( University of Iowa ကဦးစီးပြီးနှစ်စဉ်ကျင်းပတဲ့ International Writing Program ကို ၂၀၀၇ခုနှစ် မှာကျမတက်ရောက်ခွင့်ရခဲ့ပါတယ်။ ၂၀၁၁ ဧပြီလမှာတော့ International Writing Program ရဲ့အစီအစဉ် သစ်တခုဖြစ်တဲ့ Witer-in-Motion ဆိုတဲ့ Study Tour တခုမှာပါဝင်ဖို့ ကျမကိုဖိတ် ခေါ်လာပြန်ပါတယ်။ ကျမအပါအ၀င်အာရှ၊ဥရောပ၊ သြစတေးလျှ၊ အာဖရိက၊ လက်တင် အမေရိကနဲ့ ကနေဒါကနိုင်ငံတကာ စာရေးဆရာနဲ့ ၈ယောက်နဲ့မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးမယ့်သူ တစ်ယောက် ပူးပေါင်းပါဝင်ကြပါတယ်။ အမေရိကန်နိုင်ငံအတွင်းကသဘာဝဘေးဒါဏ်အပါ အ၀င်စစ်ပွဲနဲ့ အခြားသောအရာများကြောင့် ပြိုလဲဆုံးရှုံးမှုတွေ၊ ပြန်လည်ထူထောင်ဖို့ကြိုးစားနေမှုတွေကို လေ့လာပြီး စာဖတ်သူတွေကို ပြန်လည်ဝေမျှဖို့ရည်ရွယ်တဲ့ ခရီးပါ။ ဒီဆောင်းပါးလေးကတော့ ကျမတို့ရဲ့ပထမဆုံး ခရီးစဉ်ဖြစ်တဲ့ Gettysburg ခရီးမှာတွေးခဲ့မိတာ လေးကိုပြန်လည်ဝေမျှထားတာပါ။)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ၀န်းကျင်ကသွေးနီရောင်လွှမ်းခဲ့တဲ့အဲဒီမြေပြင်ဟာ ဒီကနေ့မှာတော့ အ၀ါရောင် လွှမ်းနေခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲက ဂက်တီစ်ဘာ့ဂ် ( Gettysburg) မြို့ကလေး ဟာနွေဦးနေရောင်ဝါ၀ါရဲ့အောက်မှာဝင်းပနေပြီး အ၀ါရောင်ဒစ်ဖို တေးလ်ပန်းကလေးတွေနဲ့ အုံလိုက်ကျင်းလိုက်ပွင့်တဲ့ ရွှေဝါရောင်ခေါင်းလောင်းပန်းတွေက မြို့ကလေးကိုပိုပြီးနွေးထွေးတယ်လို့ ခံစားရ စေပါတယ်။ တကယ်တော့အ၀ါရောင်လွှမ်းတဲ့ဝန်းကျင်ကြောင့်သာ နွေးထွေးတဲ့အရသာကိုခံစားနေရပေမယ့် ပြင်ပကတကယ့်ရာသီဥတုကတော့ အေးစိမ့်နေဆဲပါ။ အေးမြတဲ့ဝန်းကျင်မှာနွေးထွေးမှုကိုနှလုံးသားနဲ့ခံစားရင်း ကျမသွားခဲ့ရတဲ့  နေရာကတော့တိုက်ပွဲနယ်မြေ
( Battlefield) ပါတဲ့။ အမေရိကန်ရဲ့သမိုင်းကိုတမျိုးတဖုံ လှည့်ပြောင်းစေခဲ့တဲ့နေရာဖြစ်ပြီး အခုအချိန်မှာ တော့နှစ်စဉ်သန်းနဲ့ချီတဲ့ ဧည့်သည်တွေလာကြည့်နေရတဲ့ သမိုင်းဝင်ဒေသပေါ့။
ကျမတို့ကို Battlefield ကိုလိုက်ပို့တဲ့ ပီတာ ( Peter Carmichael) ကဂက်တီစ်ဘာ့ဂ် ကောလိပ်ရဲ့ Civil War Study ပါမောက္ခလည်းဖြစ် Civil war Institute ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ သူ့ကိုယ်သူအိုဟိုင်းယိုးပြည်နယ်သားလို့ပြောပါတယ်။ ဒါပေမယ့် သူဂက်တီစဘာ့ဂ်အကြောင်း ပြောပြဖို့စိတ်ထက်သန်ပုံကတော့ အဲဒီမြို့မှာမွေးတဲ့သူတွေထက်တောင်သာမယ်ထင်ပါရဲ့။ ပြည်ထောင်စု တပ်တွေနဲ့ ဆန့်ကျင်ဖက်တပ်သားတွေရင်ဆိုင်တွေ့ဖို့စစ်ချီလာပုံကို ၀န်းကျင်မြင်ကွင်း နဲ့ပါတွဲပြီးမျက်စိထဲ မြင်လာအောင်ပြောနိုင်ပါတယ်။ အထင်ကရနေရာတစ်ခုရောက်တိုင်း အဲဒီနေရာနဲ့ ဆက်စပ်ခဲ့သူတစ် ယောက်ယောက်ရဲ့သမိုင်းကြောင်းနဲ့ အမေရိကန်ပြည်တွင်းစစ်ပွဲကာလအတွင်းပါဝင်တိုက်ခိုက်ခဲ့တဲ့စစ်သား တစ်ယောက်ရဲ့ မိသားစုကိုပေးတဲ့ စာတစ်စောင်ကိုဖတ်ပြတယ်။ ဒီတော့ကျမတို့ဟာ စစ်ပွဲကြောင့်သွေး အတိဖုံးလွှမ်းခဲ့တဲ့မြေကြီးပေါ်တည့်တည့်မှာရပ်ပြီး တိုက်ပွဲရဲ့အနိဌာရုံတွေကိုမြင်ယောင်ကြားယောင်လာရုံ မက တိုက်ပွဲတွင်းကဇာတ်ကောင်တွေရဲ့ဘ၀ကိုပါ ခံစားခဲ့ကြရပါတယ်။



