(သရုပ်ဖေါ် ပန်းချီစံမင်း)
မှတ်မှတ်ရရ ၂၀၀၈ နှစ်လည်လောက်မှာ ကျွန်မခါးနာနေတာကို သတိထားမိသည်။ ဆရာဝန်ပြလည်း ခဏတော့ သက်သာသလိုသလိုရှိကာ လုံးလုံးတော့မပျောက်ပြန်။ ဒီတော့ဆရာဝန်က အမျိုးသမီးရောဂါ တစ်ခုခုနှင့် ဆက်စပ်နေမလားတွေးကာ သားဖွားမီးယပ်အထုးကုနှင့် ပြကြည့်ဖို့ တိုက်တွန်းသည်။ ဒါနှင့်ပဲ သားဖွားမီးယပ်အထူးကု ပါမောက္ခ ဒေါက်တာကျော်ညွန့်နှင့် ပြဖြစ်သည်။ ဆရာကြီးက ကျွန်မကို ဓါတ်မှန်ရိုက်ခိုင်းသည်။ ခါးနာတာနှင့် ပတ်သက်သော သဲလွန်စ မရပါ။ သားအိမ်ထဲက အသားစကို စစ်ခိုင်းပြန်သည်။ ညောင်မြစ်တူးတာ ပုတ်သင်ဥပေါ်သည်ပဲ ပြောရမလား၊ ယုန်ထောင်ကြောင်မိလို့ပဲ ဥပမာ ပေးရမလားမသိပါ။ ခါးနာတာနှင့် မပတ်သက်သော အမျိုးသမီးရောဂါ တစ်ခုတွေ့သည်။ ထိုရောဂါကို ဆက်ကုရင်း ခါးနာတာကုဖို့က နောက်ဖက်ရောက်သွားသည်။ ၂၀၀၉ မှာ အမေရိကားကို ထွက်လာတော့ ခါးနာရောဂါက တန်းလန်း ကြီးပါလာသည်။