|
| ဧပြီလ ကုန်လောက်မှာ ကျွန်မတို့နေတဲ့ လမ်းထဲမှာရှိတဲ့ Mattress Factory Museum က တာဝန်ရှိတဲ့ အမျိုးသမီးတစ်ယောက် ကျွန်မတို့ အိမ်ကို ရောက်လာပါတယ်။ ကျွန်မရဲ့ ပရိုဂရမ် ဒါရိုက်တာ ကနေတစ်ဆင့် ကျွန်မခင်ပွန်းက ပန်းချီဆရာ ဆိုတာ သိလို့ပါတဲ့။ ကျွန်မခင်ပွန်းရဲ့ Artworksု တွေကို ကြည့်ချင်တယ်လို့ ခွင့်တောင်း ပါတယ်။ တကယ်တော့ ကျွန်မတို့ကလည်း မြန်မာ လူမျိုးပီပီ ကိုယ်လုပ်ခဲ့ သမျှ ဘာမှတ်တမ်းမှ ထားလေ့ မရှိတော့ ပြစရာ များများစားစား မရှိပါဘူး။ ကျွန်မခင်ပွန်း |
|
|
|
သယ်ခဲ့တဲ့ သူ့ရဲ့ပြပွဲ ကတ်တလောက် တချို့နဲ့ သူ့ပန်းချီ ကားတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတချို့ကိုပဲ ပြရတော့ တာပေါ့။ ကျွန်မက မိတ်ဆွေတွေ e-mail နဲ့ ပို့ထားတဲ့ သူ့ရဲ့ပါဖောင်းမန့်ပြပွဲ တွေက ဓာတ်ပုံတချို့ကို Print out ထုတ်ပြီးပြဖို့ စဉ်းစားပေမဲ့ အမျိုးသမီးက ကျွန်မခင်ပွန်း ဓာတ်ပုံရိုက်ယူလာတဲ့ သူ့ရဲ့ Installation Show က ဓာတ်ပုံတချို့ကို အတော်စိတ်ဝင် စားနေပါ ပြီ။ ရှိစုမဲ့စုကြည့်စရာ လေးတွေ ကြည့်ပြီးသွားတာနဲ့ ကက်သရင်း(Katharine)က ဒီလို ပြောပါတယ်။ |
|
|
|
|
|
“Mattress Factory Museum မှာ မေလနဲ့ ဇွန်လအတွင်း အမေရိကန်အနုပညာရှင် ၁၈ ယောက်ရဲ့ အင်စတော်လေးရှင်း အနုပညာ ပြပွဲတစ်ခု လုပ်ဖို့ ရှိပါတယ်။ အဲဒီပွဲမှာ ပူးပေါင်း ပါဝင်တင်ဆက်ဖို့ ဖိတ်ခေါ်ပါတယ်” မတ်လမှာ အမေရိကရောက်ပြီး ဧပြီလမှာ ပြပွဲလုပ်ဖို့ ဖိတ်ခေါ်ခံရတဲ့အတွက် ကျွန်မတို့ အံ့ဩဝမ်းသာခဲ့ကြပါတယ်။ အဲဒီနေ့ကစပြီး ဘယ်လိုအင်စတော်လေးရှင်းမျိုးလုပ်ရင် ကောင်း မလဲဆိုပြီး အပြင်းအထန် စဉ်းစားရပါတော့တယ်။ အိုင်ဒီယာထုတ်ရုံမက ကိုယ့်အိုင်ဒီယာ ထဲမှာ ပြမယ့် ပြကွက်အတွက် လိုအပ်တဲ့ပစ္စည်း ရနိုင်မရနိုင်ပါ ထည့်စဉ်းစားရတာမို့ တော်တော် စဉ်းစားရကျပ်ခဲ့ပါတယ်။ ပြပွဲအတွက် ခေါင်းထဲမှာ အလုပ်ရှုပ်နေကြတဲ့ တစ်ရက်မှာပဲ ထိတ်လန့် စရာကိစ္စတစ်ခုနဲ့ ကြုံပါတော့တယ်။
|
|
|
|
|
|
မေလဆန်းစတစ်ညနေမှာ ကျွန်မသား နှစ်ယောက်ကို ကျောင်းကားဂိတ်မှာ သွားကြို တော့ သားကြီးတစ်ယောက်ပဲ ကားပေါ်က ဆင်းလာပါတယ်။ “သားညီလေးရော...”ကျွန်မရဲ့အလောတကြီးအမေးကို သားကြီးက `မသိဘူး။ သူ့ကို ကျောင်းကားစောင့်တဲ့ နေရာမှာ မတွေ့ဘူး’ လို့ တုံးတိတိ ပြောပါ တယ်။ ကျွန်မတို့ ကမန်းကတန်း အိမ်ကို ပြန်လာပြီး သားတို့ကျောင်းကို ဖုန်းဆက်တော့ ဖုန်းကိုင်မယ့်သူမရှိပါဘူး။ ကျွန်မ တော်တော် စိတ်ပူရပါပြီ။ |
|
|
“ဒီညနေ Children Museum မှာ သားတို့ကျောင်းက ဖက်ရှင်ရှိုး လုပ်တယ်။ ညီလေးက တခြားကျောတဲ့ Children Museum ကို လိုက်ဖို့ ပြင်ကြပါတယ်။ မသွားခင် တစ်ဖက်အိမ်က ကျွန်မရဲ့ ပရိုဂရမ်ဒါရိုက်တင်းသားတွနဲ့ အဲဒီကိုများ ပါသွားသလားမသိဘူး” သားကြီးက အဲဒီလိုပြောတော့ ကျွန်မတို့ အိမ်နဲ့ သိပ်မဝေးလှာ လည်းဖြစ်၊ မိဘ သဖွယ်စောင့် ရှောက်တဲ့ အိမ်နီးချင်း လည်းဖြစ်တဲ့ ဟင်နရီ့အိမ်ကို တံခါးခေါက်ပြီး အကျိုးအကြောင်း ပြော |
| |
|
|
|
|
တော့ ဟင်နရီ အကြီး အကျယ် ထိတ်လန့်သွားလေရဲ့။ “ကလေး ပျောက်တယ်ဆိုတာ ဒီမှာ တကယ့်အမှုကြီးပဲ” ဟင်နရီက အဲဒီလိုပြောတော့ ကျွန်မပိုလို့ ထိတ်လန့်ရပြီပေါ့။ သူက ချက်ချင်းပဲ ကား ထုတ်ပြီး ကျွန်မတို့နဲ့အတူ Children Museum မှာလည်း ကျွန်မ သားငယ်ကို ရှာလို့ မတွေ့ပါဘူး။ သားငယ်ပျောက် တဲ့အကြောင်း ပြောပြမိသမျှ ဆရာ၊ ဆရာမတိုင်း ကလည်း ထိတ်လန့်လို့။ |
|
|
|
|
|
ဟင်နရီကတော့ `ရဲခေါ်မှ ဖြစ်တော့မယ်’ လို့ပြောရင်း ၉၁၁ ကို ဖုန်းဆက်နေပါပြီ။ ကျွန်မ ကလည်း အိမ်မှာ ကျန်ခဲ့တဲ့ သားတို့ အဖေဆီ ဖုန်းဆက်ပြီး အခြေအနေ အကျိုးအကြောင်းကို မကြာခဏ မေးရပါတယ်။ သားတို့အဖေရဲ့ အဖြေကတော့ `မထူး’ ပါပဲ။ ခဏနေတော့ အိမ်ရှေ့ကို ရဲကားတွေ ရောက်လာပြီလို့ သူက ဖုန်းဆက်ပါတယ်။ ကျွန်မတို့ကား Children Museum ကနေ အိမ်ကို ပြန်မောင်းလာ နေတုန်းမှာပဲ သူက `ကိုယ်ကျောင်းကားဂိတ်မှာ သွားစောင့်နေမယ်’ လို့ ဖုန်းဆက်လာ ပြန်ပါတယ်။ အိမ်ရောက်တော့ သားကြီးကို အိမ်မှာထားပြီး ကျွန်မက ကျောင်းကားဂိတ်ကို လိုက်ရ ပြန်ရော။ ဟင်နရီက ရဲကို ဖုန်းခေါ်၊ ရဲက ကျောင်းကား ကုမ္ပဏီကို ဖုန်းခေါ်တော့ ကျောင်းကားကုမ္ပဏီက သူတို့ကျောင်းကို နောက်တစ်ခေါက် သွားရှာပေး မယ်လို့ ပြောသတဲ့။ ဒါကြောင့် ကျွန်မတို့က ကျောင်းကားရပ်မယ့် ဂိတ်မှာ သွားစောင့်ကြတာပါ။ ညနေ ငါးနာရီ ကျော်ကျော်လောက် မှာတော့ ကျောင်းကားအဝါ တောက်တောက် ကြီးပေါ်ကနေ သားငယ် မောင်နွေဦးက ပြုံးပြုံးရွှင်ရွှင်နဲ့ ဆင်းလာပါတယ်။ ကျွန်မတို့အိမ်ကို အခြေအနေမေးဖို့ ရောက်သွားတဲ့ ဟင်နရီကို သားကြီးက ကျွန်မတို့ ကျောင်းကားဂိတ်မှာ သွားစောင့်နေ တယ်ပြောလို့ ဟင်နရီ က ကားနဲ့လိုက် လာပါတယ်။ ကျွန်မတို့ကို တွေ့တော့ ကားပေါ်တင် ခေါ်လာရင်း သက်ပြင်း ချပြီး ပြောလေရဲ့။ |
|
|
|
|
|
|
| “ငါ ခုမှပဲ စိတ်အေး တော့တယ်။ ကလေး ပျောက်သွား တယ်ဆိုတာ ဘယ်လောက်ကြောက် စရာကောင်းသလဲ"။ ကျွန်မတို့လမ်းထဲ ချိုးဝင်စ မှာပဲ အိမ်ရှေ့မှာ စောင့်နေတဲ့ ရဲကားတစ်စီးကို တွေ့ပါတယ်။ ကျွန်မတို့က သားငယ်ကိုပြရင်း ပျောက်သွားတာ ဒီကလေးဖြစ်တဲ့ အကြောင်း ခုပြန် တွေ့ ပြီမို့ကျေးဇူးတင် ကြောင်းပြော တော့မှ ရဲကားက ပြန်ထွက် |
|
|
|
သွားပါတယ်။ အိမ်ရှေ့မှာရောက်နေတဲ့ ရဲကားကို ကြည့်ပြီးသားငယ်က `ဘာတွေဖြစ်နေကြတာလဲ’ မေးလို့ ရယ်ရ ပါသေးတယ်။ တကယ်တော့ အဲဒီညနေမှာ ကျောင်းကားတွေက ကလေးတွေကို Children Museum ကို ပို့ပေးခဲ့တာပါ။ သားငယ်က ကျောင်းကား စောင့်ရမယ့်နေရာရောက်တော့ ကျောင်းကားကို မတွေ့ပါဘူးတဲ့။ ဒါနဲ့ ကျောင်းကားနောက်ကျ နေတာပဲထင်ပြီး အေးအေးဆေးဆေးဆက် စောင့်နေခဲ့ပါသတဲ့။ သားငယ်ကြောက်မသွားတာပဲ တော်ပါသေးရဲ့လို့ ကျွန်မတို့မှာ ဖြေတွေးရပါ တော့တယ်။ |
|
|
|
|
|
ပျောက်သွားတဲ့သားကို ပြန်တွေ့ပြီမို့ ရင်အေးရပေမဲ့ နောက်ထပ် စိတ်ပူစရာကိစ္စတစ်ခု ကို ညရောက်တော့ ကြုံရပြန်ပါရော။ ကျွန်မရဲ့ ပိုက်ဆံအိတ် ရှာမတွေ့တော့တာပါ။ အိတ်ထဲမှာ ပိုက်ဆံက သိပ်မပါပေမဲ့ ဒီမှာ သုံးရမယ့် ကတ်ပြားပေါင်းမြောက်မြားစွာ ပါသွားတယ်။ ဘဏ်ကတ်၊ ကျန်းမာရေးအာမခံ ကတ်တွေက တစ်မိသားစုလုံးစာ၊ ပြတိုက်အဖွဲ့ဝင်ကတ်တွေနဲ့ မှတ်ပုံတင်ကတ် တွေပေါ့။ ဒီမှာကလည်း နေရာတကာ ကတ်တွေနဲ့ပဲ သုံးရတာဆိုတော့ ကတ်တွေ ပျောက်သွားရင် အင်မတန်မှ ဒုက္ခရောက် ရပါတယ်။ ပျောက်သွားတဲ့ ကတ်တွေကို ပြန် လျှောက်လို့ရပေမဲ့ အချိန်တွေကြာပြီး ရုံးတွေ တစ်ရုံးဝင် တစ်ရုံးထွက်လျှောက်သွားရမှာမို့ စိတ်ကုန်စရာပါပဲ။ သားပြန်တွေ့ပေမဲ့ အဲဒီညက ကျွန်မ အိပ်မပျော်ပါဘူး။ သားငယ်ကို ရှာဖို့ ထွက်ရင်း အကယ်၍များ ကလေးက တစ်ခုခု ထိခိုက်မိနေတာ များဖြစ်ရင်လို့ တွေးမိပြီး လိုလို ပိုပို ကျန်းမာရေး အာမခံကတ် တွေထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ယူသွားမိတာ သိရပါတယ်။ ဒါကြောင့် ကျွန်မတို့ကို ကားပေါ်တင်ပြီး ကလေး အရှာထွက်တဲ့ ဟင်နရီ့ဆီ ညဥ့်နက် သန်းခေါင်ထပြီး အီးမေးပို့မိပါတယ်။ အကယ်၍ မင်း ကားပေါ်မှာများ ပိုက်ဆံအိတ်တစ်လုံးတွေ့ရင် အကြောင်းကြားပါပေါ့။ |
|
|
|
|
|
အဲဒီညက ကျွန်မ မအိပ်မိသလောက်ပါပဲ။ ကွန်ပျူတာကို ဖွင့်ရင်း online မှာ တွေ့တဲ့ သူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက် chat နေမိတာပါပဲ။ ဒါပေမဲ့ ဒီကနေ့ ကြုံရတဲ့အဖြစ် အပျက်ကိုပဲ ပြောပြမိလျက်သားမို့ စိတ်ပြေ လက်ပျောက်မဖြစ်ဘဲ ပိုက်ဆံအိတ်များ ပြန် မတွေ့တော့ရင်လို့ တွေးမိပြီး ပိုစိတ်ရှုပ်မိပါသေးတယ်။ သူငယ်ချင်းတွေကလည်း ကလေးပြန် တွေ့တာကို ဝမ်းသာပေမဲ့ ကတ်တွေနဲ့နေထိုင် နေရတဲ့ အမေရိကမှာ ကတ်တွေ ပျောက်နေတဲ့ အတွက်တော့ စိတ်ပူကြရှာပါတယ်။သက်ဆိုင်ရာ ဘဏ်တို့၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့ကို ဖုန်းဆက်ပြီး ကတ်တွေ ပျောက်တဲ့အကြောင်း ပြောထားလို့ အကြံပေးကြပေမဲ့ ညဥ့်နက် သန်းခေါင်ကြီးမို့ ဖုန်းမဆက်ဖြစ်ခဲ့ပါဘူး။ နောက်တစ်နေ့ မနက် ၉ နာရီလောက် တံခါးဘဲလ်သံ |
| |
|
|
|
မြည်လာ လို့ ဖွင့်လိုက်တော့ ဟင်နရီက ကျွန်မ ပိုက်ဆံအိတ်လေးကိုကိုင် ပြီး ရပ်နေလေရဲ့။ ပျော်လိုက်တာ ဘယ်လိုပြော ရမှန်းတောင် မသိပါဘူး။ ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောရင်း ကတ်တွေကို စစ်လိုက် တော့ ကျွန်မရဲ့ ID ကတ်မပါတော့ပါဘူး။ ကျွန်မမှာ Passport ရှိနေတာမို့ ID ပျောက်သွား တာပဲ တော်ပါသေးရဲ့လို့ ကြံဖန်တွေးရပြန်ပါ တော့တယ်။ရင်မောစရာကိစ္စတချို့ကို ဖြတ်သန်းသွား ပြီးတဲ့နောက် ကျွန်မခင်ပွန်းရဲ့ ပြပွဲဖွင့်ပွဲကျင်းပမယ့် မေလ ၈ ရက်နေ့ကို ရောက်လာပါပြီ။ ဖွင့်ပွဲက ည ၇ နာရီမှာ စတင်မှာဖြစ်ပါတယ်။ နေ့လယ် ၁၁ နာရီကျော်ကျော်လောက်မှာ ကျွန်မ သားတွေရဲ့ ကျောင်းက ဖုန်းဆက်လာပါတယ်။ |
|
|
|
|
|
`မင်းရဲ့သား လင်းသစ်နွေဦး ကစားရင်း လက်ကျိုးသွားလို့ ကျောင်းကို အမြန်လိုက်ခဲ့ပါ’ တဲ့။ ကျွန်မတို့မှာ ဘုရားတရ ပြန်ပါပြီ။ ထုံးစံ အတိုင်း ဟင်နရီ့အိမ်ကို တံခါးခေါက်ပြီး အကျိုးအကြောင်း ပြောပြတော့ `နွေဦးပဲလား’ လို့ ဟင်နရီက မေးပါတယ်။ ကျောင်းရောက် တော့ သားငယ်ကို လက်မှာ ပတ်တီးစည်းလျက် အိပ်ပျော်နေတာ တွေ့ပါတယ်။ သူ့ပါးပေါ်မှာ မျက်ရည်စီးကြောင်း ရာတွေက ခြောက်လို့။ “အားကစားချိန်မှာ သူတို့ အမေရိကန် ဘောလုံးကစားကြရင်းနဲ့ လက်ကို ဖိလျက်သား ချော်လဲသွားတာ။ ကျောင်းသူနာပြုကတော့ လက်ကျိုးသွားတယ် ပြောတာပဲ။ ဆေးရုံ အမြန်ဆုံးပို့ပါ” ဆံပင်အတု ထူထူစွပ်ထားတဲ့ ကျောင်းအုပ် ဆရာမကြီး က ဆောရီး လို့ အထပ်ထပ်ပြောရင်း သားကို ကျွန်မတို့လက် အပ်ပါတယ်။ ဟင်နရီ့ ကားလေးက ကလေးဆေးရုံဆီ ဦးတည်ရပြန် ပြီပေါ့။ အလွန်သန့်ရှင်းပြီး ခမ်းနားထည်ဝါတဲ့ ကလေးဆေးရုံကြီးရဲ့ တံခါးအထပ်ထပ်ကို ဖြတ်ပြီး အခန်းတစ်ခုထဲကို ဝင်ရပါတယ်။ ဆရာဝန်တွေက မေးခွန်တွေ အထပ်ထပ်မေး၊ ကျွန်မကလည်း မိခင်အဖြစ်လက်မှတ်တွေ အထပ်ထပ်ထိုးပြီး သားကို စတင်စစ်ဆေးပါတယ်။ လက်ကျိုးတာလို့ ယူဆကြပေမဲ့ ကလေး ကို ဆီး၊ သွေးတွေစစ်၊ သွေးခုန်နှုန်း၊ နှလုံး ခုန်နှုန်းတွေပါစစ်ပြီး နောက်ဆုံးမှာ လက်ကို ဓာတ်မှန်ရိုက်ပါတယ်။ ဆေးစစ်ချက်အဖြေတွေ စောင့်နေတုန်း ကလေးကို အားမငယ်ရ၊ မပျင်းရအောင် ဆရာဝန်၊ ဆရာမတွေက တစ်လှည့်စီ ဟာသတွေ လာပြောလိုက်၊ သကြားလုံးလို ရေခဲချောင်းလို စားစရာတွေ လာပေးလိုက်၊ ကစားစရာတွေ လာပေး လိုက်နဲ့ပေါ့။ မြောက်မြား လှစွာသော စစ်ဆေးချက်တွေ ပြုလုပ်ပြီး ညနေ ငါးနာရီ လောက်မှာ ဓာတ်မှန်အဖြေတွေ ထွက်လာတော့ သားငယ်ရဲ့လက်က ကျိုးတာမဟုတ်ပါဘူး။ အဆစ်လွဲ သွားတာလို့ ပြောရမယ် ထင်ပါရဲ့။ တာဝန်ကျ ဒေါက်တာမ တစ်ယောက်က ကျွန်မကို တိုးတိုးကပ်ပြောပါတယ်။ |
|
|
|
|
|
|
| “သူ့လက်ကို ငါ တည့်ပေး လိုက်မယ်။ ခဏတော့ သူ အရမ်းနာမှာပဲ ဒါပေမဲ့ ငါးမိနစ် အတွင်း နဂိုအတိုင်း ပြန်ကောင်း သွားမှာပါ” ကျွန်မက ခေါင်းညိတ်ပြ လိုက်တော့ ဆရာဝန်မက စကားရော ဖောရောနဲ့ သားလက်ကို ဟိုကိုင် သလိုလို၊ ဒီနေရာကြည့် သလိုလို လုပ်ရင်း ဆတ်ခနဲဆို ဆွဲချလိုက် ပါတယ်။ “အား” ဂျွတ်ခနဲ အသံနဲ့ အတူ သားက ဝက်ဝက်ကွဲ အောင် အော်ငိုပါလေရော။ သူနာပြုအမျိုးသမီး တစ်ယောက် |
|
|
|
က အပြာရောင် ရေခဲချောင်း ပြားကြီး တစ်ပြားနဲ့ စပိုက်ဒါမန်းပုံတွေပါတဲ့ ကပ်ခွာတွေ လာပေးပြီး ဟိုပြောသည်ပြော ပြောရင်း ငါးမိနစ် လောက်လည်း ကြာရော သားမျက်နှာက ပြုံးလာပါတယ်။ လက်ကို ပုံမှန်အတိုင်း ကွေးချည် ဆန့်ချည်လုပ်ပြနိုင်ပြီမို့ ဆရာဝန်တွေက ဘိုင့်ဘိုင် လို့ နှုတ်ဆက်နေကြပါပြီ။ အဲဒီနေ့က အိမ်ကို ညနေ ခြောက်နာရီနီးပါးမှ ပြန်ရောက်လာပါတယ်။ ကမန်းကတန်းရေချိုးပြီး သားတို့အဖေရဲ့ ပြပွဲဖွင့်ပွဲကို ချီတက်ရပြန်ပါရော။ နေ့လယ်ပိုင်းမှာ စိတ်ရှုပ်ထွေးခဲ့ရပြီး အမောမပြေချင် သေးပေမဲ့ အမေရိကန်အနုပညာရှင် ၁၈ ယောက်နဲ့အတူ တွဲပြတဲ့ တစ်ဦးတည်းသော မြန်မာအနုပညာရှင် အဖြစ် အသိအမှတ်ပြုအားပေးကြတော့ အမောပြေရပြန်ပါတယ်။ လကုန်လို့ Bill ရောက်လာတော့ သားငယ် လက်ကျိုးတယ်ထင်ပြီး စစ်ဆေးခဲ့တာ၊ ဓာတ်မှန် ရိုက်ခဲ့တာတွေအားလုံးအတွက် ဒေါ်လာ ၉၇၈ ကျပါသတဲ့။ ကျွန်မတို့မှာ မျက်လုံးပြူး ရပြန်ပါတယ်။ ဒါပေမဲ့ Bill ရဲ့အောက်ခြေမှာ ကျန်းမာရေးအာမခံရှိရင် ဆက်သွယ်ပါလို့ ရေးထားတာကြောင့် ကျန်းမာရေးအာမခံရှိ ကြောင်း ဖုန်းဆက်အကြောင်းကြားတော့ ကျွန်မ တို့ရဲ့ ကျန်းမာရေးအာမခံက အားလုံးကို cover ဖြစ်တဲ့အတွက် ပေးစရာမလိုပါဘူးတဲ့လေ။ ဘယ်နှကြိမ်မြောက်မှန်းမသိ သက်ပြင်းချရပြန်ပါပြီ။ |
|
|
|
|
|
ဇွန်လ ၁၄ ရက်နေ့မှာ ကျွန်မတို့နေတဲ့ လမ်းထဲမှာရှိတဲ့ Mattress Factory Museum မှာ မိသားစုပျော်ပွဲ ရွှင်ပွဲလေး တစ်ခုရှိပါတယ်။ ကျွန်မတို့လည်း ဖိတ်ကြားခံရတာကြောင့် မိသားစုလိုက် ပြတိုက်ကို ချီတက်သွားကြပါတယ်။ ကလေးတွေစိတ်တိုင်းကျ ပန်းချီဆွဲချင် ရာဆွဲဖို့ ဆေးရောင်စုံတွေ ချပေးထားတဲ့ ကော်နာ၊ စက္ကူရောင်စုံလေးတွေ၊ ရုပ်စုံကတ်ပြား လေးတွေ ဖြတ်ညှပ်ကပ်ပြီး ပန်းချီကားလေး တွေဖြစ်အောင် လုပ်နိုင်တဲ့ကော်နာ၊ ကာရာအိုကေ၊ ဘရိတ်ဒန့်စ် စသဖြင့် ကလေးတွေ စိတ်ဝင်စားစရာတွေ စီစဉ် ပေးထားတာကြောင့် ကလေး တွေက ပျော်လို့ ပေါ့။ ကျွန်မတို့လည်း ငယ်မူပြန်ပြီး ကလေးတွေ နဲ့အတူ ပန်းချီတွေ ဆွဲလိုက်၊ အရုပ်တွေ ကပ်လိုက်၊ သီချင်းတွေဆိုလိုက်နဲ့ ပျော်စရာ ကောင်းလှပါတယ်။ ညနေ သုံးနာရီ လောက်မှာတော့ ဆပ်ကပ်အစီအစဉ်ပါ။ ဆပ်ကပ်ဆရာက မျက်လှည့်ပုံးကြီးကို ရှေ့ချ၊ ဘောလုံးလေးငါးလုံးကို သွက်သွက်လက်လက် မြှောက်ဖမ်းကစားနေပါပြီ။ ဆပ်ကပ်ကို စိတ်ဝင်စားလွန်းတဲ့ သားနှစ်ယောက်အကြောင်းသိတဲ့ ကျွန်မက ဆပ်ကပ်ဆရာနဲ့ အနီးဆုံး ထိပ်စားပွဲမှာ နေရာယူလိုက်ပါတယ်။ ကျွန်မတို့ရှေ့မှာ ကျွန်မတို့ကို မျက်နှာ ချင်းဆိုင်ထားတဲ့ ဆပ်ကပ်ဆရာ၊ ဆပ်ကပ်ဆရာရဲ့နောက်မှာ ပြတိုက်ရဲ့ သံပန်းခြံစည်းရိုး၊ ခြံစည်းရိုးနဲ့ကပ်လျက် ပလက်ဖောင်း ပြီးရင် ပေ ၂၀ လောက်ကျယ်တဲ့ ကတ္တရာလမ်းပါပဲ။ လမ်းတစ်ဖက်မှာက ကျွန်မတို့ရှိနေတဲ့ အလျား လိုက်လမ်းကို ၉၀ ဒီဂရီထောင့်ဖြတ်လာတဲ့ အထိ ဒေါင်လိုက်လမ်းတစ်ခုပါ။ |
|
|
|
|
|
ဆပ်ကပ်ဆရာက စိတ်လှုပ်ရှားဖွယ်တီးလုံး ကိုဖွင့်ပြီး ဘောလုံးတွေကို မြန်သထက်မြန် အောင် ပင့်မြှောက်ကစားလို့ ပရိသတ်ကို ဖမ်းစားဖို့ ကြိုးစားနေပါတယ်။ သူ့ရှေ့မှာ စားပွဲ ခုံ သေးသေး တစ်လုံးချထားပြီး စားပွဲပေါ်မှာရေဒီယို အဟောင်းကြီးတစ်လုံးနဲ့ ပန်းသီးလေး၊ ငါးလုံး တင်ထားပါတယ်။ ဘောလုံးကစားပြီးတော့ သူ့ရဲ့ တိုလီမိုလီ ထည့်ထားတဲ့ သေတ္တာထဲက ခရု သင်းကြီးတစ်ခုကို ထုတ်ယူလာပြီး မှုတ်ပါ တော့တယ်။“သူ ဘာလုပ်မလို့လဲ မသိဘူး။ စိတ်ဝင်စားစရာ ကောင်းလာပြီ” သားကြီးက မျက်လှည့်ပြမလို့ ပြင်ဆင်ထားတဲ့ ဆပ်ကပ်ဆရာကို မျက်တောင် မခတ်စိုက် ကြည့်ရင်းပြောပါတယ်။ သူကသီချင်းသံကို မြှင့်လိုက်ပါတယ်။ သူ သီချင်းသံကို မြှင့်နေတဲ့ အချိန် ကျွန်မမျက်လုံးက လမ်းတစ်ဖက်ကို အလိုအလျောက် ရောက်သွားပါတယ်။ အဖြူရောင် တီရှပ်ပွပွကြီးကို ဝတ်ပြီး ဦးထုပ်ဆောင်း ထားတဲ့ ခပ်ဝ၀ကပ္ပလီလေး တစ်ယောက် ဖုန်းပြောရင်း ကျွန်မနဲ့ မျက်နှာချင်း ဆိုင်အရပ်ကို လျှောက်လာပါတယ်။ သူ လမ်းလျှောက်နေရာ ပလက်ဖောင်းနဲ့ကပ်လျက် ကားလမ်းပေါ်မှာတော့ သူ့အနောက် ဘက်နားခပ် ကျကျကနေ အပြာရင့် ရောင်ကားလေးတစ်စီး အရှိန်နှေးနှေးနဲ့ မောင်းလာတာ မြင်နေရပါတယ်။ အဲဒီကောင်လေးနဲ့ ကားပြာလေး ဆယ်ပေလောက်သာ ခြားတော့တဲ့ အချိန်မှာ ဒိုင်းခနဲ အသံတစ်ချက်ကြားလိုက်ရပြီး ကောင်လေးက လဲကျသွားပါတယ်။ |
|
|
|
|
|
“ကားဘီးပေါက်တာထင်တယ်” ကျွန်မက ဘေးမှာကပ်လျက် ထိုင်နေတဲ့ ခင်ပွန်းကို ကပ်ပြောလိုက်ပါတယ်။ အဲဒီအချိန် မှာ ကားပြာလေးက အရှိန်ကိုမြှင့်ပြီး ကျွန်မနဲ့ ဆယ်ပေကျော်ကျော်သာကွာတဲ့ လမ်းပေါ်ကို ထောင့်ချိုးကွေ့ချပြီး မောင်းထွက်သွားပါတယ်။ လဲကျသွားတဲ့ကောင်လေးက ခေါင်းထောင်လာပြီး တစ်ခုခုလှမ်းအော်ပေမဲ့ ဆပ်ကပ်ဆရာဖွင့်ထားတဲ့ တီးလုံးကြောင့် ဘာအော်ပြောတာလဲ မသဲကွဲပါဘူး။ ကျွန်မမျက်လုံးက ဆပ်ကပ် ဆရာဆီပြန် ရောက်သွားချိန်မှာပဲ တဖုန်းဖုန်းပြေး လာတဲ့ ခြေသံတချို့နဲ့အတူ အော်သံကျယ်ကျယ်ကို ကြားရပါတယ်။ |
|
|
|
|
|
“လူတစ်ယောက် သေနတ်နဲ့ ပစ်ခံရတယ်။ ကယ်ကြပါဦး” သူ့တီးလုံးသံကို ဖုံးမတတ်ကျယ်တဲ့ အော်သံကြောင့် ဆပ်ကပ်ဆရာက သူ ကျောခိုင်းထား တဲ့ဘက်က လမ်းပေါ်ကို လှည့်ကြည့်လိုက်ပါ တယ်။ ပြီးတော့ သူ့လက်မှာ ကိုင်ထားတဲ့ မိုက်ခရိုဖုန်းက နေတစ်ဆင့် ပြောလိုက်ပါတယ်။“လူတစ်ယောက် သေနတ်ပစ်ခံရတယ်” “ဘုရားရေ...” ရုတ်တရက်ရေရွတ်မိလိုက်တဲ့ ပါးစပ်ကို ကျွန်မဘာသာ လက်နဲ့ပိတ်ကာ လိုက်မိပါတယ်။ ဒါဆို လဲကျသွားတဲ့ ကောင်လေးက သေနတ်နဲ့ ပစ်ခံလိုက်ရတာပေါ့။ မောင်းထွက်သွားတဲ့ ကား အပြာလေးပေါ်က ပစ်သွားတာပေါ့။ တစ်ခါမှ မကြုံဖူးတဲ့ အဖြစ်အပျက်ကို အနီးကပ်ဆုံးနဲ့ ပထမဆုံးမြင် လိုက်ရတဲ့ ကျွန်မရင်တွေ တဒိုင်းဒိုင်း ခုန်လာပါတယ်။ ဆပ်ကပ်ပွဲကို ကြည့်နေတဲ့လူတချို့ လမ်းတစ်ဖက်ကို ပြေးကူးသွားပြီး လဲကျနေတဲ့ ကောင်လေးဆီ သွားနေကြပါပြီ။ ပတ်ဝန်းကျင် အိမ်တွေက တံခါးတွေပွင့် လာပြီး ဖုန်းကိုယ်စီနဲ့ ဆက်သွယ် ပြောဆိုနေကြပါ ပြီ။ မိနစ်ပိုင်းအတွင်း ရဲကား၊ ဆေးရုံကားနဲ့ မီးသတ်ကားတွေ ရောက်လာပါတယ်။ |
|
|
|
|
|
“သူ သေသွားပြီ”ကောင်လေးကို သွားကြည့်တဲ့အထဲက အမျိုးသမီးတစ်ဦးက ကျွန်မကို လှမ်းပြောပါ တယ်။ ကျွန်မ ဒုတိယအကြိမ် ဘုရားတမိပြန်ပါပြီ။“သူ ဖုန်းပြောပြီး လမ်းလျှောက်လာတာ ကျွန်မမြင်တယ်”ကျွန်မ ဒီလိုပြောတော့ အမျိုးသမီးက ကျွန်မနား ကပ်လာပါတယ်။ “ဒါဆို မင်း အကုန်မြင်တယ်ပေါ့”“သူ လမ်းလျှောက်လာတာ၊ ကားပြာက သူ့ဘေးက ဖြတ်မောင်းနေတုန်း ဒိုင်းခနဲ အသံ ကြားလိုက်တာ၊ သူ လဲကျသွားတာ၊ ကားလေး မောင်းထွက်သွားတာ ကျွန်မ အားလုံးမြင်တယ်။ ဒါပေမဲ့ သေနတ်နဲ့ပစ်တယ်လို့ မထင်တဲ့အတွက် ကားထဲကို မကြည့်မိလိုက်ဘူး။ ကားထဲမှာ လူ နှစ်ယောက်ပါတယ်လို့တော့ထင်တယ်။ ဒါပေမဲ့ သူတို့မျက်နှာတွေ ကျွန်မ မမှတ်မိလိုက်ဘူး”“ရဲက မင်းကို သက်သေအဖြစ် မေး ကောင်းမေးလိမ့်မယ်” ပြတိုက်က ချက်ချင်းပဲ မိသားစုပျော်ပွဲရွှင် ပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ပြတိုက်ကနေ ငါးမိနစ်လောက် သာလျှောက်ရတဲ့ အိမ်ရှိ ရာပြန်လာချိန်အထိ ကျွန်မရင်တွေ တဒိုင်းဒိုင်း ခုန်ဆဲပါ။ လူမည်းမင်းသမီး ဝူပီဂိုးဘတ်ပါဝင်တဲ့ `Sister Act’ ရုပ်ရှင်ကားကို ပြေးပြီး သတိရမိပါတယ်။ ဝူပီဂိုးဘတ်က ကျွန်မလိုပဲ လူသတ်မှုတစ်ခုကို မထင်မှတ်ဘဲ မျက်ဝါး ထင်ထင် မြင်လိုက်မိတယ်။ သူ မြင်လိုက်တာကို လူသတ်သမားကလည်း မြင်သွားပါတယ်။ ဒီတော့ အရေးကြီးဆုံး မျက်မြင်သက်သေကို နှုတ်ပိတ်ဖို့ လူသတ်သမား တွေဘက်က ကြိုးစားပါ တော့တယ်။ |
|
|
|
|
|
ဘုရား...ဘုရား။ သေနတ်နဲ့ပစ်တဲ့ကားက ကျွန်မနဲ့မျက်နှာချင်းဆိုင်က မောင်းလာပြီး ကျွန်မ ရှေ့တည့်တည့်ကနေ ၉၀ ဒီဂရီကွေ့ပြီး မောင်းထွက်သွားတာလေ။ ပြီးတော့ ကျွန်မက လူအုပ်ရဲ့ရှေ့ဆုံးမှာ။ ပြီးတော့ စိမ်းပြာရောင် တောက်တောက်အင်္ကျီကိုလည်း လူမှတ်မိ လွယ်အောင် ဝတ်ထားမိသေး။ ကျွန်မ အားလုံးမြင်လိုက်တာကို သူ မြင်သွားမှာပဲ။ အဲဒီညက ကျွန်မ ထမင်းမစားနိုင်သလို၊ အိပ်လို့လည်း မပျော်ပါဘူး။ online ပေါ်မှာ တွေ့တဲ့ အလွန်ခင်မင်ရတဲ့ သူငယ်ချင်း တစ်ယောက်ကို chatting လုပ်ရင်း အဲဒီအကြောင်း ပြောမိပါသေးတယ်။ “အစ်မမြင်သမျှ ရဲကို ဖွင့်ပြောသင့်တယ်” သူ အကြံပေးမှပဲ ကျွန်မမှာ ပိုခံရဆိုးတော့တယ်လေ။ ရဲစခန်း သွားပြီးတော့ပဲ မြင်သမျှ ပြောလိုက်ရမလားပေါ့။ ဒါပေမဲ့ ကားအပြာလေး ဆိုတာကလွဲရင် ကားပေါ်ပါသွားတဲ့ လူသတ်သမားကို ကျွန်မ မှတ်မိလိုက်ပါဘူး။ အဲဒီနေ့ နောက်ပိုင်း နှစ်ရက်၊ သုံးရက် ကျွန်မ အပြင်မထွက်ရဲပါဘူး။ လမ်းပေါ်လျှောက်နေရင်းနဲ့ လူသတ်သမားက ချောင်းပြီး နှုတ်ပိတ် တာများ ခံရမလားပေါ့။ ညနေစောင်း ခြံထဲမှာ စိုက်ထားတဲ့ ပန်းပင်သီးပင်တွေကို ရေလောင်း တဲ့အချိန်မှာတောင် နောက်ကျောမလုံပါဘူး။ ကျီးကြည့်ကြောင်ကြည့်နဲ့ တွေးမိပါသေးတယ်။ ငါ ညနေဘက် အပင်တွေ ရေလောင်းတတ်တာကိုသိပြီး ခွင်ကောင်းကောင်းတစ်နေရာကများ စောင့်ပြီး သေနတ်နဲ့ပစ်မလား ပေါ့။ နောက်ပိုင်းတော့ တရားခံကို မိသွားပြီလို့ ကြားရပါတယ်။ ကျွန်မ သက်ပြင်းချနိုင် သွားပြီဖြစ်ပေမဲ့ အဲဒီရက်အတွင်းက စိတ်ချောက်ချား ရမှုကို ပြန်တွေးလိုက်တိုင်း ရင်တုန်နေမိပါ သေးတယ်။ ကျွန်မ မိတ်ဆွေတစ်ယောက် ကတော့ အံ့ဩတကြီး ပြောလေရဲ့။ |
|
|
|
|
|
“ကျွန်မ ဒီမှာနေတာ ၁၇ နှစ်ရှိပြီ။ အဲဒီလိုမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။ မခက်မာ ရောက်တာမှ သုံးလကျော်ရုံ ရှိသေးတယ်။ အဖြစ်အပျက်အလုံးစုံကို ကြုံရတာပဲနော်” ကျွန်မက ကိုယ့်စိတ်ကိုယ်ဖြေရင်း ရယ်စရာ ပြန်ပြောမိပါ သေးတယ်။ “လောကကြီးက ကျွန်မကို စာရေးတဲ့ သူတစ်ယောက်မှန်း သိတယ်ထင်တယ်။ စာရေးတဲ့အခါ ထည့်ရေးဖို့ စိတ်လှုပ်ရှား စရာတွေချည်း ပေးနေတယ်လေ။ ကလေးပျောက်လိုက်၊ ဆေးရုံ ရောက်လိုက်နဲ့။ ဟော ခုတော့ ကိုယ်ရှေ့က ဆယ်ပေ၊ ဆယ့်ငါးပေ အကွာမှာတင် လူသတ်မှုတစ်ခုကို အစအဆုံးမြင်လိုက်သေး” ကိုယ့်စိတ်ကိုယ်ဖြေရင်း ပြောမိပေမဲ့ တကယ်တမ်းကတော့ စာရေးဖို့ စိတ်လှုပ်ရှား စရာမရရင်နေပါ။ အဲဒီလိုကိစ္စမျိုးတွေတော့ ထပ်မကြုံချင်တော့ပါဘူး။ |
|
|
|
|
|
xxxxxxxxxxxxxxxxx |
|
|
|
|
|
May, 2010
Perfect Magazine |
|
|
ဖတ်ရတာမောနေတာပဲ ...