1. 2.
Showing posts with label Short Story. Show all posts
Showing posts with label Short Story. Show all posts
                                         Illustrated by Than Htay Maung
အရိုးထိအောင်အေးသောညဥ့်လေထုဒါဏ်ကိုပခုံးကြုံ့ကွေးရင်းလက်သီးတင်းတင်းဆုတ်ရင်းနှင့်သူတို့က မြစ်ဟုခေါ်သောရေစီးကြောင်းတခုဘေးတွင် ကျမမိုက်မိုက် ကမ်းကမ်းနှင့်မတုန်မလှုပ်ထိုင်နေမိသည်။ တဆတ်ဆတ် ရိုက်နေသောသွားများကို လည်းငြိမ်သက်အောင် အံကိုတင်းတင်း ကြိတ်ကာကွယ်ရ 
သေးသည်။
ကျမထိုင်နေသော ကျောက်သားခုံဖြူကလေးသည်ခပ်နောက်နောက်ရေခဲတုံးတတုံးလိုဖြူဖွေးအေးစက် 
နေသည်။ မြစ်ကိုတိုက်ခတ်လာသောလေကအကာအကွယ်မဲ့သောမျက်နှာနှင့်လည်ပင်းများကို တိုးဝှေ့ လာသောအခါ ကြက်သည်းတွေဖြန်းဖြန်းထရသည်။
ကျမရှေ့တည့်တည့်ရှိရေစီးငြင်သာသောအိုင်အိုဝါမြစ်သည် ကျမငယ်ငယ်ကနေထိုင် ကြီးပြင်းခဲ့သော ကျေးလက်ခြေတံရှည်အိမ်ကလေး၏နောက်ဖေးရှိချောင်းနှင့်အရွယ်တူလောက်ရှိသည်။ ကျီလောင်လောင် မြစ်ရေကတော့ ချောင်းကလေးထဲမှာနွေရာသီစီး ဆင်းသောအင်းရေနှင့်တူသည်။ ချောင်းနံဘေးမှာ လယ်ကွင်းတွေ၊ငရုတ်ခင်းတွေ၊ နေကြာ ခင်းတွေရှိသည်။ အဲဒီစိုက် ခင်းတွေထဲမှာအလုပ်လုပ်နေကြသူ 
တွေက ကျမ၏ သူငယ်ချင်းတွေ။ နွေရာသီကျောင်းပိတ်ရက်ဆို ကျမတို့ညီအမလည်းငရုတ်သီးခူး ထွက်ရသည်။
အမျိုးသမီးကြီးက ပခုံးတွန့်၍ဟမ်မီလ်တန်ကိုပြောနေချိန်တွင် ဂရေးဘားမန်းတို့သားအဖ မီးဖိုခန်း ထဲပြန်ဝင် လာသည်။ ဂရေးဘားမန်းက စကားစပြောသည်။
             “ စက်ဘီးကိုတွန်းပြီးလှိမ့်ချဖို့ ရော်ဂျာကပြောခဲ့တာပါ။“
           “ အဲဒါမင်းပြောခဲ့တာ။“
          ရော်ဂျာကချက်ခြင်းတုန့်ပြန်သည်။ သူထိုင်နေရာကုလားထိုင်မှထလာပြီးရော်ဂျာကဆက်ပြော၏။
         “ မင်းကအဲဒီလိုလုပ်ချင်တာလေ။ စက်ဘီးကိုသစ်သီးခြံထဲယူသွားပြီး ဖျက်ဆီးပစ်ရအောင်လို့ မင်းပြောခဲ့တာလေ။“
          “ မင်းပါးစပ်ပိတ်ထားစမ်း“ မစ္စတာဘားမန်းက ရော်ဂျာ့ကိုလှမ်းပြောသည်။
          “ သူ့စကားဆုံးရင် မင်းဆက်ပြောရမယ်ကောင်လေး။ ခုတော့ ငါဆက်ပြောမယ်။ မင်းတို့တတွေ စက်ဘီးကိုညဖက်ကြီး တရွတ်တိုက်ဆွဲသွားကြတယ်လေ။ အခု မင်းတို့နှစ်ယောက်ထဲက တယောက် ယောက်.....“
          ဘားမန်းက ပထမကစ်ပ်ကိုကြည့်သည်။ ထို့နောက်ရော်ဂျာ့ကိုကြည့်ပြီးဆက်ပြောသည်။
          “ စက်ဘီးဘယ်မှာလဲဆိုတာမင်းတို့သိပါတယ်။ မင်းတို့သိတာကိုစပြောဖို့ ငါအကြံပေးချင်တယ်။“
          ဘားမန်းစကားဆုံးတော့ ဟမ်မီလ်တန်က ၀င်ပြောသည်။
          “ ခင်ဗျားပြောတဲ့ပုံစံက နည်းလမ်းမကျဘူးလို့ ကျနော်ထင်တယ်။“
          “ ဘာကွ..“
          ဘားမန်းကနဖူးကြောတွေထောင်လာပြီး ဒေါသတကြီးပြန်ပြောသည်။
          “ မင်း ကိုယ့်အလုပ်ကိုယ်လုပ်စမ်းပါ“
          ဟမ်မီလ်တန် မတ်တတ်ထရပ်လိုက်သည်။
          “ သွားကြစို့ရော်ဂျာ။ ကစ်ပ်.. မင်းရောလိုက်ခဲ့မလား၊ နေခဲ့ဦးမလား။“
ဒီနေ့ဆိုလျှင် အီဗန် ဟမ်မီလ်တန်ဆေးလိပ်မသောက်ပဲနေတာနှစ်ရက်ရှိပြီ။ ဒီနှစ်ရက်အတွင်း သူပြောမိသမျှ နှင့်တွေးမိသမျှတွေကတော့ စီးကရက်နှင့်တနည်းမဟုတ်တနည်းပတ်သက်နေလေသည်။အခုလည်းသူသည် မီးဖိုခန်းအတွင်းမှအလင်းရောင်အောက်တွင် သူ့လက်တွေကိုမှောက်ချည်လှန်ချည်ဖြန့်ကြည့်လိုက်၊လက်ဆစ်
တွေကိုတရှုံ့ရှုံ့နမ်းလိုက်လုပ်နေသည်။
          “ အနံ့ရနေသေးတယ်“ ဟုသူကရေရွတ်မိတော့ သူ့ဇနီး အန်(န်) ဟမ်မီလ်တန်ကလှမ်းပြောသည်။
          “ ဟုတ်တယ်။ ရှင်ဆေးလိပ်သောက်နေတုန်းက ချွေးထွက်ရင်ဆေးလိပ်နံ့ရသလိုပေါ့။“
          “ ဆေးလိပ်မသောက်ပဲနေတာ သုံးရက်မြောက်တဲ့နေ့မှာတောင်မှဆေးလိပ်နံ့ကိုရနေသေးတယ်။ ရေချိုးတာတောင်အနံ့ကမပျောက်ဘူး“
         သူမကပြောရင်းဆိုရင်းသူ့လက်မောင်းကိုပုတ်လိုက်သည်။
         “ရှင်ဘယ်လိုဖြစ်နေလဲဆိုတာကျမသိပါတယ်ယောက်ျားရယ်။ရှင်တော်တော်စိတ်ခိုင်တယ်ဆိုရင်တောင်မှ ဒုတိယမြောက်နေ့ဟာအခံရအခက်ဆုံးပဲ။ တတိယမြောက်နေ့လည်း ဆိုးသေးတာပဲ။ ဒါပေမယ့် ဒီထက်ကြာ ကြာဆက်နေနိုင်ရင်တော့ ရှင်အောင်မြင်ပြီ။ ဆေးလိပ်ဖြတ်ဖို့ ရှင်စိတ်အားထက်သန်နေတာကိုမြင်ရတာနဲ့ တင် ကျမဖြင့်ဝမ်းသာလှပါပြီ။“
        “ အခုတော့ ရော်ဂျာ့ကိုခေါ်ချေပါဦး။ ညစာစားကြရအောင်“
         ဟမ်မီလ်တန်အိမ်ရှေ့တံခါးကိုဖွင့်လိုက်တော့ အပြင်မှာမှောင်နေပြီ။ နိုဝင်ဘာလဆန်းပိုင်းရောက် နေပြီမို့ နေ့တာတိုပြီးအေးနေပြီ။ သူ့အိမ်ရှေ့လမ်းပေါ်တွင် သူမမြင်ဖူးသောကောင်လေးတယောက်ကို အမျိုးအစားကောင်းကောင်းစက်ဘီးလေးတစင်းပေါ်တွင် ခွလျှက်တွေ့ရသည်။ကောင်လေးကပလက်ဖောင်း ပေါ်ကိုခြေထောက်လျှက်ရပ်နေသည်။
          “ မစ္စတာ ဟမ်မီလ်တန်ပါလားခင်ဗျာ...“
          ကောင်လေးကမေးသည်။
         “ ဟုတ်ပါတယ်။ ဘာကိစ္စများပါလိမ့်။ ရော်ဂျာနဲ့တွေ့ဖို့လား“
         “ ရော်ဂျာက ကျနော့်အိမ်မှာ ကျနော့်အမေနဲ့စကားပြောနေပါတယ်။ အိမ်မှာဂရေးဘားမန်းဆိုတဲ့ ကောင်လေးနဲ့ ကစ်ပ်တို့လည်းရှိနေတယ်။ သူတို့ ကျနော့ညီရဲ့စက်ဘီးအကြောင်းပြောနေကြတာ။ အသေ အချာတော့ကျနော်မသိဘူး။ ကျနော့အမေကဒီကိုလာပြီး အန်ကယ့်လ်ကိုခေါ်ဖို့လွှတ်လိုက်တာပါ။ ရော်ဂျာ့ မိဘတယောက်ယောက်ကိုခေါ်ခဲ့ပါတဲ့။“
          ကောင်လေးကစက်ဘီးလက်ကိုင်ကိုလှည့်နေရင်းပြောသည်။
          “ ရော်ဂျာ ဘာမှမဖြစ်ပါဘူးနော်။“
          “ ဘာမှမဖြစ်ပါဘူး။ ကျနော်လည်းဦးနဲ့အတူလိုက်ခဲ့မှာပါ။“
          သူကဖိနပ်စီးရန်အိမ်ထဲအိမ်ထဲပြန်ဝင်ခဲ့သည်။
          အန်(န်) ကသူ့ကိုဆီးမေးသည်။
        “ ရော်ဂျာ့ကိုတွေ့လား“
          “ ရော်ဂျာ ပြသနာတခုခုဖြစ်နေပုံရတယ်။ အပြင်မှာကောင်လေးတယောက်ရောက်နေတယ်။ ကောင်လေးက တို့နှစ်ယောက်ထဲက တယောက်ယောက်ကိုသူနဲ့လိုက်ခဲ့ပါတဲ့။“
          “ ဟင်...ရော်ဂျာဘာဖြစ်လို့များလဲ။
          “ အန်(န်)က အေပရွန်ကိုချွတ်ရင်းမေးသည်။
         “ ဘာမှမဖြစ်ပါဘူး။ ကြည့်ရတာကလေးအချင်းချင်းငြင်းခုန်နေကြတာနေမှာပါ။ အဲဒီကောင်လေးရဲ့ အမေက ကလေးတွေပြသနာကိုရှင်းပေးနေတာထင်တယ်“
          “ ကျမလိုက်သွားရမလား“
          သူခနစဉ်းစားသည်။
         “ အင်း..မင်းလိုက်သွားရင်ပိုကောင်းမယ်။ ဒါပေမယ့် ကိုယ်ပဲသွားလိုက်ပါ့မယ်။ ငါတို့ပြန်လာမှ ညနေစာစားကြမယ်။ သိပ်ကြာမယ်မထင်ပါဘူး။“
( လွန်ခဲ့တဲ့ ၁၇ နှစ် ၁၉၉၄ တုန်းကရေးဖြစ်ခဲ့တဲ့ဝတ္တုလေးတပုဒ်ပါ။ ငယ်နုစဉ်ကလက်ရာလေးပေါ့။ လောလောဆယ်အသစ်မတင်ဖြစ်သေးခင်စပ်ကြား အဟောင်းလေးပြန်ဖတ်ကြည့်ပေးကြပါဦး။)
                                                                                                  ပန်းချီသန်းဌေးမောင်    
သူ့ ကိုယ်သူဆရာဟုပြောသူက လက်ထဲရှိကြိမ်လုံးနှင့်ကြမ်းပြင်ကိုရွှမ်းကနဲနေအောင်ရိုက်ချလိုက်သည်။
          “ကဲ…ဘယ်လိုလဲ…၊ဘာအကြောင်းနဲ့ ဒီလောက်ကြာနေရတာလဲ၊ ဆရာ့အမိန့်ကိုအာခံတဲ့သဘော လား၊ ဟုတ်လား၊ ဆရာ့အမိန့်ကိုအာခံရင်ဘာဖြစ်သွားမယ်ဆိုတာသိတယ်မဟုတ်လား၊ လာစရာရှိတာလာ၊ ၀င်စရာရှိတာဝင်လေ …။“
        သက်ပြင်းကိုကြိတ်ချလိုက်သည်။ ကျမညောင်းလှပြီ။ သည်နေရာမှာထိုင်နေရတာညနေ၃နာရီလောက် ကတည်းကဖြစ်သည်။ ယခုအပြင်မှာမှောင်နေပြီ။ ပုဆစ်တုတ်အနေအထားနှင့်၃နာရီခန့်မလှုပ်မယှက်ထိုင်နေ ရသူတဦး၏ ညောင်းညာခြင်းကို မှန်းဆကြည့်ရုံနှင့်ကိုယ်ချင်းစာနိုင်ကြပါလိမ့်မည်။ ဘာလုပ်ရင်ကောင်းမလဲ ဟုအကြိမ်ပေါင်းများစွာထဲမှနောက်တစ်ကြိမ်အဖြစ်တွေးမိသည်။
          သည်အတိုင်းဆို ကျမပေါ့ပေါ့ဆဆတွေးခဲ့မိသောမှားယွင်းမှုကသေချာခဲ့လေပြီ။ လွန်ခဲ့သည့် ၃နာရီ 
လောက်ကပေါ့။ အုန်းပွဲ၊ငှက်ပျောပွဲများအပေါ်တင်၍့ထွန်းထားသည့် အမွှေးတိုင်၊ဖယောင်းတိုင်များ စတင် 
လောင်ကြွမ်းသည့်အချိန်တွင် အမှားဟုသတ်မှတ်ရမည်ဖြစ်သောအဖြေစကား စတင်ခဲ့ခြင်းဖြစ်သည်။
(ကျမသူငယ်ချင်းစာရေးဆရာနီကိုရဲဆုံးတဲ့၂၀၀၉ဆောင်းဦးတညမှာသူ့ကိုလွမ်းတတဲ့စိတ်နဲ့ဒီစာစုလေးရေးဖြစ် ခဲ့ပါတယ်။ IDEAမဂ္ဂဇင်းမှာပါခဲ့ပြီးပါပြီ။ ၂၀၁၁ရဲ့ဆောင်းတညမှာတော့ဘာကြောင့်မှန်းမသိ သူငယ်ချင်းကိုရဲ ကိုသတိရမိသွားတာကြောင့်ဟိုတုန်းကလက်ရေးနဲ့ရေးထားတဲ့စာမူလေးကိုပြန်ကူးပြီး ဒီဘလော့ဂ်စာမျက်နှာ မှာအမှတ်တရသိမ်းထားလိုက်ပါတယ်။)
                                                            မေငြိမ်း၊ နီကိုရဲ၊ ခက်မာ
တိတ်ဆိတ်နေသောလမ်းကျဉ်းကလေးထဲတွင် ကျမတယောက်ထဲလမ်းလျှောက်သူရှိသည်။ လမ်းထဲရှိအိမ်များ
လက်ကျန်ပန်းတွေသာရှိတော့သည်။ သစ်ပင်တချို့ကသူတို့ကိုယ်သူတို့ရွှေဝါရောင်အသွင်ပြောင်းစေခဲ့ပြီးတ ချို့တ၀က်ကရဲရဲနီစွေးနေပြီမို့ ပတ္တမြားကိုရွှေကွပ်ထားသလိုပင်။ မှင်တက်မိရလောက်အောင်လှသည့်ဆောင်း
ဦး၏နေခြည်ဝင်းပသည့်နေ့များကို ဒေသခံအမေရိကန်တွေက အမျိုးမျိုးတင်စားသုံးနှုန်းတတ်ကြသည်။ ကျမ ကတော့သစ်ရွက်များနှင့်ရောင်ပြန်ဟပ်ပြီး ရွှေဝါရောင်၊ပတ္တမြားရောင်နေခြည်တွေပျံ့ကျဲကျနေသောလမ်းပေါ် မှာတိတ်ဆိတ်ကြေကွဲစွာ တယောက်ထဲလျှောက်နေမိသည်။
          ဆောင်းဦးလေကလေးတချက်ဝှေ့လိုက်တော့ မြေကြီးပေါ်ကြွေကျပြီးသားသစ်ရွက်ခြောက်တွေက လေ စုန်ရာဖက်မှာရှိနေသော ကျမနောက်ကျောရှိရာပြေးလိုက်လာကြသည်။ နိုင်လွန်ကတ္တရာလမ်းနှင့်သစ်ရွက်
ခြောက်ထိသံက လူတယောက်နောက်ဖက်မှအမောတကောပြေးလိုက်လာသလိုပင်။
          “ကိုရဲလား...“
          ကျမကတယောက်ထဲခပ်တိုးတိုးရေရွတ်မိသည်။ မဖြစ်နိုင်မှန်းသိသိချည်းနှင့် ရူးကြောင်ကြောင်နိုင်မှန်း လည်းသိပေမယ့် ခြေစုံရပ်ပြီးနောက်ဖက်ကိုလှည့်ကြည့်မိသည်။ ညိုဝါရောင်သစ်ရွက်ခြောက်တွေက ကျမကိုမီ လာပြီး ခြေထောက်ကိုထိနမ်းနှုတ်ဆက်ကြသည်။ ကျမကိုယ်ကျမ,မသိပဲ ရူးကြောင်ကြောင်နိုင်ခဲ့တာတွေရှိပေ
မယ့် တခါတလေကျတော့လည်း သိသိချည်းနှင့်ရူးကြောင်ကြောင်ခံစားပြီးရူးကြောင်ကြောင်ပြုမူနေထိုင်ပစ်
လိုက်ချင်သည်။သစ်ရွက်ခြောက်တွေကိုငုံ့ကြည့်ပြီးမျက်ရည်ကရစ်ဝဲလာကာမျက်ရည်ရစ်ဝိုင်းလျှက်ကပင်အသံ
ထွက်အောင်ရယ်မိပြန်သည်။
          မနေ့ညကတည်းက ကျမအဲသည်လိုတွေဖြစ်နေခဲ့တာ။ လူတယောက်အကြောင်းတသီတတန်းကြီးစဉ်း
စားပြီး မျက်ရည်ဝေ့၀ိုင်းလျှက်က အသံထွက်အောင်ရယ်မိတာ ဒီတခါပဲရှိလိမ့်မည်ထင်သည်။
သရုပ်ဖော် ပန်းချီ ချောအိသိမ်း
သူတို့ နှစ်ယောက်ချစ်ခဲ့ကြတာ ကလေးသာသာဘ၀များထဲကဖြစ်သည်။ ညပေါင်းများစွာလမ်း လျှောက်ရင်း သူတို့ စကားဝေဖြာခဲ့ကြသည်။ သိပ်အရေးတကြီးမဟုတ်လှသော စိတ်အခန့် မသင့်စရာတစ်ခုဖြစ်ပြီးနောက် မှာတော့ သူတို့ တစ်ယောက်နှင့်တစ်ယောက်စကားမပြောကြတော့ပေ။ မေရီသည်လေးလေးနက်နက်မစဉ်း စားပဲ သူမ,ချစ်သည်ဟုထင်သူတစ်ယောက်ကိုလက်ထပ်လိုက်သည်။ ဘီလ်ကတော့မိန်းမဆိုတာကို ခါးသည်း သွားပြီး ခြေဦးတည့်ရာခရီးနှင်တော့သည်။
( ၀တ္တုတိုအသစ်မရေးဖြစ်သေးတာနဲ့ ပဲ ရှားရှားပါးပါးပြန်ရှာတွေ့ တဲ့  ၁၉၉၂ တုန်းကရေးခဲ့တဲ့ ၀တ္တုတိုလေးတပုဒ် ပြန်တင်ဖြစ်ပါတယ်။)
(က)
ဒီနေ့ မနက် အိပ်ရာအထမှာ ညီမတစ်ယောက် ဘာအိပ်မက် အကြောင်းများ ပြော လာဦးမည်လဲဟု မြ၀ါးရုံက စိတ်ဝင်စားစွာ၊ ပြီးတော့ ရယ်ချင်စွာ တွေးနေမိသည်။ တကယ် တမ်းကျတော့ ညီမအိပ်မက်အကြောင်းတွေ ပြောလာတိုင်း မရယ်ရက်တော့တာ တော်ကြာ နေခဲ့ပြီပဲ။ ညီမအိပ်မက်အကြောင်း မြိန်ရေရှက်ရေ ပြောနေ သည့်အချိန်မှာ ပေါ်လာတတ်သော ရယ်ချင်စိတ်တွေက သနားကရုဏာအဖြစ် အသွင်ပြောင်းလဲ၍ ထုထည် ခဲဖွဲ့ ကြီးထွားခဲ့ရသည်။ ‘ညီမ’ကို အလျင်အမြန်ပြောရင်း ‘ညကလေ’  ‘ညပြောပြမယ်သိလား’ ဟူ၍ ဖြစ်သွား တတ်သော ညီမ၏ ညအိပ်မက်တွေအကြောင်း နားထောင်ဖို့ အတွက် ညီမကို စူးစုးကြည့်ရင်း “ကဲပါညရယ် ညရဲ့တစ်ထောင့်တစ်ည အိပ်မက်ပုံပြင်တွေကို ရပ်တန်းက ရပ်ပါတော့“ ဟု ရယ်ကာမောကာ ပင် မပြောဖြစ် တော့ပါ။ မနက်မိုးလင်းပြီးဆိုလျှင် မျက်နှာသစ်ရင်း ထမင်းဟင်းချက်ရင်း၊ ရေချိုး ရင်းနှင့် ညီမပြန်ပြောပြမည့် ညက အိပ်မက်အကြောင်း နားထောင်ဖို့ ပင် စိတ်စောနေတတ်ပြီ။ 
ညီမသည် အလွန်ထူးဆန်းသော မိန်းမငယ်ဖြစ်၏။ ညီမက ငါးမိနစ်ခန့် အိပ်ပျော်သွား လျှင် ထိုငါးမိနစ် အတွင်း အိပ်မက်ကိုမက်ဖြစ်အောင်မက်လိုက်တတ်သူ ဖြစ်၏။ ညဘက်အိပ် ပြီဆိုလျှင်လည်း တစ်ညကို ခြောက်နာရီအိပ်လျှင် ညီမပြန်ပြောတတ်သည့် အိပ်မက်တွေက ခြောက်နာရီစာလောက် ကြာနေတတ် ပြန်သည်။ ညီမအိပ်မက်တွေက အစီစဉ်တကျ ဇာတ် လမ်းဇာတ်ကွက် အဆင်ပြေပြေတော့ မရှိဘူးပေါ့။ ဟိုရောက်၊ သည်ရောက်၊ ဘာမှမဆိုင်သည့် မြင်ကွင်းတွေ၊ လူတွေ၊ စကားသံတွေပဲဖြစ်သည်။ တစ်ခါတစ်ရံ မှာတော့ ဆက်စပ်တွေးယူလျှင် အစီအစဉ်တကျလိုလို ဖြစ်နေတတ်သော အိပ်မက်ရှည်ကြီးတွေ ပါနေတတ် သေးသည်။ သည် လိုအိပ်မက်ရှည်ကြီးတွေ မက်သည့်ည၏ မနက်ပိုင်းဆိုလျှင် ညီမမှာ အိပ်မက်အကြောင်း ပြောပြလိုဇောနှင့် တက်ကြွနေတတ်သည်။
သည်နေ့မနက်တော့ ညီမငြိမ်ချက်သား ကောင်းနေသည်။ အိပ်ရာထ၊ မျက်နှာအတူတူ သစ်ကြတော့လည်း ငြိမ်ငြိမ်သက်သက်။ ထမင်းအိုးတည်ဖို့ တစ်ယောက်က မီးမွှေး၊ တစ် ယောက်က ဆန်ဆေး နေချိန်မှာလည်း စကားမစ။ ရေအတူချိုးကြတော့လည်း မသိလိုက် မသိ ဖာသာ။ ကျောင်းကလေးမှာ မနက်ပိုင်း စာသင်ချိန် ကုန်သွားပြီး နေ့ခင်းအားလပ်ချိန် ရောက် တော့လည်း တပည့်လေးတွေကြားမှာ စကားများ အလုပ်ရှုပ်ရင်း မပြောဖြစ်ပေ။ သည်လို ငြိမ်ချက်သား ကောင်းနေပြန်တော့ ပြောကို ပြောစရာရှိပြီး ပြောပြခြင်း မခံရသေး သော သူတို့  ၏ ထုံးစံအတိုင်း အသည်းတယားယားနှင့် မေးချင်လာသည်။ တကယ်တမ်းညီမတစ်ယောက်  အိပ်မက်အကြောင်း ပြောလာသည့် အချိန်ကတော့ ညနေကျောင်းဆင်းအပြီးမှာ ဖြစ်သည်။ ခြေတံရှည် ကျောင်း ကလေးပေါ်မှ ဆင်းပြီး ကျောင်း ဝင်း၏ ညာဘက်ထောင့် ခြံစပ်မှာရှိသည့် ဆရာမများအတွက် ဆောက်ထားပေးသောဝါးအိမ်ကလေးဆီသို့  ခြေသလုံးဝက်ခန့် နက်သည့် ရေပြင်ကို ထမီတစ်ဝက်မရင်း၊ ကြိမ်ဆွဲခြင်း ကလေးကို တစ်ဖက်ကဆွဲရင်း၊ ရေပြင်ကို ဒရွတ်တိုက် လှမ်းဖြတ်ရင်း သွားနေသော ညီမ၏ ကျောပြင် ကိုကြည့်ပြီး အိပ်မက်အကြောင်း တွေးနေမိလေသည်။
ဝါးထရံနှင့်လုပ်ထားသော တစ်ဖက်တပ် တံခါးရွက်နှင့် ၀ါးတိုင်တစ်တိုင်မှာ ကပ်ချည် ထားသော သံကြိုး ကလေးထဲမှ သော့သေးသေးကလေးကိုဖွင့်တာလည်း ညီမပဲဖြစ်သည်။ တကျွိကျွိမြည်နေသော ၀ါးကြမ်းခင်း တွေကို ဖွဖွလှမ်းလျှောက်ရင်း ကျောင်းဝတ်စုံ အဖြူ အစိမ်းကို လဲပြီးခါနီးအချိန်မှာ ညီမ စကားစသည်။
“ညက အိပ်မက်အကြောင်း မမမြ၀ါးရုံကို ပြောပြရဦးမယ်”  
“လုပ်စမ်းပါဦး”
ညီမက အ၀တ်အစားလဲပြီးပြီးချင်း ၀ါးကြမ်းပေါ်မှ အဆင်သင့် ခင်းထားသည့် သင်ဖြူး ဖျာအိပ်ရာပေါ်မှာ ခြေပစ်လက်ပစ်လှဲချလိုက်သည်။ မနက်စာ ညစာ ထမင်းနှင့်ဟင်းကို မနက် ကတည်းက ချက်ထားပြီးသားမို့  စိတ်အေးလက်အေး အနားယူနိုင်သည့် သည်အချိန်ကို ညီမ တမင်ရွေးထားမှန်း သဘောပေါက်လိုက်မှ ညီမ အိပ်မက်ကတော့ မက်ရိုးမက်စဉ်ထက် ဆန်းပြန်ပြီလားဟု ကမန်းကတန်း စဉ်းစားမိသည်။
“ညက အိပ်မက်ထဲမှာလေ ညီမ ပန်းလေးတစ်ပွင့်ကို တွေ.တယ်၊ ပန်းပွင့်မဟုတ် ပါဘူးလေ၊ ပန်းဖူးကလေးပါ၊ ပန်းဖူးအဖြူလေး၊ သိလား မမမြ၀ါးရုံ”
“ပန်းဖူးအဖြူကလေး”
ညီမစကားကို သံယောင်လိုက်မိတော့ ညီမက လက်မောင်းပေါ်တွင် အုံးထားသည့် ခေါင်းကို ဆတ်ခနဲ ညိတ်ပြသည်။
“ဟုတ်တယ်၊ အဲဒီပန်းဖူးကလေးရဲ့ ရိုးတံတွေမှာ ဆူးတွေလည်း ရှိတယ်၊ အရွက် ကလေးလည်း စိမ်းပြီး ဖားဖားကိုဝေနေတာပဲ၊ ပွင့်ဖို့ ပဲ လိုတော့တာ၊ အိပ်မက်ထဲမှာမို့ လို့ လား မသိဘူး၊ ပန်းဖူးကလေးရှိတဲ့ နေရာမှာ နေရောင်မရပဲ အုံ့အုံ့မှိုင်းမှိုင်းကြီး ဖြစ်နေတယ်”
ပြောရင်းနှင့် ညီမက အားမလိုအားမရ ဖြစ်လာကာ လှဲနေရာမှ ထထိုင်သည်။ တင်ပျဉ်ခွေပေါ်မှာ ခေါင်းအုံးတင်ပြီး ခေါင်းအုံးပေါ်ကို တစ်တောင်နှစ်ဖက် အားရပါးရ ထောက်၏။
“အဲဒီပန်းကလေးက ညီမကို စကားပြောတယ်”
“ဟင်”
အလန့် တကြား အာမေဍိတ်သံကို ကြားတော့ ညီမက အားရပါးရ ရယ်သည်။
“တစ်ထောင့်တစ်ညပုံပြင်လို့ ပြောဦးမလို့ လား၊ ညီမ တကယ်ပြောနေတာ မမမြ၀ါးရုံရဲ့၊ ပန်းဖူးကလေးက ပြောတယ်၊ ကျွန်မ ပန်းတစ်ပွင့်အဖြစ် ပွင့်ချင်ပြီတဲ့”
 ညီမက စကားကို တုံးတိတိရပ်သည်။
“ဆက်ပြောလေ ညီမ၊ ပြီးတော့ ဘာဖြစ်လဲ”
“ဒါပဲ၊ အိပ်မက်က အဲဒီမှာတင် လန့် နိုးသွားတာ၊ ညီမလေ.. ပန်းဖူးကလေးကို ဘာပြောရမှန်းလည်း မသိလိုက်ဘူး၊ ဘာမှလည်း မပြောဖြစ်လိုက်ဘူး၊ အိပ်မက်ကလန့် နိုးတော့မှ စိတ်မကောင်းဖြစ်နေရတယ်”
ညီမကို စိုးရိမ်တကြီးနှင့် ကြည့်မိသည်။ ဒါဟာ တကယ်ပဲလား။  အိပ်မက်ဆိုတာမျိုးကသက်သေပြခိုင်းလို့  ရတာမဟုတ်တော့လည်း အခက်သားပင်။ ညီမကတော့ တကယ့်ကို ထိခိုက်တ, သနေသောဟန်ဖြင့် မက်ခဲ့ပြီးသော အိပ်မက်ကို လိုက်လံဖမ်းဆုပ်၍ ငေးမောနေသည်။
ဘာပဲဖြစ်ဖြစ် ညီမကို တစ်နည်းတစ်ဖုံတော့ ပြုပြင်ပေးရတော့မည်။ ဘယ့်နှယ်… အိပ်မက်တွေ တသီတတန်း ကြီး မက်ပြီးတော့ အိပ်မက်ကိုပဲ စိတ်မကောင်း ဖြစ်နေသတဲ့၊ ညီမအတွက် စိုးရိမ်တွေးက ညီမစကား ကြောင့် အလန့် တကြား ရပ်တန့် ရ၏။
“ဒီညတော့ အိပ်မက်ထဲမှာ ပန်းကလေးပွင့်လာမလားမသိဘူး”
                                    (ခ)
အိပ်ရာကနိုးပြီဟု အသိဝင်ဝင်ချင်းမှာပဲ ဆယ်ပေကျော်ရုံပတ်လည်ဝါးအိမ်ကလေးနှင့် ဆက်လျက်နောက်ဖေး ချောင်ပုပုလေးဆီမှ ညီမ၏ ဆန်ဆေးသံကို ကြားရသည်။နို့ ဆီဘူးနှစ်လုံးစာ ဆန်ကလေးကို ဆေးနေတာမို့  ဆန်ဆေးသံက စည်စည်ဝေေ၀ မရှိပဲ တဖြောက်ဖြောက်ဖြစ်နေသည်။ ဆန်ဆေးရေကို သွန်ချတော့ အိမ် ကလေးအောက်မှာ ရေတွေအပြည့် လွှမ်းနေတာမို့  ရေသံ ဗလုံဗလုံကို ကြားရသည်။ညီမအစောကြီးအိပ်ရာ နိုးနေတာပဲ။ ထမင်းအိုးတည်ပြီး သွားလျှင် ညီမကနို့ ဆီဘူးနှစ်လုံးစာ ထမင်းကို တစ်ဝက်တိတိ ခွဲလိမ့်မည်။ ကျန်သော တစ်ဝက်ကို သံပန်းကန်ပြား နှစ်ပန်းကန်ထဲ အညီအမျှ ခွဲဝေပြီးသား ဖြစ်နေလိမ့်မည်။ သည်အပြု အမူကိုမြင်စက အလန့် တကြား ပြောခဲ့မိဖူးတာ သတိရသည်။
“ဟင်… ထမင်းကို ခွဲတမ်းနဲ့  စားရမှာလား ညီမရဲ့၊ ကြည့်လည်းလုပ်ပါဦး၊ စားကောင်းခြင်းမစားရဆိုသလို ဖြစ်နေပါရောလား”
အားရပါးရရယ်လိမ့်မည်ဟု ထင်ထားပေမယ့် ညီမက မရယ်ပါ။ မျက်သားဖြူဖြူကလေးတွေပေါ်အောင် မျက်လုံးပင့်မော့ကြည့်ရင်း အသံချိုချိုနှင့် တိုးတိုးပြောသည်။
“မမ-မ၀ရင် ညနေစာ တစ်ဝက်ခွဲထားတဲ့ အထဲက ယူစားလေ၊ ညီမက မစားနိုင်လို့ ပါ”
နောက်ပိုင်းမှာတော့ သည်လို စနစ်တကျခွဲတမ်းချခြင်းမှာ ညီမ မစားနိုင်ခြင်း တစ်ခု တည်းကြောင့်မဟုတ်မှန်း သိလာရသည်။ အင်းလေ မစားနိုင်တာပါပဲ။ ၀မ်းပြည့်သွားလို့  မစားနိုင်တော့တာမျိုး မဟုတ်ပဲ၊ အ၀အပြဲ စားဖို့ မနိုင်သော ဘ၀တာဝန်တွေကြောင့်ဆိုတာ ရင်နင့်ဖွယ် သိရှိခဲ့ရလေသည်။
ထမင်းကို စနစ်တကျ ခွဲဝေချက်ပြုတ်စားရခြင်း၏ အကြောင်းတွေကို ညီမ လေအေး အေးနှင့် ပြောပြသည့် နေ့ က ကျောင်းပိတ်ရက်တစ်နေ့ ဖြစ်သည်။ ထိုနေ့ သည် ကျောင်း ကလေးမှ ဆရာမတွေအတွက် ရွာက ဆောက်ပေးထားသော ၀ါးအိမ်ကလေး၏ တံခါးဝမှာ ညီမနှင့် အတူထိုင်ရင်း စကားဝို်င်းဖွဲ့ ဖြစ်ခဲ့တာဖြစ်သည်။ ကျောင်းကလေး၏ အောက်မှာရော၊ ဆရာမတွေအတွက် ဆောက်ပေးထားသည့် ၀ါးအိမ်လေး၏ အောက်မှာ ရော ရေတွေပြည့်လျှံ ၀ိုင်းနေသည်။ ရွာထဲမှာလည်း ရေတွေ ၀ိုင်းနေတာပါပဲလေ။ ညီမက သည်လိုဝန်းကျင် အနှံ့ ပြန့်ဝိုင်း နေသည့် မိုးတွင်းမြစ်ရေ ညိုနောက်နောက်တွေကို ကြည့်ရင်း စကားစခဲ့တာ ဖြစ်သည်။
“ဟောဒီ ရေတွေက ဘယ်တော့ကျမလဲ မသိဘူး၊ ညီမတော့ ရေကျမှ အိမ်ပြန်တော့မယ်၊ မမမြ၀ါးရုံရော ဒီလအိမ်မပြန်ဘူးလား”
“လခထုတ်ရင်းနဲ့ ပြန်ကြမယ်လေ၊ ညီမက လခထုတ်ရက်မပြန်ဘူးလား”
ညီမသည် ခေါင်းကိုခပ်မြန်မြန်ပဲ ခါပြခဲ့သည်။ အိမ်ပြန်ဖို့ အခွင့်အလမ်းပေါ်တာတောင် မပြန်သည့် ညီမအပေါ် အံ့သြတကြီးနှင့် စကားမစခင်မှာ ညီမအသံကြားရသည်။
“မပြန်တော့ဘူး၊ လစာကို မမမြ၀ါးရုံပဲ ထုတ်ပြီး အိမ်ကို ပို့ ပေးပါ၊ ဒီမှာ ညီမတို့ အတွက် တစ်လစာဝယ်ရမယ့် အသုံးစရိတ်အတွက် ညီမစိုက်ရမယ့် ငွေတစ်ဝက်ကိုတော့ မမ နုတ်ယူထားလိုက်ပေါ့”
သည်ရွာက မူလတန်းကျောင်းကလေးမှာ တာဝန်ကျသည့် ဆရာမချင်းအတူတူ ညီမကဘယ်လိုဖြစ်ရတာလဲ။ ပြီးတော့ လစာထုတ်ရက် ညီမ မလိုက်ဘူးဆိုလျှင် သည်အိမ်သေးသေးကလေးမှာ ညီမတစ်ယောက်တည်း ကျန်ခဲ့မှာ။
“ညီမကို စိတ်မပူပါနဲ့၊ ကလေးတွေ ခေါ်အိပ်မှာပေါ့”
ညီမက စိုးရိမ်တွေးကိုရိပ်မိစွာ ကာကွယ်စကားပြော၏။
‘ဘာဖြစ်လို့ မလိုက်တာလဲ ညီမရယ်’ ဟူသောစကား ဆုံးဆုံးချင်း ညီမက စကားကို ဖြည်းဖြည်းစပြောသည်။
“လခထုတ်လိုက်ရင် ပိုက်ဆံကုန်ဦးမှာ၊ ဒီချောင်းအတွင်းကနေ မြို့ကိုသွားမယ့် မော်တော်သွားစီးဖို့ သမ္ဗန်ခက ငါးကျပ်၊ မြစ်ဝက မြို့ရောက်တဲ့ အထိ သင်္ဘောခက ရှစ်ကျပ် ဆိုတော့ ဆယ့်သုံးကျပ်၊ အသွားအပြန်ဆို နှစ်ဆယ့်ခြောက်ကျပ်၊ မြို့ရောက်ရင် စားမှာ သောက်မှာနဲ့ ၊ ဆိုက်ကားခဘာညာနဲ့ ဆို အနည်းဆုံး ငါးဆယ် လောက်ကုန်မှာ။ ညီမဒီမှာစားဖို့ တစ်လစာဖယ်ထယးရမှာနဲ့ ဆိုရင် အမေတို့ ကိုပေးဖို့ ဘယ်လောက်မှကျန် တော့ မှာမဟုတ်ဘူး။“
“အိမ်မှာကညီမရဲ့ လစာလေးကိုပဲ မှီခိုစားနေရသလိုမျိုးဖြစ်နေတာလေ။ ဖေဖေ့ပင်စင်လစာ လေးကလည်း ဘာမှဖြစ်လောက်တာမဟုတ်ဘူး၊ အမေ့အိမ်ဆိုင်ကလေးကလည်းဆိုင်ဆိုရုံဖျစ်ဖျစ်မြည်၊ မီးဖိုချောင်တစ်ခုလုံး ဆိုင်ထဲက ယူစားရတာဆိုတော့ ဆိုင်ရဲ့ငွေက အိမ်သုံး စားစရိတ်ထဲဝင်ပြီး ဆိုင်တောင် ပြုတ်လုလုဖြစ်နေပြီ၊ မောင်လေးနဲ့ ညီမလေးနဲ့ ကလည်း ကျောင်းသားတွေ။ တစ်အိမ်လုံးစာအတွက် ညီမကို မှီခိုနေရတဲ့အချိန်မှာ ညီမက မချွေတာလို့  ဘယ်ဖြစ်မလဲ မမရယ်။လစာထုတ်မလိုက်ပဲနေရင်ငွေ(၅၀)လောက် အလိုလိုသက်သာ သွားမှာ”
ညီမစကားဆုံးတော့ သက်ပြင်းတစ်လုံးသာ အလိုအလျောက်ပွင့်အံထွက်ကျလာတော့သည်။ ဘာပဲဖြစ်ဖြစ် ညီမဟာ မိသားစုအတွက် အားထားရာကျေးဇူးရှင်ပဲ။ ညီမဘ၀က ကျဉ်းမြောင်းကျပ်တည်းပေမယ့် နေချင် စရာတော့ ကောင်းပါသည်။ နေချင်စရာ မကောင်းဘူး ဆိုရင်လည်း မနေချင်လို့ မှမရတာလေ။ 
ထမင်းနှစ်လုံးချက်ကို နှစ်ယောက်စာအတွက် တစ်ဝက်စီ အညီအမျှခွဲ၊ တစ်စိတ်အညီအမျှ စိတ်ပြီးမှ စားတာ တွေ၊ တပည့်လေးတွေ ခူးလာပေးသည့် ပွပွဖောင်းဖောင်း လယ်ကန်စွန်းပင်ကြီးတွေကို နေ့တိုင်းလိုကြော်စား ပြီး ဟင်းစားဖိုးချွေတာ တာတွေ၊ စနေ၊ တနင်္ဂနွေရောက်တိုင်း မြို့ပြန်ဖို့ အဖော်စပ်သည့်အခါငြင်းဆန်တာတွေ ကို ပီပီပြင်ပြင် နားလည်ခဲ့ပြီ။
“ညီမရယ် ကြည့်လည်း လုပ်ပါဦး၊ အာဟာရချို.တဲ့ပြီး ရောဂါတွေ ၀င်နေပါဦးမယ်”
ညီမက ပြုံးပြီး ကြည့်နေခဲ့သည်။ ပြီးတော့မှ ‘ရပါတယ်’ တဲ့၊ ညီမ၏ တသီတတန်း အိပ်မက်တွေက ညီမအခြေ အနေနဲ့ များ ဆက်စပ်နေမလားဟု အတွေးလွန်စွာနှင့် ဟုတ်မှန်း မဟုတ်မှန်း မရေရာစွာအတွေးဆန့် မိသည်။ ကျောင်းပိတ်ရက် အိမ်အပြန်မှာ ပုလင်းနှင့် ထည့်ကြော်ယူလာတတ်သော ငါးပိကြော်၊ ငါးခြောက်ကြော်၊ ငံပြာ ရည်ချက်တွေ၊ မြေပဲကြော် တွေ ထည့်ပေးလျှင်လည်း ညီမက ဘယ်တော့မှ အသာတကြည် မစားတတ်သူ လေ။ အာဟာရတွေ ချို့ တဲ့တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ မပျော်ပဲ တောင်စဉ်ရေမရ အိပ်မက်တွေ လျှောက်မက်နေတာများလား။
“ညီမက ကြွေကျလာတဲ့ သစ်ရွက်ကလေး တစ်ရွက်ကို လိုက်ကောက်တာ မမမြ၀ါးရုံရဲ့၊ သစ်ရွက်ကလေးက ချောင်းထဲကျသွားတယ်။ ညီမက သစ်ရွက်ကလေးကို လိုချင်ဇောနဲ့ ချောင်းရေရဲ့ အတိမ်အနက်ကို မတွက်မိပဲ အတင်းဆင်းဖမ်းလိုက်တော့ ရေထဲကို ၀ုန်းခနဲကျပြီး ရေအောက်မြုပ်သွားတာ၊ အသက်ရှူတွေ ကျပ်လာပြီး လန့် နိုးတော့ တစ်ကိုယ်လုံးစောင်တွေနဲ့ လုံးထွေးနေတာပဲ”
ညီမ၏ အိပ်မက်ပေါင်းများစွာထဲက တစ်ခုဖြစ်သည်။ ညီမမြင်ခဲ့သော သစ်ရွက် ကလေးက ဘာသစ်ရွက်လဲ ဆိုတာ ညီမသိနိုင်လိမ့်မည်လား။
“တောင်ပေါ်တက်နေတဲ့ လမ်းတစ်လျှောက် မီးခိုးတွေဖုံးနေလိုက်တာ ဘာမှမမြင်ရဘူး၊ တောင်ကြီးကလည်း မတ်စောက်၊ မီးခိုးတွေဖုံးပြီးမမြင်မကန်းဖြစ်နေတော့အလဲလဲအပြိုပြိုနဲ့ ညီမတစ်ကိုယ်လုံးဒဏ်ရာတွေချည်းပဲ၊  ဒါပေမဲ့ ညီမက ဆက်တက်နေတာပဲ၊ လန့် နိုးတော့ မောလိုက်တာ။ အိပ်မက်ထဲမှာတောင် တောင်ထိပ်နား မရောက်ခဲ့ဘူး”
သည်လို သည်းထိတ်ရင်ဖိုတွေလည်း ပါသေးသည်။ ညီမရောက်လိုသောတောင်ထိပ်နှင့် ဘယ်လောက်ဝေး ကွာ သေးသလဲ။ ညီမကိုယ်တိုင်ပင် မှတ်သားနိုင်ခဲ့ဟန် မတူပေ။
“ညတုန်းက အိပ်မက်ကတော့ ဆန်းတယ် မမရေ၊ ညီမတို့ မိသားစု က ဘုရားဖူး သွားတာတဲ့။ ပင်လယ်ကြီး ကိုဖြတ်ပြီးတော့သွားရတာတဲ့။ သွားရတဲ့ယာဉ် ကိုလည်းကြည့်ဦး၊ ဖောင်နဲ့ သွားတာတဲ့လေ၊ ဖောင်ပေါ်က လူတွေက သက်စွန့်ဆံဖျား အသည်းတထိတ်ထိတ်နဲ့  ပေါ့၊ ဒါပေမဲ့ ဘုရားဆီရောက်ဖို့ စိတ်ထဲမှာစောပြီး စိတ်အားလည်း ထက်သန်နေကြတယ်၊ တကယ်တမ်း ဘုရားဟာ ရှိကိုရှိရမှာပဲဆိုပြီး ဖောင်နဲ့ ဆက်တက်ဖို့  ပြင်တုန်းမှာပဲ လန့် နိုး သွားတာ”
ညီမ၏အိပ်မက်ပုံပြင်တွေကို ပြောရမည်ဆိုလျှင်တော့ ဆုံးနိုင်မည်မထင်ပေ။ ညီမကတော့အိပ်မက်အကြောင်း ဆိုလျှင်မြိန်ရေရှက်ရေ ပြောတတ်သည်။ တစ်ခါတုန်းကတော့ အိပ်မက်အကြောင်းပြောရင်းတစ်စုံ တစ်ခုကို သတိရသွားဟန်နှင့် အိပ်မက်အကြောင်းကို တိခနဲဖြတ်ရင်း ပြောဖူးသည်။
“ကြည့်စမ်း ညီမအိပ်မက်တွေထဲမှာ ဘယ်တော့မှ အလွယ်တကူ ဖြစ်သွားတာ၊ လိုတာရသွားတာ မရှိဘူးနော်၊ ခက်ခက်ခဲခဲ တွေကြုံရပြီး ဆန္ဒ မပြည့်ခင် လန့် နိုးသွားတာ ချည်းပဲ၊ ကံကြမ္မာကလေ အိပ်မက်ကိုတောင် ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် အနှောင် အဖွဲ.ကင်းကင်းနဲ့ အိပ်မက်မျိုး မက်ခွင့်မပေးဘူး”
သည်လို ညီမစကား ကြားရတော့လည်း ကရုဏာသက်စွာ ဖြေသိမ့်ရပြန်သည်။
“အိပ်မက်ဆိုတာ လက်တွေ.မှ မဟုတ်တာပဲ ညီမရယ်၊ သိပ်မစွဲလမ်းပါနဲ့ ။ နေ့ ခင်းဘက်မှာလည်း တစ်နေ ကုန်စာသင်၊ ညကျတော့လည်း တောင်စဉ်မရေရာ အိပ်မက်တွေကြောင့် အိပ်မရနဲ့  တော်တော်ကြာ နေမကောင်းဖြစ်နေဦးမယ်”
ညီမကသက်ပြင်းကို အလျင်ချသည်။ အိမ်ကလေးအောက်က ရေညိုနောက်နောက်တွေကို စူးစိုက်ကြည့်ရင်း လက်ချောင်းတွေကို တဖြောက်ဖြောက်ချိုးကာ ပြောသည်။
“ညီမက မစွဲလမ်းလည်း အိပ်မက်ကတော့ ဆက်မက်နေဦးမှာပဲ”
                                                         (ဂ)
ညီမတစ်ယောက် အိပ်မက်တွေအကြောင်းမပြောတာ နှစ်ရက်သုံးရက်ရှိပြီ။ ကလေး တွေကိုသင်္ချာတွက်ခိုင်း ထားသည့်အချိန်မျိုး၊ လက်ရေးလှရေးခိုင်းထားသည့်အချိန်မျိုးတွေမှာ သူ့ စားပွဲမှာထိုင်ရင်း ငေးမောနေတတ် သည်။ ညနေကျောင်းအဆင်းတွေမှာလည်း သင်ဖြူးဖျာခင်းအိပ်ရာပေါ် ငြိမ်ငြိမ်လေးလဲလျောင်းနေတတ် သည်။ အိပ်လို့ ပျော်မပျော်တော့မသိဘူးပေါ့။
ညီမကစကားမစတော့ ညီမငြိမ်ငြိမ်သက်သက်နေတာကို မနှောက်ယှက်လိုသဖြင့် စကားမစဖြစ်ပြန်ပေ။ ထိုရက်တွေအတွင်းမှာ ထိုရက်တွေအတွင်းမှာ ညီမအမြဲလိုအစောကြီးနိုးနေတတ်သည်။ အိပ်ရာနိုးပြီဆိုညီမ ကထမင်းချက်ထားတာကြောင့် ထမင်းချက်ထားတာကြောင့် ထမင်းကျက်နေတာဖြစ်ဖြစ်၊ငှဲ့ ကာနီးဆူပွက် နေတာပဲဖြစ်ဖြစ်ရှိနေပြီ။ ညီမကအိပ်မက်အကြောင်းမ ပြောတော့ပေမယ့် ဆန်နှစ်လုံးချက်ထမင်းကို တစ်ဝက် ခွဲကာ ညနေစာချန်ထားမြဲ၊ ကျန်တစ် ၀က်ကိုတစ်စိတ်ခွဲပြီး ညီတူမျှတူစားမြဲ၊ တပည့်လေးတွေခူးပေးသည့် ကန်စွန်းရွက်ကို အတွင် သာကြော်စားမြဲပင်။
“ညီမရယ်ကြည့်လဲလုပ်ပါဦး၊ မသေထမင်း မသေဟင်းဖြစ်နေပြီ။“
သည်လိုပြောတော့ ညီမက ‘အဟဲ’ ကနဲတချက်ရယ်ကာ “ညီမစားနိုင်ပါတယ် မမမြ၀ါးရုံရဲ့“ ဟုရယ်ကျဲကျဲပြောသည်။
ညီမအိပ်မက်အကြောင်းမပြောတာ သုံးရက်မြောက်သည့်နေ့ မှာတော့ မနေနိုင်စွာစကားစမိတော့သည်။
“ဘယ်လိုလဲညီမ၊ အိပ်မက်တွေမမက်တော့ဘူးလား“
ညီမက ‘ မက်ပါတယ် ‘ ဟုခပ်ဆိုင်းဆိုင်းပဲဖြေသည်။နောက်ထပ်စကားဆက်ဖို့ ညီမ မျက်နှာကို သေသေ ချာချာကြည့်မိ၏။ ဟုတ်လောက်ပါရဲ့ ၊ ညီမမျက်နှာတွေချေင်ကျနေသည်။အိပ်မက်ဆိုတာ နှစ်နှစ်ချိုက်ချိုက် အိပ်နေတုင်းမက်တာမှမဟုတ်တာ။ သည်လောက်အိပ်မက် တွေမက်နေမှတော့ ဘယ်မှာနှစ်နှစ်ချိုက်ချိုက် အိပ်လို့ ရတော့မှာလဲ။ စားတော့လည်း ထမင်း ဟင်းဖြစ်ရုံ၊ ညီမနဲ့ တော့ ဒုက္ခပါပဲ။
“ အိပ်မက်အကြောင်းဘာလို့ မပြောတာလဲ ညီမရဲ့ “
“မပြောချင်တော့ပါဘူး မမမြ၀ါးရုံရယ်၊ ပြောစရာ ကြည်နူးစရာပေါ့ပေါ့ပါးပါးအိပ်မက်မျိုး ဆိုရင်တော့ ပြောချင် မှာပေါ့။ အခုတော့…“
ညီမစကားမဆုံးခင်မှာဘဲ ၀ါးကနဲသမ်းသည်။ ညီမအိပ်ရေးပျက်လှပြီ။ ညီမ၏အိပ်မက်ဇာတ်လမ်းတွေကို တစ်ခန်းရပ်မှဖြစ်တော့မည်။ ငွေကြေးကိုမီးကုန်ရမ်းကုန် တိုင်းတာသုံးစွဲနေ သည့်ကြားထဲ အိပ်ရေးပျက်ပြီး ရောဂါဝင်လျှင်ပိုလို့ ဒုက္ခရောက်တော့မည်။ မဖြစ်ပါဘူး….ကြာလျှင်အိပ်မက်တွေအပေါ်စွဲလမ်းပြီး စိတ်ရောဂါ ပါရလာနိုင်သည်။ လိုရမယ်ရဆောင်ထားသောဆေးပုလင်းထဲမှာ ဆေးလုံးကလေးတွေအဆင်သင့် ရှိနေ သည်။ ဆေးလုံးတစ်လုံးကိုထုတ်ပြီးညီမကိုလက်ကမးပေးတော့ ညီမကလက်မလှမ်းပဲ မျက်လုံးဝိုင်းကြောင် တောင်တောင်နှင့်ကြည့်နေသည်။
“ရော့လေ ညီမ“
“ဘာလဲ“
“အိပ်ဆေးတစ်လုံးသောက်ပြီးအိပ်လိုက်၊ ဒါမှနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်မှာ။ နှစ်နှစ်ချိုက် ချိုက်အိပ်ပျော်ရင် ညီမရဲ့ တောင်စဉ်ရေမရအိပ်မက်တွေလည်း မက်တော့မှာမဟုတ်ဘူး။ ဒါမှအိပ်ရေးပျက်သက်သာမှာ။“
ညီမ၏လှမ်းလုလုလက်ကတွန့် ကနဲဖြစ်သွား၏။ ပြီးတော့မှစကားမဲ့စွာ ငေးရီရီကြည့် သည်။
“ရော့ - ယူလေ“
ညီမကခေါင်းကိုငြင်ငြင်သာသာယမ်းခါ၏။ ဖြည်းဖြည်းချင်းခေါင်းငုံ့ သွားပြီး နှစ် ယောက်သားကြားရရုံလေသံ နှင့်ပြောသည်။
“ပန်းအဖူးလေး ပွင့်လာပြီဆိုတဲ့အိပ်မက် မက်ပြီးတော့မှပဲ ဒီဆေးကိုသောက်မယ်နော် မမမြ၀ါးရုံ“
မျက်လုံးတွေဆတ်ကနဲဝိုင်းသွားတာ၊ တစ်စုံတရာအာမေဍိတ်ထွက်ဖို့ မေ့သွားတာ၊လက်ထဲရှိဆေးလုံး ကလေးက ၀ါးခင်းကြမ်းပြင်မှတဆင့် အိမ်အောက်ကရေညိုနောက်နောက် တွေထဲခုန်ဆင်းသွားတာ၊ ဒါတွေအားလုံးကို ညီမသတိထားမိရဲ့ လားတော့မပြောတတ်ပါ။
ထွန်းတိမ်လွှာမဂ္ဂဇင်း
နိုဝင်ဘာလ၊ ၁၉၉၂
အိပ်မက် မက်နေတာမှန်းသိသိခြင်း အပြင်မှာမိုးရွာနေတာကိုလည်း သတိထားလိုက်မိသည်။ ပြီးတော့ပြုံးမိ၏။ မြမြနှင်းက အကြီးအကျယ် အိပ်မက်မက်တတ်သူတယောက်ပင်။ အိပ်မက် မမက်ခဲ့ဘူးသောညဆိုတာမရှိဘူး ထင်သည်။ တခါတရံမှာတော့ အိပ်မက်တွေမက်နေတာကို သဘောကျသလိုလို။ အိပ်မက်ဆိုတော့လည်း အစီအစဉ်မကျရောက်ချင်သည့်နေရာတွေရောက်၍ မြင်ချင်ရာမြင်၊ ဖြစ်ချင်ရာဖြစ်သွားသည်။ တခါတလေ လက်တွေ့ ဘ၀မှာ စဉ်းတောင်မစဉ်းစားမိသည့်အရာတွေ အိပ်မက်ထဲရောက်လာတတ်တော့ ထူးဆန်းပြီး သဘောကျ သလိုလိုပင်။ ဒါပေမယ့်ညစဉ်ရက်ဆက်အိပ်မက်များနှင့် နပန်းလုံးရသည့်ရက်ရှည်လာတော့ အပြင်မှာပါမောပန်း လာသည်။ အိပ်ရာထဲဝင်ဖို့ အရေး အိပ်မက်မက်မှာကိုတွေးကြောက်လာသည်။
ပြီးခဲ့သည့်ငါးရက်လောက်ကမက်သည့်အိပ်မက်ထဲမှာ ဖေဖေ့ကိုတွေ့ သည်။ ဖေဖေ့ကိုအိပ်မက်ထဲမှာ
တွေ့ရတိုင်း မြမြနှင်းဆီမှာရှိသည့် တစ်ပုံထဲသောဓါတ်ပုံထဲကအရွယ်အတိုင်း နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် အရွယ်ချည်းပင်။ မျက်ခုန်းထူထူ၊ ဆံပင်ပွပွ၊ မျက်နှာသွယ်သွယ်။ ပင်ကိုယ်မျက်နှာထားတည်ပေမယ့် ပြုံးရယ် လိုက်လျှင်တော့ ပကတိပွင့်လင်းသွားသော နှစ်လိုဖွယ်မျက်နှာကိုမြင်ရမြဲပင်။ ရှိုက်သံလေးစွက်၍ အဆုံးသတ်
တတ်သောဖေဖေ့ရယ်သံတွေကလည်း အိပ်မက်တိုင်း၌ မပြောင်းလဲ။
                                   ပီတိ သစ်ပင်
ထင်းမီးဖိုမှ မီးခိုးမအူဘဲ မီးညွန့်တွေ တရှိန်ရှိန်တောက်နေလျှင် အဘွားက ပြုံးနေတော့သည်။ ထမီရင်လျားကို အခါခါပြင်ဝတ်ပြီး မီးဖိုပေါ်မှ ပီလောရွက်ဟင်းချိုကိုလည်း အခါခါမြည်းသည်။
            “ထင်းခွေတော်တဲ့နေရာမှာတော့ ငါ့မြေးက စံပဲ”
              အဘွားက ပြောနေကျစကားကိုပြောသလို ကျွန်မကလည်း လုပ်နေကျအတိုင်း အဘွားကိုမျက်လုံးပြူး၍ စိုက်ကြည့်နေလိုက်သည်။ အဘွားချီးကျူးတာကို ရင်ထဲမှာကျေနပ်ပေမယ့် ဘယ်လိုတုံ့ပြန်ရမည်မှန်း မသိပါ။
“ဒီ ပီလောရွက်တွေကလည်း သူ ထင်းခွေထွက်ရင်း ခူးလာတာလေ။ ငါ့မြေးက အဲဒီလို အသီးအရွက်ရှာတာလည်း တော်တယ်။ အိမ်မှာတို့စရာမရှိတာတို့ ဟင်းရည်သောက်မရှိတာတို့ဆို သူ့ကိုသာ ပြောလိုက်။ သူ အပြင်ထွက်သွားပြီး ဆယ့်ငါးမိနစ် နာရီဝက်ကြာလို့ ပြန်လာရင် တို့စရာမျိုးစုံနဲ့ ဟင်းချိုချက်ဖို့ တခုခုတော့ ပါလာတာပဲ”
အဲဒီတုန်းကတော့ အဘွားက ကျွန်မကို ထန်းတက်လက်မှတ် ပေးနေမှန်းမသိခဲ့ပါ။ တကယ်တော့လည်း ကျွန်မတို့လို ကျေးလက်တောရွာမှာနေသူတွေအဖို့ တို့စရာ၊ မြှုပ်စရာ၊ ဟင်းချိုခပ်စရာရဖို့က ခက်ခက်ခဲခဲ မဟုတ်ပါ။ ဒါပေမယ့် အဘွားက ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ဝန်းကျင်၊ အမေကကျတော့ ကျွန်မတို့နေသောရွာနှင့် အတော်လှမ်းသော ရွာတရွာမှာ မူလတန်းကျောင်းအုပ်ဆရာမ တာဝန်ကျသည်မို့ ထိုရွာမှာနေရသည့် အချိန်က များသည်။ မောင်နှင့် ညီမကလည်း ငယ်ရွယ်သေးသော အရွယ်တွေမို့ ကျွန်မက အိမ်မှာ ဒိုင်ခံရှိနေသော အဘွား၏လက်ရုံးလို ဖြစ်နေသည်။ ဒါ့အပြင် ကျွန်မက တကိုယ်တည်း အတွေးနှင့်နေရတာ ကြိုက်သူမို့ ရွာနောက်ဘက်ရှိ စိုက်ခင်းများဘက်သို့ တယောက်ထဲ လမ်းလျှောက်ရင်း ဟင်းရွက်ရှာနေရတာ၊ ထင်းခွေနေရတာမျိုးမှာ ပျော်ပိုက်သည်။ တချို့နေ့တွေဆို ရွာရှိ တွဲဖက်အလယ်တန်းကျောင်းက ဆင်းသည်နှင့် ကျောင်းဝတ်စုံကိုလဲကာ ထမင်းအိုးထဲမှ ထမင်းလက်တဆုပ်ခူး၊ ကိုယ်တိုင်လုပ်ထားသော ဝါးရိုးငါးမျှားတံကိုဆွဲပြီး အိမ်နောက်ဖေး ချောင်းနံဘေးပြေးဆင်း၍ မမှောင်မချင်း ငါးမျှားနေရတာကိုလည်း ကြိုက်ပြန်သည်။ ငါးမျှားရတာကို သူများအသက် သတ်ရတာမို့ အဘွားက သိပ်မကြိုက်ချင်ပေမယ့် ကျွန်မ မျှားထားသော ငါးများက မိသားစုအတွက် မကြာခဏ ဟင်းလျှာဖြစ်ရတာမို့ ငါးမျှားတိုင်းတော့လည်း မတားပြန်ပါ။
                                                                                        ဓါတ်ပုံကို အင်တာနက်ကယူပါသည်။
အဲဒီ့နေ့က နှင်းမုန်တိုင်းလည်းမကျပါဘူး။ ရေခဲမိုးလည်း မရွာပါဘူး။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဆန်ဖရန် စစ်စကိုကပစ်စ်ဘတ်ကိုသွားမယ့်လေယာဉ်ကတစ်နာရီနောက်ကျမယ်တဲ့။ ကျမနည်းနည်းတော့ စိတ်ညစ်သွား တယ်။ ပုံမှန်အတိုင်းတောင်လေယာဉ်ကပစဘတ်ကိုည၁၀နာရီခွဲမှဝင်မှာ။ အဲဒီအချိန်ဆိုရင် တော့ taxi ဖြစ်ဖြစ် Shuttle Bus ဖြစ်ဖြစ်စီးသွားလို့ရသေးတယ်။ ရသေးတယ်ဆိုတာစီးရဲသေးတာကို ပြောတာပါ။ ကျမတို့မှာကား မရှိဘူးလေ။ ခုအတိုင်းဆိုရင်တော့လေယာဉ်ကအနည်းဆုံး ၁၁နာရီခွဲလောက် မှဝင်မယ်။ baggageထုတ်မှာနဲ့ဆို ၁၂နာရီ။ သက်ပြင်းလည်းမချချင်တော့ပါဘူး။ ကျမဘ၀မှာ ဒီလိုအခက် အခဲဆိုတာကရိုးနေပြီလေ။
             San Francisco Asian Art Museumမှာကျင်းပနေတဲ့ ထိုင်း-မြန်မာအနုပညာပြပွဲမှာ မြန်မာစာရေး ဆရာတယောက်ရဲ့ Reading ထည့်ချင်တယ်ဆိုပြီး Museum ကဖိတ်လို့ကျမလာခဲ့တာပါ။ Reading မှာ‘NightFlow”(ညရေစီး)ဆိုတဲ့ကျမရဲ့ဝတ္ထုတိုတစ်ပုဒ်ဖတ်ခဲ့တယ်။ ကျမရဲ့မိတ်ဆွေဦးအောင် အောင်တိတ်အင်္ဂလိပ်လိုဘာသာပြန်ပေးပြီး သူငယ်ချင်းနယူးဇီလန်စာရေးဆရာမ Penelope Toddတည်း ဖြတ်ပေးခဲ့တာပါ။ကျမရဲ့ကိုရီးယားသူငယ်ချင်းရာဟီဒေါက်(RaHeeDuk) ပြောခဲ့တဲ့စကားလေးကိုသဘော ကျပြီးစိတ်ကူးရသွားတဲ့ ၀တ္ထုလေးတပုဒ်ပေါ့။
အကြိမ် ၄ဝ မြောက် International Writing Program ကိုတက်ရောက်ခွင့်ရသဖြင့် အမေရိကန်နိုင်ငံ အိုင်အိုဝါ စီးတီးသို့ သြဂုတ်လထဲက ရောက်နေကြသော ကျွန်မတို့ စာရေးဆရာတစ်သိုက်၏ ခရီးစဉ်က မကြာခင်ပြီးဆုံးတော့မည်။
နိုဝင်ဘာ ၁ဝ ရက်နောက်ပိုင်းကာလကို Travel Period ဟု သတ်မှတ်ပြီး ကျွန်မတို့တတွေကို အမေရိကား၏ ထင်ရှားသောမြို့ကြီးတချို့ကို ပို့ဆောင်လည်ပတ်စေသည်။ ကျွန်မတို့၏ နောက်ဆုံးခရီးစဉ်က နယူးယောက်ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှ စာရေးဆရာအားလုံး နယူးယောက်တွင်လမ်းခွဲ၍ ပြန်လည်ထွက်ခွာရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကွဲကွာနေပြီး ပြန်မဆုံဖြစ်သေးသော ကျွန်မသူငယ်ချင်းတွေက နယူးယောက်မှာရော ဝါရှင်တန်ဒီစီမှာပါ ရှိကြသည်။ သူတို့က ရောက်တုန်း ရောက်ခိုက် သူတို့နှင့်တွေ့ဆုံလည်ပတ်ဖို့ စီစဉ်လေတော့ ကျွန်မမှာ DC တွင် တစ်ပါတ်၊ နယူးယောက်တွှင် ၁၃ ရက် သောင်တင်သွားသည်။
မြန်မာပြည်တွင်းမှ မထွက်ခွာခင်ကတည်းက Program မှ ပို့ထားသည့် လေယာဉ်လက်မှတ်အရ ကျွန်မက နယူးယောက်မှ အိုင်အိုဝါ ပြန်သွား ရဦးမည်။ အိုင်အိုဝါမှတဆင့် လောစ့်အိန်ဂျလိစ်။ လော့အိန်ဂျလိစ်မှ မြန်မာပြည်သို့ ပြန်လည် ထွက်ခွာရမည်။