Mar
28
(အခုအချိန်မှာ ကျမအတွက် ဝတ္တုတို၊ အက်ဆေး၊ကဗျာစတဲ့ အနုပညာပစ္စည်းတခုခုဖန်တီးရတာ အကြောင်းအမျိုးမျိုးကြောင့် အလွန်ခက်ခဲနေပါတယ်။ ကျမရောက်နေရတဲ့နေရာကလည်းကျမ ကို စာရေးစေချင်လို့ခေါ်ထားတဲ့နေရာဖြစ်နေလေတော့ စာတွေရေးဖြစ်မှဖြစ်မယ်လို့လည်း ကိုယ့် ဘာသာအားပေးနေ ရတာအခါခါပါ။ တခါတလေ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်တွေထဲမှာ ကဗျာတစ်ပုဒ်၊ စာတစ်တစ်ပုဒ်ဖြစ်မသွားပေမယ့် တခုခုကိုဆက်စပ်တွေးမိသွားပြီး အနုပညာဆန် တယ်လို့ခံစားမိသွားတဲ့ အတွေးလေးတွေ၊ အဖြစ်အပျက်လေးတွေကြုံရတတ်ပါတယ်။ အဲဒါလေး တွေကို အနုပညာပစ္စည်းတခုမဖြစ်တောင်ဖတ်လို့ ကောင်းတဲ့ အတွေးလေးတခု၊ အဖြစ်အပျက် လေးတခုဖြစ်သွားလည်း အနည်းဆုံးတော့စာရေးဖြစ်တာပဲလို့ တွေးပြီး စရေးကြည့်တာပါ။ နေ့တိုင်းရေးဖြစ်မှာမဟုတ်ဘူးဆိုတာကိုယ့်ဘာသာသေချာနေလို့"နေ့စဉ်မဟုတ်သောမှတ်တမ်း" လို့နံမည်ပေးမိပါတယ်။)
နွေဦးရဲ့ နေရောင်ဝင်းပသော်လည်း အေးစိမ့်နေဆဲတရက်မှာ အလွန်အခံရခက်တဲ့ ဝေဒနာတစ်ခုကိုဈေးကြီးကြီးပေးပြီးခံစားဖို့ ကျမဆေးရုံရောက်ခဲ့ရပြန်ပါတယ်။ခါးဆစ်ရိုး နှစ်ခုကြားမှာကူရှင်သဖွယ်ခံပေးထားတဲ့ အရွတ်ဖတ်ကလေးအပြင်ကို ကျွံထွက်နေတဲ့ အတွက် ခါးနာတဲ့ဝေဒနာကို၂၀၀၈ခုနှစ်ထဲကဆိုးဆိုးဝါးဝါး ခံစားနေရတာပါ။ အဲဒီခါးနာ ပြဿနာကြောင့် ဆေးသောက်တာ၊ Physical Therapy လုပ်တာ၊ ကျွံထွက်နေတဲ့ ခါးဆစ်ရိုးထဲကိုဆေးထိုးသွင်းတာ အပါအ၀င်နည်းပေါင်းစုံနဲ့ကုနေတာ ကျမတို့မိသားစု အမေရိကားစရောက်တဲ့ ၂၀၀၉ ကတည်းကပါပဲ။ ခါးဆစ်ရိုးထဲဆေးထိုးသွင်းရလို့ ခံစား ရတဲ့ကြောက်ရွံ့ ခံခက်ဖွယ်ဝေဒနာအကြောင်းကို အခိုက်အတန့် များကိုဖြတ်သန်းခြင်း ဆိုပြီးရေးခဲ့ဖူးပါတယ်။