( လွန်ခဲ့တဲ့ ၁၇ နှစ် ၁၉၉၄ တုန်းကရေးဖြစ်ခဲ့တဲ့ဝတ္တုလေးတပုဒ်ပါ။ ငယ်နုစဉ်ကလက်ရာလေးပေါ့။ လောလောဆယ်အသစ်မတင်ဖြစ်သေးခင်စပ်ကြား အဟောင်းလေးပြန်ဖတ်ကြည့်ပေးကြပါဦး။)
ပန်းချီသန်းဌေးမောင်
သူ့ ကိုယ်သူဆရာဟုပြောသူက လက်ထဲရှိကြိမ်လုံးနှင့်ကြမ်းပြင်ကိုရွှမ်းကနဲနေအောင်ရိုက်ချလိုက်သည်။
ပန်းချီသန်းဌေးမောင်
“ကဲ…ဘယ်လိုလဲ…၊ဘာအကြောင်းနဲ့ ဒီလောက်ကြာနေရတာလဲ၊ ဆရာ့အမိန့်ကိုအာခံတဲ့သဘော လား၊ ဟုတ်လား၊ ဆရာ့အမိန့်ကိုအာခံရင်ဘာဖြစ်သွားမယ်ဆိုတာသိတယ်မဟုတ်လား၊ လာစရာရှိတာလာ၊ ၀င်စရာရှိတာဝင်လေ …။“
သက်ပြင်းကိုကြိတ်ချလိုက်သည်။ ကျမညောင်းလှပြီ။ သည်နေရာမှာထိုင်နေရတာညနေ၃နာရီလောက် ကတည်းကဖြစ်သည်။ ယခုအပြင်မှာမှောင်နေပြီ။ ပုဆစ်တုတ်အနေအထားနှင့်၃နာရီခန့်မလှုပ်မယှက်ထိုင်နေ ရသူတဦး၏ ညောင်းညာခြင်းကို မှန်းဆကြည့်ရုံနှင့်ကိုယ်ချင်းစာနိုင်ကြပါလိမ့်မည်။ ဘာလုပ်ရင်ကောင်းမလဲ ဟုအကြိမ်ပေါင်းများစွာထဲမှနောက်တစ်ကြိမ်အဖြစ်တွေးမိသည်။
သည်အတိုင်းဆို ကျမပေါ့ပေါ့ဆဆတွေးခဲ့မိသောမှားယွင်းမှုကသေချာခဲ့လေပြီ။ လွန်ခဲ့သည့် ၃နာရီ
လောက်ကပေါ့။ အုန်းပွဲ၊ငှက်ပျောပွဲများအပေါ်တင်၍့ထွန်းထားသည့် အမွှေးတိုင်၊ဖယောင်းတိုင်များ စတင်
လောင်ကြွမ်းသည့်အချိန်တွင် အမှားဟုသတ်မှတ်ရမည်ဖြစ်သောအဖြေစကား စတင်ခဲ့ခြင်းဖြစ်သည်။