(ထုံးစံအတိုင်း အိပ်မရတဲ့တည ဖေ့စ်ဘွတ်ထဲလည်ရင်း
ခင်အောင်အေးရဲ့နုတ်စ်
တွေဖတ်မိပါတယ်။ ဘာကြောင့်မှန်းမသိသူရေးတာတွေဖတ်ပြီးစာရေးချင်လာတာနဲ့
ခေါင်းထဲဖြတ်ကနဲပေါ်လာတာကိုချရေးလိုက်တာပါ။ ဘယ်လိုစမယ်၊ ဘယ်လို ဆုံးမယ်ဆိုတာထည့်မစဉ်းစားပဲ ရေးချင်တာကိုရေးချင်သလိုရေးပြီး ရပ်ချင်တဲ့အချိန် မှာရပ်လိုက်ပါတယ်။)

ကျမကကံဆိုးသူတစ်ယောက်ပါ။
ကာလာလရေကြည်ဘ၀မှာ တောသူဌေးများရဲ့မြေး၊ လူသားကလေးအဖြစ်လောက
ကြီးထဲကိုရောက်လာချိန်မှာတော့
အထည်ကြီးပျက်တို့ရဲ့သွေး။ အသက် ၅နှစ်မှာ
တောမြို့ကလေးကနေ တောစစ်စစ်ဆီရွှေ့ရတယ်။ ၆ နှစ်မှာအဖေနဲ့ဝေးရတယ်။
အသက် ၁၀ နှစ် ၅တန်း ကျောင်းသူအရွယ်မှာ ခုနှစ် မိုင်ဝေးတဲ့ရွာကြီးတစ်ခုကိုအသွား အပြန်တစ်ရက်
၃နာရီလမ်းလျှောက်ပြီး ပညာသင်ရတယ်။ တချို့ရက်တွေမှာ မြို့တော်ကိုနေ့စဉ်ပြေးပြီးရွာစဉ်ဆိုက်တဲ့သင်္ဘောကြီးစီးခွင့်ရရင်တော့
နည်းနည်း သက်သာတယ်။ ဒါပေမယ့်မနက် ၄နာရီဆိုတာမှောင်တုန်း၊ မိနစ် ၂၀လောက် သွားရတဲ့သင်္ဘောဆိပ်ကို
တစ်ယောက်ထဲ အမှောင်ထဲမှာ လမ်းလျှောက်သွားရတဲ့ ၁၀
နှစ်သမီးကလေး သနားစရာမကောင်းဘူးလား။