1. 2.
အိပ်မက် မက်နေတာမှန်းသိသိခြင်း အပြင်မှာမိုးရွာနေတာကိုလည်း သတိထားလိုက်မိသည်။ ပြီးတော့ပြုံးမိ၏။ မြမြနှင်းက အကြီးအကျယ် အိပ်မက်မက်တတ်သူတယောက်ပင်။ အိပ်မက် မမက်ခဲ့ဘူးသောညဆိုတာမရှိဘူး ထင်သည်။ တခါတရံမှာတော့ အိပ်မက်တွေမက်နေတာကို သဘောကျသလိုလို။ အိပ်မက်ဆိုတော့လည်း အစီအစဉ်မကျရောက်ချင်သည့်နေရာတွေရောက်၍ မြင်ချင်ရာမြင်၊ ဖြစ်ချင်ရာဖြစ်သွားသည်။ တခါတလေ လက်တွေ့ ဘ၀မှာ စဉ်းတောင်မစဉ်းစားမိသည့်အရာတွေ အိပ်မက်ထဲရောက်လာတတ်တော့ ထူးဆန်းပြီး သဘောကျ သလိုလိုပင်။ ဒါပေမယ့်ညစဉ်ရက်ဆက်အိပ်မက်များနှင့် နပန်းလုံးရသည့်ရက်ရှည်လာတော့ အပြင်မှာပါမောပန်း လာသည်။ အိပ်ရာထဲဝင်ဖို့ အရေး အိပ်မက်မက်မှာကိုတွေးကြောက်လာသည်။


ပြီးခဲ့သည့်ငါးရက်လောက်ကမက်သည့်အိပ်မက်ထဲမှာ ဖေဖေ့ကိုတွေ့ သည်။ ဖေဖေ့ကိုအိပ်မက်ထဲမှာ
တွေ့ရတိုင်း မြမြနှင်းဆီမှာရှိသည့် တစ်ပုံထဲသောဓါတ်ပုံထဲကအရွယ်အတိုင်း နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် အရွယ်ချည်းပင်။ မျက်ခုန်းထူထူ၊ ဆံပင်ပွပွ၊ မျက်နှာသွယ်သွယ်။ ပင်ကိုယ်မျက်နှာထားတည်ပေမယ့် ပြုံးရယ် လိုက်လျှင်တော့ ပကတိပွင့်လင်းသွားသော နှစ်လိုဖွယ်မျက်နှာကိုမြင်ရမြဲပင်။ ရှိုက်သံလေးစွက်၍ အဆုံးသတ်
တတ်သောဖေဖေ့ရယ်သံတွေကလည်း အိပ်မက်တိုင်း၌ မပြောင်းလဲ။
Labels: 1 comments | | edit post
Reactions: 
                                                        photo by Wathan
 
သောကြာတစ်ရက် အပြင်မထွက်ပဲ
စနေညနေဖက် ဟိုဟိုဒီဒီလျှောက်တော့
လမ်းထိပ်က ချယ်ရီပင်ကြီး ပင်လုံးကျွတ်ပွင့်နေပုံက
မျက်လှည့်ပြသလို ဗြုန်းကနဲ။
 
အဲဒီညနေမှာပဲ
အရွက်မမြင်ရအောင်ပွင့်တဲ့
အမည်မသိ အဖြူရောင်ပန်းတွေရဲ့
အံ့မခန်းစုံညီမှုကို ငေးမောခဲ့။
 
တနလ်ာမနက်ထင်ပါရဲ့
ငါလျှောက်ခဲ့တာ ဒီလမ်းမှဟုတ်ရဲ့လား
အပွင့်မဲ့ပန်းများနဲ့သစ်ပင်က
မှင်တက်ဝေဝါးစေပြန်တယ်။
 
ငါတို့ရော...
ဘယ်နှစ်ကြိမ်ဗြုန်းကနဲ ပွင့်ခဲ့ကြပြီးပြီလဲ
ဘယ်နှစ်ကြိမ် ဝုန်းကနဲကြွေခဲ့ကြပြီးပြီလဲ
နောက်ထပ်ဘယ်နှစ်ကြိမ်.....
ဘယ်လောက်များများ ထပ်ဖူးကြဦးမှာလဲ။
Labels: 0 comments | | edit post
Reactions: 
                                                                                                    Photo by Wathan

အခုတလော ကျမမက်သည့်အိမ်မက်တွေက ကျမကြီးပြင်းခဲ့ရာရွာကလေးနှင့် ငယ်သူငယ်ချင်း တွေ အကြောင်းများချည်းဖြစ်နေတတ်သည်။ ကျမကရွာကလေးဟုသုံးစွဲတတ်ပေမယ့် တကယ် တော့ ကျမတို့  ရွာက ကျေးရွာအုပ်စုရွာကြီးတစ်ရွာဖြစ်သည်။ ကျမအထက်တန်းကျောင်းသူ ဘ၀မှာပင် အိမ်ခြေ ၈၀၀ ကျော်ရှိသည်။ တိုးချဲ့ ရပ်ကွက်သစ်တွေထပ်တည်ပြီးသည့် ခုချိန်မှာ တော့ အိမ်ခြေ ၁၀၀၀ကို တော်တော်ပင် ကျော်လောက်ပြီ။ ကျမတို့ ငယ်ငယ်က အိမ်ရှေ့  တာလမ်းမှာအော်ရောင်းသည့် အသား ငါးနှင့် ဟင်းသီးဟင်း ရွက်သည်များထံမှသာ ၀ယ်ခြမ်း စားသောက်ရပေမယ့် ခုတော့ ရွာမှာဈေးတန်းနှင့်ဖြစ်နေပြီတဲ့။ ကျမ၏ငယ် သူငယ်ချင်းတွေက ရွာ့ မျက်နှာဖုံးသူဌေးတွေ၊ ကျေးရွာအထက်တန်းကျောင်းကော်မတီတွေ၊ ဘုရားဂေါပက တွေ ဖြစ်နေကြပြီ။
               
                 ငယ်ငယ်ကတော့ ကျမတို့ တတွေ တစ်ယောက်အိမ်တစ်ယောက်ကုးသန်းလည်ပတ်ခဲ့ ကြသည်။ အလှတို့ အိမ်မှာ ဘက်ထရီအိုးနှင့်ဖွင့်သောကက်ဆက်ရှိသည့်အပြင် အလှ၏အမ မခင်ဌေးက ရန်ကုန်မှာ ကျောင်းသွားတက်သူမို့  နောက်ဆုံးပေါ်သီချင်းခွေတွေ နားထောင် ရသည်။ တကယ်တော့ ကျောင်းမှာ ကျမ နှင့်ကပ်လျှက်ထိုင်သောအလှက သီချင်းခွေအသစ် ထွက် လာလျှင် အတန်းထဲမှာမိတ်ဆက်ဆိုပြထားပြီးသား။ အလှကနံမည်နှင့်လိုက်အောင် လှပြီး သီချင်းဆိုလည်း အတော်ကောင်းသည်။ အတန်းအားချိန် များတွင် ကျမ တို့ ကိုသီချင်း ဆိုပြ လေ့ရှိသည်။ သူဆိုပြသောသီချင်းများထဲမှ ကျမနားထဲစွဲ သွားသောသီချင်းဆိုလျှင် ကျမ ကဘယ်သူဆိုတာလဲ၊သီချင်းနံမည်ဘာလဲမေးတော့သည်။သူကအဆိုတော်နံမည်နှင့် သီချင်းနံမည်ကို ပြောပြ ပြီး “ငါ့အိမ်မှာလာနားထောင်ပါလား“ ဟုပြောတတ်သည်။ စနေ တနဂ်နွေကျောင်းပိတ်ရက်တွေဆို ကျမက သူတို့ အိမ်အလည်သွားကာ သီချင်းနားထောင် တတ်သလိုနေ့ လည်မုန့် စားဆင်းချိန်တွေမှာ အလှနှင့်လိုက်၍ မကြာခဏထမင်းစားဖူးသည်။ အလှတို့ အိမ်က ချမ်းသာတော့ အမြဲလိုလိုဟင်းကာင်း ချက်သည်လေ။
Labels: 0 comments | | edit post
Reactions: 
 
                                                           Illustrated by Than Htay Maung

မ ။      ညဥ့်နက်သန်းကောင်ကြီးမှာ
          လရောင်တွေရုတ်တရက်လင်းဖြာလာတယ်ထင်လိုက်မိတာ
          တကယ်က… ရှင်ကျမကို နမ်းလိုက်တာပဲ။


ကျား ။  ဟုတ်တယ်။
          တခါလေမှာ
          အနမ်းတပွင့် မင်းမျက်နှာပေါ်ကြွေကျလာခြင်းဟာ
          မင်းကမ္ဘာမှာ လမင်းတစင်းဝင်းပသွားသလို
          အေးမြတဲ့အလင်းအင်အားနဲ့  ခရီးသွားနိုင်တယ်။

မ။      အေးမြတဲ့အလင်းနဲ့ ခရီးသွားရခြင်းက
         ပင်ပန်းမှုတွေကို လျော့ကျပြီး ခရီးတွင်စေတဲ့အတွက်
         အဲ့ဒီခရီးစဉ်မှာ ကျမတစ်ယောက်ထဲ မဖြစ်သင့်ဘူး။

ကျား။  အလင်းရောင်ဆိုတာမျိုးက
         တစ်ယောက်ထဲ
         စုပ်ယူသုံးစွဲလို့ ကုန်သွားနိုင်တာမဟုတ်တော့
         မင်းလိုအပ်သလောက်အဖော်တွေနဲ့ ခရီးဆက်ပါလေ။
         ငါကတော့ မင်းရဲ့ အပါးမှာ၊ ဖ၀ါးခြေရာထပ်ရှိပါ့မယ်။

မ။      ကျမတို့ တတွေ.. စိတ်တူသူခြင်းစုဝေးပြီး
         လက်တွေကိုမြဲမြဲတွဲလို့ 
         ချစ်မေတ္တာလရောင်ထဲမှာ ခရီးသွားကြမယ်။
         ညည်းညူသံ တစ်စုံတရာကြားရတဲ့ဆီ ဦးတည်ပြီးသွားကြမယ်။
         ညည်းညူသံဆိုတာမျိုးက
         လိုအပ်ချက်ရှိသူတွေဆီကသာ ကြားရတတ်တယ်လေ။

ကျား။  လိုအပ်ချက်ရှိသူတွေရှိရာ ရောက်ပြီဆိုရင်တော့
         ငါတို့ရဲ့ နှုတ်ခမ်းတွေနဲ့ 
         ညည်းညူနေသူတွေရဲ့နဖူးကို ထိနမ်းလို့
         လရောင်ဖြန်းတဲ့ အေးချမ်းမှုမျိုး သူတို့ကိုခံစားရစေမယ်။

မ။      ကျမတို့ရဲ့ အပြုံးတွေ၊ စကားလုံးတွေကသာ
         သူတို့ဝေဒနာတွေကို ပြေလျော့စေမယ်ဆိုရင်
         မိုးသောက်မှ နေ၀င်သည့်တိုင် ပြုံးလို့
         သူတို့ကို စိတ်နှလုံးရွှင်လန်းစေမယ်။

ကျား။   ငါတို့ရဲ့လက်တွေကို သူတို့လက်တွေနဲ့ ပေါင်းယှက်ထားလို့
          အင်အားတွေ ကူးယူဆပွားပြီး
          သူတို့ရှေ့ဆက်ရမယ့်ခရီးမှာ၊ ယာဉ်ရထားပမာ အသုံးဝင်စေမယ်။

မ။      ကျမတို့ဆီမှာ ရှိတဲ့ အစားအစာတ၀က်ဟာ
         သူတို့အတွက် ရိက္ခာဖြစ်စေရမှာပေါ့၊
         တဦးကို တဦး ကိုယ်ချင်းစာစိတ်နဲ့
         အစာအိမ်ရဲ့တ၀က်ကိုဖြည့်ကြမယ်။

ကျား။  မေတ္တာတရားတို့နဲ့အတူ
         ကောက်နှံစပါးတချို့ ကိုလည်း သယ်ဆောင်သွားစို့ရဲ။့
         သူတို့ညွှန်ပြတဲ့နေရာမှာ ရေတွင်းတူး
         သူတို့ရဲ့စူး၊ ဆောက်၊ ဂေါ်ပြားနဲ့  မျိုးစေ့များ ပေါင်းဆုံတဲ့အခါ
         သူတို့အနာဂါတ်ဟာ ပိုပြည့်စုံလာလိမ့်မယ်။

မ။     ချစ်ခြင်းမေတ္တာအရင်းခံခြင်းဟာ
        အရာအားလုံးရဲ့ အစပါပဲ။
        ကိုယ်ချင်းစာစိတ်ကလေး နည်းနည်းစွက်မှ
        အသက်ရှင်ရခြင်းက အဓိပ္ပါယ်ရှိတော့မပေါ့။

ကျား။  အေးမြမှုအင်အားတွေဖြာကျလာစေမယ့် အနမ်းလတစ်စင်းကို
         တကယ့်လမင်းအစစ်နဲ့ ထိပ်တိုက်တွေ့ခိုင်းလိုက်တော့မယ်။
         လရောင်အောက်မှာခရီးထွက်ပြီး
         လိုအပ်ချက်ရှိသူတွေဆီ ဦးတည်သွားဖို့အတွက်
         အ၀င်းပဆုံးလရောင် မဖြန်းခင်လေးမှာ
         အနမ်းတစ်ပွင့် ပေးပါရစေဦးကွယ်။
(ဇူလိုင် ၂၂၊ ၂၀၁၀)
Labels: 1 comments | | edit post
Reactions: