း ချက်တတ်လား..ခက် ” လို့ကျမကိုမေးတယ်။ ဟင်းချက်ဆီ၊ ဆား၊ ကြက်သားမှုန့် နည်းနည်းနဲ့ကြက်သွန်ဖြူနှစ်တက်လောက်ရရင် ကနဖော့ကြော်ချက်ကလေး ချက်နိုင် တယ်လို့ကျမကပြောတော့ Kei က “ငါတို့စားကြည့်သင့်တယ်။ ဒါဟာစွန့်စားမှုတခုပဲ” လို့ပြောတယ်။ကျမလှေပေါ်မှာပါတဲ့ တခြားစာရေး ဆရာအားလုံးတက်ကြွသွားကြ တယ်။ အားလုံးကလှေပေါ်ကနေ ကနဖော့အညွန့်တွေဝိုင်းခူးပေးကြတယ်။ အချိန်လုနေရတဲ့ခရီးစဉ်အတွင်းမှာ ကျမလက်ရာကနဖော့ဟင်းကိုသူတို့မစားလိုက် ရပေ မယ့် ကျမငယ်ဘ၀တလျှောက် အလွန်ရင်းနှီးခဲ့ရတဲ့ကနဖော့ဟာ Kei ရဲ့ကဗျာ ထဲထိပါသွားတယ်။ Kei ရဲ့ ကဗျာနဲ့အတူ Kei ဟာလည်း ကျမအိမ်ပြန်ရောက်သည် အထိ ကျမနှလုံးသားထဲမှာပါလာခဲ့တယ်။
ခရီးစဉ်နှစ်ပါတ်လုံး လေယာဉ်စီးတိုင်းကျမနဲ့အတူယှဉ်တွဲထိုင်ဖို့ကျတဲ့ ဖိလစ် ပိုင်က ဗင့်ဆင့်တာ (Vicente Garcia Groyon) ကလည်း ကျမရဲ့ ၂၀၀၇ IWP မိတ်ဆွေ Sarge Lacuesta ရဲ့ သူငယ်ချင်း ဖြစ်နေပြန်ပါတယ်။ သူထိုင်နေတဲ့ထိုင်ခုံ ဆီကျမဦးတည်လာနေရင်ဖြစ်စေ၊ ကျမထိုင် နေတဲ့ခုံဘေးသူဝင် ထိုင်တဲ့အခါမှာဖြစ်စေ “ Southeast Asia” လို့ရေရွတ်ရင်း ကျမတို့ဟာရေမြေတူကလာတဲ့သွေး သားတွေဖြစ်ကြောင်း သတိပေးတတ်တယ်။ဂွာတီမာလာကအက်ဒ် (Eduardo Halfon) ကတော့ ကျမ အခုလက်ရှိတတိယမြောက် writer-in-residence အဖြစ်နေ ထိုင်နေတဲ့ City of Asylum/Pittsburgh ရဲ့ ဒုတိယမြောက်စာရေး ဆရာဖြစ်ခဲ့ပြီး ကျမရဲ့အိမ်နီးခြင်းလည်းဖြစ်တဲ့ Horacio Castellanos Moya နဲ့ ဇနီး Silvia Duarte တို့ရဲ့မိတ်ဆွေဖြစ်ပါတယ်။ ခရီးစဉ်တခုလုံး ကျမရဲ့ကျန်းမာရေး မိသားစုအရေး၊ ကျမတို့တိုင်းပြည် အရေးတွေကို မျက်နှာခြင်းဆိုင်ဆုံတိုင်းမေးပြီး သူမြင်တာသူခံစား ရတာတွေပြောတတ်၊ နှစ်သိမ့်တတ် တယ်။ ကျမတို့ဟာ စကားတွေနဲ့ သူ့တိုင်းပြည် ကိုယ့်တိုင်းပြည်အလည်ရောက်ခဲ့ကြတယ်။ သူ့ရဲ့ကြွယ် ၀တဲ့ ဗဟုသုတကြောင့် ခရီးစဉ်တလျှောက်မှာ သူဟာ ကျမတို့အတွက် Information Center ကြီးဖြစ်ခဲ့ တယ်။
ကျမတို့အားလုံးရဲ့ပုံရိပ်တွေကို ခရီးစဉ်တ လျောက် Documentry အဖြစ်မှတ် တမ်းတင်ခဲ့တဲ့ အီရန်သူ ဆာဟာရာ Sahar Sarshar ရဲ့ပုံရိပ်တွေကလည်း ကျမတို့ မှတ်ဥာဏ်မှာမှတ်တမ်းအဖြစ် ကျန်နေရစ်ခဲ့ပြန်ပါတယ်။
ကင်ညာက ဘီလီ(Billy Karanja Kahora) က ကျမနဲ့ ၂၀၀၇ IWP မှာခင် ခဲ့တဲ့သူငယ်ချင်း ပီတာရဲ့သူငယ်ချင်းဖြစ်နေပြန်တယ်။ ဘာမင်ဟမ်မ်က လမ်းဘေး ပန်းခြံကလေးထဲမှာ ကျမတို့နေ့လည် စာစားနေတုန်း ဘီလီကသူစားနေတဲ့ ကြက် လည်ချောင်းအတွင်းကအစာပြွန်ကြော်(ဇလုတ်ကြော်) ကိုလာကြွေးလို့ ကျမအရ သာတွေ့သွားတယ်။ နောက်တရက်မှာ တခြားအဖွဲ့သားတွေဆင်းဒ၀စ်ခ်ျစားနေကြ တုန်း ကျမနဲ့ဘီလီကနှစ်ဘလော့လောက်ဝေးတဲ့ ကြက်ကြော်ဆိုင်ကိုအတူလမ်း လျှာက်ပြီး ကြက်ဇလုတ်ကြော်သွားဝယ်စားကြတယ်။ အဲဒီတုန်းက ကျမတို့တတွေ အတူလျှောက်ခဲ့ကြတဲ့ ခြေလှမ်းတွေရယ်၊ နာရီပေါင်းများစွာအတူရှိနေခဲ့ကြတဲ့ အချိန်တွေရယ်၊ စကားလုံးတွေနဲ့လည်ပတ်ခဲ့ကြတဲ့ နိုင်ငံ တကာခရီးတွေရယ်ဟာ အတိတ်ဆိုတဲ့သတ်မှတ်ချက်ကိုကျော်လို့ ကျမရဲ့အက်ဆေးထဲရောက်လာကြပြီးနှစ် အတန်ကြာစာမျက်နှာတွေပေါ်တည်တန့်နေကြတော့မယ်။

Writers-in-Motion ခရီးစဉ်မှာကျမတို့ဟာ အမေရိကရဲ့Fall နဲ့ Recovery
 တွေကိုလေ့လာပြီး စာရေးသူတွေအနေနဲ့ မြင်တွေ့ခံစားရတာ၊ တွေးတော ဆန်းစစ်မိတာတွေကို စာဖတ်သူတွေဆီပြန်လည်ဝေမျှခဲ့ကြပါတယ်။ အမေရိကရဲ့
ထွေပြားတဲ့ပြိုလဲမှုတွေနဲ့ အမြဲလိုအရှိန်အဟုန်နှေးလေ့ရှိတဲ့ပြန်လည်ထူထောင် မှုတွေ ကြားမှာ ဖြတ်သန်းရင်းလေ့လာရင်းနဲ့ပဲ ကျမတို့တတွေဟာ ခရီးမှာပါဝင်သူ တဦးခြင်းစီရဲ့ ပုဂ္ဂလိကကမ္ဘာတွေထဲကိုပါခဏတဖြုတ်လည်ပတ်နိုင်ခဲ့ကြတယ်။ ကိုယ်စီရဲ့ပုဂ္ဂလိကဘ၀ပြိုလဲမှုတွေကို မိတ်ဆွေဘ၀ချစ်ခြင်းနဲ့ မျှဝေခံစားခဲ့ကြပါတယ်။ အတူရှိနေခဲ့ကြတဲ့တိုတောင်း သောကာလအတွင်းမှာပဲ နိုင်ငံသားတစ်ယောက်ခြင်းစီရဲ့
ပြိုလဲမှုကို ကမ္ဘာသားများဆိုတဲ့အသိနဲ့ တတ် နိုင်သ၍ အလျှင်အမြန်ပြန်လည် တည်ဆောက်ပေးခဲ့ကြပါတယ်။ အဲဒီလိုတည်ဆောက်ပေးခဲ့ကြချိန်မှာ ကျမတို့ကိုယ်စီ ရဲ့ရင်ထဲ အသေအချာရှိနေခဲ့ကြတာက စာနာနားလည်မှုတွေပါပဲ။

ကျမတို့ဟာကမ္ဘာဆိုတဲ့ဂြိုလ်( Earth)တခုထဲမှာနေထိုင်ကြတာမှန်ပေမယ့်မွေး ဖွားလာတဲ့နေရာ၊ ကြီးပြင်းရတဲ့ဝန်းကျင်၊ယဉ်ကျေးမှုနဲ့အုပ်ချုပ်ပုံစံနစ်မတူတဲ့  တိုင်းပြည်တွေပေါ်မူတည်ပြီး မတူတဲ့ကမ္ဘာ(World)တခုစီထဲမှာရှင်သန်ခဲ့ကြပါတယ်။ မတူတဲ့ကမ္ဘာကလူတွေကို ကမ္ဘာသားဆို တဲ့အသိနဲ့လှမ်းမျှော်စာနာရတာထက် ကိုယ်စီရဲ့ကမ္ဘာတွေထဲကိုအလည်ရောက်ခဲ့ပြီး ခံစားစာနာရမှုဟာအမျိုး အစားခြင်း တူတောင်မှ အရှိန်အဟုန်နဲ့ပမာဏဟာကွာခြားပါတယ်။ အဲဒီလိုမတူတဲ့ကမ္ဘာတခုစီ ထဲကို စာဖတ်သူတွေစာမျက်နှာတွေကတဆင့်ဝင်ရောက်ခံစားနိုင်ဖို့ ကျမတို့ဒီခရီးစဉ် ကိုထွက်ခဲ့ကြတာမဟုတ်လား။
ကျမဟာ၂ပါတ်တာခရီးစဉ်အတွင်းမှာ ကျမကြီးပြင်းခဲ့ရတဲ့တဲကကလေးနဲ့မတူ တဲ့ အိမ်ပေါင်းများစွာကိုအလည်ရောက်ခဲ့ပြီးပါပြီ။ ကျမတဲကလေးနဲ့တူသလိုလိုခံစားရ တာတွေရော အလွန်ကွဲပြားတာတွေရောတွေ့ ခဲ့ပြီးပါပြီ။ နှိုင်းယှဉ်စဉ်းစားမှုကိုအခြေခံ ပြီး မေးခွန်းတွေလဲထုတ်ခဲ့ပြီးပါပြီ။ ခွင့်လွှတ်ခြင်းနဲ့ စာနာနားလည်မှုရဲ့ဆင်သလိုလိုနဲ့မတူတဲ့အဓိပ္ပါယ်တွေကိုလည်းခံစားခဲ့ပြီးပါပြီ။ ကျမတို့ဟာ ၁၄ရက် တာကာလအတွင်းမှာ တကယ်ဖြစ်ခဲ့သောအဖြစ်အပျက်များနဲ့ အဖြစ်အပျက်များရဲ့တဖက်ကမ္ဘာကလူတွေကို ဆက်စပ်ပေးနိုင်ဖို့ ကြိုးစားခဲ့ကြပါ တယ်။ အချိန်ကာလတိုလေးအတွင်းကြိုးစားခဲ့ကြရတာမို့ ကျမတို့တတွေက ယာယီ တံတားလေးများသဖွယ်ပဲဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်အဲ့ဒီယာယီတံ တားလေးများဟာ ရည်ရှည်ခိုင်ခံ့သောတံတားကြီးများဖြစ်ပေါ်လာဖို့ အခြေခံတွေထဲ ကတခုဖြစ်မယ် လို့ ကျမယုံကြည်ပါတယ်။
ရေရှည်ခိုင်ခန့်ပြီးအကျိုးများသောတံတားကြီးများဟာ ကျမတို့အပါအ၀င် ကျမ တို့ရောက်ရှိတွေ့မြင်ခဲ့ရတဲ့ ပြိုလဲနေသောကမ္ဘာက လူသားတိုင်းကိုပိုမိုသာယာသော အနာဂါတ်ခရီးဆီရောက်ဖို့် ပေါင်းကူးဆက်သွယ်ပေးပါလိမ့်မယ်။ ပိုမိုသာ ယာသော အနာဂါတ်ခရီးဆိုတာကို ဘယ်လိုတိုင်းတာသတ်မှတ်မလဲ ကျမမဆုံးဖြတ်နိုင်ပါဘူး။ ပကတိပြည့်စုံသာယာသောဘ၀ဆီဘယ်တော့ရောက်မလဲဆိုတာကိုလည်း ကျမ မပြောနိုင်ပါဘူး။ ကျမပြောနိုင်တာကတော့ သာယာသော အနာဂါတ်ခရီးဆီသွား ရာလမ်းမှာကျမတို့တတပ်တအားပါဝင်ခဲ့ကြတယ်ဆိုတာပါပဲ။ အဲဒီလိုခံစားခဲ့ရတာ ကတင်ပဲ WIM ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ရာခိုင်နှုန်းအတော် များများပြည့်မြောက် ခဲ့ပြီထင်ပါတယ်။



ခက်မာ 
ဇွန် ၂၆၊ ညနေ ၄နာရီ ၂၄ မိနစ်
Labels: | edit post
2 Responses
  1. Anonymous Says:

    Ma Khet Ma.
    I am a regular reader of your post but never left a comment. However, this post makes me want to say something. After visiting Birmingham and learning about old days of segregation it made us feel how far African Americans have come today. But, witout us knowing we have more or less the same sort of segregation going on in our country.
    We have people from Indian and Chinese descents living in our country, which we still refer to them as Kalar (in unfavorable way) . Still make fun of those kids in school if their names are different. Make fun of their food and appearances.
    All I hope is, after this trip, some influential writer like you will be able to write some things of the nature that will at least spot some light on the matter that we still need to accept diversity and not to look down upon those who have been living in our country for years and years though they look a bit different and have some funny names. In other words, we need to racism at different level.


  2. San San Htun Says:

    ရင်ကိုထိတဲ့ ပို့ စ်လေးပါ