ဆရာဦးမိုးဟိန်း ကွယ်လွန်ပြီ ဆိုသည့်သတင်းကို ဖတ်လိုက်ရသည့်အချိန်မှာ အိမ်တွင် ကျမ တယောက်ထဲ ရှိနေသည်။ “ဟာ” ခနဲ ရေရွတ်မိသံက အိမ်ထဲမှာ ဟိန်းထွက်သွားပြီး ကိုယ့်အသံကို ကိုယ့်ဘာသာပြန်လန့်သွားသည်။ သတင်းကိုဖတ်ရင်း ကျမ မျက်စိထဲတွင် အင်မတန် ဖြူစင်အေးချမ်းသော ဆရာ့အပြုံးတွေ၊ အလွန်ရိုးသားယဉ်ကျေးသော ဆရာ့စကားသံတွေကို တသီတတန်းကြီး မြင်ယောင်၊ ကြားယောင်လာသည်။ “နှမျောလိုက်တာ၊ နှမျောလိုက်တာ” ဟု ကျမ တယောက်ထဲ တတွတ်တွတ်ရွတ်နေမိသည်။
ဆရာကိုယ်တိုင်ရေးထားသော ဆောင်းပါးတပုဒ်ကိုဖတ်မိပြီး ဆရာ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိခဲ့ရသည်။ အဲဒီသတင်း ဖတ်မိစဉ်တုန်းကလည်း ဖြစ်မှဖြစ်ရလေဆရာရယ် ဟု တတွတ်တွတ် ရေရွတ်ခဲ့ရသည်။ အနှစ်၂၀ ကျော် သတ်သတ်လွတ်စားလာသည့် ဆရာ၊ ရှစ်နှစ်ကျော် ရှစ်ပါးသီလဥပုသ်နှင့်နေလာခဲ့သည့် ဆရာ့မှာမှ ဒီရောဂါကဖြစ်ရသတဲ့။ အင်မတန် ရိုးသား၊ ယဉ်ကျေး၊ သိမ်မွေ့ပြီး စိတ်ကောင်းရှိသည်ဟူသော ကောင်းသည့်နာမဝိသေသနများစွာ ပိုင်ဆိုင်သော ဆရာ့ထံမှာ ကင်ဆာရောဂါငြိတွယ်လာခြင်းအတွက် ဘာကိုမှန်းမသိ ကျမ ဒေါသ ဖြစ်ခဲ့ရသည်။ ကံကြမ္မာဆိုတာကြီးကို လူတယောက်လို လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ချင် စိတ်ပေါက်ခဲ့သည်။ ဖြစ်ချင်တော့ ဆရာ့ရောဂါသတင်းကြားရချိန်မှာ ကျမက ဆရာ့ကို ပြေးတွေ့၍မရအောင် ဝေးလံသောနေရာမှာ ရောက်နေခဲ့သည်။
တကယ်တော့ ၂၀၀၆ ခုနှစ်လောက်အထိ ဆရာနှင့်ကျမက ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့ပါသည်။ ဆရာ့နာမည်ကို ကြားဖူးနေတာ၊ ဆရာ့ကိုမြင်ဖူးနေတာကတော့ ကြာလှပြီပေါ့။ ဒါပေမယ့် ကြားထဲက မိတ်ဆက်ပေးမည့်သူ မရှိတာရော၊ ကျမကိုယ်တိုင်က နှုတ်စ လျှာစ နည်းတာရောကြောင့် ဆရာနှင့် ကျမ မနီးစပ်ခဲ့ပါ။ တခါတရံ စာပေနှင့်ပတ်သက်သောပွဲတချို့မှာ ဖြစ်စေ၊ ရန်ကုန်မြို့လယ် တနေရာရာမှာဖြစ်စေ ဆရာ့ကို လှမ်းတွေ့ရတတ်သည်။ ဆရာ့ကို တယောက်တည်းတွေ့ရချိန်များမှာ ဆရာက ဘေးဘီဝဲယာကို သိပ်အာရုံ မစိုက်ဘဲ ရှေ့တူရူကိုသာ ကြည့်၍ တစုံတရာကိုအာရုံပြုရင်း လမ်းလျှောက်နေပုံပေါ်သည်။ ဆရာ့ကို အပေါင်းအသင်းတွေနှင့် တွေ့ရချိန်များမှာတော့ ဆရာ့မျက်နှာပေါ်မှာ အလွန်ချစ်ခင်ဖွယ်ကောင်းသည့် ဖြူစင် ရိုးသား ပွင့်လင်းသော အပြုံးကိုပါ တွဲလျှက်တွေ့ ရမြဲဖြစ်သည်။ ဆရာနှင့်ပုဂ္ဂိုလ်ရေးအရ မရင်းနှီးခင် ထိုကာလများကတည်းက ပုလဲလိုဖြူလက်နေသော သွားများပေါ်အောင် ဆရာပြုံးနေတာ မြင်ရတိုင်း ဆရာ ဦးမိုးဟိန်း ပြုံးတာ တော်တော်ချစ်စရာကောင်းတယ်ဟု တွေးမိမြဲဖြစ်သည်။
တကယ်တော့ ၂၀၀၆ ခုနှစ်လောက်အထိ ဆရာနှင့်ကျမက ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့ပါသည်။ ဆရာ့နာမည်ကို ကြားဖူးနေတာ၊ ဆရာ့ကိုမြင်ဖူးနေတာကတော့ ကြာလှပြီပေါ့။ ဒါပေမယ့် ကြားထဲက မိတ်ဆက်ပေးမည့်သူ မရှိတာရော၊ ကျမကိုယ်တိုင်က နှုတ်စ လျှာစ နည်းတာရောကြောင့် ဆရာနှင့် ကျမ မနီးစပ်ခဲ့ပါ။ တခါတရံ စာပေနှင့်ပတ်သက်သောပွဲတချို့မှာ ဖြစ်စေ၊ ရန်ကုန်မြို့လယ် တနေရာရာမှာဖြစ်စေ ဆရာ့ကို လှမ်းတွေ့ရတတ်သည်။ ဆရာ့ကို တယောက်တည်းတွေ့ရချိန်များမှာ ဆရာက ဘေးဘီဝဲယာကို သိပ်အာရုံ မစိုက်ဘဲ ရှေ့တူရူကိုသာ ကြည့်၍ တစုံတရာကိုအာရုံပြုရင်း လမ်းလျှောက်နေပုံပေါ်သည်။ ဆရာ့ကို အပေါင်းအသင်းတွေနှင့် တွေ့ရချိန်များမှာတော့ ဆရာ့မျက်နှာပေါ်မှာ အလွန်ချစ်ခင်ဖွယ်ကောင်းသည့် ဖြူစင် ရိုးသား ပွင့်လင်းသော အပြုံးကိုပါ တွဲလျှက်တွေ့ ရမြဲဖြစ်သည်။ ဆရာနှင့်ပုဂ္ဂိုလ်ရေးအရ မရင်းနှီးခင် ထိုကာလများကတည်းက ပုလဲလိုဖြူလက်နေသော သွားများပေါ်အောင် ဆရာပြုံးနေတာ မြင်ရတိုင်း ဆရာ ဦးမိုးဟိန်း ပြုံးတာ တော်တော်ချစ်စရာကောင်းတယ်ဟု တွေးမိမြဲဖြစ်သည်။
၁၉၉၄၊ ၁၉၉၅ ပတ်ဝန်းကျင်လောက်မှာ စာရေးဆရာ၊ ကဗျာဆရာသူငယ်ချင်းတွေနှင့် ကျမ ပျဉ်းမနားကို ခပ်စိတ်စိတ်ရောက်ဖြစ်သည်။ ဧည့်ဝတ်ကျေသော ပျဉ်းမနားမြို့ခံ ကဗျာဆရာ၊ စာရေးဆရာတွေနှင့် ကျမတို့ စကားများစွာ ပြောခဲ့ကြသည်။ ဤသို့ စကားဝိုင်းဖွဲ့ဖြစ်တိုင်း ဦးဇော် (ဇော်-ပျဉ်းမနား) က သူ့ကဗျာတွေ ရွတ်ပြတတ်သည်။ ကဗျာတပုဒ်ရွတ်ပြီးလျှင် အဲဒီကဗျာက ဘယ်မဂ္ဂဇင်းမှာ ဘယ်ခုနှစ်၊ ဘယ်လက ပါတာဆိုတာမျိုး ပြောပြတတ်၏။
“ဒီကဗျာကို ကိုမိုးဟိန်းကို ဘာသာပြန်ခိုင်းထားတယ်။ ဦးဇော်ရဲ့ မြန်မာအင်္ဂလိပ် နှစ်ဘာသာနဲ့ထုတ်မယ့် ကဗျာပေါင်းချုပ်အတွက်လေ။ ကဗျာကို ဘာသာပြန်တဲ့နေရာမှာတော့ ကိုမိုးဟိန်းက ရှာမှရှားပဲ။ သမီး မှတ်ထား သိလား။ သမီးစာတွေ ဘာသာပြန်ဖို့ရှိလာရင် ကိုမိုးဟိန်းဆီကို ရောက်အောင်သွား။ သူက အင်္ဂလိပ်စာ သိပ်ကောင်းသလို စိတ်ထားလည်း သိပ်ကောင်းတယ်”
ဦးဇော်ထံမှ ဤသို့သောစကားမျိုး နှစ်ခါ သုံးခါထက်မနည်း ကြားခဲ့ဖူးတာ ကျမ မှတ်မိနေသည်။ ထို့ကြောင့်ပင် ၂၀၀၆ ခုနှစ်မှာ ကျမဝတ္တုတိုနှင့် ကဗျာတချို့ ဘာသာပြန်ဖို့ဖြစ်လာသောအခါ ကျမ ခေါင်းထဲကို ဆရာဦးမိုးဟိန်းဆိုသော နာမည်က ဒိုင်းခနဲ ရောက်လာသည်။ ဒါပေမယ့် ဆရာနှင့်ကျမကို ဆက်စပ်ပေးမည့်သူ မရှိခဲ့ပါ။ နောက်တော့မှ ဦးဇော်နောင် (ကဗျာဆရာ ဇော်နောင်) နှင့် စကားစပ်မိသွားတော့ ဦးဇော်နောင်က “ခက်မာ ကိုမိုးဟိန်းကို တွေ့ချင်ရင် ၃၉ လမ်းက ဆုစာပေတိုက်ကိုလာခဲ့” ဟု ပြောသည်။ ကျမ အချိန်ဆိုင်းမနေဘဲ နောက် တရက် နှစ်ရက်အတွင်းပဲ ဆရာဦးမိုးဟိန်းကို ထိုစာပေတိုက်မှာ သွားတွေ့ခဲ့သည်။ (ဦး)ဇော်နောင်နှင့်အတူ ဆရာက ကျမ ချစ်သော ပွင့်လင်းနွေးထွေးအပြုံးနှင့် ကျမကို ကြိုဆိုခဲ့ပါသည်။
“သမီးရဲ့ဆရာတယောက်က အမေရိကန်နိုင်ငံ အိုင်အိုဝါတက္ကသိုလ်မှာ နှစ်တိုင်းကျင်းပတဲ့ International Writing Program ကို လျှောက်ဖို့ အကြံပေးတယ် ဆရာ။ အဲဒါ သမီး လျှောက်ကြည့်မလားလို့။ လျှောက်လွှာမှာ writing sample တချို့ ထည့်ပေးရတယ်လေ။ သမီးမှာ အန်တီသိင်္ဂီ ဘာသာပြန်ပေးလားတဲ့ ဝတ္တုတိုတပုဒ်တော့ ရှိတယ်။ နောက်ထပ် နှစ်ပုဒ်လောက် ထပ်ထည့်ချင်လို့ပါ။ အဲဒါ ဆရာ ကူညီပေးပါလို့”
“ဟာ .. ကူညီရမှာပေါ့။ လူငယ်တွေ အဲ့ဒီလို ကြိုးစားပြီး အတွေ့အကြုံရှာနေကြတာ ဆရာသိပ် သဘောကျတယ်။ မသိင်္ဂီ ပြန်ပေးထားတာ တပုဒ်ရှိတယ်ဟုတ်လား။ သိပ်ကောင်းတယ်။ မသိင်္ဂီ ဘာသာပြန်ပေးတာဆိုရင်တော့ ပြောစရာမရှိဘူး။ သူက သိပ်တော်တာ”
ဆရာက ကျမအကူအညီတောင်းတာကို စိတ်ပါလက်ပါ လက်ခံရင်း အန်တီ သိင်္ဂီကိုလည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးသည်။
“တကယ်က အန်တီ သိင်္ဂီ က သမီးဝတ္တုတွေ ပေးထား၊ အန်တီ အဆင်ပြေတဲ့အချိန် ဘာသာပြန်ထားမယ်လို့ ပြောပါတယ်။ သမီးက မပေးဖြစ်တာပါ”
ကျမက ကိုယ့်ပျက်ကွက်မှုကိုဖွင့်ဟတော့ ဆရာက ကျမနှင့်တွေ့စကတည်းက မပျယ်သေးသော အပြုံးနှင့် မသိင်္ဂီက သိပ်တော်တယ် ဟု ထပ်ပြောသည်။ ထိုအချိန်ထဲက ဆရာ သည် တဖက်သား၏ အရည်အသွေးကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ချီးမွမ်းတတ်တာကို သတိထားမိခဲ့သည်။ ထို့နောက်ပိုင်း ဆရာနှင့်ကျမ မကြာခဏ တွေ့ဖြစ်သည်။ မြို့ထဲမှာ တွေ့ကြသလို ဘောက်ထော်က ဆရာ့အိမ်ကိုလည်း ကျမ မကြာခဏ ရောက်သည်။ ကျမ၏ ဝတ္တုတို နှစ်ပုဒ် သုံးပုဒ်နှင့် ကဗျာနှစ်ပုဒ်ကို ဆရာ့အားပေးပြီး ဆရာကောင်းမယ်ထင်တာ ဘာသာပြန်ပေးပါဟု အပ်ခဲ့သည်။ နောက်တခါထပ်တွေ့တော့ ဆရာက ကဗျာနှစ်ပုဒ်စလုံးကို ဘာသာပြန်ပြီးနေပြီ။
“ဝတ္တုတိုကိုတော့ ‘လက်ဆောင်ကောင်း’ ဆိုတာလေးကို ဘာသာပြန်မယ်လို့ စဉ်းစားတယ်။ အဲ့ဒီ ဝတ္တုလေးက မိခင်မေတ္တာလည်း ပေါ်တယ်။ မြန်မာအမျိုးသမီးတယောက် ကိုယ်ဝန်ဆောင်ထားရတာလိုမျိုး အင်မတန် အရေးကြီးတဲ့အချိန်မှာ ဘယ်လို တွေးတော ဖြတ်သန်းသလဲဆိုတာကိုလည်း မြင်နိုင်တယ်။ အနောက်နိုင်ငံသားတွေက အဲဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အင်အားကိုဖွဲ့တာမျိုးကို ကြိုက်တယ်။ ခက်မာ သဘောထားကိုမေးချင်လို့ မစသေးပဲ စောင့်နေတာ”
“ဟာ .. ဆရာက သမီးထက် ပိုနားလည်ပါတယ်။ ဆရာ ကောင်းမယ်ထင်တာကိုပဲ ပြန်ပါ။ သမီးက ဘယ်ဝတ္တုကို ဘာသာပြန်သင့်သလဲ တကယ်နားမလည်လို့ပါ”
ကျမက ထိုသို့ပြောတော့ ဆရာက ထုံးစံအတိုင်း လှိုက်လှိုက်လှဲလှဲပြုံးကာ ‘မဟုတ်ပါဘူး၊ ခက်မာ နားလည်ပါတယ်။ လူငယ်တွေက တော်ကြတယ်’ ဟုပြောရင်း ‘ဒါဆို လက်ဆောင်ကောင်း ကိုပဲ ဘာသာပြန်လိုက်တော့မယ်နော်’ ဟု အတည်ပြုချက် ထပ်ယူသည်။
နောက်ပိုင်းဆရာနှင့်တွေ့ချင်လျှင် ကျမက ဆရာ့အိမ်သို့ပဲ သွားတော့သည်။ ကျမ နေသော သာကေတ က ဆရာနေသော ဘောက်ထော်နှင့် အတော်နီးသည်။ သုဝဏ္ဏတံတားကို ကျော်လိုက်လျှင်ပဲ ဆရာ့အိမ်နှင့် အတော်နီးသွားပြီ။ နောက်တချက်ကတော့ မြို့ထဲမှာဆရာ့ကိုတွေ့ရတာ အားနာ၍ဖြစ်သည်။ ထုံးစံအတိုင်း ကျမတို့က လူချင်းဆုံတာနှင့် လက်ဘက်ရည်ဆိုင်များဘက် ခြေဦးလှည့်ကြတာ မဟုတ်လား။ ဆရာက သတ်သတ်လွတ်စားသည့်အပြင် ဥပုသ်ကလည်း စောင့်သေးလေတော့ ကျမတို့ လက်ဘက်ရည်ဆိုင်ထိုင်လျှင် ဆရာ့ကို အတော်အားနာရသည်။
ဆရာ့အိမ်ရောက်လျှင်တော့ ကော်ဖီ အမြဲသောက်ရသည်။ ဆရာကတော့ ဘာမှ မသောက်မစားပဲ စကားသာ တွင်တွင်ပြောသည်။
“ပထမတော့ ခက်မာရဲ့ဝတ္တုမဟုတ် ဆိုတဲ့ ဝတ္တုတိုလေးကို ဘာသာပြန်ရင် ကောင်းမလား စဉ်းစားမိသေးတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်လေ”
လူတွေကို ကယ်တင်နေပါသည်ဟု ကြွေးကြော်တတ်သော ဘိုးတော်လေး တယောက်အကြောင်း ရေးထားသည့် ကျမ ဝတ္တုကလေးအကြောင်းမှသည် ကျမတို့ ကိုးကွယ်ရာဆိုတာတွေဆီလည်း စကားရောက်သွားတတ်ကြသည်။
“တို့ဆို ဘုရားပေါင်းစုံ၊ နေရာပေါင်းစုံမှာ တရားလိုက်ထိုင်လာတာ။ အဲဒီထက် ထူးဆန်းတာတွေ အများကြီး တွေ့ဖူးတယ်။ ဒါပေမယ့် ထူးဆန်းတိုင်း ကိုးကွယ်ရာလားဆိုတာ စဉ်းစားရမယ်။ တို့လို ထေရဝါဒ ဗုဒ္ဓဘာသာတွေအတွက်ကတော့ မဂ်ဖိုလ်နိဗ္ဗာန်လမ်းသည်သာ အရေးအပါဆုံး၊ အမြင့်မြတ်ဆုံးပါ”
အဲဒီနှစ်က အန်တီ မသိင်္ဂီ ဘာသာပြန်ပေးသော “Overture” ဆိုသော ဝတ္တုတိုတပုဒ် အပါအဝင် ဆရာ ဘာသာပြန်ပေးသော ကဗျာနှစ်ပုဒ်နှင့် ဝတ္တုတိုတပုဒ်ကို နမူနာအဖြစ်တင်ပြ၍ International Writing Program ကို လျှောက်လွှာပို့လိုက်သည်။
တရက် ကျမ ဆရာ့အိမ်ရောက်သွားတော့ ဆရာ့ကို အလွန် အားတုံ့အားနာနေဟန်နှင့် တွေ့ရသည်။
“ခက်မာကို ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ခက်မာ International Writing Program ကိုတင်ပြဖို့အတွက် စာတွေကို ဆရာကဘာသာပြန်ပေးနေချိန်မှာ အမေရိကား တောင်ပိုင်း အီလီနွိုင်းတက္ကသိုလ်က ဆရာကြီး ဦးစောထွန်းက အဲဒီပရိုဂရမ်အတွက် ဆရာ့ကို နာမည်စာရင်းသွင်းထားတယ် တဲ့။ ခု ဆရာ့ဆီကို International Writing Program တက်ဖို့ အကြောင်းကြားစာ ရောက်လာတယ်”
ဆရာက ကျမကို အလွန်အားနာဟန်ပေါက်နေသောကြောင့် ကျမက ဆရာ့ကို ပြန်အားနာရသည်။
“ဟာ .. ကောင်းတာပေါ့ ဆရာရယ်။ ဆရာ့လိုလူမျိုးသွားရတာ ပိုအကျိုးရှိတာပေါ့။ သမီးတို့လည်း ဆရာရလာမယ့် အတွေ့အကြုံတွေကိုကြည့်ပြီး ပြင်ဆင်လို့ရတာပေါ့။ တကယ်တော့ သမီးက လျှောက်မယ့်သာလျှောက်တာ။ သွားရမှာ ကြောက်တယ်။ သမီးက English လည်း မကောင်းဘူးလေ။ သမီးမှာ လေ့လာဖို့အချိန် ပိုရသွားတာပေါ့”
ဆရာ ရွေးချယ်ခံရခြင်းအတွက် ကျမ တကယ့်ကို ဝမ်းသာပါသည်။ ကျမ၏ လှိုက်လှိုက် လှဲလှဲ ဝမ်းသာဟန်ကြောင့် ဆရာလည်း အားနာရိပ်တွေ နည်းနည်းလျှော့သွားသည်။ ဆရာ International Writing Program သွားနေချိန်မှာ ကျမက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Commumity Depelovement & Civic Empowerment သင်တန်းသွားတက်ဖြစ်သည်။
ဆရာက ၂၀၀၆ နိုဝင်ဘာမှာပြန်ရောက်ပြီး ကျမက ၂၀၀၆ ဒီဇင်ဘာမှာ ပြန်ရောက်သည်။ ကျမ ချင်းမိုင်မှာရှိနေစဉ်မှာပဲ International Writing Program က ၂၀၀၇ ခုနှစ် အစီအစဉ်အတွက် လျှောက်လွှာနှင့် Writing Sample ပို့ရန် လှမ်းအကြောင်းကြား လာသည်။ ဆရာက ကျမ ပြန်ရောက်လျှင် သူ့ကိုလာတွေ့ဖို့ ဦးဇော်နောင် အပါအဝင် လူနှစ်ယောက်သုံးယောက်နှင့် မှာထားသည်။ ကျမ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဆရာ့ကို ဆရာ့အိမ်မှာ သွားတွေ့တော့ ထုံးစံအတိုင်း နွေးထွေးဖြူစင်သော ဆရာ့အပြုံးကို ခံစားရတာ ကြည်နူးဖွယ်ကောင်းလှသည်။
“ကဲ .. လာပါ၊ လာပါ ခက်မာရေ။ မျှော်နေတာ။ ပြောပြချင်လို့”
ဆရာက ရန်ကုန်မှ စထွက်ကတည်းက တွေ့ကြုံရတာတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြသည်။ သပ်သပ်လွတ်အပြင် ဥပုသ်စောင့်သူမို့ ဒုက္ခရောက်ရပုံတွေ။ ဟိုမှာ ဖတ်ရသည့် စာတန်းတွေ၊ ပူးပေါင်းပါဝင်ရမည့် အစီအစဉ်တွေ၊ ဘာတွေ ပြင်ဆင်သွားသင့်ကြောင်းတွေ။
“ပရိုဂရမ်ပြီးဖို့ တလလောက်လိုကတည်းက သူတို့က နောက်နှစ်အတွက် ဘယ်သူ့ကို ဖိတ်ခေါ်စေချင် သလဲ မေးတယ်။ ပုံမှန်ကတော့ အီးမေးလ်ပို့ပြီး မေးတာပေါ့။ ဆရာက သူတို့ဆီက ကွန်ပျူတာလည်း မငှားဘူး။ အင်တာနက်လည်း မသုံးဘူးလေ။ သူတို့ ပရင့်ထုတ်ပေးတဲ့ ဖောင်ပေါ်မှာ နောက်နှစ်အတွက် ဖိတ်ခေါ်စေချင်သောသူဆိုတဲ့နေရာမှာ ခက်မာဆိုပြီး လက်ရေးနဲ့ကို အသေအချာ ရေးခဲ့တယ်”
“ဟုတ်ကဲ့။ ပရိုဂရမ်က သမီးဆီကို အကြောင်းကြားတယ် ဆရာ။ Writing Sample တွေ ပို့ပါတဲ့။ သမီး ပို့လိုက်ပြီ။ သူတို့က ဆရာ့ဆီက ထောက်ခံစာလေးပါ တောင်းပေးပါ တဲ့”
“ဟာ .. ဟုတ်လား။ အကြောင်းတောင်ကြားပြီးပြီလား။ ကောင်းလိုက်တာ၊ ဝမ်းသာလိုက်တာ။ ရေးပေးမှာပေါ့။ ပရိုဂရမ် ဒါရိုက်တာက ခရစ်စ် ဆိုတဲ့ ကဗျာဆရာကြီး၊ သူ့ဆီကို ထောက်ခံစာ ရေးပေးမယ်”
ဒီတခါ လှိုက်လှိုက်လှဲလှဲ ဝမ်းသာသူက ဆရာဖြစ်သည်။ အဲဒီမှာ လုပ်ရမယ့်အလုပ်တွေ သမီး လုပ်နိုင်မယ်လို့ထင်သလား ဆရာ၊ ဆရာ ဘယ်လိုထင်သလဲဟု ကျမကမေးတော့ ဆရာက အားရပါးရ ပြန်ဖြေသည်။
“ဘာလို့မလုပ်နိုင်ရမှာလဲ။ ခက်မာ ကောင်းကောင်းလုပ်နိုင်တယ်။ ဒီကနေ ကောင်းကောင်းသာ ပြင်ဆင်သွား။ ဆရာလည်း ဝိုင်းကူမှာပေါ့”
ပြောပြောဆိုဆို ဆရာက ဖိုင်ကြီးတခုကို ဆွဲထုတ်လာသည်။ ဖိုင်ထဲမှာ International Writing Program တက်ရောက်ဖို့ စတင်ဖိတ်ကြားသည်မှစကာ ပရိုဂရမ်မှပြန်လာသည်အထိ ပရိုဂရမ်မှ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆက်သွယ်မေးဖြေထားသော အီးမေးလ်တွေကို ပရင့်အောက်ထုတ်ကာ သပ်သပ်ရပ်ရပ် ဖိုင်တွဲထားသည်။ အင်မတန် အင်္ဂလိပ်စာတော်သည်ဟု နာမည်ကြီးသော ဆရာ့မှာ ကိုယ်ပိုင်အီးမေးလ်အကောင့် မရှိပါ။ အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတခု၏ လိပ်စာနှင့်ဆက်သွယ်ပြီး အဝင်အထွက် အီးမေးလ်ဟူသမျှကို ပရင့်အောက်ထုတ်၍ သိမ်းထားသည်။
“ကဲ .. သမီိး ဒီဖိုင်ကို ယူသွား။ အဲဒီအထဲမှာ သမီး လိုအပ်သမျှ အကုန်ပါတယ်။ မရှင်းတာရှိရင် ဆရာ့ကို မေး”
ဖိုင်တွဲကြီးကို ကျမလက်ထဲ ထိုးထည့်နေသော ဆရာ့ကိုကြည့်ကာ ကျမ ဘာပြန်ပြောရမှန်း မသိအောင် အံ့သြသွားသည်။ ဝမ်းလည်းသာသွားသည်။ ဆရာ၏ စိတ်ရှင်းမှုနှင့် စေတနာ ထက်သန်မှုက အံမခန်းပါပင်။ ၂၀၀၇ နှစ်ဆန်းမှသည် International Writing Program အတွက် ကျမ အမေရိကားမသွားခင် သြဂုတ်လအထိ ကျမတို့ မကြာမကြာ တွေ့ကြသည်။ တွေ့တိုင်း ဆရာက သူ၏ ပရိုဂရမ် အတွေ့အကြုံတွေကို နည်းနည်းစီ ပြောပြသည်။ ရယ်စရာတွေလည်း ပါ၊ ဂုဏ်ယူစရာတွေလည်း ပါ၊ အံ့သြစရာတွေလည်း ပါ၊ မှတ်သားစရာတွေလည်းပါသော ဆရာ့ အတွေ့အကြုံတွေက ကျမအတွက်တော့ အဖိုးမဖြတ်နိုင်ပါ။ ကျမမှာ အစစ ကြိုတင်ပြင်ဆင်ချိန် ရသဖြင့် ကြောက်စိတ်တွေ လျှော့ပါးရသည်။ ဆရာကလည်း တွင်တွင်အားပေးသည်။ ရာသီဥတု အခြေအနေက အစ၊ တွေ့ကြုံရမည့်လူတွေ အပါအဝင် လုပ်ရမည့်ကိစ္စများ၊ လုပ်သင့်သည်များကို ပြောပြသည်။
IWP ပရိုဂရမ်မှာ Panel တခုလုပ်ဖို့ ခေါင်းစဉ်တချို့ကြိုပေးတော့ ကျမက ဆရာ့ဆီ ပြေးသွားပြန်သည်။
“သမီးက A Key Book from My Bookshelf ဆိုတဲ့ ခေါင်းစဉ်ကိုပြောမယ် စဉ်းစားတယ် ဆရာ”
“ကောင်းပါတယ်။ ပြောစရာ စာအုပ်တွေ အများကြီးပါ”
ကျမက ကျမ တကယ်ကြိုက်ပြီး မကြာခဏလည်း ပြန်ဖတ်မိသည့် ဆရာမြသန်းတင့် ဘာသာပြန်သော အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်လ်၏ “လေရူးသုန်သုန်” အကြောင်း ပြောချင်သည်ဟုပြောတော့ ဆရာက ခဏစဉ်းစားသည်။
“လေရူးသုန်သုန်က ပြောစရာမလိုအောင်ကောင်းတဲ့ စာအုပ်ပါ။ ကောင်းမှန်းလည်း လူတိုင်း သိတယ်။ ဆရာ အကြံပေးချင်တာကတော့ လူတိုင်းသိပြီးသားစာအုပ်ကို မိတ်ဆက်ပေးတာထက် ဟိုကလူတွေမသိတဲ့ မြန်မာစာအုပ်တအုပ်အကြောင်း ပြောတာက ပိုကောင်းမယ်ထင်တယ်။ ကိုယ့်မြန်မာစာပေကိုလည်း ချီးမြှောက် မိတ်ဆက်ရာကျတာပေါ့”
ဆရာ့အကြံပေးမှုက တကယ်ဖြစ်သင့်တာမို့ ကျမ ချက်ချင်း စိတ်ပြောင်းသွားသည်။
“မြန်မာမဂ္ဂဇင်းတခုအကြောင်း ပြောရင်မကောင်းဘူးလား ဆရာ”
“ကောင်းတာပေါ့”
ဆရာနှင့် ကျမ ဘယ်မဂ္ဂဇင်းအကြောင်းပြောလျှင်ကောင်းမည်လဲ စဉ်းစားကြသည်။ ကျမက ကဗျာ မဂ္ဂဇင်းအဖြစ် စတင်ခဲ့သော ပိတောက်ပွင့်သစ် မဂ္ဂဇင်းအကြောင်း မိတ်ဆက်ရလျှင် ကောင်းမည်ထင်ကြောင်း ပြောတော့ ဆရာကလည်း သဘောတူသည်။ မဂ္ဂဇင်း၏ ဘယ်လို ထူးခြားချက်မျိုး ထည့်သင့်သည်မှစကာ ပိတောက်ပွင့်သစ်နှင့်အတူ စာပေစင်ပေါ် ရောက်လာသူတွေအကြောင်းကိုပါ ထည့်ပြောသင့်ကြောင်း အကြံပေးသည့်အပြင် ကျမ မြန်မာလိုရေးထားသော ကျမ ဖတ်ရမည့်စာတန်းကိုလည်း အင်္ဂလိပ်လို ဘာသာပြန်ပေးသည်။ ဆရာ၏ လှပသော လက်ရေးစောင်းစောင်းလေးများဖြင့် IWP ဒါရိုက်တာ Christopher-Merrill ဆီကိုလည်း ကျမအတွက် ထောက်ခံစာတစောင် ရေးပေးသည်။ ဆရာ့စာကို Scann ဖတ်ပြီး အီးမေးလ်နှင့် ဒါရိုက်တာဆီ ပို့ရသည်။ မသီတာ(စမ်းချောင်း) ကလည်း တွဲဖက်ဒါရိုက်တာ Hugh Ferrer ဆီ ထောက်ခံစာတစောင် ရေးပို့ပေးသည့်အတွက် အလွန်အဆင်ပြေခဲ့ရသည်။ ၂၀၀၇ သြဂုတ်လထဲမှာ ကျမ ထွက်ရတော့မည်ဆိုတော့ ဆရာက သူ့အိမ်လာခဲ့ဖို့ မှာပြန်သည်။ ကျမရောက်သွားတော့ ဆရာက နာမည်တွေ၊ ဖုန်းနံပါတ်တွေ ရေးထားသော စာရွက်တရွက်ဖြင့် စောင့်နေခဲ့သည်။
“ဒါက IWP ဒါရိုက်တာနှစ်ယောက်ရဲ့ ဖုန်းနံပါတ်၊ ဒါက အဲဒီပရိုဂရမ်အတွက် ရောက်လာတဲ့ စာရေးဆရာတွေ ကိစ္စအဝဝကို စီစဉ်ပေးတဲ့ အမျိုးသမီးကြီးရဲ့ ဖုန်းနံပါတ်၊ သူ့နာမည် မေရီ လို့ ခေါ်တယ်။ ဒါက ဆရာကြီး ဦးစောထွန်း နံပါတ်၊ ဟိုရောက်ရင် ဆရာ့ကို လှမ်းဆက်သွယ်လိုက်ပါဦး။ ဆရာ လာတွေ့လိမ့်မယ်။ ဒါက အမေရိကားမှာနေတဲ့ ဆရာ့ရဲ့ အမဝမ်းကွဲ ဖုန်းနံပါတ်။ အခက်အခဲတခုခု တွေ့ရင်ဖြစ်ဖြစ်၊ အကူအညီလိုရင်ဖြစ်ဖြစ် ဖုန်းဆက်ပြီး ဆရာ့နာမည်ပြော မိတ်ဆက်လိုက်။ သူတို့ ကူညီလိမ့်မယ်။ ပြီးရင် သမီးတို့တည်းရမယ့် အိုင်အိုဝါ ဟောက်စ်ဟိုတယ် အောက်ထပ်မှာ ကျောင်းကင်တင်း ရှိတယ်။ အဲဒီမှာ ဆူရှီဆိုင်တဆိုင် ရှိတယ်။ ပိုင်ရှင်က မြန်မာလေး။ သဘောကောင်းတယ်။ ကူညီတတ်တယ်။ သူ့ကိုလည်း သွားတွေ့လိုက်”
ဆရာက ဆန် ဘယ်မှာဝယ်၍ရသည်ဆိုတာရော၊ မိုက်ကရိုဝေ့ဗ်နှင့် ထမင်းချက်နည်းပါ မကျန် ကျမကို ပြောပြလိုက်သည်။ ဆရာ့မှာကြားချက်၊ ကူညီချက် အဖုံဖုံကြောင့် ကျမ၏ အိုင်အိုဝါခရီးက အဆင်ပြေချောမွေ့ ခဲ့ပါသည်။ ဆရာ့ကျေးဇူးတွေ ကျမအပေါ် ကြီးလှပါသည်။
၂၀၀၇ ဒီဇင်ဘာလမှာ ကျမ အမေရိကားက ပြန်ရောက်သည်။ ရောက်ပြီး တပါတ်လောက် နားပြီး ဆရာ့ကိုသွားတွေ့တော့ ဆရာက မိတ်ဆွေဟောင်းတွေသတင်းမေးဖို့ စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်။ ခရစ်စ် နေကောင်းရဲ့လား။ ဟျူးခ်ျက ဘာမှာလိုက်သေးလဲ။ Panel Disscussion က အဆင်ပြေတယ် မဟုတ်လား။ Presentation မှာ ဘာအကြောင်းပြောခဲ့လဲ စုံနေအောင် မေးသည်။ ကျမက World Letrature Today ဟူသော Presentation တွင် မြန်မာဘာသာစကား အကြောင်းပြောရင်း ဟာသတခုပြောခဲ့ကြောင်းပြောတော့ ဆရာက ပြောပါဦးဟု တောင်းဆိုသည်။
“ကျမတို့ မြန်မာလို ‘အိုင်’ ဆိုတာ Lake ဖြစ်တဲ့အကြောင်း၊ ‘အို’ ဆိုတာကတော့ Old ပေါ့၊ ဝါက Yellow ဆိုတော့ အိုင်အိုဝါဆိုတာ မြန်မာလို အဝါရောင်ရေအိုင်အိုကြီး လို့ အဓိပ္ပာယ် ပေါက်နေတဲ့အကြောင်းပြောတော့ ကျမ လက်ချာပေးရတဲ့ မာစတာကျောင်းသားတွေက သိပ်သဘောကျပြီး ရေးမှတ်ကြတယ်လေ”
ကျမစကားကို ဆရာက ရယ်ရင်း “လူငယ်တွေများ စဉ်းစားတတ်လိုက်တာ” ဟု ရေရွတ်သည်။
“မေရီက ကျမကို မိုးနဲ့သိလားလို့ မေးတယ်ဆရာ။ မိုးက ကျမ ဆရာလို့ ပြောလိုက်တာပေါ့။ အဲဒီတော့ မေရီက ပြောတယ်။ မိုးက တရက်ကို တနပ်ပဲ အစာစားတယ်နော်။ အမေရိကရဲ့ ဆောင်းဦးမှာ သူက မြန်မာလုံချည်နဲ့ တိုက်ပုံပဲ အမြဲဝတ်တယ်။ မိုးရေ မင်းတော့ အေးပြီး ခဲသွားတော့မယ်လို့ သူ့ကို ဝိုင်းပြောကြတယ်။ ဒါပေမယ့် သူက မြန်မာဝတ်စုံကို ဝတ်မြဲပဲ။ တော်တော် ထူးဆန်းတဲ့လူပဲလို့ ပြောတယ်”
မေရီ့ကောက်ချက်ကိုကြားတော့ ဆရာက နှစ်နှစ်ခြိုက်ခြိုက် ရယ်ပြန်သည်။
“ဟုတ်လား၊ သူတို့အတွက် ဆရာက ထူးဆန်းနေတာပေါ့လေ”
၂၀၀၇ ဒီဇင်ဘာမှာ ကျမ IWP ပရိုဂရမ်က ပြန်ရောက်ပြီးနောက်ပိုင်း ဆရာ ပညာဒါနသင်ပေးနေသော အင်္ဂလိပ်စာသင်တန်းတခုကို ကျမ သွားတက်လိုက်သေးသည်။ မြန်မာ သတင်းခေါင်းစဉ်များကို အင်္ဂလိပ်လို ဘာသာပြန်သည့်ပုံ၊ အင်္ဂလိပ်သတင်းခေါင်းစဉ်များကို မြန်မာလို ဆီလျှော်အောင် ဘာသာပြန်ပုံများ လေ့လာရသည်။ ကျမမှာ ဆရာ၏စာပေတပည့်အပြင် အင်္ဂလိပ်စာ သင်ကြားခံရသူတပည့် ဖြစ်ခဲ့ပြန်သည်။
ဆရာဒဂုန်တာရာက ဆရာ့မိခင် ဆရာမကြီးဂျာနယ်ကျော်မမလေးကို မေတ္တာပန်းပွင့်ဟု တင်စားခဲ့သည်။ ဆရာနှင့် ခင်မင်ရင်းနှီးချိန်ကြာမြင့်လေ လူသားတွေအပေါ်ထားသော ဆရာ့ မေတ္တာစေတနာများကို ပိုသိရလေဖြစ်သော ကျမက ဆရာ့ကိုလည်း မေတ္တာတရားနှင့်ပတ်သက် သော နမိတ်ပုံတခုနှင့် တင်စားချင်လာသည်။ ဆရာ့ မိခင်၊ ဖခင်နှင့် ဆရာတို့က ပန်းခိုင်ကြီး တခိုင်မှာ အစီအရီပွင့်နေသည့် ပန်းပွင့်ကလေးများနှယ် ကိုယ်ပိုင် အဆင်းဂုဏ်ရည်များနှင့် လှပ မွှေးကြိုင်တင့်တယ်နေသူများ မဟုတ်လား။ သည်တော့ ဆရာက မေတ္တာပန်းခိုင်မှ ပန်းတပွင့်ပေါ။့ ထိုမေတ္တာပန်းပွင့်၏ အဆင်းကိုခံစားပြီး ရနံ့ကိုရှူရှိုက်၍ ကျမ ဘဝခရီးမှာ အကျိုးများစွာ ရခဲ့သည်။
၂၀၀၈ မေမှာ နာဂစ်ဆိုင်ကလုံးက မြစ်ဝကျွန်းပေါ်ကိုဖျက်ဆီးပစ်တော့ ကျမ၏အချိန် တော်တော်များများက မြစ်ဝကျွန်းပေါ်မှာ ကုန်ခဲ့သည်။ ဒုက္ခသည်ကူညီရေးတွေကို ၂၀၀၈ စက်တင်ဘာလထိ ကျမတို့လုပ်ခဲ့ပြီး ၂၀၀၉ မှာ နောက်တကြိမ် အမေရိကားသွားဖို့ အကြောင်းပေါ် လာပြန်သည်။ ဒီတခါ ပရိုဂရမ်ကတော့ မိသားစုပါခေါ်ခွင့်ရသဖြင့် မိသားစုလိုက်ကြီး အမေရိကား ထွက်ဖို့ ကျမ အလုပ်ရှုပ်ရပြန်သည်။ ဆရာကလည်း အချိန်တော်တော်များများမှာ ပြင်ဦးလွင်က ‘ဒဟတ်’ ပရဟိတ ကျောင်းကလေးမှာသာ အချိန်တွေ ပေးထားတော့တာမို့ ကျမတို့ နည်းနည်း အနေဝေးသွားကြသည်။ ကျမထွက်ကာနီး ဆရာ့ကို နှုတ်ဆက်ဖို့ ကြိုးစားပါသေးသည်။ ဒါပေမယ့် ဆရာက ရန်ကုန်တွင်ရှိမနေသောကြောင့် နှုတ်ဆက်ဖို့ အခွင့်မသာခဲ့ပါ။
၂၀၀၉ ခုနှစ်အတွင်းမှာပင် ဆရာကိုယ်တိုင်ရေးသော ဆောင်းပါးကလေးကိုဖတ်မိပြီး ဆရာ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိခဲ့ရသည်။ စိတ်မကောင်းလိုက်တာ မပြောပါနှင့် တော့။ ဒါပေမယ့် ဆရာ ဆေးကုနေတာပဲ။ ပျောက်သွားမှာပါဟု ကိုယ့်ကိုကိုယ် အားပေးခဲ့သည်။ ကျမ ဒီကိုလာခါနီး ဆရာ့အိမ်ကို ဖုန်းဆက်တော့ ဆရာ့အိမ်က ဖုန်းရောင်းလိုက်ပြီဟု တဖက်မှ ဖုန်းဖြေသူကပြောတာ မှတ်မိနေတာကြောင့် ဆရာ့ကို ဖုန်းဆက်ဖို့လည်း အဆင်မပြေပါ။ ဆရာက အီးမေးလ်လည်း မသုံးပြန်တာကြောင့် အီးမေးလ်ပို့ဖို့လည်း အဆင်မပြေပြန်။ ဆရာသုံးနေကျ အီးမေးလ်ဝန်ဆောင်မှုဆိုင်ကို ကျမ ကောင်းကောင်းသိသည်မို့ အဲဒီဆိုင်ကတဆင့်ပဲ အီးမေးလ်ပို့ သတင်းမေးမည်ဟု စိတ်ကူးခဲ့သည်။ ဒါပေမယ့် ဘယ်လိုစကားစပြီး သတင်းမေးရမလဲ အခက်တွေ့ ပြန်သည်။ ကင်ဆာဝေဒနာရှင်ကို ဘယ်လိုစကားနဲ့ သတင်းမေးအားပေးရပါ့။ ကျမ ချီတုံချတုံ ဖြစ်နေတုန်းမှာပဲ အန်တီ သိင်္ဂီဆီက အီးမေးလ်တစောင် ရသည်။
“ဆရာ ဦးမိုးဟိန်းက ကင်ဆာကြောင့် တော်တော်နေမကောင်းဘူး သမီးရေ။ ဒါပေမယ့် ဆရာက အန်တီ အပါအဝင် လူတွေကို သူ ကောင်းပါတယ်လို့ပဲ ပြောတယ်။ လူတွေကို သူ့အတွက် မပူပင်စေချင်တာလေ။ တကယ်လည်း ဖုန်းထဲမှာတော့ သူ့အသံက လန်းဆန်းပြီး ကျန်းမာနေသလို ပဲ။ တနေ့ကတော့ သူ့သားနဲ့ တွေ့တယ်။ သူ ကောင်းပါတယ် ပြောတာတွေက တကယ် မဟုတ်ဘူးတဲ့လေ။ အန်တီ အတော်စိတ်မကောင်းဘူး။ သမီးနဲ့ ဆရာ အဆက်အသွယ်ရှိရင် သူ့ဆန္ဒအတိုင်း မသိသလိုပဲ နေလိုက်ပါကွယ်”
ဒီလိုနှင့်ပဲ ဆရာ့ကိုသိသော ကျမမိတ်ဆွေသူငယ်ချင်းတွေကိုသာ ဖုန်းနှင့်တမျိုး အွန်လိုင်း ချက်တင်မှာ တွေ့ချိန်မှာတသွယ် သတင်းမေးဖြစ်ခဲ့သည်။ သူတို့အဖြေစကားတွေက အားရစရာ မကောင်းပေမယ့် ကျမကတော့ ဆရာ ပြန်ကောင်းသွားမှာပါဟု မျှော်လင့်ခဲ့မြဲပင်။
ကျမ မျှော်လင့်ချက် မပြည့်ခဲ့ပါ။ ဆရာ ကွယ်လွန်ခဲ့ပြီ။ ဆရာ မကျန်းမာချိန်မှာ ကိုယ်ထိလက်ရောက် သတင်းမမေးဖြစ်ခဲ့လေသော ကျမကို ဆရာ ခွင့်လွှတ်ရန်သာ ဆုတောင်း ရတော့သည်။
တဖက်သားအပေါ် ကြံဖန်နားလည်ကာ အကောင်းမြင်တတ်သော ဆရာက ခွင့်လွှတ်လိမ့်မည်ဆိုတာကိုလည်း ကျမ သိသည်။
ဒီစာကိုရေးနေချိန်မှာ ဆရာနောက်ဆုံးရေးခဲ့သည်ဆိုသော “မှာပါရစေ၊ ပြောပါရစေ” ကဗျာကို ဖတ်ရသည်။ တမလွန်ခရီးအတွက် ကိုယ့်ကိုယ်ကိုသေချာလွန်းသော ဆရာ့ကဗျာကို ဖတ်ပြီး ရင်ထဲမှာ ဆို့နင့် ဝမ်းနည်းနေရင်းကြားမှ ပြုံးရသည်။ ‘ကိုယ်သေရင် မငိုနဲ့’ ဟု ဆရာက အသေအချာ မှာသွားရင်းကြားမှ ကျမ နှမျောတသစွာ ငိုမိတာကိုလည်း ဆရာခွင့်လွှတ်မည်မှာ သေချာပါသည်။
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။
ဤကဗျာစာပိုဒ်လေးကို ဖတ်ရပြန်တော့ ပုထုဇဉ်ပီသစွာ စိတ်လှုပ်ရှား အားတက်ရပြန်သည်။ ဆရာက မဟုတ်တာ ဘယ်တော့မှမပြောဘူး။ ဆရာ တကယ်ပြန်လာမှာ။ ပြန်လာပြီး ဆရာချစ်သော မိခင်မြေအတွက် ကောင်းကျိုးတွေကို အားတက်သရော သယ်ပိုး ဆောင်ရွက်ဦးမှာ။ မိခင်မြေကို ဆရာပြန်လာချိန်မှာ ကျမတို့ ပြန်လည်ဆုံတွေ့နိုင်ဖို့ နည်းလမ်း တခုခုကို တယောက်ယောက်က ပြောပြပေးနိုင်လျှင် ဘယ်လောက် ကောင်းမည်လဲ။
ဤစာကိုရေးရင်း ကျမ စဉ်းစားမိတာတခု ရှိပါသည်။ ခုချိန်မှာ မရေရာသော မျှော်လင့်ချက်ဖြင့် ဆရာနှင့် ပြန်လည်ဆုံဆည်းရန် မျှော်လင့်ဆုတောင်းတာထက် ပိုလုပ်သင့်သော အရာတခုက ဆရာ သက်ရှိထင်ရှားရှိစဉ်ကတည်းက ဆရာ့ဂုဏ်ရည်များကို လေးစားတန်ဖိုး ထားကာ အသိအမှတ်ပြုသော စာတပုဒ် ကျမရေးခဲ့ဖို့ ကောင်းသည်ဆိုတာပဲ ဖြစ်သည်။
သက်ရှိထင်ရှား ရှိနေစဉ်ကာလများမှာ တဦးကိုတဦး ချစ်ခင်တန်ဖိုးထားသော စိတ်နှင့် တဦး၏ ဂုဏ်ရည်ကိုတဦးက အလေးအနက်ထား အသိအမှတ်ပြုခြင်းဖြင့် ဘဝတိုက်ပွဲကို ရင်ဆိုင် နွှဲနေသောလူသားမှာ အပြုံးများစွာနှင့် ပီတိ အားအင်တွေ တိုးလာလိမ့်မည်။ လူသားအချင်းချင်း တဦးနှင့်တဦး ပီတိကိုခံစားရစေခြင်းက သေဆုံးမှ နှမျောတသ ဝမ်းနည်းကြောင်းစာတွေ ရေးပြတာထက် ပိုအဓိပ္ပာယ်ကြွယ်ဝလိမ့်မည် ထင်ပါသည်။ ကျမကတော့ ဆရာ့အပေါ် အကြွေးတင်ခဲ့ပြီ။