ှု
Illustrated by Than Htay Maung
မ ။ ညဥ့်နက်သန်းကောင်ကြီးမှာ
လရောင်တွေရုတ်တရက်လင်းဖြာလာတယ်ထင်လိုက်မိတာ
တကယ်က… ရှင်ကျမကို နမ်းလိုက်တာပဲ။
ကျား ။ ဟုတ်တယ်။
တခါလေမှာ
အနမ်းတပွင့် မင်းမျက်နှာပေါ်ကြွေကျလာခြင်းဟာ
မင်းကမ္ဘာမှာ လမင်းတစင်းဝင်းပသွားသလို
အေးမြတဲ့အလင်းအင်အားနဲ့  ခရီးသွားနိုင်တယ်။
မ။ အေးမြတဲ့အလင်းနဲ့ ခရီးသွားရခြင်းက
ပင်ပန်းမှုတွေကို လျော့ကျပြီး ခရီးတွင်စေတဲ့အတွက်
အဲ့ဒီခရီးစဉ်မှာ ကျမတစ်ယောက်ထဲ မဖြစ်သင့်ဘူး။
ကျား။ အလင်းရောင်ဆိုတာမျိုးက
တစ်ယောက်ထဲ
စုပ်ယူသုံးစွဲလို့ ကုန်သွားနိုင်တာမဟုတ်တော့
မင်းလိုအပ်သလောက်အဖော်တွေနဲ့ ခရီးဆက်ပါလေ။
ငါကတော့ မင်းရဲ့ အပါးမှာ၊ ဖ၀ါးခြေရာထပ်ရှိပါ့မယ်။
မ။ ကျမတို့ တတွေ.. စိတ်တူသူခြင်းစုဝေးပြီး
လက်တွေကိုမြဲမြဲတွဲလို့ 
ချစ်မေတ္တာလရောင်ထဲမှာ ခရီးသွားကြမယ်။
ညည်းညူသံ တစ်စုံတရာကြားရတဲ့ဆီ ဦးတည်ပြီးသွားကြမယ်။
ညည်းညူသံဆိုတာမျိုးက
လိုအပ်ချက်ရှိသူတွေဆီကသာ ကြားရတတ်တယ်လေ။
ကျား။ လိုအပ်ချက်ရှိသူတွေရှိရာ ရောက်ပြီဆိုရင်တော့
ငါတို့ရဲ့ နှုတ်ခမ်းတွေနဲ့ 
ညည်းညူနေသူတွေရဲ့နဖူးကို ထိနမ်းလို့
လရောင်ဖြန်းတဲ့ အေးချမ်းမှုမျိုး သူတို့ကိုခံစားရစေမယ်။
မ။ ကျမတို့ရဲ့ အပြုံးတွေ၊ စကားလုံးတွေကသာ
သူတို့ဝေဒနာတွေကို ပြေလျော့စေမယ်ဆိုရင်
မိုးသောက်မှ နေ၀င်သည့်တိုင် ပြုံးလို့
သူတို့ကို စိတ်နှလုံးရွှင်လန်းစေမယ်။
ကျား။ ငါတို့ရဲ့လက်တွေကို သူတို့လက်တွေနဲ့ ပေါင်းယှက်ထားလို့
အင်အားတွေ ကူးယူဆပွားပြီး
သူတို့ရှေ့ဆက်ရမယ့်ခရီးမှာ၊ ယာဉ်ရထားပမာ အသုံးဝင်စေမယ်။
မ။ ကျမတို့ဆီမှာ ရှိတဲ့ အစားအစာတ၀က်ဟာ
သူတို့အတွက် ရိက္ခာဖြစ်စေရမှာပေါ့၊
တဦးကို တဦး ကိုယ်ချင်းစာစိတ်နဲ့
အစာအိမ်ရဲ့တ၀က်ကိုဖြည့်ကြမယ်။
ကျား။ မေတ္တာတရားတို့နဲ့အတူ
ကောက်နှံစပါးတချို့ ကိုလည်း သယ်ဆောင်သွားစို့ရဲ။့
သူတို့ညွှန်ပြတဲ့နေရာမှာ ရေတွင်းတူး
သူတို့ရဲ့စူး၊ ဆောက်၊ ဂေါ်ပြားနဲ့  မျိုးစေ့များ ပေါင်းဆုံတဲ့အခါ
သူတို့အနာဂါတ်ဟာ ပိုပြည့်စုံလာလိမ့်မယ်။
မ။ ချစ်ခြင်းမေတ္တာအရင်းခံခြင်းဟာ
အရာအားလုံးရဲ့ အစပါပဲ။
ကိုယ်ချင်းစာစိတ်ကလေး နည်းနည်းစွက်မှ
အသက်ရှင်ရခြင်းက အဓိပ္ပါယ်ရှိတော့မပေါ့။
ကျား။ အေးမြမှုအင်အားတွေဖြာကျလာစေမယ့် အနမ်းလတစ်စင်းကို
တကယ့်လမင်းအစစ်နဲ့ ထိပ်တိုက်တွေ့ခိုင်းလိုက်တော့မယ်။
လရောင်အောက်မှာခရီးထွက်ပြီး
လိုအပ်ချက်ရှိသူတွေဆီ ဦးတည်သွားဖို့အတွက်
အ၀င်းပဆုံးလရောင် မဖြန်းခင်လေးမှာ
အနမ်းတစ်ပွင့် ပေးပါရစေဦးကွယ်။
(ဇူလိုင် ၂၂၊ ၂၀၁၀)