အနာ
တိုက်တိုက်ဆိုင်ဆိုင်
ဘ၀ကိုအညည်းငွေ့ဆုံးကာလမှာ
ဘ၀အတွက်
ကျမကြိုနေရမယ့်လမ်းမပေါ်ကနေ
ကျမရှိမနေခြင်းကွက်လပ်ကို အမှုမဲ့အမှတ်မဲ့ဖြတ်သန်းကာ
သူတို့ပြန်လာကြပြီ။
နတ်ဝင်သည်ရဲ့ထက်သန်ပုံမျိုးနဲ့
အနာဂါတ်ဆီသွားရာလမ်းကလေးကို
ဖောက်သူကဖောက်၊ ပြင်သူကပြင်လို့
သူတို့ အင်အားတွေရွှေရောင်တောက်
သူတို့ဖြစ်တည်မှုတွေကစိန်လိုမာကြောလာချိန်မှာ
ကျမကတော့
ပရမ်းပတာခုန်နေတဲ့နှလုံးသားကိုထိမ်းချုပ်ရင်း
ရယ်မောခြင်းရွှံ့စေးတွေကို မျက်ရည်နဲ့မံပြီး
မျှော်လင့်ချက်အရောင်ချယ်ထားတဲ့
ကွဲလွယ်ပဲ့လွယ်အိုးလေးတလုံးသွန်းခဲ့မိတာကလွဲလို့
ဘာမှမလုပ်တတ်၊ မလုပ်နိုင်ခဲ့ပါ။
သူတို့ရဲ့နေ့တဓူဝကိစ္စတွေက
ကျမအတွက်တော့ ဒုလ္လဘဖြစ်နေခြင်းဟာ
သူတို့နဲ့ကျမကြားက ‘အဟ’…
ဒါကြောင့်လည်း သူတို့ကသူတော်စင်တွေအဖြစ်
နံရံတွေအထပ်ထပ်ကြားမှာလွတ်မြောက်ခဲ့ပြီး
ကျမကပုထုဇဉ်အဖြစ်
လေဟာနယ်ထဲမှာအကျဉ်းကျ
မောဟတွေနဲ့လောင်မြိုက်နေခဲ့တာ။
ကျမမုန်းတဲ့ ကိန်းဂဏန်းတွေပေါင်းလိုက်လို့
ဖြစ်သွားတဲ့နံပါတ်စဉ်တွေကိုနှိပ်
ရင်တထိတ်ထိတ်နဲ့စောင့်ရတာကပဲ
ကြီးကျယ်သောကြိုးပမ်းမှုဖြစ်ခဲ့။
စင်္ကြ၀ဠာရဲ့အစိတ်အပိုင်းတခုဆီ
အငွေ့အမျှင်လိုလူးလွန့်ရွေ့လျား
ပြီးတော့..သံမဏိနန်းကြိုးလေးတွေထဲ
ဓါတ်တခုအဖြစ်စီးဝင်သွားပြီးမှ
ကျမနှလုံးသားတဖဲ့ကို လှီးထုတ်သွားတဲ့ဒါးက
"ပြန်လာခဲ့" တဲ့။
နှလုံးသားဒါဏ်ရာကတစိမ့်စိမ့်ထွက်နေတဲ့သွေးကို
ဖြည်းဖြည်းချင်းပြန်စုပ်မြိုချနေရတာ
ကျမကိုယ်ထဲသွေးတွေကုန်သွားမှာစိုးလို့ပါ။
ဘယ်ပုံစံနဲ့ပဲဖြစ်စေ
ခန္ဒာကိုယ်ထဲမှာသွေးတွေဆက်လည်ပတ်နေမှ
ကျမကြိုးစားနိုင်မယ်လေ..။
လူတိုင်းဦးတည်နေတဲ့
ပြီးဆုံးခြင်းဆီမရောက်ခင်ခရီးတလျှောက်မှာ
အိမ်ကိုတထောက်ပြန်ဝင်ဖို့…
သူတို့ဖောက်နေတဲ့လမ်းပေါ်မှာ
ကျမနိုင်သလောက်သယ်လာတဲ့
ကျောက်ခဲလေးတွေဖြည့်ဖို့…
ကျမသွန်းထားတဲ့အိုးကလေးထဲ
ကန့်ကော်ပန်းတွေထိုးဖို့..။
ခက်မာ
၂၀၁၂၊ ဖေဖော်ဝါရီ ၃ရက်။ မနက် ၃နာရီ ၄၉ မိနစ်
သပြေတွေလည်းထိုးစိုက်ပေးပါဆရာမရယ်
အိပ်မက်တွေအရောင်တောက်လာတုန်းမှာ
မနိုးချင်နိုးချင်နဲ့ထရတာမျိုး မဖြစ်စေလိုဘူး
ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတာ ဆရာမရဲ့ဘဝဇာတ်
ကြောင်းလိုမျိုး အခန်းဆက်ဝတ္တုရှည် ရရင်ပြန်တင်ပေး
ပါလားဆရာမ ရွက်နုဝေ မဂ္ဂဇင်းမှာထင်ပါတယ်
အားပေးလျှက်ပါ
ကျော်သူရ
ကဗျာလာဖတ်သွားတယ်ခင်ဗျာ့
ကဗျာထဲမှာ ကံကော့်ရနံတွေဝေနေတာတွေ့လိုက်ရတယ်