1. 2.





ကမ္ဘာ့အရှေ့ခြမ်းအာရှနိုင်ငံတခုမှ ကမ္ဘာ့အနောက်ခြမ်းအမေရိကကို နာရီပေါင်းများစွာ ဖြတ်သန်းခရီးနှင်ခဲ့ပြီး အမေရိကအရှေ့ပိုင်း၏ မြေပြင်ပေါ် ခြေချခိုလှုံလိုက်ရချိန်မှာတော့ ၂၀၀၉ ၏ ပန်းစုံပွင့်သောနွေဦးနှင့်အတူ 
ဖော်ရွေနွေးထွေးသောမြို့ သူမြို့ သားများက ကျမတို့ကိုကြိုဆိုခဲ့ပါသည်။
       ထိုဖော်ရွေနွေးထွေးမှုများကြောင့်ပင်ကျမ၏မိခင်မြေအကြောင်းမိတ်ဆက်ပြောပြဖို့ မတွန့်ဆုတ်ခဲ့ခြင်းက  ကျမအတွက်အခွင့်အရေးတခုဖြစ်ခဲ့သည်။ကမ္ဘာ၏တခြားဖက်ခြမ်းမှအာရှနိုင်ငံငယ်လေးတခုက အမေရိကနှင့် ဘယ်ရွေ့ဘယ်မျှကွာခြားကြောင်းပြောပြခွင့်ရခဲ့သည်။ မတူခြားနားသောယဉ်ကျေးမှုများအတွင်းမှမတူခြားနား သောတန်ဖိုးများကိုတွေ့ရှိခံစားနိုင်ခဲ့ခြင်းနှင့် ထိုမတူခြားနားမှုများအကြောင်းကို စာများမှတဆင့်ဝေငှနိုင်ခြင်း ကကျမအတွက် ကျေနပ်ဖွယ်ဖြစ်သည်။
   ကျမကိုစိတ်အနှောက်အရှက်ပေးခဲ့တာကတော့အမေရိက၏ဆောင်းရာသီပင်ဖြစ်သည်။ အပူအလွန်ပြင်းထန်သောမြန်မာပြည်တွင်အနှစ်၄၀လုံးလုံးနေခဲ့သူကျမအတွက် ၆ ဒီဂရီဖာရင်ဟိုက်အအေးက ကြောက်မက်ဖွယ်ပင်။ နေရောင်မမြင်ရသောရက်တွေကစိတ်ဓာတ်ကျဖွယ်ပင်။ ခြေသလုံးမြုပ်လုနီးပါး နှင်းထု ထဲမှရုန်းထွက်လမ်းလျှောက်ရခြင်းကစွန့်စားမှုတခုလိုပင်။သို့သော်ထိုအရာများအားလုံးကိုကျမကျော်ဖြတ်နိုင်ခဲ့ပါသည်။ထိုကျော်ဖြတ်နိုင်သည့်အင်အားကိုပေးခဲ့တာကတော့ ကမ္ဘာတခြမ်းစာဝေးလံသည့်အရပ်မှလူများ၏ ကျမတို့အပေါ်ကြိုဆိုမှုများနှင့်အားဖြည့်မာန်တင်းနိုင်စရာအဖြစ်အပျက်များ၊ပြန်လည်တမ်းတကြည်နူးနိုင်သည့် လွမ်းဆွတ်ဖွယ်ရာများ ကျမမှာ အလုံအလောက် ရှိနေခဲ့ခြင်းတို့ကြောင့်ဖြစ်သည်။

                             *                           *                           *
ဒုတိယမြောက်နွေဦးကိုဖြတ်ကျော်ခဲ့ပြီးချိန်မှာတော့ သံမဏိတံတားကြီးတွေ၊ ၀တ်စုံအမျိုးမျိုးလဲ၍၀တ် ဆင်သောသစ်ပင်တွေ၊ရင်သပ်ရှုမောဖွယ်ပန်းရောင်စုံတွေ၊အနိမ့်အမြင့်မညီမညာနှင့်မြို့ကို ဝန်းရံအလှဆင်နေ သောတောင်ကုန်းတွေ၊ မြို့၏ အသည်းနှလုံးနေရာတွင် ပေါင်းဆုံကြသောမြစ်ကြီးတွေ၊ ပြုံးရွှင်နွေးထွေးသော မြို့သူမြို့သားတွေနှင့် ကျမတို့ ချစ်ခင်တွယ်နှောင်မိကြပြီ။
နွေဦး၏နေရောင်ခြည်ကိုမြင်လိုက်ရချိန်တွင် နှင်းဖြူဖြူနှင့်သစ်ကိုင်းခြောက်မဲမဲတို့ကြားတွင် တချိန်လုံး လိုလို ငိုချင်ဝမ်းနည်းနေခဲ့မိသော ခြောက်ခြားဖွယ်ဆောင်းပန်းချီကိုမေ့လျော့နိုင်ခဲ့သည်။
ကျမပထမဆောင်းရက်များအတွင်းမှာတုန်းကရက်စက်သောအအေးဒဏ်နှင့်ကဝေဆန်သောနှင်းများ၏နှိပ်စက်မှုကို အံကြိတ်ခံခဲ့ရသည့်သစ်ပင်များအပေါ်သနားစိတ်ဝင်ခဲ့မိသည်။ သို့သော်ရာသီဆိုး၏ဒဏ်ကို အံကြိတ်ခံရင်းစုဆောင်းထားသည့်သစ်ပင်များ၏အသက်ဇီဝဓာတ်တွေက နွေဦးနေခြည်နှင့်တွေ့ဆုံသောအခါ ပန်းဖူးများအဖြစ်သစ်ကိုင်းတွေကိုထိုးခွဲထွက်လာကြပြီး ရှုငေးဖွယ်ပန်းရောင်စုံများအဖြစ်လောကကို အလှဆင် ကြတာမြင်ရတော့ သူတို့၏ကြံ့ကြံ့ခံနိုင်မှုနှင့် သတ္တိကိုဂုဏ်ယူအားကျရသည်။ မည်မျှကြမ်းတမ်းသောရာသီဆိုး နှင့်ကြုံကြုံကြံ့ကြံ့ခံ၍စိတ်ဓာတ်စွမ်းရည်ကိုအသက်ဇီဝဓာတ်သဖွယ်သိုလှောင်ကာအားထုတ်ခွင့်နေခြည်လေး တပြောက်လောက်ရရုံနှင့် လက်ရှိဘ၀ကိုရင်ဆိုင်ရန်သတ္တိပန်းများပွင့်လာကြသော ကျမ၏သူငယ်ချင်း၊မိတ် ဆွေများကိုလည်း သတိရတမ်းတရင်း ဂုဏ်ယူရသေးသည်။
         ဆောင်းရာသီ၏ခြောက်ခြားဖွယ်အအေးဒဏ်ကိုခံရစဉ်က မိခင်မြေနှင့်ကွာခြားလှချည့်ဟု နှိုင်းယှဉ်ကာ လွမ်းစိတ်ဝင်ခဲ့သည်။ နွေဦး၏ ၀င်းပသော နေရောင်ခြည်များကို မြင်ရပြန်တော့လည်း ဆယ့်နှစ်ရာသီပတ်လုံး  နေခြည်ဝင်းပသောမိခင်မြေကိုလွမ်းရပြန်သည်။ မိခင်မြေနှင့်ဝေးကွာနေရခြင်းသည်ရာသီဆိုးတခုလိုပင်။ ထို ရာသီဆိုးအောက်တွင်ကျမ၏အနုပညာဖန်တီးလိုစိတ်ကငုပ်လျှိုးပျောက်ကွယ်နေတတ်သည်။ငုပ်လျှိုးနေသော ဖန်တီးလိုစိတ်သည်နေခြည်နှင့်တူသောကြိုဆိုနွေးထွေးမှုများ၊မူလဘူတအခြေခံမြေသားနှင့်တူသော မိခင်မြေ မှတမ်းတဖွယ်အတွေ့အကြုံများနှင့် ပေါင်းဆုံမိသောအခါ စကားလုံးပန်းတွေဖူးပွင့်လာခဲ့တော့သည်။ ဗြဟ္မစိုရ် တရားထွန်းကားသောမြေတွင်အိမ်လွမ်းစိတ်သည်အနုပညာဖန်တီးဖို့တွန်းအားပေးသောအကြောင်းအရာတခု ဖြစ်ခဲ့သည်။
နွေရာသီမှာတော့ ကျမခြံထဲမှဥယျာဉ်နှင့်ကျမရင်ထဲမှဥယျာဉ်နှစ်ခုစလုံးတွင် ပန်းတွေအပြိုင်ပွင့်ခဲ့ကြ သည်။ကျမရင်ထဲကဥယျာဉ်တွင်ပွင့်သည့်ပန်းများကကျမခြံထဲကဥယျာဉ်တွင်ပွင့်သည့်ပန်းများလောက်လှချင် မှလှမည်။မွှေးချင်မှလည်းမွှေးမည်။နာကျည်းစရာခံစားချက်များနှင့်မောလျဖွယ်အလွမ်းအင်အားများကိုအခြေခံသောရင်တွင်းဥယျာဉ်၌ ပွင့်သည့်ပန်းများတွင် ပျော်ရွှင်မှုအရောင်ကတော့ ဖျော့တော့နေမည်ဖြစ်သည်။ သို့သော်ရာသီဆိုးကိုအံတင်းဖြတ်ကျော်၍ရဲရဲပွင့်နိုင်ခြင်းကပင် ပန်း၏ဖြစ်တည်မှုဂုဏ်ကိုပြနိုင်ခြင်းမို့ကျမကျေ နပ်ပါသည်။
        အောက်တိုဘာလထဲဝင်လာသည်နှင့် ရာသီဥတုကအေးလာပြီ။ နေရောင်ကဖျော့တော့သွားပြီ။ ပန်းတွေကလည်းတနွေလုံးအားရပါးရပွင့်ခဲ့ကြပြီးပြီမို့ပင်ပန်းနေပြီ။ငှက်ကလေးများ၏တေးသံတို့ ပါးလျသွားပြီ။ မကြာခင်မှာတော့ကျမအတွက်ဆောင်းအသစ်တခုကိုဖြတ်ကျော်ရတော့မည်။ မညှာတာတတ်သောနှင်းတွေ ကျမခြံထဲမှပန်းများ၏ပွင့်ဖတ်တွေကို ရက်ရက်စက်စက်ခြွေကြဦးတော့မည်။ အခိုက်အတန့်အံကြိတ်ခံကြပြီး သည့်နောက် နွေဦး၏နေခြည်နှင့်ပြန်လည်ဆုံစည်းကြသည့်အခါ ရင်သပ်ရှုမောဖွယ်ပန်းရောင်စုံများကို ထပ်မံ မြင်တွေ့ခွင့်ရဦးမှာသေချာနေသည်မို့ ကျမစိတ်မပျက်ပါ။ ထို့အတူမိခင်မြေနှင့်ဝေးကွာနေရခြင်းရာသီဆိုးက လည်း ကျမရင်တွင်းမှပန်းများကိုခြွေချဖို့ကြိုးစားလိမ့်ဦးမည်။ သို့သော်အင်အားပြည့်ဝသောအလွမ်းများ၊နွေး 
ထွေးသောအပြုံးများ၊ဖော်ရွေသောနှုတ်ခွန်းဆက်မှုများ၊ကြင်နာသောဖေးမကူညီမှုများကနွေဦနေခြည်သဖွယ် ကျမ၏ရင်တွင်းပန်းများကိုတဖန်ပြန်လည်ဖူးပွင့်လာစေဦးမည်။ကျမတို့တတွေရာသီဆိုးကိုကြံ့ကြံ့ခံဖြတ်ကျော် နေခြင်းက နွေဦးကိုကြိုဆိုနေခြင်းလည်းမည်ပေသည်။
ကျမ၏အီးမေးလ်ထဲတွင်“နေကောင်းရဲ့လားသူငယ်ချင်းရေ“ဟူသောအဓိပ္ပာယ်အပါအ၀င်ခပ်ဆင်ဆင် အဓိပ္ပာယ်သက်ရောက်သောစာတစောင်ရောက်ရှိနေခြင်းသည်ကျမ၏ဥယျာဉ်တွင် ပန်းတဖူးတိုးတော့မည်ဟု အသိပေးလိုက်တာနှင့်အတူတူပင်။
 “ငါတိုလှိုင်တက္ကသိုလ်ကျောင်းသူဘ၀တုန်းက အလှဓါတ်ပုံရိုက်ဖို့ဆိုပြီးနင်ငါ့ကို မိန်းထဲခေါ်သွားတာ မှတ်မိလား။ အဲဒါငါပထမဦးဆုံးအလှဓာတ်ပုံရိုက်ဖူးတာပဲ။ ငါ့မှာအတွေ့အကြုံကလည်းမရှိ၊ကြောက်ကလည်း ကြောက်နဲ့နှုတ်ခမ်းတွေတဆတ်ဆတ်တုန်နေခဲ့တာလေ” ဆိုတာမျိုးကျောင်းတုန်းကသူငယ်ချင်းနှင့် အွန်လိုင်း ပေါ်မှာရှေးဟောင်းနှောင်းဖြစ်တွေပြောကာဝေ့၀ိုင်းလာသောမျက်ရည်များကို မျက်တောင်ပုတ်ခပ်ကာကွယ် နေရင်းမှ တဟားဟားရယ်မောလွမ်းတရခြင်းတွေက ထိုပန်းဖူးလေးကိုပွင့်လန်းလာစေမည့် နေခြည်များပင် ဖြစ်သည်။
လမ်းပေါ်မှလျှောက်သွားနေရင်း “ Have a good day” နှုတ်ခွန်းဆက်ခံလိုက်ရခြင်းကတော့ ပန်းပင် တွေကြားလျှောက်သွားနေဆဲ လေပြည်လေးဝှေ့ ရမ်းခံလိုက်ရသလို လူကိုလန်းဆန်းစေသည်ပေါ့။
   ရေမြေခြားတွင်ရပ်တည်ရှင်သန်နေရသည့်အခိုက်အတန့်တွင်ကျမ၏ရင်တွင်းဥယျာဉ်၌ ပန်းတွေပွင့်လာစေသည့်လူများ၊အရာဝတ္ထုများ၊အဖြစ်အပျက်များနှင့်အလွမ်းအင်အားများကိုကျေးဇူးစကားဆိုရင်းရာသီဆိုးကိုကျော်ဖြတ်ပါမည်။ကျမရင်တွင်း၌အလွမ်းအင်အားကိုရရှိစေသူများနှင့် ကျမ၏တည်ရှိနေခြင်း အားအသိအမှတ်ပြုသူအားလုံးကို ကျေးဇူးစကားဆိုခွင့် ပြုခြင်းဖြင့် ကျမအား ချီးမြှောက်ကြစေချင်ပါသည်။

Labels: | edit post
0 Responses